ငွေရှာတဲ့လူက ပြန်ဖြုန်းပေးရမယ်
Vol. 25 Ch. 375
ကျန်းယွမ်က ဖေးချမ့်ကို မရပ်မနား ဆက်ဖားနေပါသည်။ သို့သော် ဖေးချမ့်ကတော့ တစ်လုံးမှ နားမထောင်မှ ကော်ဖီသာ ဆက်သောက်နေသည်။
ဘယ်နေရာမှားသွားသလဲ သူ နားမလည်နိုင်ပါ။
ထန်ယီရှုကို ဂိုထောင်ဆီ ခေါ်သွားခဲ့သည်။ ချက်ချင်း အာနိသင်ပြတာကိုလည်း မြင်ခဲ့ရပါသည်။ ကွန်ပျူတာတွေက စတင်ယိုယွင်းလာပြီး တပ်ဆင်မှုလုပ်ငန်းစဉ်မှား နှောင့်နှေးသွားခဲ့သည်။
သို့သော်... RAM စက်ရုံကြီးက ဘယ်လိုဖြစ်ပြီး မီးလောင်သွားရတာလဲ။ ကူးစက်အာနိသင်က နိုင်ငံခြားလောက်ထိတော့ မရောက်နိုင်ဘူးမဟုတ်လား။
ဖေးချမ့် ဘယ်လိုပဲစဉ်းစားကြည့်ပါစေ နားမလည်နိုင်ပါ။
တိတိကျကျပြောရလျှင် ဒီကိစ္စတွေက သိပ်ပြီးအရေးမကြီးပါ။ သို့သော်လည်း ဘော့စ်ဖေးအတွက်တော့ အလွန် ပြဿနာကြီးသည်။ သူ့လူသတ်စက်ကို ဂရုတစိုက် ထုတ်သုံးရတော့မည့်ပုံစံပင်။
မတော်တဆ ခြေချော်လက်ချော်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ထိခိုက်သွားစေနိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီဖြစ်သည်။ ပိုအရေးကြီးတာက အခုချိန်ကစပြီး ငွေတွေကို ဘယ်လို ဆက်ဖြုန်းရမလဲ စဉ်းစားဖို့ ဖြစ်သည်။
ကုန်တွေ ဆက်သွင်းရမလား။ ဒီလိုလည်း မဖြစ်သေးပါ။
လောလောဆယ် ROF က အတော်လေး နာမည်ကြီးနေပြီ ဖြစ်သည်။ နှစ်သစ်ကူးအားလပ်ရက်တွေမှာ စျေးမတက်ဘူးဟု ကတိပေးကြေညာလိုက်ပါက ပို၍ပင် နာမည်ကြီးလာနိုင်ပါသည်။
ROF ၏ စနစ်ယူနစ်များအတွက် ကတ်စတမ်မာများစွာက ပရီမီယံဘရန်းစျေးတွေကိုတောင် ပေးကြပါလိမ့်မည်။
တစ်နည်းအားဖြင့် ၎င်းတို့၏ စနစ်ယူနစ်စျေးများ တည်ငြိမ်နေဆဲဖြစ်ရင်တောင် ROF ရောင်းအားက ကျသွားမှာ မဟုတ်ပါ။ ထို့အပြင် မူလအမြတ်နှုန်းအတိုင်း ဆက်လက် ထိန်းသိမ်းထားပါက ကုမ္ပဏီက ကျိန်းသေပေါက် အကျိုးအမြတ် ရလာပါလိမ့်မည်။
ယခု ROF က ကုန်တွေ ထပ်သွင်းပြီး နောက်ပိုင်း တခြားအစိတ်အပိုင်းတွေက စျေးပိုတက်လာလျှင် ဖေးချမ့် ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့ တူမသွားနိုင်ဘူးလား။
