၂၀၁၁ ခုနှစ်မှာ ပထမဆုံး နောက်ကျောကိုဓားနဲ့ထိုးခံရခြင်း
Vol. 25 Ch. 374
ဒီဇင်ဘာလ ၃၁ ရက်နေ့...
ကျန်းယွမ်တစ်ယောက် မနက်စောစောစီးစီး ယွီအင်တာနက်ကဖေး ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲသို့ ရောက်လာခဲ့သည်။ ကော်ဖီတစ်ခွက်လောက် မှာပြီးသောအခါ အေးအေးဆေးဆေးသောက်ရင်း Netizen တွေတင်ထားမည့် စိတ်ဝင်စားစရာ ပို့စ်တွေများ မြင်ရမလား Tieba တွင် ရှာဖွေကြည့်လိုက်ပါသည်။
မနေ့က သူ့ဝန်ထမ်းတွေ အားလုံးကို ပြဿနာရှိသည့် အစိတ်အပိုင်းများအား ပြန်အပ်ဖို့ သို့မဟုတ် ပြုပြင်ရန် ပို့ဆောင်ဖို့ စီစဉ်ခိုင်းထားပါသည်။ ပျက်နိုင်ခြေများသည့် အစိတ်အပိုင်းများအတွက် ကျန်ရှိနေသေးသော လက်ကျန်ငွေများကိုလည်း သုံးခဲ့သည်။ အထူးသဖြင့် RAM ချောင်းများကို ပိုမှာယူခဲ့ပါသည်။
အစိတ်အပိုင်းတွေကို ဒီလို အုပ်လိုက် မှာယူခြင်းဖြင့် ကုန်ကျစရိတ်များသော်လည်း ကျန်းယွမ်က ROF ၏ ဂုဏ်သတင်းအတွက် ပိုပြီး စိုးရိမ်ပါသည်။
လုပ်ငန်းစတင်ခင်တုန်းက ဘော့စ်ဖေး ၁၀၂၄ ဒစ်ဂျစ်တယ်နေ့အတွက် ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံပြီး နာမည်တစ်ခု တည်ဆောက်ပေးခဲ့တာဖြစ်သည်။
အရည်အသွေးပြဿနာကြောင့်သာ နာမည်ပျက်ရလျှင် ဘော့စ်ဖေး ကြိုးစားအားထုတ်ခဲ့သမျှ အလကား ဖြစ်မသွားနိုင်ဘူးလား။
ထို့ကြောင့် အရည်အသွေး ကောင်းမွန်ဖို့ကို ကျန်းယွမ် အာမခံနိုင်ရမည်။ ကွန်ပျူတာတစ်လုံးမှ မပျက်အောင် သေချာ ထိန်းသိမ်းရမည်။ ကတ်စတမ်မာများအတွက် ရောင်းချပြီးနောက် အကောင်းဆုံးဝန်ဆောင်မှုများကိုလည်း ပေးရမည် ဖြစ်ကာ ကတ်စတမ်မာတွေ အော်ဒါတင်သည့်နေမှာတင် စနစ်ယူနစ်ကို ရရှိနိုင်ဖို့ ကုန်တွေ လုံလုံလောက်လောက် သိုလှောင်ထားရမည်။
ဒါတွေအားလုံးကို စီမံပြီးနောက် ကျန်းယွမ် နောက်ဆုံးတော့ နားချိန်ရသွားပါပြီ။
မနက်ဖြန်က ၂၀၁၁ ၏ နှစ်သစ်ကူးနေ့ ဖြစ်သည်။ အားလပ်ရက်က ၃ ရက်ကြာပါမည်။ ဆိုလိုတာက ကျန်းယွမ် ကောင်းကောင်း အနားယူနိုင်သည်။
ကျန်းယွမ် ကော်ဖီကို ဖြည်းဖြည်းချင်း သောက်ရင်း Tieba ကို သုံးနေပါသည်။
ရုတ်တရက်ကြီး Tieba ပို့စ်တစ်ခုက သူ့အာရုံကို ဆွဲဆောင်လိုက်သည်။
'MSC စက်ရုံကြီး မီးထပ်လောင်ပြန်ပြီ'
"ငါ့လခွမ်း RAM စျေးတွေ ထပ်တက်တော့မှာလား"
"အဓိပ္ပာယ်မရှိလိုက်တာ"
"လခွမ်း စျေးတွေ အခုတောင် တက်လာနေပြီထင်တယ်"
