သူက ပြိုင်ဘက်ကင်းနေပြီ..
Vol. 31 Ch. 451
“ဟီးဟီး.. ငါက တောကောင်တစ်ကောင်မလို့ မင်းက ငါ့ကို သတ်ချင်တာ ဟုတ်လို့လား”
ဆူဇီမိုမို၏ သွေးချီများက စုဖွဲ့၍ ပေါက်ကွဲထွက်သွားပြီး လေထဲသို့ သွေးနီရောင်သားရဲချီများက ရုန်းထွက်လာလေသည်။ သူက အောင်းယွီရှောင်ကို အေးစက်စွာ စိုက်ကြည့်ကာ လှောင်ရယ်ပြီးနောက် အေးစက်ခက်ထန်စွာ ဟောက်လိုက်လေသည်။
“ငါက မင်းကို အရင်သတ်မှာ”
ဗီဇကွဲမျိုးနွယ်ဟုတ်လား.. သမိုင်းပေးတာဝန်တွေ ဘာတွေ.. အဲ့ဒါတွေ အကုန်လုံးက အကြောင်းပြချက်များသာ။
ဆူဇီမိုက သူ၏ သားရဲသွင်ပြင်ကို မပြောင်းဘူးဆိုလျှင်တောင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများက အုပ်စုဖွဲ့ပူးပေါင်း၍ သူ့ကို သတ်ဖို့ ကြိုးစားမည်သာ။
လူသားဧကရာဇ်၏ အမွေအနှစ်နှင့် ပတ်သတ်လာလျှင် ဘယ်သူက လောဘမတက်ဘဲ နေပါမည်နည်း။
ကျင့်ကြံရေးလောကတွင် မျှတမှုတွေ၊ တရားနည်းလမ်းကျမှုတွေ ဆိုတာက မရှိပေ။ လူများသည် ရတနာများကို လုယူဖို့အတွက် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြခြင်းက ဖြစ်နေကျပင်။ ကန်းလန်ရိုးမှာလိုပင် အသန်မာဆုံးသူများသာ ရှင်သန်နိုင်သည့် လောကကြီး ဖြစ်လေသည်။
ကျင့်ကြံသူတိုင်း၏ လက်များက မရေမတွက်နိုင်သော သွေးများဖြင့် ပေစွန်းနေခဲ့ပြီး ဖြစ်လေသည်။
လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က မြင့်မားလာလေလေ.. သူတို့ နင်းဖြတ်ခဲ့ရသော အလောင်းများကလည်း ပုံထပ်လာလေ ဖြစ်၏။
ဝုန်း..
ဆူဇီမိုသည် မြေကြီးကို ခြေဆောင့်နင်းလိုက်သောကြောင့် ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။ မျက်တစ်မှိတ်မှာပင် သူက နေရာကနေ ပျောက်သွားပြီး အောင်းယွီရှောင်ရှိရာသို့ လှစ်ကနဲ ဖြတ်သန်းသွားလေသည်။
အရမ်းမြန်လွန်း၏။
လေထဲတွင် နောက်ချန်ပုံရိပ်များက အတန်းလိုက်ကျန်ရစ်ခဲ့လေသည်။
အောင်းယွီရှောင်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။ သူက မတုံ့ပြန်နိုင်ခင်မှာပင် နတ်ဆိုးအော်ရာက လွှမ်းခြုံလာပြီး မွန်းကျပ်ဖွယ်ရာ ဖြစ်လာလေသည်။
သွေးနီရောင်သားရဲချီများ ရစ်သိုင်းနေသည့် စွမ်းအားကြီးမားသည့်လူတစ်ယောက်က သူ့ရှေ့သို့ ရောက်လာလေသည်။
သူ့မျက်လုံးမျာက တဖျတ်ဖျတ် လက်နေပြီး သတ်ဖြတ်လိုစိတ်အပြည့် ပါဝင်သော သားရဲဆန်ဆန်အလင်းဖြင့် တောက်နေလေသည်။