ခုလောလောဆယ် ကုန်တွေသွင်းဖို့က သိပ်ထက်မြက်သည့် အကြံ မဟုတ်ပေ။
ဘော့စ်ဖေး သင်ခန်းစာ ကောင်းကောင်းကြီး ရလိုက်ပါပြီ။ ဒီငွေတွေကို တခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုက်ရင်ကော။
သို့သော် ပြန်တွေးကြည့်သောအခါ ဒီအိုင်ဒီယာကိုလည်း ကန့်ကွက်လိုက်ပါသည်။
ဖေးချမ့်က သဘောတရားတစ်ခုတည်းကိုသာ လက်ကိုင်ထားသည်။ ပြဿနာရှာသူသာ ပြဿနာကို ရှင်းသင့်၊ ငွေရှာသူသာ ငွေကိုပြန်ဖြုန်းသင့်ပါသည်။
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီးနောက် ဒီသဘောတရားကို ဆွဲကိုင်မထားခဲ့သဖြင့် အရင်တုန်းက ဆက်တိုက် ရုန်းကန်ခဲ့ရမှန်း နားလည်သွားသည်။
ပရောဂျက်များစွာက အမြဲတမ်း ပြဿနာတက်နေတာတော့မဟုတ်ပေ။ တခြား ပရောဂျက်တွေနဲ့ မပူးပေါင်းခင်အထိ ပုံမှန် အရှုံးပေါ်နေခဲ့တာ ဖြစ်သည်။ ထို့နောက်ပိုင်းမှ ပြဿနာတွေ စပေါ်လာတာ ဖြစ်သည်။
ထို့ကြောင့် ဖေးချမ့်တစ်ယောက် ROF မှ ရရှိလာသည့် အမြတ်အစွန်းများအတွက် ကျန်းယွမ်ကိုသာ ဆက်တာဝန်ယူခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ ငွေထပ်ဖြုန်းဖို့ နည်းလမ်းများကို သူကိုယ်တိုင် ရှာရမည်။
ဖေးချမ့် ခဏလောက် စဉ်းစားပြီး ပြောလိုက်ပါသည်။ "ROF က ရတဲ့ အကျိုးအမြတ်တွေကို ထန်းတာ့ဆီ မပေးနဲ့။ အဲ့ဒီငွေကို သုံးဖို့ မင်းနည်းလမ်းရှာရမယ်"
ကျန်းယွမ် မှင်သက်သွားခဲ့သည်။ "ဟင် ဘော့စ်ဖေး ကျွန်တော်တို့ အမြတ်တွေ အများကြီး ရထားပြီးပြီလေ။ ဘော့စ်ဖေးကို တစ်ပြားမှ ပြန်မပေးရဘူးလား။ အဲ့တာဆို သင့်တော်ပါ့မလား"
ဖေးချမ့် သရော်လိုက်ပါသည်။ "ဒါပေါ့၊ ဒါက မင်းကိုယ်တိုင် ကြိုးစားပြီး ရလာတဲ့ ပိုက်ဆံတွေလေ။ မင်း သုံးရမှာပေါ့"
ကျန်းယွမ် ခပ်မြန်မြန်ပဲ လက်ကို ရမ်းပြလိုက်ပါသည်။ "မဟုတ်ဘူး မဟုတ်ဘူး ဘော့စ်ဖေး။ ဘော့စ်ဖေးရဲ့ လမ်းညွှန်မှုကြောင့် ကျွန်တော်တို့ ဒီပိုက်ဆံတွေ ရလာတာပါ"
ဖေးချမ့် တိတ်ဆိတ်သွားသည်။