"ငါ့ကိုယ်ပိုင် ကွန်ပျူတာလေးများ ဆင်လို့ရမလားလို့ အွန်လိုင်းပေါ်မှာ နှစ်သစ်ကူးနေ့ ပရိုမိုးရှင်းကို စောင့်နေတာ အခုတော့ သဲထဲရေသွန်ဖြစ်ပါပြီကွာ နှမြောဖို့ကောင်းလိုက်တာ"
"ငါတို့တော့ ပွဲသိမ်းသွားပြီ။ အကျင့်မကောင်းတဲ့ ကုန်သည်တွေက ချက်ချင်းကို လှုပ်ရှားကြတာပါလား"
"ဘာတွေဖြစ်နေတာလဲကွာ။ စက်ရုံတွေ ဘာလို့ ခဏခဏမီးလောင်နေရတာလဲ။ ရည်းစားမရှိသူများနေ့ကနေ 618[တရုတ်နိုင်ငံရှိအကြီးစားစျေးရောင်းပွဲတော်ကြီးတစ်ခု] အထိ လောင်နေကြမှာလား"
"အတွေ့အကြုံရှိသူတွေကတော့ တကယ့် မတော်တဆမှု အစစ် ဟုတ်လား မဟုတ်ဘူးလား သိကြမှာပေါ့။ ထုတ်လုပ်သူတွေက စက်ရုံကို တမင်သက်သက် မီးရှို့တာလို့ပဲ ငါတော့ ခန့်မှန်းမိတယ်"
"ငါလည်း အဲ့လိုပဲထင်တယ် အဲ့ဒီထုတ်လုပ်သူတွေရဲ့ စက်ရုံတွေက တစ်လှည့်စီ မီးလောင်နေတာပဲ။ ပြီးတော့လည်း ရေလွှမ်းတာတွေ ပါဝါပျက်တာတွေပါ ရှိသေးတယ်။ သူတို့ ကုန်သွင်းတာ လျှော့ချပြီး စျေးတက်မယ်လို့ပဲ တဲ့တိုး ပြောလိုက်ကြပါတော့လား"
"ဒီတစ်ခေါက် မီးကပြင်းတယ်ကွ။ ထုတ်လုပ်ရေးတွေ အကုန်လုံး ထိခိုက်နိုင်တယ်။ ဆိုလိုတာက RAM တွေအပြင် Flash Drive စျေးတွေပါ တက်မယ့်သဘောပဲ..."
Netizen များ၏ စကားဝိုင်းကို ဖတ်ရင်း ကျန်းယွမ် အစကတော့ ကြောင်စီစီဖြစ်သွားသည်။ ထို့နောက် အံ့အားသင့် ပျော်ရွှင်သွားပါသည်။
ရှော့ပင်းဝက်ဘ်ဆိုက်တစ်ခုကို အမြန်ဝင်ကြည့်လိုက်ပြီး သူ အရင်ဝယ်ဖူးသည့် RAM စျေးနှုန်းများကို စစ်ဆေးကြည့်လိုက်ပါသည်။ ယခုတော့ ယွမ် ၃၀ ကျော်တောင် ပိုစျေးတက်သွားပါပြီ။
ထို့အပြင် ဒါတောင် အစပဲရှိသေးသည်။ တစ်ပတ်လုံး စျေးတွေ ဆက်တက်ဖို့သာ ရှိသည်ဟု ကျန်းယွမ် ခန့်မှန်းမိပါသည်။
ဘာပဲဖြစ်ဖြစ် ကျန်းယွမ်က Tieba ကို စောင့်ကြည့်နေခဲ့တာ အချိန်အတော်ကြာပါပြီ။ ဒီလိုကိစ္စမျိုးတွေ ဘယ်လိုဖြစ်လာမလဲ ကောင်းကောင်း သိပြီးသား ဖြစ်သည်။ RAM စျေးတွေ ကျသွားပါက စက်ရုံတစ်ခုက မီးလောင်ခြင်း သို့မဟုတ် ဓာတ်အားပြတ်တောက်ခြင်းများ ကြုံတွေ့ရလိမ့်မည်။ ထို့နောက် အကျင့်မကောင်းသည့် ကုန်သည်များကလည်း RAM စျေးကို ချက်ချင်း တိုးမြှင့်ကြလိမ့်မည်။
သို့သော်လည်း 'မတော်တဆများ' ဘယ်တော့ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိကြပါ။
