ဒီတစ်ခေါက်လည်း ငါ့အပြစ်ပဲလား
Vol. 25 Ch. 371
ဖေးချမ့် သူ့ဟီးရိုးကို လဲချင်သော်လည်း ပုံသေဖြစ်သွားပြီဖြစ်ကာ ကစားပွဲလည်း မကြာခင် စတော့မည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ ဒီတိုင်း ကစားဖို့သာ တတ်နိုင်တော့သည်။
ဂိမ်းထဲမဝင်ခင် ဖေးချမ့် နိမိတ်ဆိုးတွေ ကြိုမြင်နေရပါပြီ။ တစ်ယောက်အကြောင်းတစ်ယောက် သိနေသလိုမျိုး အားလုံးက ကိုယ်ပိုင်လမ်းကြောင်းများကို ရွေးချယ်ပြီးကြလေပြီ။
ကစားသမားတစ်ယောက်ချင်းစီ၏ Icon ဘေးတွင် စာသားတစ်ကြောင်းစီရှိသည်။ တခြား သုံးယောက်ကလည်း ၎င်းတို့၏ စာသားများကို 'အလယ်လမ်းသွား'၊ 'လှည့်လည်သူ'၊ 'အောက်လမ်းသွား' စသည်ဖြင့် အသီးသီး ပြောင်းလဲလိုက်ကြသည်။
မာယန်ကလည်း စိတ်အားထက်သန်စွာဖြင့် သူ့ စာသားကိုသူ 'ကွန်မန်ဒါ' ဟူ၍ ပြောင်းလဲလိုက်သည်။
ဖေးချမ့် သူ့ကိုယ်ပိုင်စာသားကို နှိပ်ကြည့်လိုက်ရာ ရွေးချယ်စရာတစ်ခုသာ ကျန်တော့တာကို မြင်လိုက်ရပါသည်။ 'အပေါ်လမ်းသွား'
သူ အံ့အားသင့်သွားသည်။ သူ့မှတ်ဉာဏ်အရဆို ဒါက ရှေးဟောင်း Role ခွဲနည်းကြီး မဟုတ်လား။
တစ်ခုခုတော့ လွဲနေပါပြီ။
ရုတ်တရက်ကြီး ဖေးချမ့် အချိန်ခရီးသွား တစ်ယောက်လို ခံစားလိုက်ရသည်။ လမ်းကြောင်း ၃ ခုကတော့ နာမည်အတူတူပဲဖြစ်သည်။ အပေါ်လမ်း၊ အလယ်လမ်း၊ အောက်လမ်းတို့ ဖြစ်သည်။
သို့သော်လည်း 'တောတိုးသူ'နဲ့ 'ထောက်ပံ့သူ' Role များကိုတော့ ယခု 'လှည့်လည်သူ'နဲ့ 'ကွန်မန်ဒါ' ဟူ၍ ခေါ်ဆိုနေကြသည်။ ဖေးချမ့် မှတ်မိသလောက်ဆို ဒီလို Role ခွဲနည်းလမ်းကို IOI Season 1 မှာကတည်းက ထည့်သွင်းခဲ့ပြီး ဖြစ်သည်။
ဒီဂိမ်းက Season 1 မှာ မပြီးမြောက်သေးပေ။ ထို့ကြောင့် Role ခွဲသည့် နည်းလမ်းကိုလည်း ကစားသမားတွေက ကြိုက်သလို ခွဲနိုင်သည်။ သို့သော် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတစ်ခုတွင် ဥရောပ လက်ရွေးစင် အသင်းတစ်ခုက ဒီလိုနည်းလမ်းမျိုးကို သုံးပြီး Role ခွဲခြင်းအားဖြင့် အဖွဲ့၏ ရင်းမြစ်မျာား အများဆုံးရနိုင်သည်ဆိုတာကိ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့နောက် ဒီလို Role ခွဲခြင်းကို 'EU နည်းလမ်း'ဟု ခေါ်ဆိုခဲ့ကြသည်။ ထို့နောက်ပိုင်း ပိုပိုရေပန်းစားလာကာ Riot Games မှ ဂိမ်းထဲတွင် သာမန် Role ခွဲနည်းကို မပြောင်းလဲလိုက်ခင်အထိ ဖြစ်သည်။
