မလိုက်လျောပေးနိုင်တာ ခွင့်လွှတ်ပါ
Vol. 31 Ch. 456
“နတ်ဖီးနစ်ကျွန်းက ဒီလိုမျိုး ပြိုင်စံရှားတစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ.. ဒါပေမယ့် နှမြောစရာ.. သူ့လိုလူမျိုးက လူသားဧကရာဇ်နန်းတော်ရဲ့ အောက်ခြေမှာ သေရတော့မယ်”
“သူက မသေခင် ပြိုင်စံရှားခုနှစ်ဦးနဲ့ ချိတ်ပိတ်ထားသူအချို့ကိုပါ သတ်နိုင်ခဲ့တာဆိုတော့ သေရင်တောင် တန်နေပါပြီကွာ”
သွေးသံရဲရဲနှင့် ယိမ်းထိုးနေသော ပုံရိပ်က အဝေးကနေ ကြည့်ပြီး ကျင့်ကြံသူများသည် တီးတိုး ပြောဆိုနေကြ၏။
မြင်ကွင်းက သနားစဖွယ်နှင့် သွေးပျက်စရာကောင်းနေ၏။
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာ ဆက်ခံသူက သေရတော့မည်ဖြစ်ပြီး ဘယ်သူမှ သူ့ကို ကယ်နိုင်တော့မည် မဟုတ်ကြောင်း ကျင့်ကြံသူများ သိထားကြလေသည်။
တစ်ကယ်လည်း ဆူဇီမိုသည် သေအံ့မူးမူး အခြေအနေမှာပင်။
သူ့ဘယ်ဘက်ရင်အုပ်မှာ အပေါက်ကြီးနှင့် သွေးများက စီးကျနေ၏။ သူ့ညှပ်ရိုးက ကျိုးကြေမွ၍ သူ့ဝမ်းဗိုက်ကလည်း ကြောက်စရာကောင်းလောင်အောင် ဒဏ်ရာရထားကာ သူသာ လက်ဖြင့် အုပ်ကိုင်မထားလျှင် အူများက ထွက်ကျနေပေလိမ့်မည်။
သူ့ကိုယ်ထဲမှာ အသက်ဓါတ်က လျော့နည်းလာနေတာကို ဆူဇီမို ခံစားနိုင်၏။
လတ်ဆတ်သော သွေးများက စီးကျနေဆဲ ဖြစ်၏။
သူ့ဒဏ်ရာများက ပြန်လည်သက်သာနိုင်မည့် လက္ခဏာ မပြနိုင်တော့ပေ။
ဆိုလိုသည်မှာ သူ့ဒဏ်ရာများက ဆိုးဝါးပြင်းထန်မှုက သူ၏ ပြန်လည်သက်သာနိုင်စွမ်းရည်၏ အကန့်အသတ်ကို ကျော်လွန်သွားလေပြီ။
ပုံသဏ္ဌာန်မဲ့ကျောင်းတော်နှင့် ပုံရိပ်ယောင်ဂိုဏ်းမှ ချိတ်ပိတ်ထားသူများက သူတို့၏ လှုပ်ရှားမှုကို မပြုလုပ်ရသေးပေ။
သူတို့က ဘာမှဆက်မလုပ်ဘဲ ဘေးကနေ ရပ်ကြည့်နေကြလျှင်တောင် သိပ်မကြာခင် သူက သွေးထွက်လွန်ပြီး သေရပေတော့မည်။
ဆူဇီမိုက ခေါင်းက မူးဝေနောက်ကျလာပြီး သူ့အမြင်အာရုံက ဝေဝါးလာကာ ရင်းနှီးခဲ့ဖူးသော သွေးနီရောင်ပုံရိပ်က သူ့ရှေ့မှာ ပေါ်လာသည်ဟု ထင်လာလေသည်။
“မိန်းမပျို တျဲ...”
