ကူးစက်အာနိသင်
Vol. 25 Ch. 373
ညနေ ၃ နာရီတွင်...
ကျင်းကျိုးမြို့စွန် ဂိုထောင်တွင်...
စွန်းလေးနဲ့ ဖေးချမ့်တို့ ကားပေါ်မှ ဆင်းလိုက်ကြ၏။ ထန်ယီရှုလည်း သူတို့နောက်မှ ကြောက်ကြောက်လန့်လန့် လိုက်လာခဲ့သည်။ သူမ စီနီယာကြီး ဘာကြောင့် သူမကို ခေါ်လာခဲ့ရသလဲ သူမ မသိပေ။ သို့သော် မေးခွန်းတွေလည်း အများကြီး မမေးရဲပါ။
ကျန်းယွမ်က ဂိုထောင်အပြင်မှာ မတ်တပ်ရပ်နေကာ သူတို့ကို ကြိုဆိုဖို့ အသင့်ဖြစ်နေပါပြီ။
ဂိုထောင်ကြီးက သိပ်မကြီးသော်လည်း စုစုပေါင်း ဧရိယာမှာ ၄,၀၀၀ စတုရန်းမီတာ ရှိသည်ဟု ကျန်းယွမ် ကြိုတင်အစီရင်ခံထားပြီးသား ဖြစ်သည်။ ဒါတောင့် တစ်ဆင့်ပဲရှိသေးကာ ငှားခက တစ်ရက်ကို ၁ စတုရန်းမီတာလျှင် ၀.၇ ယွမ် ကုန်ကျပါသည်။
စုစုပေါင်း တစ်လကို ငှားရမ်းခ ယွမ် ၈,၀၀၀ ကုန်ကျသည်။
ပိုကြီးသည့် ဂိုထောင်တွေက ပုံမှန်ဆို ၁၀,၀၀၀ - ၂၀,၀၀၀ စတုရန်းမီတာလောက်ရှီကြသည်။ ထို့ကြောင့် ငှားခက ပိုပြီး စျေးကြီးလိမ့်မည်။ သို့သော် ဒီဂိုထောင်က ကွန်ပျူတာ အစိတ်အပိုင်းတွေ သိုလှောင်ဖို့ အဓိက အသုံးပြုတာ ဖြစ်တာကြောင့် ၄,၀၀၀ စတုရန်းမီတာက လုံလောက်တာထက် ပိုပါသည်။
လေဆန်ပို့ဆောင်ရေး၏ အဓိက ရည်ရွယ်ချက်မှာ နောက်ဆုံး ကီလိုမီတာ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်သည်။ တခြား ဒလီဘာရီကုမ္ပဏီတွေက လေဆန်ပို့ဆောင်ရေးသို့ ပါဆယ်ထုပ်များ ပို့ပေးလိမ့်မည်။ လေဆန့်ပို့ဆောင်ရေးက ထိုပါဆယ်ထုပ်များကို ကတ်စတမ်မာများ၏ အိမ်ရှေ့ရောက်အောင် ပို့ဆောင်ပေးရပါသည်။
ထို့ကြောင့် လေဆန်ပို့ဆောင်ရေးစခန်းများတွင် လိုအပ်သည့် သိုလှောင်ခန်း ပမာဏများ ရှိပါသည်။ လောလောဆယ်တော့ ထပ်တိုးဖို့ မလိုသေးပေ။
သို့သော် တခြား အကြောင်းအရင်း တစ်ခုခုကြောင့် တချို့ပါဆယ်ထုပ်များကို ဒီဂိုထောင်မှာ သိုလှောင်ထားဆဲ ဖြစ်သည်။
ယွီအင်တာနက်ကဖေးနဲ့ ကျန်းယွမ်တာဝန်ယူထားသည့် ROF ကွန်ပျူတာ တပ်ဆင်လုပ်ငန်းတို့က လေဆန်ပို့ဆောင်ရေးနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အခြေအနေဟု ဆိုနိုင်သည်။ လေဆန်ပို့ဆောင်ရေးက ROF ပါဆယ်များကို ကတ်စတမ်မာများ၏ အိမ်ရှေ့ထိ ပို့ဆောင်ပေးပြီး ROF က လေဆန်ပို့ဆောင်ရေး၏ ပါဆယ်တချို့ကို သူတို့ဂိုထောင်မှာ သိုလှောင်ခွင့် ပေးထားသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့အထက်က ကုမ္ပဏီက အတူတူပဲဖြစ်သည်။ သူတို့ကိုယ်ပိုင်ငွေကို သုံးရတာလည်း မဟုတ်ပေ။ ထို့ကြောင့် အေးအေးဆေးဆေး ဖြစ်နေကြပါသည်။