ဒီလို Role ခွဲခြင်းက ညစ်ပတ်တာထက် ပိုပြီး အားသာချက်ရှိသည်ဆိုတာက အမှန်ပဲဖြစ်ပါသည်။
အကြီးမားဆုံး အကျိုးကျေးဇူးကတော့ လူသစ်တွေ စကေးကောက်ယူဖို့ အများကြီး ပိုလွယ်ကူသွားတာ ဖြစ်သည်။
လမ်းကြောင်းတိုင်းတွင် ရှင်းလင်းသည့် ပန်းတိုင်၊ သင့်တော်သည့်ဟီးရိုး၊ ဗျူဟာ တစ်ခုစီ ရှိကြ၏။ ကစားသမားသစ်တွေက ဂိမ်းကို နားမလည်ရင်တောင် သက်ဆိုင်ရာလမ်းကြောင်းတွင် ကိုယ့်တာဝန်ကိုယ် အာရုံစိုက်ထားလို့ရပါသည်။ ဆိုလိုရင်းက လူသစ် ၅ ယောက်အဖွဲ့ တစ်ဖွဲ့ကတောင် အများကြီး အဆင်ပြေနိုင်သည်။
အဖွဲ့ဝင်တွေက ရင်းမြစ်တွေကြောင့် အချင်းချင်း ရန်ဖြစ်စရာမလိုတော့ဘဲ ဂိမ်းမစခင်မှာတင် မသင့်မမြတ် မဖြစ်ကြတော့ပါ။
သို့သော်လည်း ဒီလိုဗျူဟာမျိုးက နောက်တစ်နှစ်လောက်မှ နာမည်ကြီးလာရမှာ ဖြစ်သည်။
GOG ထဲမှာ ဘာလို့ ပေါ်လာတာလဲ။ Role အမည်များက ခြားနားသော်လည်း အနှစ်ချုပ် အာနိသင်က အတူတူပဲ ဖြစ်သည်။
ထို့အပြင် 'ထောက်ပံ့သူ' တစ်ယောက်ကို 'ကွန်မန်ဒါ' ဟုခေါ်ရလောက်အောင် ဘယ်သူက ဒီလောက် တုံးအမှန်း ဖေးချမ့် တွေးမိသည်။ ထို့ကြောင့်လည်း အသိအမှတ်ပြုတာခံရတာကို သဘောကျသည့် မာယန်က ဒီလို Role မျိုးကို လိုလိုလားလား လက်ခံလိုက်ခြင်း ဖြစ်ပါသည်။
ဖေးချမ့် ခံစားချက်တွေ မကောင်းတော့ပါ။ သို့သော်လည်း နည်းနည်းလောက် စဉ်းစားပြီးနောက် စိတ်ကယောင်ချောက်ချား မဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ အခုမှ ဂိမ်းထဲကို ဝင်ခါစ ဖြစ်၏။ ဆုံးဖြတ်ချက်တစ်ခု မချခင် အပြည့်အဝ ခံစားပြီးသည့်အထိ စောင့်သင့်ပါသည်။
ဖေးချမ့် ပထမဆုံး ဒင်္ဂါးကြဲဖြူကောင်၏ အကွက်များကို စမ်းကြည့်လိုက်သည်။
၎င်း၏ Passive စကေးက ငွေတွေ သုံးတာ ဖြစ်သည်။
Q ကို နှိပ်လိုက်ပါက နောက်ကျောကို ဓားနဲ့ထိုးခံရပြီးနောက် ဒင်္ဂါးတွေ ကြဲပေးသည်။
W ကို နှိပ်လိုက်သောအခါ ဝန်ထမ်းတွေကို အချိန်ပို မလုပ်အောင် မောင်းထုတ်သည်။