ဒီကောင့်ကို ကြည့်ပါဦး၊ ဘာမှ ကောင်းကောင်းမွန်မွန်ပြောစရာစကားမရှိရင်လည်း မပြောနဲ့တော့။
ဖေးချမ့်က ဒီပြဿနာနဲ့ ပတ်သက်ပြီး နောက်ဆုတ်ဖို့ အစီအစဉ် မရှိသည့် သဘောထားကြီးမားသူတစ်ယောက် ဖြစ်ပါသည်။ "ပြောပါဦး-- ဒီပိုက်ဆံကို ဘယ်မှာ သုံးဖို့ စီစဉ်ထားလဲ"
ကျန်းယွမ် အတွေးများ နက်ရှိုင်းသွား၏။
သူက ယခု ယွီအင်တာနက်ကဖေးနဲ့ ROF တို့ကို တာဝန်ယူထားရတာဖြစ်သည်။ အမှန်ပင်။ ယွီသရေစာလုပ်ငန်းက ယွီအင်တာနက်ကဖေးမှ ဆင်းသက်လာခဲ့တာ ဖြစ်တာကြောင့် ထိုလုပ်ငန်းကိုပါ သူ တာဝန်ယူထားရသည်ဟု သတ်မှတ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ထိုလုပ်ငန်းအားလုံးက လေဆန်ပို့ဆောင်ရေးလုပ်ငန်းနဲ့ အနီးကပ် ဆက်နွယ်နေမှု ရှိသည်။
လုမင်လျန်က လေဆန်ပို့ဆောင်ရေး၏ တာဝန်ရှိသူ ဖြစ်သည်။ ဖေးချမ့်က သူ့ကို အလွန် ဦးစားပေးထားသည်။ တကယ်တော့ အခုချိန်မတိုင်ခင်ထိ လေဆန်ပို့ဆောင်ရေးလုပ်ငန်းက အရှုံးပေါ်နေဆဲ ဖြစ်သည်။ ထန်းတာ့ကော်ပိုရေးရှင်း၏ ငွေကြေးထောက်ပံ့မှုကြောင့်သာ ဆက်လက် လည်ပတ်နေနိုင်ခြင်း ဖြစ်ပါသည်။ ဆိုလိုတာက လုမင်လျန်ကို ဘော့စ်ဖေး ယုံကြည်ခဲ့တာ မှန်ကန်သည့် သဘော ဖြစ်ပါသည်။
အမှန်ပင်။ ဖေးချမ့်အတွက်ကတော့ ငွေကြေးထောက်ပံ့နေတာ မဟုတ်ပေ။ ကိုယ့်ကိုယ်ကို အဆိပ်ဖြေနေတာသာ ဖြစ်ပါသည်။
လေဆန်ပို့ဆောင်ရေးကြောင့်သာ မဟုတ်ပါက ဖေးချမ့် အဆိပ်မိပြီး သေနေလောက်ပါပြီ။
နည်းနည်းလောက်စဉ်းစားကြည့်ပြီးနောက် ကျန်းယွမ်ပြောလိုက်သည်။ "ဘော့စ်ဖေး ROF ကကျင်းကျိုးမြို့မှာ အခြေခိုင်နေပြီလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ အွန်လိုင်းစတိုးကလည်း နာမည်ကျော်လာပြီ"
"လောလောဆယ် ယွီအင်တာနက်ကဖေးတွေကလည်း အတော်ရေပန်းစားနေပြီ။ တကယ်တော့ ကျင်းကျိုးမြို့မှာ အခု လက်ရှိ ရေပန်းအစားဆုံး အဆင့်မြင့်အင်တာနက်ကဖေးဘရန်းတစ်ခု ဖြစ်နေပြီ"
"ကျွန်တော်တို့ ယွီအင်တာနက်ကဖေးကို တခြားမြို့နယ်တွေဆီ တိုးချဲ့လို့ရမယ်ထင်တယ်ဗျ၊"
ဖေးချမ့် သက်ပြင်းချလိုက်သည်။ ဒီပြဿနာက အလိုလို ပြေလည်သွားမှာ မဟုတ်ပါ။
