← Chapters

နောက်ထပ်ပြိုင်စံရှားတစ်ယောက် သေပြန်ပြီ

Vol. 31 Ch. 453

နောက်ထပ်ပြိုင်စံရှားတစ်ယောက် သေပြန်ပြီ

Vol. 31 Ch. 453

တိုက်ပွဲက အခုထိ မပြီးသေးပေ။

ဆူဇီမိုသည် ကိုယ်တော်ကြွယ်ချမ်းကို နောက်ပြန်လွင့်ပျံသွားစေပြီးနောက် ဘယ်ဘက်က ရင်သပ်ရှုမောဓါးကို ဆုပ်ကိုင်ထားကာ ဟန်ချိုးယွီနှင့် အားပြိုင်နေတုန်း ဖြစ်လေသည်။

ကျန်ရှိနေသော ပြိုင်စံရှားလေးဦးကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။

နှင်းပုံတောင်ကြားမှ လင်းဟန်က သူမ၏ လျှို့ဝှက်အတတ်ဖြင့် ပစ်လွှတ်တိုက်ခိုက်လိုက်၏။

ကစင်ကလျားအမြုတေဂိုဏ်း၏ ချန်ယီကျီသည် အနားသို့ ကပ်မသွားရဲဘဲ ခပ်လှမ်းလှမ်းကနေ သူ့ဓါးပျံကို ပစ်လွှတ်လိုက်၏။

ပညာဉာဏ်လင်းကျောင်းတော်၏ အရိုက်အရာဆက်ခံသူက မြေပြင်ပေါ်မှာ ခြေဖျားထောက်၍ ချဉ်းကပ်သွားပြီး လက်နှစ်ဖက်ဖြင့် နောက်ချန်ပုံရိပ်များကို ဆင့်ခေါ်ကာ ထူးခြားဆန်းပြားသော လျှို့ဝှက်ပညာရပ်.. ဉာဏ်အလင်းရိုက်ချက်ကို ထုတ်ဖော်လိုက်လေသည်။

ဉာဏ်အလင်းရိုက်ချက်က ကြားခံနယ်တစ်ခုအား ဖြတ်သန်းထိုးဖောက်ကျော်ဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ထိုရိုက်ချက်က လူတစ်ယောက်၏ ကိုယ်ပေါ်သို့ ကျရောက်သွားလျှင် အပေါ်ယံမှာ ဘာဒဏ်ရာအနာတရမှ မပေါ်သော်လည်း ထိုလူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြတ်သတ်ထွက်သွားပေလိမ့်မည်။ အဲ့ဒါက အရမ်းကို စွမ်းအားကြီးမား ကြောက်စရာကောင်းလေသည်။

စိန်သုတ္တန်ကို ကျင့်ကြံထားသည့် ကိုယ်တော်ကြွယ်ချမ်းပင်လျှင် ဉာဏ်အလင်းရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင် မခံယူဝံ့ပေ။

ဓါးမကြီးတစ်လက်ကဲ့သို့ တဖျပ်ဖျပ်လူးနေပြီး လက်ဝါးအရိပ်များက ရှုပ်ထွေးနေကာ ဘယ်တစ်ခုက အစစ်ဆိုတာကို ခွဲခြားဖို့ ခက်လေသည်။

“သွား”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်၏ အရိုက်အရာဆက်ခံသူသည် သိုလှောင်အိတ်ထဲကနေ ကြေးနီဖလားကြီးတစ်လုံးကို ဆွဲထုတ်ကာ စိတ်ဝိညာဉ်ချီများကို ထိုးသွင်းလိုက်၏။

အဲ့ဒါက မြင့်မြတ်ထည်ဝါပြီး အပြစ်ကင်းစင်သော ရွှေရောင်အလင်းများနှင့် တလက်လက် တောက်ပလာလေသည်။ အရိုက်အရာဆက်ခံသူက လေးနက်ဆန်းကြယ်သော မန္တန်များကို ရွတ်ဖတ်၍ ကြေးနီဖလားကြီးကို စောင်းချလိုက်သောအခါ နတ်ဘုရားအလင်းများက ဆူဇီမို၏ ခေါင်းပေါ်သို့ သွန်းလောင်းကျလာလေသည်။