ခြစ်ခြစ်တောက်ပူသော နေရောင်ခြည်နှင့် ထိတွေ့၍ နှင်းခဲများ အရည်ပျော်ကျသွားသလို.. အောင်းယွီရှောင်ကို ရစ်သိုင်းနေသော ခရမ်းရောင်ချီများကို သားရဲချီများက တိုက်စားပစ်လိုက်လေသည်။
“စုဖွဲ့စမ်း”
ရှောင်ဖို့ရာ နောက်ကျလွန်းနေပြီ ဆိုတာကို နားလည်လိုက်ပြီး အောင်းယွီရှောင်က ဟိန်းဟောက်၍ ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်ရင်း လက်ဟန်ချိတ်စည်းတစ်ခုကိုလဲ ထုတ်ဖော်လိုက်သောကြောင့် လေထဲရှိ စိတ်ဝိညာဉ်ချီများက ဆူပွက်လာလေသည်။
စိတ်ဝိညာဉ်ချီများနှင့် သူ၏ ခရမ်းရောင်ချီများက ရောယှက်သွားပြီး ခရမ်းရောင်ချီများ ရုန်းကြွနေသော ဓါးရှည်ကြီးတစ်လက်က အောင်းယွီရှောင်ရှေ့မှာ ပေါ်လာလေသည်။ ၎င်း၏ ထက်ရှသော ဓါးသွားစောင်းက ပေါ်လာပြီး ဆူဇီမိုထံသို့ ဖြတ်သန်းသွားလေသည်။
“ပျက်စမ်း”
ဆူဇီမိုက အော်ဟစ်၍ သူ့လက်ကို လွှဲရမ်းလိုက်၏။ သူ့လက်သီးက သွေးကြောစိမ်းကြီးများနှင့် ပြည့်နေပြီး သူ့အသားက သွေးများနှင့် ဖောင်းကြွနေကာ လျှင်မြန်စွာ ပြန့်ကား၍ ဧရာမချိတ်စည်းကြီးကဲ့သို့ ဆင်းသက်လာလေသည်။
ဝုန်း..
ဧရာမချိတ်စည်းကြီးက ခရမ်းရောင်ဓါးကြီးနှင့် ထိတွေ့သွားပြီး လွန်စွာ ကျယ်လောင်သည့် မြည်သံကြီးက ဟိန်းထွက်လာလေသည်။
ဆူဇီမို၏ လက်သီးတစ်ချက်ဖြင့် ခရမ်းရောင်ဓါးကြီးက ကြေမွသွားလေသည်။
အောင်းယွီရှောင်သည် တသိမ့်သိမ့် တုန်ယင်သွားပြီး သွေးတစ်လုတ် ထွေးထုတ်ကာ ဒယီးဒယိုင်နှင့် နောက်ဆုတ်သွားရလေသည်။
သူသည် အသက်တောင် မရှူနိုင်သေးခင်မှာပင် သူ့အမြင်အာရုံက အုံ့မှိုင်းသွားပြီး အဆုံးမဲ့အမျက်ဒေါမာန်နှင့် လက်သီးချိတ်စည်းကြီးက သူ့အပေါ်သို့ နောက်တစ်ကြိမ် ဖိချေကျလာလေသည်။
ဒုတိယထိုးချက်က ရောက်ရှိလာလေပြီ။
ဝုန်း..
ဆူဇီမို၏ သားရဲသွင်ပြင်နှင့် ရင်ဆိုင်တွေ့ချိန်တွင် ကာကွယ်ရေးအဆောင်က စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်း စုတ်ပြဲသွား၏။
ဖောင်း..
ထို့နောက် ချက်ချင်းပင်.. ထိုးချက်က အောင်းယွီရှောင်၏ ဦးခေါင်းပေါ်သို့ ဆက်လက်ကျဆင်းသွားပြီး အဲ့ဒါကို ကြေမွပျက်စီးသွားစေလေသည်။
မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၏ ပြိုင်စံရှားက သေလေပြီ။
အဝေးကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို အသာထား.. လူသားဧကရာဇ်နန်းတော်၏ ဘေးပတ်လည်နားကနေ စောင့်ကြည့်နေကြသော ချိတ်ပိတ်ထားသူများပင်လျှင် ကြောင်အကုန်ကြလေသည်။
အဲ့ဒါက မရီးဒါန်ရှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်..