E ကို နှိပ်လိုက်ပါက ဝန်ထမ်းတွေ အားလပ်ရက်ခရီး ပို့ဆောင်ပေးသည်။
R ကို နှိပ်လိုက်ပါက ကိုယ့်နောက်ကျောကိုကိုယ် ဓားနဲ့ ဆက်တိုက် ထိုးပါသည်။
ဖေးချမ့် မျက်နှာပြာနှမ်းသွား၏။
ဒါ ဘယ်သူ ဒီဇိုင်းဆွဲထားတာလဲ။ ပြဿနာ အကြီးကြီး ရှိနေတယ်။ သူ့ကို တမင်သက်သက် လှောင်ပြောင်လိုက်တာ ဖြစ်သည်။ အရင်ခေတ်ကသာဆို သူတို့ကို ဖေးချမ့် ညှင်းပန်းနှိပ်စက်ပါလိမ့်မည်။
သို့သော်လည်း ယခုက ခေတ်သစ်ကို ရောက်နေတာ ဖြစ်သည်။ ဘော့စ်တစ်ယောက်အနေနဲ့ သဘောထား ပိုကြီးပေးရပါမည်။
ဟုတ်ပါပြီ။ ဒင်းကို အသက်ရှင်ခွင့်တော့ ပေးလိုက်မယ်။
ထိုလူ့ကို အရှေ့အာဖရိကမဟာတောင်ကြားကြီး သို့မဟုတ် သရဲအိမ်သို့ Surprise တိုက်ပြီး လစမပြတ် ခွင့်ရက် ပေးလိုက်လို့ ရပါသည်။
ဂိမ်းပွဲကြာလာလေလေ ဖေးချမ့် ပြဿနာတွေကို ပိုရှာတွေ့လာလေလေဖြစ်သည်။ Gods Rising နဲ့ ယှဉ်လိုက်ပါက ဒီဂိမ်းမှာ အလွန် လွယ်ကူလွန်းနေပါသည်။
နောက်ဆုံးတိုက်ချက်က ဘယ်လောက်ပဲ ဆိုးရွားပါစေ ဆုကြေးငွေတွေရသေးသည်။ ဟီးရိုး သေသွားရင်တောင် ငွေကို မဆုံးရှုံးပေ။ သူများတွေ၏ ဆက်တိုက် သတ်ဖြတ်မှုများကို ချိုးဖောက်ခြင်းအတွက် ဆုလည်းရသည်။ ထို့အပြင် မြေပုံက သေးလွန်းသဖြင့် အဖွဲ့သားတွေက ခပ်မြန်မြန် လာကူပေးလို့ ရသည်။ ဖေးချမ့် ခံစားချက်တွေ မကောင်းတော့ပါ။
လူသစ်တွေ ဒီဂိမ်းမှာ နတ်ဘုရားအဆင့်ဖြစ်လာဖို့ အလွန် လွယ်ကူသွားပါတော့မည်။
ပထမဆုံး ဂိမ်းအတော်လေး ဟန်ချက်မညီ ဖြစ်နေသည်။
မော့ဒက်စ်က အလွန်စွန်းအားကြီးလွန်းတာကို ဖေးချမ့် သတိထားမိသည်။ Damage တွေကို ကာနိုင်ရုံတင်မကဘဲ ပုံမှန်လေ့ကျင့်ပြီးနောက် အတော်ကြမ်းသည့် Damage များကို ပေးလည်း ပေးနိုင်သည်။ အားလုံးအတူတူ ရှိနေချိန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အချိန်မှန် ရွေးနိုင်ပါက ဒီဟီးရိုးက အဖွဲ့လိုက်တိုက်ပွဲအတွင်းရှိ လူအားလုံးကို အလဲထိုးနိုင်ပါလိမ့်မည်။ W ကိုနှိပ်လိုက်ပါက ရန်သူတွေ ပြန်ဆုတ်လို့မရအောင် တားပြီး သူတို့ဆီ အပြေးသွားကာ ဒင်္ဂါးများဖြင့် ဆက်တိုက် ပစ်ပေါက်လိမ့်မည်။