ပထမတော့ ကျင်ကျိုးမြို့ပတ်လည်ရှိ ဂိုထောင်များက ငွေတွေဖြုန်းဖို့သက်သက်သာ ဖြစ်သည်။ ဘော့စ်ဖေးအတွက် အလွန် အထောက်အကူ ဖြစ်ခဲ့ပါသည်။
သို့သော်လည်း ROF က အရှုံးကို အမြတ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သဖြင့် ဂိုထောင်ငှားရမ်းခ ကုန်ကျစရိတ်များကို ကာမိလာရုံတင်မကဘဲ ROF လုပ်ငန်းကို တိုးချဲ့ဖို့ပါ ဆောင်ရွက်နိုင်လာပါသည်။ ထို့ကြောင့် ဖေးချမ့် အတော်လေး နာကျင်သွားရ၏။
ပထမဆုံးအကြိမ်အဖြစ် ဂိုထောင်တွေကို ဘော့စ်ဖေးကိုယ်တိုင် လာရောက်စစ်ဆေးသည် ဆိုသည့် အတွေးဖြင့် ကျန်းယွမ် အစက စိုးရိမ် ပူပန်နေခဲ့ပါသည်။
သို့သော် ဒီတိုင်း အလည်လာကြည့်ခြင်းသာဖြစ်ပြီး ကျန်းယွမ်ကို ဘာမှ အထူးတလည် ပြင်ဆင်မထားဖို့ ဖုန်းထဲမှာ ဖေးချမ့် ပြောခဲ့ပါသည်။
ဘော့စ်ဖေးက သူ့ကြောင့်နဲ့ ဝန်ထမ်းတွေ ကြီးကြီးကျယ်ကျယ် လုပ်ကြတာကို မကြိုက်တတ်သည့် လက်တွေ့သမားဖြစ်မှန်း ကျန်းယွမ်သိပါသည်။ ထို့ကြောင့် ကျန်းယွမ်လည်း စောစောသာ လာခဲ့တော့သည်။ ဝန်ထမ်းတွေကို နေရာအား ရှင်းလင်းထားဖို့ မှာကြားထားသည်။ သို့သော် အလွန်အကြူး သန့်ရှင်းရေးလုပ်ဖို့လောက်အထိတော့ လုပ်မှာ မဟုတ်ပါ။
ဂိုထောင်၏ အခြေအနေကိုလည်း သူ ယုံကြည်ချက် ရှိပါသည်။
ကျန်းယွမ်က ဘော့စ်ဖေးနဲ့ တခြားသူတွေကို အထဲ ခေါ်သွားခဲ့သည်။
ဂိုထောင်ကို ဖေးချမ့် လာလည်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ ပထမဆုံးအမြင်ကတော့ သိပ်မဆိုးလှပါ။ သေသေသပ်သပ်နဲ့ စနစ်တကျ ရှိသည်။ မီးအလင်းရောင်ကလည်း ကောင်းသည်။ ကွန်ပျူတာ အစိတ်အပိုင်းမျိုးစုံကို အကန့်များဖြင့် ခွဲထားပြီး စင်ပေါ်မှာ တင်ထားသည်။ အနည်းငယ်ရှုပ်ပွနေသော်လည်း စနစ်ကျသည့်အတွက်တော့ ခွင့်လွှတ်ပေးလို့ ရပါသည်။ ဘာပဲဖြစ်ဖြစ် ထိုအစိတ်အပိုင်းတွေအားလုံးကို ဂိုထောင်ထဲရှိ အကြီးဆုံးပစ္စည်းဖြစ်သော စနစ်ယူနစ်ထဲသို့ ပေါင်းထည့်ရမှာဖြစ်သဖြင့် နေရာ သိပ်မယူကြပါ။