သူက နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူနှင် ရင်ဆိုင်အတွေ့တွင် သုံးကွက်တောင် မခံလိုက်ဘဲ ထိုးချက်နှစ်ချက်နှင့်ပင် အသက်ပျောက်သွားရလေသည်။
ထို့အပြင် သည့်အရင်က ထိုလူသည် ချိတ်ပိတ်ထားသူတစ်ယောက်၏ အားအပြည့်ရိုက်ချက်ကို ခံယူကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေး၏။ ဒါတောင် သူက အခုလိုမျိုး ကြောက်စရာကောင်းသည့် ခွန်အားကို ထပ်ပြီး ထုတ်နိုင်သေးတာလဲ။
ဝုန်း..
ဆူဇီမို၏ ဦးခေါင်းပေါ်သို့ မိုးကြိုးလျှပ်စီးတစ်လုံးက ထိုးဆင်းချလာလေသည်။
မိုးကြိုးလေပြေနန်းတော်မှ အရိုက်အရာဆက်ခံသူ၏ မျက်လုံးက လင်းလက်သွားပြီး ရယ်မောဟိန်းဟောက်လိုက်၏။
“ဟဟ.. မင်းအခုတော့ ဘာတတ်နိုင်သေးလဲ.. မိုးကြိုးလေပြေနန်းတော်ရဲ့ လျှို့ဝှက်အတတ်နဲ့ မိသွားပြီမလား”
ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် မိုးကြိုးစွမ်းအားက သားရဲများ၊ နတ်ဆိုးများ၊ မကောင်းဆိုးဝါးများအတွက် ထိရောက်မှုအရှိဆုံး တန်ပြန်ထိုးနှက်ချက် ဖြစ်လေသည်။
မိုးကြိုးလေပြေနန်းတော်၏ လျှို့ဝှက်အတတ်တိုက်ကွက်က ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ အဲ့ဒါကို သူ၏ မျိုးဆက်သွေးက ဝါးမျိုလိုက်ပြီး သူ၏ သွေးချီက ပိုမိုရုန်းကြွအားကောင်းလာလေသည်။
ရွှစ်..
မိုးကြိုးလေပြေနန်းတော်မှ အရိုက်အရာဆက်ခံသူက ရယ်မောနေတုန်းမှာပင်.. ဆူဇီမို၏ ပုံရိပ်က ဖျတ်ကနဲ လှုပ်ရှားသွားပြီး ထိုသူ၏ ရှေ့သို့ ချက်ချင်းရောက်ချလာလေသည်။
ထိုသူမှာ လိပ်ပြာလွင့်စင်သွားမတတ် လန့်ဖျပ်သွားပြီး သူ့မျက်နှာက ကြောက်လန့်တကြား ဖြူဆုတ်သွားလေသည်။
မိုးကြိုးလေပြေနန်းတော်၏ လျှို့ဝှက်အတတ်နှင့် ထိမှန်ခြင်း ခံရလျှင် ထိုသူက အပြင်းအထန် ဒဏ်ရာမရရှိဘူးဆိုလျှင်တောင် မိုးကြိုးအာနိသင်ကြောင့် ထုံထိုင်းသွားရပေမည်။
ပကတိ သက်ရောက်မှု လုံးဝမရှိသော ဆူဇီမိုကဲ့သို့ သူမျိုးကို သူလုံးဝ မမြင်ဖူးခဲ့ပေ။
“တာအိုရောင်းရင်းတို့.. ကျုပ်ကို ကယ်ကြပါဦး”
ထိုလူက စူးစူးဝါးဝါး အော်ဟစ်၍ သိုလှောင်အိတ်ထဲကနေ ကြေးမုံတစ်ချက်ကို လျှင်မြန်စွာ ဆွဲထုတ်လိုက်၏။ စိတ်ဝိညာဉ်ချီများကို ထိုးသွင်းလိုက်သောအခါ အဲ့ဒါက လျှင်မြန်စွာ ပြန့်ကားသွားပြီး ဖျိုးဖျိုးဖျောက်ဖျောက်မြည်ကာ မိုးကြိုးလျှပ်စီးများနှင့်အတူ သူ့ရှေ့ကနေ ပိတ်ကာသွားလေသည်။
ဘုန်း..