အရင်တုန်းက ဘော့စ်လီလည်း ဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးသည်။ အကျိုးအမြတ်ပိုရဖို့ တခြားမြို့တွေမှာ ဆိုင်ခွဲတွေ ဆက်ဖွင့်ဖို့ ဘာကြောင့် မစဉ်းစားတာလဲဟု ဖေးချမ့်ကို မေးခဲ့သည်။
အကြောင်းအရင်းကတော့ ရှင်းလင်းပါသည်။ တခြားမြို့တွေမှာ ဆိုင်ခွဲတွေဖြစ်ပြီး အကျိုးအမြတ် ပိုမရချင်တာကြောင့် ဖြစ်သည်။
သို့သော်လည်း အခုတော့ သေသေချာချာ ပြန်စဉ်းစားရတော့မည်။ အဘယ့်ကြောင့်ဆိုသော် ထပ်ပြီး အချိန်ဆွဲထားလို့ မရတော့တာကြောင့် ဖြစ်ပါသည်။
ယွီအင်တာနက်ကဖေးနဲ့ ROF တို့က ယခု အမြတ်အစွန်းတွေ ဝင်နေလေပြီ။ ပမာဏကလည်း မနည်းလှပါ။။ ဖေးချမ့် တိုးချဲ့ဖို့ကိစ္စကို ရှောင်လွှဲလို့ရပါတော့မလား။
အဓိပ္ပာယ်ရှိမှာ မဟုတ်ပေ။
ထို့ကြောင့် ဆိုင်ခွဲတွေကို အနှေးနဲ့အမြန် ထပ်ဖွင့်ရလိမ့်မည်။ မေးခွန်းကတော့ ဘယ်နေရာမှာ ဘယ်လိုဖွင့်ရမလဲ ဆိုတာပင်။
ဖေးချမ့် ခဏလောက် တွေးကြည့်ပြီး မေးလိုက်သည်။ "ယွီအင်တာနက်ကဖေးဆိုင်ခွဲတွေ ငါတို့ ဘယ်မှာ ထပ်ဖွင့်သင့်တယ်လို့ မင်းထင်လဲ"
ကျန်းယွမ် ချက်ချင်းပဲ တုန့်ပြန်ခဲ့ပါသည်။ "ကျွန်တော်တို့ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးတို့လို မြို့ကြီးပြကြီးတွေမှာ ဆိုင်ခွဲတွေ ထပ်ဖွင့်သင့်တယ်လို့ ထင်ပါတယ်၊"
"အဲ့ဒီမြို့ကြီးတွေမှာ လူငယ်တွေ အများကြီး ရှိတယ် ။ လူဦးရေလည်း ပိုထူထပ်တယ်။ ပြီးတော့ အဲ့မြို့တွေက လူတွေက လစာပိုများကြတယ်။ အဆင့်မြင့် အင်တာနက်ကဖေးတွေက သူတို့အတွက် ပိုပြီး ဆွဲဆောင်မှု ရှိလိမ့်မယ်"
"အဲ့ဒီမြို့ကြီးတွေမှာ ကျွန်တော်တို့ စျေးကွက်ရှယ်ယာ တိုက်ခိုက်ရတာ ပိုလွယ်မယ်ထင်တယ်။ ကျွန်တော်တို့ ယွီသရေစာလုပ်ငန်းလိုမျိုး သက်ဆိုင်ရာ လုပ်ငန်းတွေကိုပါ ဆက်ဖွင့်သွားလို့ ရတယ်"
ဖေးချမ့် တိတ်ဆိတ်သွားသည်။
ဖေးချမ့် တိတ်ဆိတ်သွားသည်။
မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ အဲ့တာကြောင့် ကျိန်းသေပေါက် ငါလက်ခံလို့မရဘူး...