သိထားပါက ထိုကာလအတွင်း အမြတ်ကြီးစားဖို့ RAM တွေ အများကြီး ကြိုတင် သိုလှောင်ထားကြလိမ့်မည်။ ကျန်းယွမ်အတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်လာနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် ROF ကွန်ပျူတာတပ်ဆင်လုပ်ငန်းကလည်း တခြား ဘရန်းများနဲ့ စျေးနှုန်းသတ်မှတ်သည့် ဗျူဟာချင်း ဆင်တူနေတာကြောင့်ဖြစ်သည်။ ဘော့စ်ဖေး၏ ညွှန်ကြားမှုအရ မူရင်းစျေးများတွင် ROF ပရီမီယံဘရန်းနဲ့ ရောင်းချပြီးနောက် ဝန်ဆောင်မှုများအတွက် ထည့်တွက်ထားပြီးသားဖြစ်သည်။ မကြာခဏ အပြောင်းအလဲရှိတာမျိုး မဟုတ်ပေ။
စျေးနှုန်းကို တိုးမြင့်ချင်လျှင် ဟာ့ဒ်ဝဲတွေကို အဆင့်မြှင့်တင်ရမည်။ စျေးနှုန်း လျှော့ချင်ပါက ပရိုမိုးရှင်းပွဲတော်များ ကျင်းပရမည်။ အများကြီးတော့ ကျင်းပလို့ မဖြစ်ပါ။
ဒီဗျူဟာ၏ အဓိက ရည်ရွယ်ချက်က ကတ်စတမ်မာများ၏ စိုးရိမ်ကြောင့်ကြမှုကို ဖယ်ရှားကာ ROF က စေတနာကောင်း၊ ယုံကြည်အားကိုးရသည့် ဘရန်းဖြစ်ပြီး တန်ဖိုးနဲ့ ညီသော အရည်အသွေးကို ထိန်းသိမ်းသည့် ထုတ်ကုန်များ ထုတ်လုပ်သည့် ဘရန်းဖြစ်သည်ဟူသော အတွေးမျိုး ဖန်တီးဖို့ ဖြစ်သည်။
RAM စျေးတက်ခြင်းအားဖြင့် စနစ်တစ်ခုလုံး ပိုပြီး စျေးကြီးလာနိုင်သည်။ လူတွေက ROF ကို မသမာသည့် ကုန်သည်များအဖြစ် ထင်သွားကြလိမ့်မည်။ နာမည်ကျသွားနိုင်ပါသည်။
ထို့ကြောင့် RAM စျေးတက်ခြင်းက ကျန်းယွမ်အတွက် သတင်းဆိုး ဖြစ်သင့်သည်။ ကုန်ကျစရိတ်များက ထပ်တိုးပြီး ရောင်းစျေးကတော့ သာမန်အတိုင်းပဲဆို အမြတ်အစွန်း ပိုနည်းသွားမည်။
သို့သော် အခြေအနေကတော့ ခြားနားနေပါသည်။
ကျန်းယွမ်က ဟာ့ဒ်ဝဲတစ်သုတ်ကို အော်ဒါတင်ထားပြီးသား ဖြစ်သည်။ အထူးသဖြင့် ယွမ် ၁၀,၀၀၀ ကျော်တန် အဆင့်မြင့်ကွန်ပျူတာတွင် စိုက်ရမည့် RAM ၄ ချောင်းနှုန်းနဲ့ တွက်ပြီး RAM ချောင်းများကို အော်ဒါများများ ပိုတင်ခဲ့သည်။ ထို့ကြောင့် မတော်မတရား မှာယူထားခဲ့ပါသည်။
ကတ်စတမ်မာများအတွက် ROF ၏ အဆင့်မြင့် စနစ်ယူနစ်စျေးနှုန်း-အရည်အသွေး အချိုးက အလွန် ကောင်းမွန်သွားမည့်သဘော ဖြစ်သည်။ ROF စနစ်ယူနစ်များကို ဝယ်ယူခြင်းက ကိုယ်ပိုင်ကွန်ပျူတာဆင်ဖို့ အစိတ်အပိုင်းတစ်ခုချင်းစီ ဝယ်တာထက် ပိုပြီး ကုန်ကျစရိတ် သက်သာပါလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျန်းယွမ်မှာ စနစ်ယူနစ်များကို မူရင်းစျေးအတိုင်း ရောင်းချရင်တောင် ROF က အမြတ်အစွန်း အကြီးကြီးရနေဦးမှာဖြစ်သည်။