ထွက်ပြေးရင်တောင် ဒီဟီးရိုးက ဘေးပတ်လည်ရှိ ရန်သူများကို Damage ပေးနိုင်ပါသည်။ E ကို နှိပ်လိုက်ပါက မာကြီးကို လူအုပ်ထဲ ပစ်ပေါက်ပေးလိုက်လို့ ရသည်။ အလွန် ကြည့်ရကောင်းပါသည်။
အမှန်ပင်။ မာကြီး၏ ထောက်ထျဲကလည်း ဖေးချမ့် ဟီးရိုးကို အမြန်မျိုကာ ကလဲ့စားချေသည့်အနေဖြင့် ရန်သူအုပ်ထဲကို ထွေးထုတ်လိုက်သည်။
သို့သော်လည်း အဆုံးသတ်တွေကတော့ ခြားနားပါသည်။
Damage များကို ခံနိုင်ရည်ရှိသသော အထက်လမ်းသွား Solo ကစားသမားတစ်ယောက်အနေဖြင့် ဖေးချမ့်က တခြား ရန်သူတွေကို Damage များစွာ ပေးနိုင်သည်။ ထို့ကြောင့် သူ့ကို ရန်သူအုပ်ထဲ ပစ်ထည့်ပေးလိုက်ခြင်းအားဖြင့် မာကြီးက သူ့ကို ရန်သူတွေအား တိုက်ခိုက်ခွင့် ပေးလိုက်သလိုပင်။
တစ်ဖက်မှာတော့ မာကြီး၏ ထောက်ထျဲက ဘာကောင်မှမဟုတ်ဘဲ Damage ပိုခံနိုင်ရည်ရှိသည့် ထောက်ပံ့သူ ဖြစ်သည်။ ဖေးချမ့်ကြောင့် ရန်သူအုပ်ထဲကို ရောက်ရှိလာပြီးနောက် ဘေးပတ်လည် ရန်သူတွေထံမှ Damage များစွာကို ခံရတတ်ပါသည်။
အမှန်ပင်။ ရန်သူကလည်း သူ့ကို သတ်ဖို့ အဝေးကြီး မလိုက်ကြပါ။ အပေါ်ယံ တိုက်ခိုက်ပြီး မာကြီးကို ထွက်ပြေးခွင့်ပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ အလုပ်ဆုံးရှုံးရဖို့ မထိုက်တန်ပေ။
ဂိမ်းကို ခဏလောက်ကစားပြီးနောက် GOG က ဟန်ချက်မညီသည့် ပြဿနာကြောင့်မဟုတ်မှန်း ဖေးချမ့် နားလည်သွားသည်။
ဒါမှမဟုတ် သူတို့သေချာမစဉ်းစားခဲ့ကြတာဖြစ်မည်။
သန်မာသည့်ဟီးရိုးတွေက အားနည်းသည့် ဟီးရိုးတွေထက် အများကြီး ပိုအားကောင်းကြသဖြင့် အားနည်းသည့် ဟီးရိုးတွေက ဂိမ်းကစားလို့ မရတော့လောက်အောင်အထိ ဖြစ်သွားသည်။ ထို့အပြင် ဂိမ်းက ကစားလို့ရနေပြီ ဖြစ်သော်လည်း Bug တွေကတော့ မကြာခဏပေါ်လာဆဲဖြစ်သည်။ ဂိမ်း၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှု မရှိသော်လည်း ဖေးချမ့်ကို အတော်လေး စိတ်ပေါက်စေပါသည်။
ထို့အပြင် အကြောင်းအရာများရှိ အသေးစိတ် အချက်အလက်များကိုလည်း ပြီးပြည့်စုံအောင် မစီမံရသေးပါ။