ဖေးချမ့် ခဏလောက် စဉ်းစားပြီး ပြန်ပြောလိုက်သည်။ "ငါကတော့ ဆန့်ကျင်ဘက်ကိုပဲ တွေးတယ်။ ငါ့ရဲ့ နောက်ထပ် ပစ်မှတ်က လင်းချန်းပဲ"
ကျန်းယွမ်မှင်သက်သွားခဲ့သည်။ "လင်းချန်း ဟုတ်လား"
လင်းချန်းမြို့က ဟန်တုံးဒေသမှာ အဆင်းရဲဆုံးမြို့ ဖြစ်၏။ နာမည်ကျော် ဆင်းရဲနွမ်းပါးဆုံး ကောင်တီမြို့ဖြစ်သည့် တောင်ခွန်းကောင်တီမှာလည်း လင်းချန်းမြို့တွင် တည်ရှိပါသည်။
ဒီလိုဆင်းရဲတဲ့နေရာမျိုးမှာ ယွီအင်တာနက်ကဖေး ဘယ်လိုလုပ်ဖွင့်လို့ရမှာလဲ။ ကတ်စတမ်မာ ဘယ်လောက် ရနိုင်မှာလဲ။
ဖေးချမ့်က ဆက်ပြောလိုက်သည်။ "ပြီးတော့ ယွီအင်တာနက်ကဖေးဆိုင်ခွဲတွေပဲ ထပ်ဖွင့်မှာ မဟုတ်ဘူး"
"ယွီအင်တာနက်ကဖေးနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းအားလုံးကိုလည်း အဲ့မှာ တိုးချဲ့မယ်။"
ကျန်းယွမ်၏ ကြောင်တောင်တောင်မျက်နှာကိုကြည့်ရင်း ဖေးချမ့် ပြုံးလိုက်မိသည်။
ဖေးချမ့်က ယွီအင်တာနက်ကဖေးကို တိုးချဲ့ဖို့ စိတ်အားထက်သန်မှု သိပ်မရှိပါ။ ထို့အစား လေဆန်ပို့ဆောင်ရေးစခန်းတွေ ထပ်ဖွင့်ဖို့သာ ပိုစိတ်ဝင်စားပါသည်။
ဒီလိုစခန်းတွေကို အများကြီး ဆက်လက် ဖွင့်လှစ်ချင်ပါက ဖေးချမ့် တခြားမြို့များအား စဉ်းစားရမည်။
သို့သော်လည်း လေဆန်ပို့ဆောင်ရေးစခန်းများကိုသာ တည်ထောင်ပြီး ယွီအင်တာနက်ကဖေးများကို မဖွင့်ပါက ထူးဆန်းနေပါလိမ့်မည်။ တခြားသူတွေ သံသယဝင်လာနိုင်၏။
တခြားမြို့တွေမှာ တိုးချဲ့ချင်ပါက လုပ်ငန်းတွေကို အတူတကွ တိုးချဲ့မှ ရမည်။ ဒါမှ သူများတွေ သံသယ မဝင်မှာ ဖြစ်သည်။
ထို့အပြင် လေဆန်ပို့ဆောင်ရေးစခန်းတွေနဲ့ယှဉ်လျှင် ယွီအင်တာနက်ကဖေးဆိုင်ခွဲများကို ဖွင့်ရတာ ကြီးကြီးမားမား အကျိုးကျေးဇူး တစ်ခု ရှိ၏။ စဦးရင်းနှီးမြှုပ်နှံရတာ ပိုများတာကြောင့် ဖြစ်ပါသည်။ ဆိုင်ငှားခတွေ ပေးဖို့၊ ပြန်လည် ပြင်ဆင်မှုတွေ လုပ်ဖို့၊ ကွန်ပျူတာတွေ ဝယ်ယူဖို့ စသည်တို့ ဖြစ်သည်။
နောက်ပိုင်း အင်တာနက်ကဖေးတွေ အကျိုးအမြတ်စတင်ရလာရင်တောင် မူလ ရင်းနှီးမြှုပ်နှံငွေကို ပြန်ကာမိဖို့ အချိန်အတော်ကြာလိမ့်မည်။
အနည်းဆုံးတော့ လာမည့် ငွေစာရင်းရှင်းချိန် မတိုင်ခင် စဦးရင်းနှီးမြှုပ်နှံငွေတွေကို ပြန်ရမှာ မဟုတ်ပါ။