ဆူဇီမို၏ ထိုးနှက်ချက်က ကြေးမုံပေါ်သို့ ကျဆင်းသွား၏။
ချပ်.. ချပ်.. ချပ်..
မိုးကြိုးလျှပ်စီးများက ချက်ချင်းပင် ပျက်ပြယ်သွားပြီး ကြေးမုံပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာလေသည်။
ထိုလူ၏ လက်က လုံးဝ ကျိုးပဲပြတ်ထွက်သွားပြီး ကြီးမားသော ခွန်အားအဟုန်ဖြင့် လွင့်စင်ထွက်သွားပြီး လူသားနန်းတော်၏ ဘေးပတ်လည်နားသို့ ဝုန်းကနဲ ပစ်ကျသွားလေသည်။ သူ့ပါးစပ်ထဲမှ သွေးများက တပွက်ပွက် ထွက်ကျလာပြီး သတိလစ်မေ့မျောသွားလေတော့သည်။
ဆူဇီမိုက ထိုလူကို တစ်ခါတည်း လက်စသတ်ပေးဖို့ ရှေ့တက်လိုက်စဉ်မှာပင် နောက်ထပ်ပြိုင်စံရှားများက ရောက်ချလာလေသည်။
နှင်းပုံတောင်ကြား၏ လျှို့ဝှက်ပညာရပ်၊ ကစင်ကလျားအမြုတေဂိုဏ်း၏ ဓါးပျံ၊ ကိုယ်တော်ကြွယ်ချမ်း၏ စိန်တောင်ဝှေး၊ ဟန်ချိုးယွီ၏ ရင်သပ်ရှုမောဓါး...
စိတ်ဝိညာဉ်တိုက်ကွက်များက ကောင်းကင်မှာ ပြည့်နှက်၊ ဓါးချီများက နေရာတိုင်းမှာ ကူးလူးယှက်ဖြာ၊ တဖျတ်ဖျတ်တလက်လက် ရောင်စုံအဆောင်များက ပျံသန်း၍ အကုန်လုံးက ဆူဇီမိုအပေါ်သို့ မိုးရေစက်များကဲ့သို့ တဖွဲ့ဖွဲ့ ကျရောက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
ထိုအခြေအနေမှာတောင် ဆူဇီမိုက ဣန္ဒြေရနေဆဲဖြစ်ပြီး သူ့မျက်လုံးများက နက်ရှိုင်းသောအလင်းဖြင့် တောက်ပနေ၏။
သူ၏ အံ့မခန်း အာရုံခံသတိစိတ်ကို အသုံးချ၍ ဆူဇီမိုသည် ပေါ့ပါးဖျတ်လတ်သော ရွေ့လျားမှု နည်းစနစ်များနှင့် စုပြုံကျရောက်လာသော တိုက်ခိုက်မှုများကို ထိန်းချုပ်ကိုင်တွယ်လိုက်လေသည်။
တိုက်ခိုက်မှုများကို ရှောင်ရှားဖို့ရာ.. ဆူဇီမို၏ ခန္ဓာကိုယ်သည် မူမမှန်သော ထောင့်ချိုးများနှင့် တွန့်လိမ်သွားလေသည်။ အဲ့ဒါက ပြိုင်စံရှားများ သိထားခဲ့ဖူးသည်များထက် များစွာကျော်လွန်နေလေသည်။
ဖျတ်ကနဲဆို ဆူဇီမိုက ရှင်းသန့်လေပြေဘုရားကျောင်း၏ အရိုက်အရာဆက်ခံသူရှေ့သို့ ခုန်တက်သွားပြီး ထိုသူ၏ ရင်ညွန့်ကို ထိုးချလိုက်လေသည်။
ရှင်းသန်လေပြေဘုရားကျောင်း၏ အရိုက်အရာဆက်ခံသူက သေလေပြီ။
ဆူဇီမိုကို အနားကပ်ခံမိလိုက်သည်နှင့် ထိုပြိုင်စံရှားများသည် ဆူဇီမိုထံမှ ထိုးနှက်ချက်တစ်ချက်ကိုတောင် ခံနိုင်ရည် မရှိကြပေ။
သားရဲသွင်ပြင်ကို ပြောင်းလဲပြီးနောက် ဆူဇီမိုထံမှ ပေါက်ကွဲရုန်းကန် ထွက်ပေါ်လာသော အမြန်နှုန်းက ကြောက်ခမန်းလိလိ ဖြစ်နေပြီး သူ၏ ခွန်အားက အခြေတည်အဆင့်မှာဆို မည်မျှထိ သန်မာသူကို ဖြစ်စေ အပြတ်ရှင်းပစ်နိုင်စွမ်း ရှိလေသည်။
“လျှို့ဝှက်အတတ်.. ပုံရိပ်ယောင်မိစ္ဆာ”
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ မိစ္ဆာအမွေခံသူက ခပ်အုပ်အုပ်အော်ဟစ်၍ သူ့လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းများကို ဆူဇီမို၏ မျက်လုံးဆီသို့ ရွေ့လျားလိုက်လေသည်။ အဲ့ဒါကို အရမ်းကို ဆန်းကြယ်နက်နဲ့၍ စီးချက်ညီလိုက်ဖက်ညီစွာ ပုံရိပ်ယောင်ဟု ထင်ရသော ရုပ်ပုံများက ထွက်ပေါ်လာလေသည်။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ ဤလျှို့ဝှက်ပညာရပ်က ကျင့်ကြံသူတစ်ယောက်၏ စိတ်တွင်းမှာရှိသော မကောင်းသည့် အတွေးအကြံများကို နှိုးဆွပေးပြီး မိစ္ဆာစိတ်အခြေအနေသို့ ကျရောက်သွားစေလေသည်။ နောက်ဆုံးမှာတော့ သူတို့ကိုယ်သူတို့ မိစ္ဆာအဖြစ် ပြောင်းလဲသွားစေပြီး ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ ဓါးတစ်လက်ကို စူးရှပြီး သူ့စိတ်က ပကတိပြတ်သားကြည်လင်နေလေသည်။ အဲ့ဒါက သူ့အပေါ်မှ သက်ရောက်မှု မဖြစ်စေနိုင်ပေ။
သူ့မျက်လုံးထဲတွင်.. ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းအမွေခံသူ၏ နည်းလမ်းများက ကလေးကစားစရာတစ်ခုလို ဖြစ်နေလေသည်။
“ဘာလဲကွာ အဲ့ဒါကို လျှို့ဝှက်ပညာရပ်လို့ ခေါ်နေသေးတာလဲ.. ရှက်စရာပဲ”
ဆူဇီမိုက ဒူးကိုညွတ်ပြီး ပုံရိပ်ယောင်များအားလုံးကို ဖြတ်ကျော်ကာ ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းအမွေခံသူ၏ ရင်အုပ်ကို ပစ်တိုက်ချလိုက်လေသည်။
ထိုသူ၏ ခန္ဓာကိုယ်က လေထဲမှာပင် အပိုင်းပိုင်း ပေါက်ကွဲစုတ်ပြဲသွားပြီး ညှီစို့စို့ သွေးရနံ့နှင့်အတူ လေထဲကနေ အသား-သွေးရည်များက ကျဆင်းလာလေသည်။
“သေစမ်း”
ဖန်းယွဲ့က သူ၏ သံမဏိလှံကို ကိုင်စွဲ၍ သူ၏ မျိုးဆက်သွေးစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။ သူ၏ မရီးဒါန်ရှစ်ခုအတွင်းမှာ ရှိသော စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကြွလာပြီး သူ့စွမ်းအားက နောက်ဆုံးအကန့်အသတ်ထိ ရောက်ရှိလာကာ သူ့လှံတံကို ဆူဇီမို၏ ဦးခေါင်းဆီသို့ ပစ်သွင်းလိုက်လေသည်။
“နေစမ်းပါကွာ”