"ဘော့စ်ဖေး ဒီမှာကြည့်လိုက်ပါ။ ဒါတွေက ကျွန်တော်တို့ ကွန်ပျူတာအစိတ်အပိုင်းတွေ ထားတဲ့ စင်တွေပါ။ ကျွန်တော်တို့က ကွန်ပျူတာ အစိတ်အပိုင်းတွေကို အုပ်လိုက်မှာတာ ဆိုတော့ ပုံမှန် အချိန်အကန့်အသတ်လေးတွေနဲ့ ဂိုထောင်ထဲကို တင်သွင်းပါတယ်"
"ရောက်လာပြီဆိုတာနဲ့ အစိတ်အပိုင်းတွေကို သက်ဆိုင်ရာ စင်တွေဆီ သယ်ဖို့အတွက် တစ်ယောက်ယောက်က တာဝန်ယူလိမ့်မယ်"
"တပ်ဆင်တဲ့နေရာလည်း ရှိပါသေးတယ်"
"လူလုပ်အားစစ်စစ်ကိုပဲ အသုံးပြုပြီး လုပ်ငန်းစဉ်က အရမ်းရိုးရှင်းတယ်။ ဘော့စ်ဖေးကို ပြရမှာတောင် ရှက်ဖို့ ကောင်းလောက်တယ်" ကျန်းယွမ်က ဖေးချမ့်ကို ဂိုထောင်ထဲ လိုက်ပြပြီး အစိတ်အပိုင်းမျိုးစုံကို မိတ်ဆက်ပေးလိုက်ပါသည်။
ROF ကွန်ပျူတာတပ်ဆင်လုပ်ငန်းကို သူ အများကြီး ဂုဏ်ယူနေမှန်း သိသာပါသည်။ ဒါက သူ့အားသာရာလည်း ဖြစ်သည်။
တပ်ဆင်တဲ့နေရာဆိုတာလည်း ရှည်လျားသည့် အလုပ်စားပွဲများကို ဘေးချင်းကပ်လျက် စီထားခြင်းသာ ဖြစ်သည်။
စားပွဲပေါ်တွင် စက်ခါးပတ်ကြီးတစ်ခုရှိပြီး လူများစွာက ဝန်းရံထားသည်။ ထိုလူတွေနောက်မှာ အစိတ်အပိုင်းမျိုးစုံ ရှိပြီး အရှေ့မှာတော့ တစ်ဝက်တစ်ပျက် တပ်ဆင်ထားသည့် စက်များ ရှိပါသည်။
တစ်ယောက်ချင်းစီကို လုပ်ငန်းစဉ်မှာ ကဏ္ဍတစ်ခုသာ တာဝန်ပေးထားပြီး ကဏ္ဍတိုင်းက ပြီးမြောက်ဖို့ အချိန်အတူတူလောက်နီးပါး ကြာမြင့်ပါသည်။
သူများတွေထက် ပိုရှုပ်ထွေးပြီး ပိုကြာသည့် ကဏ္ဍများတွင် လူ ၂ ယောက်လောက်ကို တာဝန်ပေးထားသည်။ ဥပမာ ကွန်ပျူတာကြိုးများ စီမံသည့် ကဏ္ဍ ဖြစ်သည်။ တစ်ကြိမ်ကို စက်တစ်လုံးစီ ကိုင်တွယ်ကြပါသည်။
အရှေ့မှာ ခလုတ်တစ်ခုစီလည်း ရှိကြသည်။ စက်ကိုပြင်ဆင်ပြီးတာနဲ့ အရှေ့က ခလုတ်ကို နှိပ်ကြသည်။ သက်ဆိုင်ရာ ခလုတ်များကို နှိပ်လိုက်တာနဲ့ စားပွဲပေါ်က စက်ခါးပတ်ကြီးမှာ အလိုလျောက် ညာဘက်သို့ ရွေ့သွားပါလိမ့်မည်။
ဒီလိုဆို အားလုံးက သက်ဆိုင်ရာတာဝန်များကိုသာ အာရုံစိုက်ထားဖို့လိုပြီး အချိန်မှီပြီးအောင် လုပ်ဖို့သာ လိုသည်။ စောစောပြီးပါက ခဏလောက် နားနိုင်သည်။ ဒါက လူတစ်ယောက်ကို စက်တစ်လုံးစလုံး တပ်ဆင်ခိုင်းလိုက်တာထက် ပိုပြီး ချောမွေ့မှု ရှိပါသည်။