အင်တာနက်ကဖေးတွေ ဆက်အရှုံးပေါ်ဖို့အတွက် ကျင်းကျိုးမြို့မှာ ပြုလုပ်ခဲ့သည့် အမှားများကို ထပ်မလုပ်မိအောင် ရှောင်ရှားပြီး သင့်တော်သည့် နေရာတစ်ခုကို ဖေးချမ့် သေသေချာချာ စဉ်းစားရွေးချယ်လိုက်ရင်ကော။
ဒါက အကောင်းဆုံး ဖြစ်ပါသည်။
ထို့ကြောင့် အများကြီး စဉ်းစားပြီးနောက် ဟန်တုံးဒေသတွင် အဆင်းရဲဆုံးမြို့ဖြစ်သည့် လင်းချန်းမြို့တွင် တိုးချဲ့ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါတော့သည်။
ဆင်းရဲသဖြင့် မြို့သူမြို့သားတွေလည်း သုံးစရာ ပိုက်ဆံ များများစားစား မရှိမည့်သဘော ဖြစ်သည်။ ထို့ကြောင့် ယွီအင်တာနက်ကဖေးလို စျေးကြီးသည့် အင်တာနက်ကဖေးများကို လာနိုင်ကြမှာ မဟုတ်ပါ။
ယွီသရေစာလုပ်ငန်းမှ ရောင်းချပေးသည့် မလိုအပ်ဘဲ တန်ဖိုးကြီးမားနေသည့် အစားအစာများကိုလည်း စားနိုင်ကြမှာ မဟုတ်ပါ။ တစ်ချိန်တည်းမှာပင် ခုချိန်ထိ ပုံမှန်အရှုံးပေါ်နေခဲ့သည့် လေဆန်ပို့ဆောင်ရေးလုပ်ငန်းကလည်း အရှုံးဆက်ပေါ်နေမှာပဲ ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဆင်းရဲသည့်မြို့တစ်မြို့မှာ တိုးချဲ့လိုက်တာ အကောင်းဆုံး ဖြစ်ပါသည်။
ဘာကြောင့်လဲဆိုတာကိုတော့ ကျန်းယွမ်ကို ဖေးချမ့်ရှင်းပြဖို့ အစီအစဉ် မရှိပါ။ ဘာပဲဖြစ်ဖြစ် သူတို့ဖာသာသူတို့ အကြောင်းအရင်းကို အကဲခတ်နိုင်သည်။ ဖေးချမ့် ဆက်ပြောလိုက်၏။ "ငါ့အစီအစဉ်က ငါတို့ရဲ့ ဆိုင်ခန်းတွေနဲ့ တွဲဖက်လုပ်ငန်းတွေ အကုန်လုံးကို အဲ့ဒီမြို့ဆီ ရွှေ့ပြောင်းဖို့ပဲ"
"ငါတို့ ယွီအင်တာနက်ကဖေး ၂.၀ ဆိုင်ခွဲတစ်ခုကို စီးပွားရေးအချက်အချာနယ်မြေတစ်ခုမှာ ဖွင့်လိုက်မယ်။ ယွီအင်တာနက်ကဖေး ၁.၀ ဆိုင်ခွဲတွေကိုတော့ အဆင့်နိမ့်တဲ့ စီးပွားရေးနယ်မြေတွေမှာ ဖွင့်မယ်။ ယွီသရေစာလုပ်ငန်းဆိုင်ခွဲတစ်ခု၊ လေဆန်ပို့ဆောင်ရေးရုံး ၂၀နဲ့ ROF ကွန်ပျူတာတပ်ဆင်ရေးလုပ်ငန်းအတွက် ဧရာမ ဂိုထောင်ကြီးတစ်ခု၊ ယွီအင်တာနက်ကဖေးဆိုင်ခွဲတွေနားမှာ ပို့ဆောင်မှတ် ၄ နေရာ သတ်မှတ်ရမယ်"
"အဲ့တာတွေ အကုန်လုံးကို တစ်ပြိုင်တည်း ပြင်ဆင်ပြီး တစ်ပြိုင်တည်း ဖွင့်ကြမယ်။"
ကျန်းယွမ် တုန်လှုပ်သွားပါသည်။ "ဘော့စ်ဖေး အဲ့တာ ရင်းနှီးမြှုပ်နှံရမှာ မနည်းလောက်ဘူးနော်"
"လင်းချန်းရဲ့ ဆိုင်ခန်းငှားခတွေက ကျင်းကျိုးထက်တော့ နည်းမှာပါ။ ဒါပေမယ့်။ အဲ့ဆိုင်ခွဲတွေအကုန်လုံးကို တစ်ပြိုင်တည်း ဖွင့်လှစ်ဖို့ဆိုရင် ၁၀ သန်းလောက် လိုလိမ့်မယ်...