ဆူဇီမိုက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း.. ရုတ်တရက် လှည့်ကာ လက်သီးချက်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်လိုက်လေသည်။
သူ၏ ညာဘက်လက်သီးက ဖန်းယွဲ့၏ သံမဏိလှံတံနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။
သူ၏ လှံတံမှတစ်ဆင့် မြောက်များလှစွာသော စွမ်းအားများက တလိပ်လိပ် ဖြတ်သန်းကျူးကျော်လာသည်ကို ဖန်းယွဲ့အာရုံခံမိလိုက်ပြီး အဲ့ဒါက ဘယ်လိုမှ ခုခံလို့ မရနိုင်ပေ။
အဲ့ဒီမှာ ခဏမျှ ရပ်တန့်သွား၏။
ဖန်းယွဲ့၏ မျက်နှာမှ သွေးများက ဆုတ်သွားပြီး နာကျင်စွာ ညည်းတွားအော်ဟစ်လိုက်ရလေသည်။ ဆူဇီမို၏ ထိုးနှက်ချက်ဖြင့် သူ့လက်ဖဝါးက ကွဲထွက်သွားပြီး သွေးများက ပန်းထွက်လာကာ သူ့လှံတံကလည်း လွင့်စင်ထွက်သွားလေသည်။
လွင့်ထွက်သွားသော လှံတံက ပြေးလာနေသော တိမ်လွှာမိုးစက်ဂိုဏ်းမှ ရှန့်ကွမ်ယုဆီသို့ ပစ်ဝင်သွားလေသည်။
ရှန့်ကွမ်ယု၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ့လက်ထဲက ခေါက်ယပ်တောင်ကို ဖြန့်ကာ လှံတံကို ခုခံလိုက်ရလေသည်။ မလုံလောက်သေးဘဲ သူ့ခန္ဓာကိုယ်ကို ချက်ချင်းလှည့်ချ၍ ဝင်ရောက်လာသောလှံတံကို ရှောင်ဖို့ ကြိုးစားလိုက်၏။
ထိုလှံတံက ဆူဇီမို၏ ထိုးနှက်ချက်ကြောင့် စင်ထွက်လာခြင်း ဖြစ်သော်လည်း ၎င်းသယ်ဆောင်လာသော စွမ်းအားက ရှန့်ကွမ်ယုတစ်ယောက် ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။
သူသည် သေကွင်းသေကွက်ကို မထိအောင် ရှောင်လိုက်နိုင်သော်လည်း လှံတံက သူ့ပုခုံးကို ထိုးဖောက်သွားဆဲဖြစ်ပြီး အရိုးကျိုးပဲ့မြည်သံနှင့်အတူ လက်သီးဆုပ်လောက် အပေါက်တစ်ပေါက်က ဖြစ်ပေါ်လာကာ ထိုဒဏ်ရာပတ်လည်ရှိ အရိုးများက ကျိုးကြေမွသွားလေသည်။
ဖန်းယွဲ့၏ လက်နှစ်ဖက်က အထိန့်အချုပ်မဲ့စွာ တဆတ်ဆတ် တုန်ယင်နေပြီး တစ်ဖက်တစ်ချက်စီမှာ တွဲလောင်းပစ်ကျနေလေသည်။ သူ၏ အော်ရာကလည်း လုံးဝပျောက်ဆုံးသွားပြီး ထွက်ပြေးရင်း တုန်ယင်နေသောအသံနှင့် တတွတ်တွတ် ရေရွတ်သွားလေသည်။
“ပြိုင်ဘက်ကင်းနေပြီ.. သူက ပြိုင်ဘက်ကင်းနေပြီ.. မရတော့ဘူး”
တိုက်ပွဲအဆာလောင်ဆုံးနှင့် အရိုင်းဆန်ကြမ်းတမ်းလှပါသည်ဆိုသော ပဒေသရာဇ်နန်းတော်မှ မိစ္ဆာအမွေခံသူပင်လျှင် ဆူဇီမိုနှင့် ရင်ဆိုင်အတွေ့၌ ဦးညွတ်သွားရလေပြီ။