ဥပမာ ဟီးရိုးများ၏ မော်ဒယ်များ၊ အက်ရှင်များနဲ့ စတိုင်များဖြစ်သည်။ ဂိမ်းထဲက တချို့ယန္တရားများအတွက်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ အားလုံးကို ဒီ့ထက်ကောင်းမွန်အောင်လုပ်မည်ဆို ရပါသေးသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဂိမ်းက တစ်ဝက်လောက်သာ ပြီးမြောက်ပါသေးသည်။ ထို့အပြင် ပြီးပြည့်စုံဖို့ အဝေးကြီး လိုသေးသည်။
ဂိမ်းတစ်ပွဲလောက် ကစားကြည့်ပြီးနောက် လက်ရှိ GOG ဗားရှင်းအတွက် ဖေးချမ့် ဝေဖန်ချက်အားလုံးကို ထုတ်ပြခဲ့သည်။
တကယ်တော့ ဒီဗားရှင်း၏ ကောင်းကွက်တွေဆိုလို့ ပုံသေ Role သတ်မှတ်ခြင်းနည်းလမ်းနဲ့ ဂိမ်းထဲမှာ ရွှေဒင်္ဂါးများ ရနိုင်သည့် နည်းလမ်းတို့ ဖြစ်သည်။
MOBA ဂိမ်းများ၏ အရေးအကြီးဆုံးအပိုင်းများ ဖြစ်ကြသည့် ဂိမ်းဟန်ချက်ညီမှု၊ အရည်အသွေး၊ ဇာတ်ကောင် IP စသည်တို့က သိပ်ပြီး မကောင်းလှသေးပေ။ ထို့အပြင် ဂိမ်း၏ ဝင်ရောက် ကစားနိုင်သည့်အဆင့်ကိုလည်း နှိမ့်ချလိုက်သဖြင့် ကစားသမားအသစ်တွေ အလွယ်တကူ ကစားနိုင်ပါသည်။ ဒါကိုလည်း GOG ကောင်းကောင်း မလုပ်နိုင်သေးပါ။
ရင်ထဲမှာတော့ GOG က ပြီးပြည့်စုံဖို့ အဝေးကြီး လိုသေးသည်ဟု ဖေးချမ့် တွေးလိုက်မိပါသည်။
သူ အနည်းငယ် စိတ်အေးသွားရ၏။ ခုချိန်မှာတော့ ဂီမ်းက သူ့ကို ပြဿနာ အများကြီး မရှာနိုင်လောက်ပါ။
မော့ဒက်စ်ကတော့ ဖေးချမ့်ကို ပါးပါးနပ်နပ် သရော်ထားခြင်း ဖြစ်သည်။
ဒီကိစ္စကိုတော့ ဖေးချမ့် အလျှော့ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ဘာပဲဖြစ်ဖြစ် ထိုဟီးရိုးက အလွန် စွမ်းအားကြီးပြီး အသုံးလည်း ဝင်ပါသည်။ ဒီဇိုင်နာက ဒီတစ်ခုတော့ ကောင်းသွားသည်။
သို့သော်လည်း ဇာတ်ကောင်တွေရဲ့ပြဿနာကို အလျှော့ပေးလို့ရသော်လည်း ဂိမ်း၏ ပြဿနာကိုတော့ အလျှော့ပေးလို့ မရပေ။
အဘယ့်ကြောင့်ဆိုသော် ပုန်းခိုနေသည့် အန္တရာယ်များ ရှိနေသေးတာကြောင့်ဖြစ်သည်။
ဖေးချမ့် တစ်ဝက်တစ်ပျက်သာပြီးမြောက်သေးသည့် GOG ဂိမ်းကိုကြည့်လျက် အတွေးနက်နက် တွေးလိုက်မိပါသည်။ အရေးအကြီးဆုံး မေးခွန်းက ဒီဂိမ်းကို ဘယ်သူ ပြင်ဆင်မှုတွေ လုပ်လိုက်တာလဲ။
ရုတ်တရက် ဟဲသယ်ရှန်းက ပြောလိုက်သည်။
"ဘော့စ်ဖေး ကျွန်တော်တို့ အကြံပေးချက်တွေကို ဘယ်လိုသဘောရလဲ။ မဆိုးဘူး မဟုတ်လား"
ဖေးချမ့် "?"