အမှန်ပင်။ စျေးနှုန်းတိုးမြှင့်ဖို့လည်း စဉ်းစားနိုင်သည်။
သို့သော်လည်း ထန်းတာ့ခံယူချက်နဲ့ ကိုက်ညီမှုမရှိရာကျပါသည်။ ROF ၏ စျေးကွက်ရှယ်ယာကို တိုးမြှင့်ဖိုလည်း အကူအညီမ ဖြစ်နိုင်ပါ။
ထို့ကြောင့် အနည်းငယ် ချင့်ချိန်ပြီးနောက် လက်ရှိကုန်များကို မူရင်းစျေးအတိုင်းပဲ ရောင်းချဖို့သာ ကျန်းယွမ် ဆုံးဖြတ်လိုက်ပါသည်။
RAM က ပိုပြီး စျေးကြီးလာတော့မှာ ဖြစ်တာကြောင့် နောက်ဟာ့ဒ်ဝဲတစ်သုတ်အတွက် ချိန်ညှိမှုတွေလုပ်ဖို့လည်း ကျန်းယွမ် ဆုံးဖြတ်ထားပါသည်။ အစိတ်အပိုင်းတချို့ကို အဆင့်မြှင့်တင်လိုက်ပြီး ကုန်ကျစရိတ်အသစ်အတိုင်း ရောင်းစျေးကို အနည်းငယ် တိုးမြှင့်ပါမည်။
အမှန်ပင်။ ဒီပြဿနာတွေက နောက်မှ ဖြေရှင်းလို့ ရသည်။ အဘယ့်ကြောင့်သို ဒီတစ်သုတ် ဟာ့ဒ်ဝဲတွေအများကို မှာယူထားပြီးသား ဖြစ်တာကြောင့်ပင်။
ထိုအတွေးဖြင့် ကျန်းယွမ် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပါ။
ချက်ချင်း သူ့ဝန်ထမ်းများကို ဖုန်းဆက်လိုက်၏။ ပိုစတာအသစ်တစ်သုတ် ဒီဇိုင်းဆွဲခိုင်းကာ ယွီအင်တာနက်ကဖေး ဆိုင်ခွဲများ၏ ဝင်ပေါက်တွင် ကပ်ထားဖို့ ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာပဲ အွန်လိုင်း Shop ပေါ်က ကြော်ငြာ စာမျက်နှာကိုပါ Update တင်ခိုင်းလိုက်ပါသည်။
ကြော်ငြာတွင်ပါဝင်မည့် အကြောင်းအရာများက ရိုးရှင်းပါသည်။ ဒစ်စ်ကောင့်တွေ လျှော့စျေးတွေ ရှိမှာ မဟုတ်ပါ။ သို့သော် စျေးလည်း တက်မှာ မဟုတ်ပေ။
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၊ စနေနေ့...
နှစ်သစ်ကူးအားလပ်ရက်က ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဖြစ်သည်။ ဖေးချမ့် ပျော်ပျော်ကြီး ကိုယ့်ကိုယ်ကို အနားပေးထားပါသည်။
လီယာ့တာ၊ လင်းဝမ်တို့အဖွဲ့ ၄ ရက်နေ့တွင် US မှ ပြန်လာတော့မည့်အကြောင်းကို တွေးမိသောအခါ ဖေးချမ့် ခေါင်းကိုက်ရပါသည်။
တစ်ပတ်က အကုန်မြန်လိုက်တာ။
အင်း ပျော်နေရင် အချိန်တွေ အကုန်ပိုမြန်တာပဲ။
ဖေးချမ့် အိမ်မှ လမ်းလျှောက်ထွက်လာခဲ့ပြီး ယွီအင်တာနက်ကဖေး ဟန်တုန်းတက္ကသိုလ်ဆိုင်ခွဲသို့ ခဏလောက် ကော်ဖီထိုင်သောက်ဖို့၊ ဂိမ်းကစားရင်း အနားယူဖို့ သွားလိုက်ပါသည်။