ဖေးချမ့် ရင်ထဲမှာ သက်ပြင်းချလိုက်ပါသည်။
ငါလည်း ဒီလိုမလုပ်ချင်ပါဘူး။
ROF အတွက် မင်းက အမြတ်အစွန်းတွေ အများကြီး ရှာပေးခဲ့တာကိုး၊ ငွေစာရင်းရှင်းချိန် နီးကပ်လာရင် ပြဿနာတွေ မပိအောင် အဲ့ဒီငွေတွေ အကုန်ဖြုန်းထားဖို့ လိုတယ် ဟုတ်တယ်မလား။
ဖေးချမ့် တည်တံ့စွာဖြင့် ပြောလိုက်၏။ "အဲ့ပမာဏက ပမွှားလေးပါကွာ။ မင်းမှာ အလုံအလောက် မရှိရင် ငါ့ဆီက ထပ်တောင်းလို့ ရတယ်"
"ပြီးတော့ ငါတို့ လောလောဆယ် လေဆန်ပို့ဆောင်ရေးစခန်း ၂၀ ပဲ ဖွင့်ထားပေမယ့် အနာဂတ်မှာ ထပ်ဖွင့်ကြမယ်။ လင်းချန်းတစ်မြို့လုံးကို တတ်နိုင်သမျှ အမြန်ဆုံး လေဆန်ပို့ဆောင်ရေးစခန်းတွေနဲ့ လွှမ်းမိုးပစ်ချင်တာ။ ကျင်းကျိုးမြို့မှာ လုပ်ခဲ့သလိုပေါ့"
"မင်း ပန်းတိုင်တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်။ မင်း ရထားတဲ့ ငွေတွေကို သုံးဖို့ နည်းလမ်းတွေ ရှာဖို့ပဲ။ မင်းအရှုံးပေါ်သွားရင် ငါ့ကို ချက်ချင်း ဆက်သွယ်လိုက်။ မင်းကို ရန်ပုံငွေ ထပ်ပေးမယ်"
ပထမတော့ ဘော့စ်ဖေးက ဒီတိုင်း စကားလုံးလှလှများပြောနေသည်ဟု ကျန်းယွမ် ထင်ခဲ့မိသည်။ သို့သော် သေချာ အကဲခတ်ကြည့်မှ ဘော့စ်ဖေး၏ အကြည့်တွေက စစ်မှန်မှန်း ကျန်းယွမ် သတိထားမိလိုက်ပါသည်။
"ဘော့စ်ဖေး... ကျွန်... ကျွန်တော် တကယ့်ကို... ကြည်နူးသွားမိပြီ။"
ထိုအချိန်တွင် ကျန်းယွမ် ကျေးဇူးတင်ကြောင်းကို စကားဖြင့်တောင် ဖော်မပြတတ်တော့ပေ။
ဖေးချမ့် ခပ်မြန်မြန်ပဲ လက်ပြကာ သူ့ကို တားလိုက်၏။
"ဟုတ်ပြီ ဘာမှဆက်မပြောနဲ့တော့။ ငါ့မှာ အလုပ်လုပ်စရာရှိသေးလို့ သွားနှင့်တော့မယ်"
ဝင်ပေါက်က လူတန်းရှည်ကြီးကို ဖေးချမ့် တစ်ချက်ကြည့်လိုက်ပြီး ပို၍ပင် စိတ်ပေါက်သွားသည်။ ကျန်းယွမ်က အမြန်ပြောလိုက်၏။ "ဟုတ်ကဲ့ပါဘော့စ်ဖေး၊ ဂရုစိုက်ပါ။ နှစ်သစ်မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
ဖေးချမ့် ဆွံ့အသွားသည်။
ဒီနှစ်သစ်က ငါ့အတွက် လုံးဝ ပျော်စရာမကောင်းဘူးကွ။
ဇန်နဝါရီလ ၄ ရက်နေ့၊ အင်္ဂါနေ့၊ မနက် ၁၁ နာရီတွင်...