ပြိုင်စံရှားလေးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။ သို့သော် ဆူဇီမိုမှာက ညာဘက်လက်သာ အားလေသည်။

ကစင်ကလျားအမြုတေဂိုဏ်းမှ ချန်ယီကျီ၏ ဓါးပျံက အရင်ဦးစွာ ရောက်ရှိသွားပြီး ဆူဇီမိုက တုံ့ဆိုင်းခြင်းမရှိ သူ့ညာဘက်လက်ဖြင့် ဖမ်းဆွဲလိုက်လေသည်။

“နှင်းခဲချိတ်စည်း”

အသံက ရေခဲလို အေးစက်နေပြီး ပတ်ဝန်းကျင်ရှိ အပူချိန်က ထိုးကျသွားလေသည်။

ဆူဇီမိုသည် နဖူးမှ ခြေဖျားထိ စတင်အေးခဲလာ၏။ သူ့ကိုယ်တွင် ရစ်သိုင်းနေသော သွေးနီရောင်သားရဲချီများပင်လျှင် နှင်းခဲတစ်လွှာနှင့်အတူ အေးခဲလာလေသည်။

နှင်းခဲချိတ်စည်းမှာ စိတ်ဝိညာဉ်စွမ်းအင်ရော သွေးချီပါ ပါဝင်နေ၏။

တစ်ချိန်တည်းမှာပင် ကြေးနီဖလားကြီးက ဆူဇီမို၏ ဦးခေါင်းအထက်မှာ ရောက်ရှိလာပြီး ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ ဖြည်းဖြည်းချင်း ဆင်းသက်လာလေသည်။ အဲ့ဒါကို သူ့ကို အထဲမှာ ချုပ်နှောင်ထားချင်သည့်အလားပင်။

ပညာဉာဏ်လင်းကျောင်းတော်မှ အရိုက်အရာဆက်ခံသူကလည်း နီးကပ်လာပြီး သူ့လက်ဝါးမှ နောက်ချန်ပုံရိပ်များအတန်းလိုက်ကို ပစ်လွှတ်လိုက်လေသည်။

ဆူဇီမိုသည် ဘယ်ဘက်လက်က ရင်သပ်ရှုမောဓါးကို ဆုပ်ကိုင်ထားပြီး ညာဘက်လက်က ချန်ယီကျီ၏ ဓါးပျံကို ကိုင်ထားလေသည်။ သူ့မှာ အားနေသောလက် မကျန်တော့ပေ။

နှင်းပုံတောင်ကြား၏ လျှို့ဝှက်ပညာရပ်ရယ်နှင့် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ကြေးနီဖလားကြီးတို့ပါ ထပ်ပေါင်းလိုက်သောအခါ ပေါင်းစပ်ကာရုန်းကန်ထွက်ပေါ်လာသော အရင်းအမြစ်များမှ စွမ်းအားက သူ့ကို နေရာကနေ မလှုပ်နိုင်အောင် ချုပ်နှောင်လိုက်ကြလေသည်။

ဘုန်း.. ဘုန်း.. ဝုန်း..

ဆူဇီမို၏ ကိုယ်ပေါ်သို့ လက်ဝါးဆယ်ချက်က ဆက်တိုက်ကျဆင်းလာလေသည်။

လက်ဝါးတစ်ချက်စီတိုင်း ဆူဇီမို၏ ကိုယ်က တစ်ကြိမ် တုန်ယင်သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။

ထိုသည်ကိုကြည့်ပြီး ပြိုင်စံရှားအားလုံး တုန်လှုပ်သွားကြ၏။

နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူသည် တိုက်ပွဲ၏ ဤနေရာသို့ အရောက်မှာတော့ နောက်ဆုံး ဒဏ်ရာရရှိသွားလေပြီ။