သို့သော်လည်း အင်တာနက်ကဖေးဝင်ပေါက်ကို ရောက်ရောက်ချင်းမှာပင် တစ်ခုခု လွဲနေတာကို သတိထားမိသွားသည်။
လူတွေ ဘာလို့ အရမ်းများနေတာလဲဟ။
အင်တာနက်ကဖေးဝင်ပေါက်တွင် လူတန်းရှည်ကြီး ရှိနေပြီး လမ်းမပေါ်ထိတောင် ရောက်ပါသည်။
အမှန်ပင်။ လျှော့စျေးအဆောက်အဦးများ သို့မဟုတ် ရထားဘူတာတွေမှာ တွေ့ရတတ်သည့် လူတန်းရှည်ကြီးတွေလောက်တော့ မဟုတ်သေးပါ။ ကြည့်ရတာ လူ ၁၀ ယောက်ဝန်းကျင်သာ တန်းစီနေကြသည့် ပုံစံပင်။
သို့သော်လည်း ဒီလိုမြင်ကွင်းမျိုးကတောင် ယွီအင်တာနက်ကဖေးမှာ အလွန်ရှားပါးသည်။
အဘယ့်ကြောင့်ဆိုသော် ယွီအင်တာနက်ကဖေးက အကြီးကြီး ဖြစ်တာကြောင့် ဖြစ်သည်။ ယွီအင်တာနက်ကဖေး ၁.၀ မှာ ကွန်ပျူတာခုံ အများကြီး မရှိသော်လည်း ထိုင်ခုံလွတ်မှာကို စောင့်နေချင်သူများက ကော်ဖီနေရာ၊ ရုပ်ရှင်ရုံ အသေးစား၊ စာအုပ်နေရာများတွင် သွားစောင့်နေလို့ ရသည်။ လမ်းမပေါ် ထွက်ပြီး တန်းစီနေစရာ မလိုပါ။
ထို့အပြင် အခုချိန်လောက်ဆို အင်တာနက်ကဖေး၏ လူအဝင်အထွက်လည်း တည်ငြိမ်နေသင့်ပြီ။ နှစ်သစ်ကူးနေ့ ဖြစ်သော်လည်း အင်တာနက်ကဖေးကို လာရောက်သူတွေ အများကြီး မရှိသင့်ပါ။
ဖေးချမ့် အထဲကို ချောင်းကြည့်ဖို့ ကြိုးစားလိုက်ရာ အခြေအနေတွေက သူ ထင်ထားတာထက် အများကြီး ပိုဆိုးရွားနေမှန်း တွေ့လိုက်ရပါသည်။
အင်တာနက်ကဖေးထဲက ကော်ဖီဆိုင်နေရာက လူမပြည့်ပါ။ အင်တာနက်ကဖေးနေရာမှာလည်း လူပြည့်နေတာ မဟုတ်ပါ။
လူတန်းရှည်ကြီးက ကောင်တာမှသာ အစပြု တန်းစီနေကြခြင်း ဖြစ်သည်။ ကတ်စတမ်မာတွေ စိတ်ကြိုက် ဝင်ထွက်သွားလာဖို့အတွက် လျှောက်လမ်းလေးတစ်ခုတောင် လုပ်ပေးထားသေးသည်။
လူတန်းရှည်ကြီး၏ ရှေ့ကလူတချို့က ကောင်တာမှာ ဖောင်တွေသာ ဖြည့်နေကြတာ ဖြစ်သည်။ ငွေချေပြီးနောက် လှည့်ပြန်သွားကြ၏။ ဘယ်သူမှ အင်တာနက် သုံးဖို့ မဝင်ကြပါ။
ဖေးချမ့် ဒီမြင်ကွင်းကို မြင်လေလေ ပိုပြီး စိတ်ရှုပ်ထွေးလာလေလေ ဖြစ်သည်။ ဘာတွေ ဖြစ်နေတာလဲဟ။
ထိုအချိန်တွင် စားပွဲထိုးတစ်ယောက်က လူတန်းကို ထိန်းသိမ်းဖို့ အော်လိုက်လေသည်။
"မစိုးရိမ်ကြပါနဲ့ အားလုံးပဲ စနစ်တကျလေး တန်းစီပေးကြပါခင်ဗျာ။ အော်ဒါကို အွန်လိုင်းပေါ်ကလည်း တင်လို့ ရတယ်နော်။ URL ကို ဝင်ပေါက်အပြင်မှာ ရှိတဲ့ ပိုစတာမှာ ကြည့်လို့ ရပါတယ်။"
ဖေးချမ့် ခုနကထက် ပိုစိတ်ချောက်ချားသွားပြီး ပိုစတာကို လှမ်းကြည့်လိုက်သည်။ ROF ကွန်ပျူတာတပ်ဆင်ခြင်း အွန်လိုင်းစတိုး၏ URL ကို ပိုစတာပေါ်မှာ ရေးထားပါသည်။ စနစ်ယူနစ် တပ်ဆင်မှု ၃ မျိုးကိုလည်း ရေးသားထားသည်။