ဖေးချမ့် အရင်တိုင်း အေးအေးဆေးဆေးပဲ ရုံးထဲဝင်လာခဲ့သည်။ တခြားသူတွေကတော့ အလုပ်စလုပ်နေတာ ကြာပါပြီ။
အားလုံး အတော်လေး အလုပ်ရှုပ်နေကြသည့်ပုံစံပင်။ သို့သော်လည်း အားလပ်ရက်ရှည်ကြီးပြီးနောက် ပထမဆုံး အလုပ်ပြန်ဆင်းရတာကြောင့် ဖြစ်နိုင်ပါသည်။
လီယာ့တာနဲ့ တခြားသူတွေလည်း ခရီးမှ ပြန်ရောက်လာကြပါပြီ။
ဖေးချမ့်က လီယာ့တာနဲ့ ပေါင်ရှုတို့ကို အနီးကပ်အကဲခတ်ကြည့်လိုက်၏။ ဘာကြောင့်မှန်းမသိဘဲ အားလပ်ရက်ခရီးက ပြန်လာပြီးနောက် သူတို့ပုံစံက ပျော်ရွှင်ကြည်နူးနေသည့်ပုံမပေါ်ပေ။ ထို့အစား... အတော်ဆိုးရွားသည့် အခြေအနေ တစ်ခုနဲ့ ရင်ဆိုင်လာကြရသည့်ပုံစံပေါက်နေပါသည်။ ဖေးချမ့် ဇဝေဇဝါဖြစ်သွားရ၏။ US က အဲ့လောက် ပျင်းဖို့ ကောင်းတာလား"
သို့သော်လည်း ဘာမှတော့ မမေးခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်က ခရီးသွားရတာ မကြိုက်သည့် အိမ်ကပ်လူငယ်လေးတစ်ယောက် ဖြစ်တာကြောင့်ပင်။ US ကို သွားဖို့လည်း အစီအစဉ် မရှိသဖြင့် ပျင်းဖို့ ကောင်းကောင်း မကောင်းကောင်း စိတ်မဝင်စားပေ။
ရုံးခန်းကို ရောက်တာနဲ့ ဖေးချမ့် မဖတ်ရသေးသည့် Noti များကို ဖတ်လိုက်သည်။
ကျန်းယွမ်ဆီက မက်ဆေ့တစ်စောင်လည်း ပါ၏။ သူနဲ့ လုမင်လျန်တို့ ဒီနေ့ လင်းချန်းမြို့ကို သွားရောက်ပြီး စစ်ဆေးဖို့၊ ဆိုင်ဖွင့်နိုင်မည့် နေရာများကို ရွေးချယ်ဖို့၊ ပြန်လည်ပြင်ဆင်မှုတွေ ကြီးကြပ်ဖို့၊ ဝန်ထမ်းသစ်တွေ ခေါ်ယူဖို့ လုပ်ဆောင်မည်ဟု ဆိုသည်။ သူတို့ ဖေဖော်ဝါရီလလယ်လောက်မှ ပြန်ရောက်လာနိုင်ကြပါလိမ့်မည်။
ဒီအချိန်က ဖေးချမ့်အတွက် သိပ်ပြီးတော့ မဆိုးလှပေ။ နည်းနည်းလောက် နှောင့်နှေးသွားရင် ပိုတောင် ကောင်းပါဦးမည်။
အင်တာနက်ကဖေးများ၊ လေဆန်ပို့ဆောင်ရေးစခန်းများကို ငွေစာရင်းရှင်းချိန်မတိုင်ခင် တစ်ပတ်အလိုမှ ဖွင့်လှစ်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ ထိုအခါ ဖေးချမ့် ငွေတွေအများကြီး ဖြုန်းနိုင်ရုံတင်မကဘဲ ဒီအသုတ်အတွက် ဝင်ငွေရမှာကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မည်။
နောက်တစ်သုတ်အတွက်ကတော့ ထိုအချိန်ရောက်မှ စဉ်းစားပါမည်။ အားလုံး မအောင်မြင်လျှင် နောက်ထပ် ဆင်းရဲသည့် မြို့တစ်ခုမှာ ထပ်တိုးချဲ့နိုင်သည်။ ဒီသံသရာကြီးက အဆုံးမရှိနိုင်အောင် ဖြစ်သွားပါလိမ့်မည်။