သူသည် အလိုလို ခေါ်မိသွား၏။
တုံ့ပြန်မှု မရှိပေ။ သူ့ရှေ့မှ ပုံရိပ်က အဆုံးမဲ့စိုးရိမ်ပူပန်မှု သနားမှုတို့နှင့် မျက်ခုံးကိုပင်ကာ အနည်းငယ် စောင်းငဲ့၍ သူ့ကို လှည့်ကြည့်လိုက်၏။
သင်းပျံ့သော မွှေးရနံ့က လွှမ်းခြုံလာ၍ ဆူဇီမိုသည် ခဏမျှ နိုးကြားသွားပြီး သူ့မျက်လုံးကို ဖွင့်ကာ လှမ်းကြည့်လိုက်လေသည်။
ခဏမျှ ငေးကြောင်ပြီးနောက် သူသည် ပါးစပ်ကို ဟလိုက်တော့လည်း ဘာမှ မပြောဖြစ်တော့ပေ။ သူသည် သိသိသာသာ စိတ်ပျက်သွားပြီး ခေါင်းငိုက်စိုက်ကျသွားလေသည်။
အဲ့ဒါက တျဲယွဲ့မှ မဟုတ်တာ..
သူက နတ်ဆိုးမကျိပဲ..
သူသည် သွေးများစွာ ဆုံးရှုံး၍ အမြင်အာရုံက ဝေဝါးနေခဲ့၏။ သူသည် ပန်းရောင်ဝတ်ထားသော နတ်ဆိုးမကျိကို သွေးနီရောင်ဝတ်တျဲယွဲ့နဲ့တောင် မှားမြင်မိနေလေပြီ။
သူက .. ထွက်သွားတာ ကြာပြီပဲ.. သူ ဘယ်ပြန်လာပါတော့မလဲ..
နောက်ဆုံးမှာတော့ ငါ သူ့နောက်ကို မီအောင် မလိုက်နိုင်တော့ဘူးပဲ.. ငါ့မှာ နောက်ထပ် ဘာအခွင့်အရေးမှ မကျန်တော့ပါလား..
ဟင်း...
ဆူဇီမိုသည် လေးလေးပင်ပင် သက်ပြင်းချလိုက်ပြီး သူ့ကိုယ်က ယိမ်းထိုးလာ၏။ သူ့မျက်ခွံက လေးလံလာပြီး တဖြည်းဖြည်းနှင့် အဆုံးမဲ့ချောက်နက်ကြီးထဲကို ပြုတ်ကျသွားသည့်အလား.. သူ့အသိစိတ်အာရုံက ပျောက်ကွယ်လာနေလေသည်။
ရုတ်တရက် အသံတစ်သံက သူ့နားထဲသို့ တိုးဝင်လာပြီး ဆူဇီမို၏ စိတ်အာရုံကို နှိုးဆွသလိုဖြစ်ကာ သူက မရဏချောက်နက်ကြီးထဲမှ ပြန်ဆွဲခေါ်လာလေသည်။
“စီနီယာတို့.. ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးထားပါလားရှင်”
အဲ့ဒါက သူ့ရှေ့ရှိ နတ်ဆိုးမကျိ၏ အသံဖြစ်လေသည်။
“နတ်ဆိုးမ.. ထွက်သွားစမ်း”
ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူက ဖြည်းဖြည်းချင်း လျှောက်လာပြီး ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်လွှတ်၍ အော်လိုက်၏။
“ရှင်တို့ မတိုက်ခိုက်ကြရင်တောင်.. သူ့ဟာသူလဲ သိပ်ကြာကြာ မနေရတော့ပါဘူး.. သူ့အလောင်းကို အကောင်းအတိုင်းလေး ထားပေးလို့ မရဘူးလားရှင်”
“ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး.. သူ့ကို ငါကိုယ်တိုင် ငါ့လက်နဲ့ သတ်ရမှပဲ ငါစိတ်ချနိုင်မယ်”
ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူက မယိမ်းယိုင်သွားဘဲ ဝင်းလဲ့နေသော အကြည့်နှင့် ပြောလိုက်၏။
“နတ်ဆိုးမ.. အခုနေ နင်ထွက်သွားမသေးဘူးဆို.. နင့်ကိုပါ သူနဲ့အတူ သတ်ပစ်မှာနော်”
ခဏနေပြီးနောက် နတ်ဆိုးမကျိ၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။ သူမ၏ အသံက တည်ငြိမ်ခိုင်မာနေပြီး တုန်လှုပ်သွားစေလေသည်။
“စီနီယာပြောသလို မလုပ်ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါ”
ထိုစကားလုံးများက ဆုံးဖြတ်ချက် ပြတ်သားမှုကို ပြသနေ၏။
သူမ၏ အပြုအမူအတွက် ရလဒ်က သေခြင်းဆိုတာ သိနေတာတောင် သူမသည် မယိမ်းမယိုင်နှင့် နောက်ဆုတ်မပေးဘဲ ခေါင်းမာနေလေသည်။
ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။
သူမသည် ချိတ်ပိတ်ထားသူတစ်ယောက်ကို ရင်ဆိုင်နေခြင်းပင်။
ချိတ်ပိတ်ထားသူတစ်ယောက်က အမျက်ထွက်သွားပြီဆိုလျှင် တစ်ချက်တည်းနှင့် သူမက အသတ်ခံရပေမည်။
အခုလို အခြေအနေမှာတောင် နတ်ဆိုးမကျိက သူ့ကို လက်မလွှတ်သေးဘဲ ပြတ်ပြတ်သားသားနှင့် ရှေ့ထွက်ပြီး ခုခံကာကွယ်ပေးနေဦးမည်ဟု သူထင်မထားခဲ့မိပေ။
“ဘယ်လောက် မိုက်လိုက်တဲ့ ကောင်မလေးလဲ”
သူ့နှုတ်ခမ်းက လှုပ်သွားပြီး ထွက်လာသော အသံက ခြင်တစ်ကောင်အသံလောက် တိုးညင်းနေလေသည်။
“အဲ့ဒါဆိုလဲ... ကောင်းပြီလေ...”
ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးထဲသို့ သတ်ဖြတ်လိုစိတ်က တလိပ်လိပ် ဝင်ရောက်လာလေသည်။
“နင်ကိုယ်တိုင်က သေချင်နေမှတော့ ငါကလဲ နင့်ဆန္ဒကို ဖြည့်ပေးရတာပေါ့”’
ဝုန်း..
သူက ရွှေအမြုတေကို လှည့်ပတ်လိုက်ပြီး စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်၏။ မြင့်တက်လာသော အော်ရာနှင့်အတူ သူက ချက်ချင်းတိုက်ခိုက်လိုက်လေသည်။
“ပုံသဏ္ဌာန်မဲ့လက်ချောင်း”
သူ့လက်ညိုးကို ထုတ်၍ နတ်ဆိုးမကျိ ရှိလာဘက်သို့ တောက်ထုတ်လိုက်၏။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးက လှုပ်ခါသွားလေသည်။
အဲ့ဒါက ဘယ်လိုလုပ်ပြီး လက်ချောင်းတစ်ချောင်း ဟုတ်ပါ့မလဲ..
ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့် ကျောက်တိုင်ကြီးက ထိမ်းမနိုင်သိမ်းမရ စွမ်းအားနှင့်အတူ လေထုကို ဖြတ်သန်းလာပြီး နတ်ဆိုးမကျိကို စိစိညက်ညက် အမှုန့်ချေတော့မည့်ပုံစံနှင့် ပစ်ကျလာ၏။
ဆူဇီမိုသည် အံကိုကြိတ်၍ နတ်ဆိုးမကျိရှေ့ကနေ ပိတ်ဆို့ကာကွယ်ပေးချင်မိ၏။
သို့သော်လည်း သူ့ဒဏ်ရာများက ပြင်းထန်လွန်းသောကြောင့် နည်းနည်းလေး လှုပ်ဖို့တောင် သူ့မှာ ခွန်အား မကျန်ရှိတော့ပေ။
နတ်ဆိုးမကျိက မျက်တောင်ခတ်လိုက်သောအခါ သူမ၏ လှပသော မျက်လုံးထဲတွင် ဝဲဂယက်လေးများက ဖြစ်ပေါ်လာပြီး ညှို့ယူဖမ်းစားနိုင်သော အလင်းတစ်ခုက ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူ၏ မျက်လုံးထဲသို့ ပျံသန်းဝင်ရောက်သွားလေသည်။
နတ်ဆိုးမကျိက မျက်နှာဖုံးကို ခွာချလိုက်ပြီး သူမ၏ ပြစ်မျိုးမှဲ့မထင်သော မျက်နှာလေးကို ထုတ်ပြ၍ စွဲမက်ဖွယ်ရာ ပြုံးပြလိုက်လေသည်။
အဲ့ဒါက ကမ္ဘာလောကကိုပင် ကိုင်လှုပ်နိုင်သော ညှို့ငင်ဓါတ် ဖြစ်လေသည်။
အဝေးကနေ ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် ငေးကြောင်သွားပြီး ပါးစပ်အဟောင်းသားနှင့် သွားရည်များ ကျလာ၏။ တစ်ကယ်တမ်း ပစ်မှတ်ထားခံရသော ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သူမက ညှို့ဓါတ်မျက်လုံးကိုသာ သုံးလိုက်ခြင်း မဟုတ်တော့ပေ။
အဲ့ဒါက စင်ကြယ်အပျိုစင်သုတ္တန်၏ စွမ်းအားကို နောက်ဆုံးအကန့်အသတ်ထိ အကုန်အစင် ထုတ်သုံးလိုက်ခြင်း ဖြစ်လေသည်။
“ဟမ့်”
ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူသည် ရွှေအမြုတေတစ်ယောက် ဖြစ်လင့်ကစား သူသည် စိန်ကျောင်းတော်၏ လျှို့ဝှက်ပညာရပ်မျိုးကို မကျင့်ကြံထားသောကြောင့် စင်ကြယ်အပျိုစင်သုတ္တန်ကို တန်ပြန်ခုခံတိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူ့နှလုံးသားက ခဏမျှ လှုပ်ခတ်သွားပြီး ပုံသဏ္ဌာန်မဲ့လက်ချောင်း၏ စွမ်းအားကလည်း အားပျော့သွား၏။
“သွား”
တစ်ချိန်တည်းမှာပင် နတ်ဆိုးမကျိက တောက်ပသော စိတ်ဝိညာဉ်အလင်းဖြင့် လက်လက်ထနေသော ဖဲကြိုးလေးကို ရှေ့သို့ ပစ်ထုတ်လိုက်လေသည်။ အဲ့ဒါက ဝင်ရောက်လာသော ပုံသဏ္ဌာန်မဲ့လက်ချောင်းနှင့် ပစ်တိုက်မိသွား၏။
ဝုန်း..
ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာလေသည်။
နတ်ဆိုးမကျိ၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွားပြီး သူမ၏ လှပသောကိုယ်လေးက တသိမ့်သိမ့် တုန်ခါသွားကာ ဒယီးဒယိုင်နှင့် နောက်သို့ ဆက်တိုတ်ဆုတ်လိုက်ရလေသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူမသည် သွေးတစ်လုတ်စီကို ထွေးထုတ်လိုက်ရပြီး အဲ့ဒါက အလွန်တရာကို မျက်စိစူးစရာကောင်းနေလေသည်။
ချိတ်ပိတ်ထားသူတစ်ယောက်၏ အင်အားပြည့်တိုက်ခိုက်မှုကို ဘယ်သူမှ ဆူဇီမိုလိုမျိုး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူက စိတ်အာရုံပျက်ယွင်း၍ ပုံသဏ္ဌာန်မဲ့လက်ချောင်းစွမ်းအားက အားပျော့သွားခြင်းကြောင့်သာ မဟုတ်လျှင် နတ်ဆိုးမကျိသည် စုတ်ပြတ်သတ်၍ သေနေလောက်လေပြီ။
ထိုသို့ဆိုလျှင်တောင် သူမသည် ဒယီးဒယိုင်နှင့် နောက်ဆုတ်၍ ဆူဇီမိုဘေးသို့ ရောက်လာချိန်တွင် ဒဏ်ရာများက ပြင်းထန်စွာ ရထားပြီး သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်သွားလေပြီ။
ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ချိတ်ပိတ်ထားသူ၏ နောက်တွင် မကောင်းဆိုးဝါးဆန်သည့် လေထုအက်ကွဲကြောင်းတစ်ခုက ပေါ်လာလေသည်။
“ဟမ့်”
သူက ဘဝင်ခိုက်စွာနှင့် လှောင်ရယ်လိုက်၏။
“ငါမသေခင် မင်းတို့ကို လက်ဆောင်အကြီးကြီးတစ်ခု ပေးထားခဲ့မယ်ဟုတ်လား.. အဲ့ဒါဆို မင်းတို့ အချစ်ငှက်မောင်နှံနှစ်ယောက် ငရဲပြည်ကို အတူပျံသန်းသွားလို့ ရပြီပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် သူ့လက်ချောင်းထိပ်မှ မီးတောက်တစ်ခုက ပစ်လွင့်ထွက်လာပြီး သူတို့နှစ်ယောက်ရှေ့သို့ ရောက်လာလေသည်။
သူ၏ မီးတောက်က အရမ်းကို ပြင်းထန်နီရဲနေပြီး ရွှေရောင်အရိပ်လေးတစ်ခုပင် အတွင်းမှာ ရောယှက်ပါဝင်နေကာ ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်ပေးနေလေသည်။
အစစ်အမှန်မီး..
အဆင့် ၃ စိတ်ဝိညာဉ်မီးတောက်၏ အထက်တွင် အစစ်အမှန်မီး ရှိလေသည်။
မီးဒြပ်စင်စိတ်ဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ထားသော ရွှေအမြုတေများသာလျှင် အစစ်အမှန်မီးကို ကျင့်ကြံနိုင်ပြီး အဲ့ဒါက မည်သည့်အခြေတည်အဆင့် ကျင့်ကြံသူ မည်သူကိုမဆို ပြာချပစ်နိုင်လေသည်။
ဆူဇီမို၏ မျက်လုံးများက တဆတ်ဆတ် လှုပ်သွား၏။
သူသည် နတ်ပန်းပဲဆရာတစ်ယောက်လည်း ဖြစ်ပြီး မီးတောက်များအပေါ် ကျွမ်းကျင်နားလည်တာကြောင့် အစစ်အမှန်မီးများက ဘယ်လောက်ထိ စွမ်းအားကြီးကြောင်း သူသိထားလေသည်။
သည့်အရင်က တိုက်ခိုက်ခဲ့ကြသော ချိတ်ပိတ်ထားသူများသည် မီးဒြပ်စင်စိတ်ဝိညာဉ်ရင်းမြစ်ကို မပိုင်ဆိုင်ကြသောကြောင့် မည်သူမှ အစစ်အမှန်မီးကို မထုတ်ဖော်နိုင်ခဲ့ကြပေ။
ဆူဇီမိုသည် သူ၏ လက်ကျန်ခွန်အားအကုန်ကို ဖျစ်ညှစ်ထုတ်၍ အသက်ပြင်းပြင်းရှိုက်ကာ သူ့ရှေ့ရှိ နတ်ဆိုးမကျိကို တွန်းထုတ်ပြီး မာန်မဲဟိန်းဟောက်လိုက်၏။
“ထွက်သွားစမ်”
ရွှစ်..
မီးတောက်များက ဆူဇီမိုအပေါ်သို့ ကျဆင်းသွားပြီး တလိပ်လိပ်တက်လာကာ သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားလေသည်။
မျက်တစ်မှိတ်မှာပင် သူက မီးတောက်များ ဝါးမျိုလွှမ်းခြုံထားသော လူတစ်ယောက် ဖြစ်သွားလေသည်။