CPU ကို Motherboard သို့ တပ်ဆင်ရသည့် ပထမအဆင့်မှစလို့ စနစ်၏ မီးအလင်းများကို တပ်ဆင်ရသည့် နောက်ဆုံးအဆင့်အထိ အားလုံးက သက်ဆိုင်ရာတာဝန်တွေကိုသာ အာရုံစိုက်ကြပြီး စနစ်တကျ အလုပ်လုပ်ကြသည်။
စနစ်မီးအလင်းများကို တပ်ဆင်ပြီးနောက် စက်တွေကို စစ်ဆေးရသည်။ ထို့နောက် ပရော်ဖက်ရှင်နယ်တစ်ယောက်က စနစ်ယူနစ်ကို ထုပ်ပိုးပြီး ကျင်းကျိုးမြို့နယ်ရှိ ပို့ဆောင်ရေးအမှတ်ပေါင်းစုံသို့ ပို့ဆောင်ပေးဖို့ ပြင်ဆင်ရပါသည်။
ကတ်စတမ်မာတွေက အော်ဒါတင်လိုက်ပြီးနောက် လေဆန်ပို့ဆောင်ရေး ဒလီဘာရီသမားများက ပို့ဆောင်ရေးအမှတ်ပေါင်းစုံမှ စက်များကိုသွားယူပြီး ကတ်စတမ်မာများ၏ အိမ်ရှေ့ထိ ပို့ဆောင်ပေးပါလိမ့်မည်။
ဖေးချမ့် ချက်ချင်းပဲ တုန်လှုပ်ချောက်ချားသွား၏။
ဒီကျန်းယွမ်က တကယ်တော်ပါသည်။ ဒီလိုသာမန်ဆန်ပြီး ပျင်းစရာကောင်းသည့် ကွန်ပျူတာတပ်ဆင်ခြင်း လုပ်ငန်းမျိုးအတွက် လှည့်ကွက်ပေါင်းစုံကို စဉ်းစားနိုင်သည်။
"မဆိုးပါဘူး"
ခံစားချက်အစစ်များကို တွန်းလှန်ရင်း ဖေးချမ့် ကျန်းယွမ်ကို ချီးကျူးလိုက်သည်။ ကျန်းယွမ်က တောက်ပစွာ ပြုံးလိုက်သည်။ ထို့နောက် ဖေးချမ့်က ထန်ယီရှုနဲ့ စွန်းလေးတို့ကိုခေါ်ပြီး ဂိုထောင် တစ်ပတ် ပတ်ကြည့်ပါသည်။
တစ်ပတ်ပတ်ကြည့်ပြီးနောက် ဘာမှမဖြစ်ခဲ့ပါ။
ဖေးချမ့် အနည်းငယ် တုန်လှုပ်ကာ အနည်းငယ် စိတ်ပျက်သွားရသည်။
ဂိုထောင်တွေလို နေရာမျိုးတွေက ဘေးကင်းမှုအတွက် လျှို့ဝှက်အန္တရာယ်ပေါင်းစုံ ပုန်းခိုနေတတ်သည့် နေရာများ ဖြစ်သည်။ ဥပမာ လျှပ်စစ်ရှော့ခ်ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ လူကိုအန္တရာယ်ဖြစ်စေသည့် မတော်တဆမှုများ စသည်တို့ဖြင့် ပြည့်နှက်နေတတ်သည်။
ဖေးချမ့် ဂိုထောင်ကို ပတ်လျှောက်ကြည့်နေစဉ် ရုတ်တရက် မီးများ ထလောင်မလား၊ လျှပ်စစ်ရှော့ခ်ဖြစ်တာတွေများ ရှိမလား၊ ဒါမှမဟုတ် စင်ပေါ်က တစ်ခုခု ပြုတ်ကျလာမလား တွေးပူရင်း သတိကြီးကြီးထားခဲ့ရသည်။
သို့သော်လည်း တစ်ပတ်ပတ်ကြည့်ပြီးတာတောင် ဘာမှမဖြစ်ခဲ့ပါ။
သဘာဝလွန်ဖြစ်ရပ်က တစ်ခုခုမှားယွင်းသွားသည်ဟု ဖေးချမ့်ပြောရမည်။ ဂိုထောင်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ တကယ်ပဲ ဘေးအန္တရာယ် ဘာမှ မရှိတာကို မြင်လိုက်ရပါသည်။