သို့သော်လည်း ဒါတွေက မူလစျေးနှုန်းတွေသာ ဖြစ်သည်။ တပ်ဆင်မှုတွေကော စျေးနှုန်းတွေကော ပြောင်းလဲသွားခြင်း မရှိပေ။ ဒီလူတွေ ဘာကြောင့် မနက်စောစောစီးစီး ဖောင်တွေ ဖြည့်ပြီး ROF စနစ်ယူနစ်တွေ အလုအယက် ဝယ်နေကြတာလဲ။
ဖေးချမ့် ခံစားချက်တွေ မကောင်းတော့ပါ။ ကြည့်ရတာ သူ သတိမထားမိသည့် အခြေအနေ တိုးတက်မှုတွေ ရှိနေသည့် ပုံစံပင်။
စားပွဲထိုးက နောက်တစ်ခေါက် အော်လိုက်ပြန်သည်။ "ROF က အိမ်တိုင်လာရောက် ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေ ပေးထားတယ်ဆိုတာ နောက်တစ်ခေါက် ထပ်အသိပေးပါရစေခင်ဗျာ။ အဆင့်မြှင့်တင်ထားတဲ့ ဟာ့ဒ်ဝဲတွေကိုလည်း အိမ်တိုင်ယာရောက်ပို့ဆောင်ပေးပါတယ်။ သက်ဆိုင်ရာ စျေးနှုန်းတွေကို လက်ကမ်းစာစောင်တွေမှာ ရေးသားထားပြီးသားပါ။ ဒါပေမယ့် ကျေးဇူးပြုပြီး လက်ကမ်းစာစောင်တွေပေါ်က အသိပေးချက်ကို သတိထား ဖတ်ရှုပေးပါခင်ဗျာ။ အစိတ်အပိုင်းတစ်ခုကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင် မူလ အစိတ်အပိုင်းကို သိမ်းထားမှ ရပါမယ်။ ရောင်းချပစ်လို့ သို့မဟုတ် လဲလှယ်ပစ်လို့ မရပါဘူး။ မဟုတ်ရင်တော့ ဒီဝန်ဆောင်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူးဗျ..."
ဖေးချမ့် ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။ စားပွဲထိုးက ဘာလို့ ဒါကို အထူးတလည် သတိပေးရတာလဲ။
အလွန်သံသယကြီးစွာဖြင့် ယွီအင်တာနက်ကဖေးထဲ ဝင်သွားလိုက်ပြီး ကျန်းယွမ်ကို တွေ့သွားပါသည်။ မျက်နှာပေါ်မှာ ဝံ့ကြွားသော အကြည့်ဖြင့် ကော်ဖီ အေးအေးဆေးဆေး သောက်နေလေသည်။
"ဘာတွေဖြစ်နေတာလဲ" ဖေးချမ့် နဖူးပေါ် ဇောချွေးတွေ ပြန်လာသည်။
ကျန်းယွမ်က ခပ်သဲ့သဲ့ ပြုံးလိုက်၏။ "ဘော့စ်ဖေး MSC စက်ရုံကြီးက မီးလောင်သွားတယ်။ RAM စျေးတွေ အဆမတန် မြင့်တက်နေပြီ"
"ဟင်" ဖေးချမ့် မျက်နှာမှာ မှင်သက်မှုများဖြင့် ပြည့်နှက်သွားသည်။ ဖြစ်ပျက်နေတာတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းကို နားမလည်နိုင်တော့ပါ။ ကျန်းယွမ်က ပြောလိုက်၏။ "RAM ချောင်းတွေက ၂၀၀ ယွမ်ကျော် တန်ခဲ့တာ။ အခုတော့ ယွမ် ၃၀၀ တောင် တက်သွားပြီ"
"နောက်ပိုင်းမှာ စျေးက ပိုတက်ဖို့ပဲ ရှိတယ်"