ထို့နောက် ဟန်ချိုးယွီနှင့် အခြားသူများ တွေ့လိုက်ရသည်မှာ ထိုသို့ အရိုက်ခံနေရတာတောင် ထိုလူက အလျှော့မပေးဘဲ ပေတေ၍ ဖြောင့်ဖြောင့်ရပ်နေသေးလေသည်။ ဒါ့အပြင် သူ့မျက်လုံးထဲရှိ အေးစက်ခက်ထန်မှုက ပိုမိုသိပ်သည်းအားကောင်းလာလေသည်။

“အဲ့ဒါက သူ့ကို သတ်ဖို့ မလုံလောက်သေးဘူးလား”

ကိုယ်တော်ကြွယ်ချမ်းနှင့် အခြားသူများ ခံစားခဲ့ရသော ကြောက်ရွံ့မှုကို ပညာဉာဏ်လင်းကျောင်းတော်မှ အရိုက်အရာဆက်ခံသူသည် နောက်ဆုံး ကိုယ်တိုင်ကြုံတွေ့ ခံစားလိုက်ရလေသည်။

ဉာဏ်အလင်းရိုက်ချက်ဆယ်ချက်ကို အဲ့လူက ဒီအတိုင်းပဲ တောင့်ခံနိုင်တာလား။

အခြားသူများသာဆိုလျှင် လက်ဝါးချက်အနည်းငယ်မျှနှင့် သူတို့၏ ကိုယ်တွင်းအင်္ဂါများက ပေါက်ကွဲစုတ်ပြဲကုန်သည်မှာ ကြာနေပေပြီ။ သို့သော်လည်း ကြည့်ရတာ ဤလူက အဆင်ပြေနေသေးပုံရပြီး သူ့အကြည့်က အရင်ကထက် ပိုမိုခက်ထန်တောက်ပလာလေသည်။

ဉာဏ်အလင်းရိုက်ချက်ဆယ်ချက်ကို တောင့်ခံပြီးနောက် ဆူဇီမို၏ ကိုယ်တွင်းအင်္ဂါများက လှုပ်ခါသည်ဆိုရုံမျှသာ ရှိပြီး သူ၏ အခြေခံတည်ဆောက်ပုံက မယိမ်းယိုင်သေးပေ။

“လဲကျစမ်း”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ အရိုက်အရာဆက်ခံသူက ဟိန်းဟောက်၍ သူ့လက်နှင့် လက်ချောင်းများကို လျှင်မြန်စွာ လှုပ်ရှားပြီး စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သောအခါ ကြေးနီဖလားထဲသို့ စိတ်ဝိညာဉ်အလင်းများက စုပြုံပစ်ဝင်သွားလေသည်။

ကြေးနီဖလားကြီးက လျှင်မြန်စွာ ပြန့်ကားသွားပြီး ကျဆင်းလာလေသည်။

ဟန်ချိုးယွီမှာ အခြားရွေးချယ်စရာ မရှိတော့သည့်အတွက် သူ၏ ရင်သပ်ရှုမောဓါးကို ဆုံးရှုံးခံကာ လက်လွှတ်လိုက်ရလေသည်။

တစ်ခဏအတွင်းမှာပင် တဖျတ်ဖျတ်တလက်လက် တောက်ပနေသော ကြေးနီဖလားကြီးက ဆူဇီမိုအပေါ်ကို အုပ်မိုးမှောက်ကျလာပြီး သူ့ကို မြေကြီးပေါ်မှာ လှောင်ပိတ်ထားလိုက်လေသည်။

ပြီးသွားပြီလား..