သူ မှင်သက်သွားသည်။
"မင်းတို့အကြံပေးချက်ဟုတ်လား။ ဘာအကြံပေးချက်လဲ"
ဟဲသယ်ရှန်း ခေတ္တ ရပ်တန့်သွားပြီး ပြန်ပြောလိုက်ပါသည်။ "ဂိမ်းကို ပြုပြင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အကြံပေးချက်ပေါ့ ဆုကြေးတွေကို တိုးတာ၊ မြေပုံအရွယ်အစားကိုလျှော့တာ၊ ပြီးတော့ ပုံသေလမ်းကြောင်း သတ်မှတ်ပေးတာ... အဲ့တာတွေ အကုန်လုံးက ကျွန်တော်တို့ အိုင်ဒီယာတွေချည်းပဲ"
"အစကတော့ ဘော့စ်မာ ဂိမ်းကစားရတာ ပိုပြီး အဆင်ပြေစေဖို့ပဲ ရည်ရွယ်ထားတာ။ ဒါပေမယ့် ဖြစ်ချင်တော့ ဂိမ်းက တော်တော် အောင်မြင်သွားတယ်"
ဟဲသယ်ရှန်းက သူ့ကိုသူဂုဏ်ယူချင်နေမှန်း သိသာပါသည်။ ဘာပဲဖြစ်ဖြစ် အရင်တစ််ခေါက် လက်ချောင်းဂိမ်းကိစ္စပြီးကတည်းက အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများမှာ မည်သည့် အလုပ်မှ မလုပ်ကြရသေးပါ။
မာယန်က ဟဲသယ်ရှန်းနဲ့ တခြားသူတွေရဲ့ အထက်လူကြီးဖြစ်သော်လည်း ဘော့စ်ဖေးကမှ တကယ့်ဘော့စ်ဖြစ်တာကို အားလုံး သိကြပါသည်။
ဘော့စ်မာကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင်တောင် ဘော့စ်ဖေး သူတို့ကို အလုပ်ဖြုတ်ဖို့ ဆုံးဖြတ်လိုက်ရင် ဘော့စ်မာလည်း မကယ်နိုင်ပါ။
ထို့ကြောင့် ဟဲသယ်ရှန်းက ရှားရှားပါးပါး အခွင့်အရေးကို အမိအရယူကာ ဘော့စ်ဖေးရှေ့မှာ သူ့ပါရမီကို ထုတ်ပြလိုက်ပါသည်။
အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများက လက်ရှိ ဘာအလုပ်မှ မရှိကြသေးသော်လည်း အားလုံးက ထန်းတာ့အတွက် အထောက်အကူပြုနေကြဆဲ ဖြစ်သည် ဆိုတာကို ဘော့စ်ဖေးအား အသိပေးချင်တာကြောင့် ဖြစ်ပါသည်။
ထို့အပြင် သူက တခြားသူရဲ့ ဂုဏ်ပုဒ်ကို ခိုးနေတာလည်း မဟုတ်ပေ။ အားလုံးက ပြုပြင်မှုတွေလုပ်ဖို့အတွက် အတူတူ ဦးနှောက်စားခဲ့ကြရသည်။ ရလဒ်တွေက အတော်လေး ကောင်းမွန်ပါသည်။
ဘော့စ်မာအတွက် သီးသန့်ထုတ်ပေးထားသည့် GOG ဗားရှင်းက ယွီအင်တာနက်ကဖေးရှိ မူလဗားရှင်းထက် ရေပန်းပိုစားနေပါသည်။ ဒေတာတွေကိုကြည့်ခြင်းအားဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဘော့စ်ဖေး သူတို့ညီကိုတွေကို လစာချက်ချင်း တိုးမပေးရင်တောင် ဆုချဖို့ မှတ်ထားမလားဟု ဟဲသယ်ရှန်း စိတ်ကူးယဉ်မိပါသည်။
အမှန်ပင်။ ဘော့စ်ဖေး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် အပေါ်တက်သွားပြီး ရှင်းမပြတတ်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။
"ဟုတ်တာပေါ့။ မင်းတို့အကြံပြုချက်တွေက အရမ်းကောင်းတယ်။ မင်းတို့ အကူအညီ အများကြီး ဖြစ်ခဲ့ပါတယ်"
ဟဲသယ်ရှန်း ချက်ချင်းပဲ ရှက်ရွံ့သွားပါသည်။ "ဘော့စ်ဖေးကလည်း ကျွန်တော်တို့ကို မြှောက်နေပြန်ပါပြီ။ ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ကြရုံပါ"
ဖေးချမ့်က အပေါ်ယံမှာ ပြုံးနေသော်လည်း ရင်ထဲမှာတော့ သရော်နေတာ ဖြစ်ပါသည်။
တရားခံတွေကို တွေ့ပြီကွ။ ပြီးတော့ ကိုယ့်ကိုယ်ကို ဝန်ခံလာကြတဲ့ကောင်တွေပဲဟ။
ဖေးချမ့် သူတို့ကိုဖြစ်နိုင်ခြေအဖြစ်တောင် ထည့်မတွေးခဲ့မိပေ။ GOG ဂိမ်း၏ ပြုပြင်မှုများအတွက် လီယာ့တာတို့ ဒီဇိုင်းအဖွဲ့မှာသာ တာဝန်ရှိသည်ဟု သူတွေးခဲ့သည်။ အိပ်မက်အကောင်အထည်ဖော်ခြေလှမ်းများကို သူချိတ်ဆက် စဉ်းစားမိပါ့မလား။
သို့သော်လည်း ဟဲသယ်ရှန်းက ကိုယ့်သေတွင်းကိုယ် တူးပြီး ဝန်ခံလိုက်ပါသည်။
ဟုတ်ပြီလေ ဟဲသယ်ရှန်း။ အဲ့တုန်းက မင်းနာမည်ကို မြင်ကတည်းက အလုပ်မခန့်ခဲ့သင့်ဘူး။
ဖေးချမ့် မျက်နှာပေါ်က အပြုံးကို ဆက်လက် ထိန်းသိမ်းထားလိုက်ပြီး မေးလိုက်ပါသည်။ "GOG ကို ပြောင်းလဲမှုလုပ်ဖို့ ဘာလို့ စဉ်းစားမိတာလဲ"
ဟဲသယ်ရှန်းက သွားပေါ်အောင် ပြုံးပြီး ရှင်းပြလိုက်ပါသည်။
"ပထမတော့ ဂိမ်းရဲ့စနစ်က ဘော့စ်မာရဲ့ ထူးချွန်တဲ့ စွမ်းရည်တွေလောက်ပဲ အကန့်အသတ် မရှိအောင် လုပ်ချင်လို့ပါ"
"ပြီးတော့ ကျွန်တော်တို့က GOG ကိုပြုပြင်ဖို့ပဲ အကြံပြုချက် ပို့ထားတာ မဟုတ်ဘူး။ လက်ချောင်းဂိမ်းဆီကိုလည်း အဲ့ဒီအကြုံပြုချက်တွေ ပို့ခဲ့သေးတယ်"
"ဘော့စ်ဖေး အရမ်းကြီး စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ စကေးတွေနဲ့ အကူအညီ နည်းနည်းလေး ပေးရုံပါ"
ဟဲသယ်ရှန်း ကိုယ့်ကိုယ်ကို နှိမ့်ချနေပါသည်။
ဖေးချမ့် ကြက်သေ သေသွား၏။ သူ့အတွေးတွေ နှောင့်ယှက်ခံလိုက်ရပါပြီ။ ဟဲသယ်ရှန်း၏ ကျိုးနွံမှုတွေကို ဂရုမစိုက်ပါ။ အလယ်က စကားကို ဂရုစိုက်တာ ဖြစ်သည်။
လက်ချောင်းဂိမ်း ဆီကိုလည်း အကြံပြုချက်တွေ ပို့ခဲ့သေးတယ်ဟုတ်လား။
ဒါဆို IOI နဲ့ GOG က တစ်လမ်းတည်း လျှောက်ကြတော့မယ့် သဘောလား။
မဟုတ်သေးဘူး။ IOI က GOG ထက် ပိုသာမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် လက်ချောင်းဂိမ်းမှာ ရင်းနှီးမြှုပ်နှံမှု ပိုများတယ်။ အချိန်ကော လူအင်အားကော ပိုများတယ်။
ဟုတ်တယ်... အစိုးရိမ်လွန်တာပါ။
IOI က GOG ထက် သာလွန်မှာဖြစ်တာကြောင့် ဖေးချမ့် စိတ်ပူဖို့ မလိုအပ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရသူက ၁ ယောက်သာ ရှိပါလိမ့်မည်။
GOG က အချိန်တိုအတွင်း အကျိုးအမြတ်တချို့ ရနိုင်ရင်တောင် ဖေးချမ့်က မူပိုင်ခွင့်တွေကို များများ ဝယ်ပြီး ထိုငွေတွေ အကုန်လုံးကို ပြန်ဖြုန်းနိုင်ပါသည်။ ပြဿနာ ကြီးကြီးမားမား မရှိပါ။
ထိုအတွေးဖြင့် ဖေးချမ့် အနည်းငယ် စိတ်အေးသွားပါသည်။
ဟုတ်ပြီ ဟုတ်ပြီ။ ဒီဟဲသယ်ရှန်းက သေဒဏ်တော့ မကျသင့်ပါဘူး။ ဖေးချမ့် သူ့ကို အရှေ့အာဖရိက မဟာတောင်ကြားသို့ ခရီးလွှတ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ဒီလိုဆို... ဟဲသယ်ရှန်းကို အသက်ရှင်ခွင့်ပေးလိုက်ပါမည်။ သို့သော်လည်း အပြစ်တော့ ပေးခံရလိမ့်မည်။ သူတို့ကို ဂိမ်းဆက်ကစားခွင့် ပေးလို့ မရတော့ပါ။
ဖေးချမ့် မာယန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးက အဖိုးတန် ထောက်ပံ့ကစားသမားများကို စဉ်းစားကြည့်လိုက်၏။ အစောကြီးကတည်းက ဒီပြဿနာတစ်ခုလုံးကို ဖြစ်စေဲ့သည့်အရာကို စတင် စဉ်းစားလေသည်။
GOG က ယခုဆို ဟဲသယ်ရှန်းနဲ့ တခြားသူတွေ၏ အကြံပြုချက်များကြောင့် လူသစ်များအတွက် ပိုမို လွယ်ကူသွားပါပြီ။ သူတို့ အကြံပြုချက်များက ဘော့စ်မာ၏ ဂိမ်းရသကို တိုးမြှင့်ပေးနိုင်ဖို့သက်သက်သာ ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။
ဘော့စ်မာ တစ်နေကုန် ဂိမ်းကစားနေရခြင်းက... သူ့မှာ ဘာအလုပ်မှ မရှိလို့ ဖြစ်ပါသည်။
ဒါကကော ဘာလို့လဲ။ မာယန် သန်း ၂၀ ယွမ်ကို သုံးပြီးနောက် ဖေးချမ့် ငွေတွေ ထပ်မပေးခဲ့တာကြောင့် ဖြစ်ပါသည်။ ထိုအချိန်ကတည်းက အိပ်မက်အကောင်အထည်ဖော် ခြေလှမ်းများ၏ လုပ်ငန်းများ ရပ်တန့်ထားခဲ့ရသည်။
ဖေးချမ့် ပိုပြီးစဉ်းစားကြည့်လေလေ တစ်ခုခုကို ပိုနားလည်လာရလေလေဖြစ်သည်။ ဒီတစ်ခေါက်လည်း ငါ့အပြစ်ပဲလား။