"ကျွန်တော်တို့ အဆင့်မြင့် စနစ်ယူနစ်တွေမှာ RAM ချောင်း ၄ ချောင်းစီ စိုက်လို့ ရတယ်။ အခု RAM ချောင်း တစ်ချောင်းကို ယွမ် ၁၀၀ စျေး ပိုတက်နေပြီ။ ပြီးတော့ Hard Disk စျေးတွေ တက်တာနဲ့ပါ ပေါင်းလိုက်ရင် စနစ်ယူနစ်တိုင်းရဲ့ ဟာ့ဒ်ဝဲ တစ်ခုတည်းနဲ့တင် အရင်ကထက် ယွမ် ၅၀၀ ကျော် တက်သွားပြီဗျ"
"အခု ကွန်ပျူတာတပ်ဆင်တာကို သိပ်နားမလည်တဲ့လူတွေအပြင် နားလည်တဲ့ ပရော်ဖက်ရှင်နယ်တွေကတောင် ကျွန်တော်တို့စျေးကို အရမ်းတန်တယ်လို့ ထင်သွားကြပြီ"
"အရင်တုန်းက ကျွန်တော်တို့ ROF ဘရန်းအတွက် ဘော့စ်ဖေး နာမည်တစ်ခု တည်ဆောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ ကွန်ပျူတာတွေ အခု အတော် ရောင်းနေရပြီ"
"စိတ်မပူပါနဲ့ ဘောစ့်ဖေး။ ဘော့စ်ဖေးရဲ့ စကားတွေကို ကျွန်တော် တစ်ချိန်လုံး အမှတ်ရနေတာပါ။ တချို့ အကျင့်မကောင်းတဲ့ ကုန်သည်တွေလိုမျိုး စနစ်ယူနစ်စျေးတွေကို မမြှင့်ခဲ့ပါဘူး"
"ROF စနစ်ယူနစ်စျေးတွေက မနေ့ကအတိုင်းပဲ ရှိဦးမယ်လို့ပဲ သတင်းထုတ်ပေးလိုက်တာ။ ဒီနေ့တော့ ကျင်းကျိုးမြို့ တစ်မြို့လုံးကလူတွေ ကွန်ပျူတာ အော်ဒါတင်ဖို့ ရောက်လာကြပြီ။ အွန်လိုင်း Shop တစ်ခုတည်းနဲ့တောင် စနစ်ယူနစ်တွေ ဆယ်ဂဏန်းနဲ့ချီပြီး ရောင်းထွက်နေပြီဗျ။ ကျွန်တော်တို့ နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း စနစ်ယူနစ် ၁,၀၀၀ ကျော် ရောင်းနိုင်လိမ့်မယ်ထင်တယ်။ ဒါတောင် လျှော့ပြီး ခန့်မှန်းထားတာနော်"
ဖေးချမ့် မျက်နှာ ချက်ချင်းပဲ အရောင်းအသွေးတွေ ကင်းမဲ့သွားခဲ့ပါသည်။ ဒီပြဿနာကို ရှင်းဖို့ မသိစိတ်က ဖြေရှင်းချက် ရှာဖွေမိသော်လည်း ဘာမှ စဉ်းစားလို့ မရတောပါ။
ရောင်းစျေးကို မြှင့်လိုက်ရမလား။
သူ ဒီလို လုပ်လို့ မရပေ။ စျေးနှုန်းကို တည်တည်ငြိမ်ငြိမ် ထားချင်သည်ဟု ယခင်ကတည်းက ပြောခဲ့ပြီးသား ဖြစ်သည်။ ကျန်းယွမ်ကို အခုမှ စျေးတိုးခိုင်းလိုက်ရင် ကိုယ့်ပါးကိုယ်ချတာနဲ့ တူမနေဘူးလား။ ထို့အပြင် ယခု စျေးနှုန်းတွေကို မြှင့်လိုက်ရင်တောင် လူတွေက ROF စနစ်ယူနစ်များကို ဝယ်ယူနေကြဦးမှာပဲဖြစ်သည်။ ထို့နောက် ROF က ရောင်းချနိုင်သည့် စနစ်ယူနစ်တိုင်းအတွက် အမြတ်အစွန်းတွေ အများကြီး ပိုရလာပါလိမ့်မည်။
ဒါဆို ရောင်းစျေးလျှော့လိုက်ရမလား။