ထိုသည်ကိုကြည့်ပြီး ပြေးချလာသော ချိတ်ပိတ်ထားသူများသည် ဖြည်းဖြည်းချင်း အရှိန်ကို လျှော့ချလိုက်ကြ၏။

“အောမီသောဖော”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်၏ အရိုက်အရာဆက်ခံသူက ဗုဒ္ဓဝါဒီပရိတ်မန္တန်တစ်မျိုးကို ရွတ်ဖတ်၍ ကြေးနီဖလားကြီးဆီသို့ လျှောက်လာကာ တည်တံ့စွာ ပြောလိုက်လေသည်။

“တာအိုရောင်းရင်းတို့.. ဘာမှ မပူနဲ့တော့.. ကျုပ်ရဲ့ကြေးနီဖလားထဲမှာ ပိတ်မိသွားတဲ့သူမှန်သမျှ လောင်မြိုက်သေဆုံးဖို့က အချိန်တစ်ခုပဲလိုတယ်.. မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တွေတောင် ပျော့ဖတ်ရည်ဖြစ်တဲ့အထိ အရည်ပျော်ကျပြီး သေရလိမ့်မယ်”

ပြိုင်စံရှားများသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြပြီး သူတို့၏ အမူအယာက သိသိသာသာ ပြေလျော့သွားကြလေသည်။

ကြေးနီဖလားကြီးရှေ့သို့ ရောက်လာပြီးနောက် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ အရိုက်အရာဆက်ခံသူသည် ခမ်းနားထည်ဝါသောပုံစံနှင့် ခေါင်းကိုငုံ့ပြီး မန္တန်များကို ဆက်တိုက်ရွတ်ဆိုနေလိုက်၏။ ကြေးနီဖလားကြီး၏ ပတ်လည်ရှိ အလင်းများက ပို၍ ပို၍ တောက်ပသည်ထက် တောက်ပလာလေသည်။

ရုတ်တရက်.. ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာ၏။

ဘုန်း..

ကြေးနီဖလားကြီးအတွင်းမှ လွန်စွာ ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာလေသည်။

ဟန်ချိုးယွီနှင့် အခြားသူများသည် တုန်လှုပ်သွားကြ၏။ ကြေးနီဖလားကြီးကို လှမ်းကြည့်လိုက်ပြီး သူတို့၏ သူငယ်အိမ်များက တဆတ်ဆတ် လှုပ်သွားကြလေသည်။

ကြေးနီဖလားကြီး၏ မျက်နှာပြင်ပေါ်တွင် လက်သီးဆုပ်လောက်အကွက်တစ်ကွက်က နက်နက်ရှိုင်းရှိုင်းနှင့် အပြင်ဘက်သို့ စူထွက်လာလေသည်။

ဗုဒ္ဓဂိုဏ်းများ၏ စိတ်ဝိညာဉ်လက်နက်တစ်ခုအပေါ်တွင် လက်သီးဆုပ်အရွယ် အချိုင့်ကြီးပေါ်လာအောင် ဖန်တီးဖို့အတွက် ဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာပါလိမ့်။

ကြေးနီဖလားကြီး၏ ပတ်လည်ရှိ ရွှေရောင်အလင်းများက သိသိသာသာ မှိန်ကျသွားလေသည်။

ဘုန်း.. ဘုန်း.. ဘုန်း..

လူတိုင်း မတုံ့ပြန်နိုင်သေးခင်မှာပင် ကျယ်လောင်ပေါက်ကွဲသံများက မိုးများရွာချသလို ဆက်တိုက်ထွက်ပေါ်လာပြီး ကြေးနီဖလားကြီးပေါ်တွင် လက်သီးဆုပ်အရွယ် ချိုင့်ခွက်များက တစ်ခုပြီးတစ်ခု အပြင်ဘက်သို့ စူထွက်လာလေသည်။

အဲ့ဒီမှာ ခဏမျှ ရပ်တန့်သွား၏။

အလွန်တရာ အန္တရာယ်များလွန်းသော အော်ရာတစ်ခုက ကြေးနီဖလားကြီးအတွင်းမှ ဖြာထွက်လာလေသည်။

“အခုချက်ချင်း နောက်ကိုဆုတ်ဟ”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ဘုန်းကြီးအိုကြီးက အော်ဟစ်လိုက်၏။

ဝုန်း..

လွန်စွာဆူညံကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြီး တောင်တန်းများနှင့် ကမ္ဘာမြေကို တုန်ဟည်းသွားစေလေသည်။

သူတို့ရှေ့ရှိ ကြီးမားသည့် ကြေးနီဖလားကြီးက ပေါက်ကွဲထွက်သွားပြီး လွန်စွာမြင့်မားသည့် တုန်ခါလှိုင်းများနှင့်အတူ အကွဲအပြဲအစအနများက အဘက်ဘက်သို့ ပစ်လွင့်ပျံသန်းလာလေသည်။

လူတိုင်း၏ ရှေ့မှောက်တွင် အရပ်ရှည်ရှည်နှင့် စွမ်းအားကြီးမားသည့် လူတစ်ယောက်က နောက်တစ်ဖန် ပြန်ပေါ်လာလေသည်။ သားရဲချီများ လွှမ်းခြုံနေပြီး သူ၏ နတ်ဆိုးဆန်သော မျက်လုံးများက အေးစက်စက်အလင်းနှင့် တောက်ပနေကာ မြောက်များလှစွာသောအော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

အရင်ဆုံး ထိခိုက်ခံစားသွားရသူမှာ ကြေးနီဖလားကြီးနှင့် အနီးဆုံးမှာရှိနေသည့် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ အရိုက်အရာဆက်ခံသူ ဖြစ်လေသည်။ ရိုက်ခတ်မှုလှိုင်းများကြောင့် သူက လွင့်စင်သွားပြီး ကြေးနီဖလားကြီး၏ ပေါက်ကွဲသွားသော အပိုင်းအစများစွာက သူတစ်ကိုယ်လုံးကို ထိုးဖောက်ကာ နေရာမှာတင် တစ်ခါတည်း အသက်ပျောက်သွားလေသည်။

ဆူဇီမိုသည် သူ့လက်ထဲမှာ ရှိနေသော ရင်သပ်ရှုမောဓါးကို အလွန်တရာ လျှင်မြန်စွာ ပစ်ထုတ်လိုက်သောကြောင့် ချက်ချင်းပင် အဲ့ဒါက နှင်းပုံတောင်ကြားမှ လင်းဟန်ရှေ့သို့ ရောက်ရှိသွားလေသည်။

“စုဖွဲ့လိုက်စမ်း”

လင်းဟန်က တုန်လှုပ်သွားပြီး လက်ဟန်တစ်ခု လှုပ်ရှားလိုက်သောအခါ သူမ၏ရှေ့တွင် ကြောက်မက်ဖွယ်ရာစိတ်ဆန္ဒနှင့် စိတ်ဝိညာဉ်ကြေးမုံတစ်ချပ်က ပေါ်လာလေသည်။

ဘုန်း..

ရင်သပ်ရှုမောဓါးက အေးခဲနေသော စိတ်ဝိညာဉ်ကြေးမုံပေါ်သို့ သည်းထန်စွာ ကျရောက်သွားလေသည်။

ခဏမျှ ရပ်တန့်ပြီးနောက် စိတ်ဝိညာဉ်ကြေးမုံပေါ်တွင် အက်ကွဲကြောင်းများက ဆက်တိုက်ပေါ်လာလေသည်။ ထိုအက်ကွဲကြောင်းက မျက်တစ်မှိတ်မှာပင် လျှင်မြန်စွာ ပြန့်နှံ့သွားပြီး ကြေမွပျက်စီးသွားလေသည်။

လင်းဟန်သည် ဘေးတစ်ဖက်သို့ လဲကျသွားပြီး သွေးများကို အဆက်မပြတ် ထွေးထုတ်လိုက်ရလေသည်။

အဲ့ဒါက ရိုးရှင်းသော တိုက်ခိုက်မှုလေးတစ်ခုပင် ဖြစ်သော်လည်း သားရဲသွင်ပြင်ကို ပြောင်းလဲပြီးနောက် ဆူဇီမို ထုတ်ဖော်သမျှ စွမ်းအားတိုင်းက ကြောက်စရာကောင်းနေကာ လင်းဟန်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေလေသည်။

ဘုန်း..

လက်ပြန်ရိုက်ချက်နှင့်အတူ ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်ဖြစ်သော သွေဖယ်မြေလက်ဝါးကို ထုတ်ဖော်၍ ပညာဉာဏ်လင်းကျောင်းတော်မှ အရိုက်အရာဆက်ခံသူ၏ ဉာဏ်အလင်းလက်ဝါးကို တန်ပြန်ရိုက်ထုတ်လိုက်လေသည်။

အရိုက်အရာဆက်ခံသူ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွား၏။

မြေကြီးပေါ်တွင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး အလွန်တရာ ကြောက်စရာကောင်းလှသည့် စုတ်ဖြဲအားက တလိပ်လိပ်တက်လာသည်ကို သူခံစားလိုက်ရလေသည်။

ရှီး..

သွေးများက ပန်းထွက်လာလေသည်။

ပညာဉာဏ်လင်းကျောင်းတော်မှ အရိုက်အရာဆက်ခံသူ၏ လက်ပေါ်ရှိ အသားများက မွစာကြဲစုတ်ပြတ်သတ်ကွာကျသွားပြီး သူ့အရိုးက သွင်သွင်ကျိုးက သူက လွင့်စင်ထွက်သွားလေသည်။

တစ်ခဏအတွင်းမှာပင် ပြိုင်စံရှားတစ်ဦးက သေဆုံး၍ နောက်ထပ်နှစ်ယောက်က တိုက်ပွဲထဲမှ နှုတ်ထွက်သွားရလေပြီ။

ဆူဇီမို၏ အကြည့်က ကစင်ကလျားအမြုတေဂိုဏ်း၏ ချန်ယီကျီပေါ်သို့ ရွေ့လျားကျရောက်သွားပြီး သူ့လက်ထဲမှ ဓါးပျံကို ထိုသူဆီသို့ ပစ်ထုတ်လိုက်လေသည်။

ဓါးက လေထုကို ဖြတ်သန်း၍ ချက်ချင်း ရောက်ရှိလာ၏။

ချန်ယီကျီက ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရဲစရာ အကြောင်းမရှိပေ။ သူက ဘေးတိုက်လှမ်း ရွေ့လျား၍ ရှောင်ဖို့ ကြိုးစားလိုက်၏။

ကံမကောင်းစွာနှင့် ချန်ယီကျီ၏ အမြင်အာရုံက ဝေဝါးသွားပြီး အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက သူ့ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။ ထိုပုံရိပ်မှ ကြောက်စရာကောင်းသည့်စွမ်းအားနှင့် အဆုံးမဲ့သတ်ဖြတ်လိုစိတ်က ဖြာထွက်နေလေသည်။

သူက ဓါးနှင့်အတူ တစ်ချိန်တည်းလိုလို ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

“မြန်လိုက်တာ”

ချန်ယီကျီ၏ မျက်ရစ်က ရူးသွပ်စွာ တဆတ်ဆတ် လှုပ်လာ၏။

ဘုန်း..

ချန်ယီကျီရှေ့သို့ ရောက်လာပြီးနောက် ဆူဇီမိုက ကောင်းကင်ထယ်သွားခြေလှမ်းကို ထုတ်ဖော်ကာ မြေပြင်ကို ပြင်းစွာ ဆောင့်နင်းလိုက်လေသည်။

ချက်ချင်းပင် ချန်ယီကျီ၏ ခြေထောက်နှစ်ဖက်က ယိမ်းထိုးသွားပြီး သူ့အရှိန်က လျော့ကျသွားလေသည်။

ဓါးက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။

ချန်ယီကျီ၏ မျက်လုံးများ မှိန်ကျသွားပြီး သူ့ရင်အုပ်မှ သွေးများက ပန်းထွက်လာကာ သူ့အသက်ဓါတ်ကို ဖြတ်တောက်သွားလေသည်။

ကစင်ကလျားအမြုတေဂိုဏ်းမှ ပြိုင်စံရှားလည်း သေလေပြီ။

All Chapters