ဂိုထောင်က အလွန်ကြီးမားသဖြင့် စင်တွေကိုလည်း တစ်ခုနဲ့တစ်ခု အတော်လေး ခြားထားပါသည်။
ထိုစင်တွေကို လွန်ခဲ့သည့် လပိုင်းလောက်ကမှ ဝယ်ထားခြင်း ဖြစ်သည်။ အားလုံးက အလွန်ခိုင်မာပြီး ဒစ်ဂျစ်တယ် ဟာ့ဒ်ဝဲတွေ သိုလှောင်ထားတာ ဖြစ်သည်။ ထို့ကြောင့် လဲကျခြင်း သို့မဟုတ် ပစ္စည်းပြုတ်ကျခြင်းများ မဖြစ်နိုင်ပါ။ လျှပ်စစ်ကြိုးတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျန်းယွမ်က သေသေချာချာ လုံခြုံမှု စံနှုန်းမှီအောင် ပြုလုပ်ထားသည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။ လျှပ်စစ်ဝါယာကြိုးလမ်းကြောင်းများကို တင်းတင်းကြပ်ကြပ် ကပ်ထားသည်။ ပလက်ပေါက်များကို သေချာဖုံးအုပ်ထားသည်။ မိန်းခလုတ်များကို ဂိုထောင်ပြင်ဘက်မှာ နေရာချထားပြီး အားလုံးကို ပုံမှန် စစ်ဆေး ထိန်းသိမ်းထားပါသည်။
အနှစ်ချုပ်အားဖြင့် ဂိုထောင်ထဲမှာ ဘေးအန္တရာယ် တွေ့နိုင်ဖို့က အလွန်ခက်ခဲလွန်းပါသည်။ ဖေးချမ့် လျှောက်ကြည့်ရင်း ဝမ်းနည်းသလို ခံစားလိုက်ရပါသည်။
ထန်ယီရှုကိုတောင် ဒီခေါ်လာခဲ့ပြီလေ။ ငါ အခုထိ ဘာမှ မတတ်နိုင်သေးဘူးလား။
ကျန်းယွမ် ကျန်းယွမ်... မင်း အဲ့လောက် တော်တာလား။
ဖေးချမ့် ဂိုထောင်ကို တစ်ပတ်လောက် ပတ်ကြည့်ပြီးတာတောင် အကူအညီဖြစ်တာ ဘာမှ မတွေ့ခဲ့ရပါ။ ရွေးချယ်စရာ မရှိတော့ဘဲ ကွန်ပျူတာတပ်ဆင်သည့်နေရာသို့ ပြန်ကာ ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်ရတော့သည်။
ထိုအချိန်တွင် တပ်ဆင်မှုနေရာတွင် အထူးအလုပ်ခုံလေးများ ရှိနေတာကို ဖေးချမ့် သတိထားလိုက်မိပါသည်။ တပ်ဆင်မှုနေရာရှိ လူငယ်လေးများ၏ နောက်တွင် ထိုင်ခုံတွေတောင် ရှိနေတတ်သည်။
အလုပ်ခုံများကို မကြာခဏ မြှင့်လို့ နှိမ့်လို့ရသည်။ ထိုင်နေရတာ အရမ်းကြာပြီး ညောင်းလာပါက မတ်တပ်ရပ်နိုင်သည်။ မတ်တပ်ရပ်တာ အရမ်းကြာလို့ ညောင်းလာပါက ထိုင်လို့ရပါသည်။ သူတို့ကျန်းမာရေးကို သေချာ ဂရုစိုက်ပေးထား၏။ ကျန်းယွမ်က သူ့အတွက်သူ အလွန် ဂုဏ်ယူဝံ့ကြွားလျက် မေးလိုက်ပါသည်။ "ဘယ်လို သဘောရလဲ ဘော့စ်ဖေး။ ကျွန်တော့်ကြောင့် စိတ်မပျက်ရဘူးမလား"
ဖေးချမ့်တစ်ယောက် ဝမ်းနည်းစွာဖြင့် ပြန်ပြောလိုက်ပါသည်။ "အေး... မင်းလုပ်ထားတာ ကောင်းပါတယ်.."
သူ မလာခင်တုန်းက ဒီလိုတွေဖြစ်သွားလိမ့်မည်ဟု ဖေးချမ့် မထင်ခဲ့မိပါ။ ကျန်းယွမ်က ဘယ်လိုမှ နှိမ်နင့်မရတဲ့ကောင် ဖြစ်လာလေပြီ။
သူနဲ့ အတူ ကူးစက်အာနိသင်ကို ခေါ်လာခဲ့တာတောင် ဂိုထောင်ထဲမှာ အမှားအယွင်း ဘာမှ မတွေ့ခဲ့ရတာလား။
အဓိပ္ပာယ် မရှိပါ။
ထန်ယီရှုက ဘေးမှာထိုင်နေပါသည်။ ဒီလို ပတ်ဝန်းကျင်မျိုးတွေက သူ့ကို သက်တောင့်သက်သာ မရှိအောင် ဖြစ်စေသည်။ ထိုအချိန်တွင် လူတစ်ယောက်က သူတို့ကို ကိုလာအအေးတစ်ဘူးနဲ့ လက်ဘက်ရည်စိမ်းပူပူ တစ်ဘူးကို လာပေးလိုက်ပါသည်။
ဒါက ဂိုထောင်တစ်ခု ဖြစ်၏။ ထို့ကြောင့် အခြေအနေတွေက အင်တာနက်ကဖေးတွေလောက်တော့ ကောင်းမှာ မဟုတ်ပါ။ သို့သော်လည်း ကျန်းယွမ်က စတိုးဆိုင်များတွင် တွေ့ရတတ်သည့် ရေခဲသေတ္တာများ၊ အပူပေး ဗီရိုများ ပြင်ဆင်ထားပေးသည်။ ထို့ကြောင့် ဝန်ထမ်းတွေ စိတ်ဖိစီးလာတာနဲ့ ယမကာလေး ဘာလေး သောက်ရင်း အပန်းဖြေနိုင်ပါသည်။
ဖေးချမ့် ကိုလာသောက်ရင်း သတ္တိတွေ ဖြည်းဖြည်းချင်း ကျဆင်းသွားရသည်။
လူ့အလို နတ်မလိုက်နိုင်ဟူသည့် ဆိုရိုးစကားလိုပင်။
ကောင်းကင်ဘုံက ငါ့ကို အသေသတ်နေတာပဲ။
ဒါဆိုလည်း လုပ်ချင်တာလုပ်ကွာ။ ROF ကနေ အမြတ်ရလည်း ဘာဖြစ်လဲ။ အဲ့ဒီငွေကို ပြန်ဖြုန်းဖို့ တခြားနည်းလမ်း ရှာလို့ရတာပဲ...
ဖေးချမ့် ကိုလာသောက်နေရင်း သူ့ရှေ့ရှိ ကောင်လေးတစ်ယောက်က ရေရွတ်လိုက်သည်။ "ဟမ်"
ဖေးချမ့် မျက်လုံးများ အရောင်လက်သွားရ၏။ မျှော်လင့်ချက်ရှိနေသေးသည့်ပုံစံပင်။ ကွန်ပျူတာက မီးလင်းမလာတာ သိသာနေပါသည်။
ဆိုလိုတာက ကွန်ပျူတာ တစ်ခုခု ဖြစ်သွားကာ ပုံမှန်အလုပ် မလုပ်သည့်သဘောပင်။
တပ်ဆင်မှုနေရာရှိ ကောင်လေးများက ကိုယ့်လုပ်ငန်းကိုယ် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ စနစ်များကို တပ်ဆင်နေစဉ် အမှားအယွင်း ဖြစ်နိုင်ခြေက အလွန်နိမ့်သည်။ ကွန်ပျူတာ ချွတ်ယွင်းရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဟာ့ဒ်ဝဲပြဿနာသာ ဖြစ်နိုင်သည်။
တပ်ဆင်မှုနေရာရှိ နောက်ကွန်ပျူတာတစ်လုံး သူ့ဆီ ခပ်မြန်မြန် ရောက်လာခဲ့ပါသည်။ ထိုကောင်လေးက ထိုကွန်ပျူတာကို စစ်ကြည့်လိုက်ပြီး ပြဿနာ မတွေ့သောအခါ သက်ပြင်းချလိုက်မိပါသည်။
သို့သော်လည်း ကောင်လေးရှေ့က အသစ်စက်စက် တပ်ဆင်ထားသည့် ကွန်ပျူတာကတော့ စက်ပိတ်သွားလေသည်။
သူ ကြောင်တောင်တောင်ဖြစ်ကာ ခေါင်းကုတ်လိုက်မိ၏။ သို့သော်လည်း ဘာမှ မပြောဘဲ ကွန်ပျူတာကို ဘေးက အရည်အသွေး စစ်ဆေးဖို့ တာဝန်ရှိသူအား ပေးလိုက်ပါသည်။
ဖေးချမ့်က ဘာမှ မမြင်သလို ဟန်ဆောင်ကာ ကိုလာသာ ဆက်သောက်နေလိုက်သည်။
ကျန်းယွမ်၏ နဖူးပေါ်တွင် ချွေးသီးများ ထွက်လာလေပြီ။
ဘာတွေဖြစ်နေတာလဲဟ။ ခုနကထိ အားလုံး အဆင်ပြေနေရဲ့သားနဲ့ ဘော့စ်ဖေး လာစစ်မှ ဘာလို့ လာပျက်ပြနေတာလဲ။
အလုပ်သမားတွေအားလုံးက အလွန် အတွေ့အကြုံရင့်သူများ ဖြစ်ကြသည်။ ယခင်တုန်းက ကွန်ပျူတာတွေ အများကြီးကို တပ်ဆင်ဖူးပါသည်။ ထို့ကြောင့် ပြဿနာက သူတို့ လက်ချက် မဟုတ်နိုင်ပေ။
သို့သော် ဖန်သားပြင်က မီးမလင်းလာဘဲ အပြာရောင်ကြီးသာ ပေါ်နေပါသည်။ ဟာ့ဒ်ဝဲပြဿနာတစ်ခုခုရှိနေမှန်း သိသာသည်။
ပျက်နေသည့် Motherboard, ပျက်နေသည့် CPU, ပျက်နေသည့် Hard Disk, သို့မဟုတ် ပျက်နေသည့် RAM တို့ကြောင့် ဖြစ်နိုင်သည်။
အမှန်ပင်။ ထိုအစိတ်အပိုင်းတွေထဲက ဘယ်တစ်ခုမဆို ပြဿနာတက်နိုင်သည်။ သို့သော်လည်း... အချိန်တိုအတွင်း ကွန်ပျူတာ ၂ လုံး ဆက်တိုက် ဘယ်လိုဖြစ်ပြီး ပျက်သွားရတာလဲ။
ဖေးချမ့် ကိုလာကို ကုန်အောင် သောက်ပြီး ပြုံးလိုက်သည်။
ထို့နောက် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "ဂိုထောင်က မဆိုးပါဘူး။ ဆက်ကြိုးစားကြ။ ငါအလုပ်ရှိသေးလို့ သွားလိုက်ဦးမယ်"
ကျန်းယွမ် သနားညှာတာမှု ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ခပ်မြန်မြန် ပြန်ဖြေလိုက်၏။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး အချိန်မရွေး ထပ်လာစစ်ဆေးလို့ ရပါတယ်"
ဘော့စ်ဖေးကို လိုက်ပို့ပြီးတော့မှ ကျန်းယွမ် စိတ်အေးလက်အေး သက်ပြင်းချနိုင်ပါတော့သည်။
ကံကောင်းလို့ ဘော့စ်ဖေး သတိမထားမိသွားဘူး။
ဘော့စ်ဖေး လာစစ်ဆေးခါမှ ပြဿနာပေါ်လာသဖြင့် သတိထားမိသွားပါက ကျန်းယွမ် ရှင်းပြရခက်ပါလိမ့်မည်။
ဘော့စ်ဖေး လာမစစ်ခင်အထိ အားလုံးအဆင်ပြေနေသည်ဟုပြောလည်း ဘော့စ်ဖေးက ယုံမှာ မဟုတ်ပါ။
ကျန်းယွမ်က တပ်ဆင်မှုနေရာသို့ လျှောက်သွားလိုက်ပြီး မေးလိုက်ပါသည်။ "ဘယ်လိုဖြစ်တာလဲ။ အရင်က အားလုံး အဆင်ပြေနေတာ မဟုတ်ဘူးလား"
အရည်အသွေးစစ်ဖို့ တာဝန်ရှိသူ ကောင်လေးကလည်း ထိုနည်းလည်းကောင်း ဇဝေဇဝါ ဖြစ်နေလေသည်။ "ကျွန်တော်လည်း မသေချာဘူး။ ဟာ့ဒ်ဝဲ ပြဿနာတော့ ရှိနေတယ်..."
ကျန်းယွမ် ဆွံ့အသွားသည်။ "အမြန်ပြင်လိုက်လေ။ ပစ္စည်းပြန်အပ်လို့ရရင် ပြန်အပ်လိုက်။ မဟုတ်ရင် ပြင်ဖို့အတွက် အစိတ်အပိုင်းတွေပို့လိုက်"
သူတို့ မကြာသေးခင်ကမှ ကုန်အသစ်များ လက်ခံရရှိထားတာ ဖြစ်သည်။ ပစ္စည်းအများစုအတွက် ၇ ရက်အတွင်း ခြွင်းချက်မရှိ ပစ္စည်းပြန်အပ်နိုင်သည့် ကာလက မကုန်ဆုံးသေးပါ။
ကျန်အစိတ်အပိုင်းတချို့က ချွင်းချက်မရှိ ပစ္စည်းပြန်အပ်လို့ မရသော်လည်း အာမခံတော့ ရှိပါသေးသည်။
သို့သော် သူတို့ ပစ္စည်းတွေကို ပြန်အပ်ပြီး အော်ဒါအသစ် ထပ်တင်တာပဲဖြစ်ဖြစ် အစိတ်အပိုင်းတွေကို ပြန်ပြင်တာပဲဖြစ်ဖြစ် အချိန်ပို လိုအပ်လိမ့်မည်။
ရှေ့သွားလိုက် နောက်ပြန်လိုက် လုပ်ရမှာကြောင့် သူတို လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေပါလိမ့်မည်။ နည်းနည်းလောက် စဉ်းစားပြီးမှ ကျန်းယွမ် ပြောလိုက်လေသည်။ "အရည်အသွေး နိမ့်တဲ့ ဘက်ထရီတို့၊ Motherboard တို့၊ Hard Disk တို့၊ RAM တို့ တစ်သုတ်လောက် အော်ဒါတင်လိုက်... သြော် ဟုတ်သား RAM ကို များများ မှာနော်"
RAM ပြဿနာဖြစ်ဖို့က နည်းသော်လည်း ROF ကအဆင့်မြင့် သီးသန့်တပ်ဆင်ထားသည့် စနစ်ယူနစ်တွေကို ရောင်းချနေတာ ဖြစ်သည်။ ၁၀,၀၀၀ ယွမ် တန်သည့် အဆင့်မြင့်ယူနစ်အများစုတွင် RAM ချောင်းများစွာ ပါဝင်သည်။
ကွန်ပျူတာတစ်လုံးကို CPU တစ်ခု၊ Motherboard တစ်ခု၊ Monitor တစ်ခုသာ လိုအပ်သည်။ သို့သော် RAM ချောင်းကတော့ ၄ ချောင်းလောက်လိုအပ်၏။ ထို့ကြောင့် RAM ချောင်းတွေ ပြဿနာ တက်နိုင်ခြေက ပိုများသည်။
ထို့ကြောင့် ကျန်းယွမ် ကြိုတင်ပြင်ဆင်ထားဖို့ ဆုံးဖြတ်လိုက်၏။ RAM ချောင်းတွေက သိပ်ပြီး စျေးကြီးတာလည်း မဟုတ်ပေ။ များများဝယ်ထားလို့ ဘာမှမထိခိုက်နိုင်ပါ။