ပိုတောင်ဆိုးသွားနိုင်သည်။ ခုတောင် လူတွေက စနစ်ယူနစ်ကို အလုအယက် ပြေးလွှားဝယ်ယူနေပြီဖြစ်သည်။ စျေးကို ထပ်လျှော့လိုက်ပါက အမြတ်အစွန်း ပိုနည်းသွားနိုင်သော်လည်း ROF ၏ နာမည်က တက်လာပါလိမ့်မည်။ ထိုအခါ ဖေးချမ့် ဖာထေးစရာတွေ ပိုကြီးသွားလိမ့်မည်။
ဖေးချမ့် ခေါင်းမူးလာ၏။ ထိုအချိန်တွင် ဘယ်လို ဗျူဟာကောင်းမှ မထုတ်နိုင်တော့မှန်း နားလည်လိုက်ရသည်။ ဒီပြဿနာက ဖြေရှင်းလို့ မရပါ။
သို့သော် ကျန်းယွမ်ကတော့ အပျော်တွေ လွန်နေသည်။ "နောက်ဆုံးတော့လည်း ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခုပါပဲလား"
"ဘော့စ်ဖေး ကျွန်တော့်ကို ဂိုထောင်တွေ ပိုငှားပြီး ကုန်တွင် ပိုသွင်းထားဖို့ အရင်က မှာခဲ့ဖူးတယ်။ အခုတော့ အားလုံး အသုံးဝင်နေပြီ"
"ကျွန်တော်တို့ ကုန်တွေကို လုံလုံလောက်လောက်သာ တင်သွင်းမထားရင် တစ်ရက်တည်းနဲ့ ရောင်းကုန်သွားနိုင်တယ်။ အဲ့ခါကျရင် တက်နေတဲ့စျေးတွေနဲ့ ဟာ့ဒ်ဝဲတွေကို ပြန်ဝယ်ရဦးမယ်။ ကျွန်တော်တို့ အမြတ်အစွန်း အများကြီး နည်းသွားမှာ"
"ပြီးတော့ မနေ့က ဟာ့ဒ်ဝဲပြဿနာတစ်ခု ရုတ်တရက်ကြီး ပေါ်လာသေးတယ်။ ကျွန်တော်တို့ ပစ္စည်းပြန်အပ်ရင် ပြန်အပ် ဒါမှမဟုတ် ပြင်ဖို့ ပို့ပေးလိုက်ရတယ်။ ကျန်တဲ့ ဟာ့ဒ်ဝဲတွေပါ ယိုယွင်းနေမှာကို အရမ်း စိုးရိမ်ခဲ့ရတယ်။ အဲ့တာကြောင့် ကျွန်တော် ဟာ့ဒ်ဝဲအသစ်တစ်သုတ် အော်ဒါကြိုတင်လိုက်တာလေ။ အထူးသဖြင့် RAM တွေကို များများပိုဝယ်ခဲ့တယ်"
"လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ ကျွန်တော်တို့ ဝယ်ထားတဲ့ RAM ချောင်းတွေနဲ့ဆို တော်တော်ကြာကြာ ခံနိုင်ရည်ရှိဦးမယ်ထင်တယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ် ပန်းတိုင်က ကျင်းကျိုးမြို့ ကွန်ပျူတာစျေးကွက်ကို ROF လွှမ်းမိုးနိုင်အောင် လုပ်ဖို့ပဲ"
"ကိုယ်ပိုင် ကွန်ပျူတာ တပ်ဆင်တဲ့ ကတ်စတမ်မာတွေ ဒါမှမဟုတ် ဘရန်းဒက်စနစ်ယူနစ်တွေကို ဝယ်ယူချင်တဲ့ ကတ်စတမ်မာတွေကိုပါ ဆွဲဆောင်လို့ရပြီ"
ဖေးချမ့် အသက်ပင်ရှူမရတော့ဘဲ ကော်ဖီဆိုင်နေရာမှာ ထိုင်ချလိုက်သည်။
မဟုတ်သေးပါဘူး။ တစ်နေရာရာ မှားသွားလို့လား...
ဖေးချမ့် ကိုယ့်ဘဝကိုယ် သံသယ စဖြစ်လာခဲ့သည်။
ဇန်နဝါရီလ ၁ ရက်နေ့လေ... ၂၀၁၁ ခုနှစ်က အခုမှ စရုံပဲရှိသေးတယ်။
နှစ်သစ်ကူးရဲ့ ပထမဆုံး ရိုက်ချက်က ဒီလောက် စောစော ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပါ။