← Chapters

နတ်ဖီးနစ်အရိုး

Vol. 31 Ch. 458

နတ်ဖီးနစ်အရိုး

Vol. 31 Ch. 458

လူတိုင်း၏ ရှေ့မှောက်မှာပင် လောင်ကျွမ်းနေသော သွေးရိုးလက်ဝါးက ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်သွားလေသည်။ အဲ့ဒါက ပါးလွှာသော မျက်နှာဖုံးတစ်ခုကို သံမဏိဓါးနှင့် ထိုးဖောက်လိုက်သလိုပင်။

နောက်ခဏအတွင်း ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူကို မီးတောက်များက ဝါးမျိုသွားလေသည်။

သိပ်မကြာလိုက်ဘဲ သူက ပြာအဖြစ်သို့ ပြောင်းလဲသွားရ၏။

ထိုကြောက်မက်ဖွယ်ရာ မီးတောက်စွမ်းအားကြောင့် တစ်စက္ကန့်အတွင်းမှာပင် ရွှေအမြုတေတစ်ယောက်က အလောင်းတောင် မကျန်အောင် လောင်ကျွမ်းပြာချခံလိုက်ရလေသည်။

လူသားဧကရာဇ်နန်းတော်မှ မီတာတစ်ထောင်ပတ်လည်က ပကတိ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ကျင့်ကြံသူအားလုံးသည် သူတို့၏ အရှိုက်ကို မမြင်နိုင်သော အားတစ်ခုက ဖိနှိမ်ထားသလို အသက်ရှူဖို့ပင် ခက်ခဲလာကြလေသည်။

“ကြည့် ကြည့်”

လူအုပ်ကြီးထဲမှ တစ်ယောက်က အလန့်တကြား ထအော်လိုက်၏။

ပြောစရာမလိုအောင်ပင် လူတိုင်း၏ အကြည့်က သွေးရိုးလက်ဝါးပေါ်သို့ ကျဆင်းသွားကြလေသည်။

ပြင်းထန်အားကောင်းသော မီးတောက်၏ လောင်ကျွမ်းခံလိုက်ရပြီးနောက် သွေးရိုးလက်ဝါး၏ ပတ်လည်ရှိ လေဟာနယ်က စတင်တွန့်လိမ်သွားလေသည်။ အက်ကွဲကြောင်းတစ်ခုက အတန်းလိုက် ပေါ်လာပြီး ဆိုးယုတ်သောလေများက တိုးထွက်လာ၏။

ရှေးဟောင်းတိုက်ပွဲ၏ လောကစည်းမျဉ်းက ဖောက်ဖျက်ခြင်း ခံလိုက်ရပြီး တည်ဆောက်မှုပုံသဏ္ဌာန်စုတ်ပြဲခြင်းက စတင်ပေါ်လာလေသည်။

ဟင်း..

လူတိုင်းသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

ဆိုလိုသည်မှာ သွေးရိုးလက်ဝါးပေါ်ရှိ မီးတောက်က ရွှေအမြုတေတစ်ယောက်၏ စွမ်းအားအဆင့်ကို ရောက်နေလေပြီ။

ထို့ကြောင့် တည်ဆောက်မှုပုံသဏ္ဌာန် စုတ်ပြဲခြင်းက ပေါ်လာပြီး ဆိုးယုတ်သည့်အော်ရာက တိုးထွက်လာခြင်း ဖြစ်လေသည်။

ဆိုးယုတ်သောလေများနှင့် ထိတွေ့မှုတွင် သွေးရိုးလက်ဝါးပေါ်ရှိ မီးတောက်များက ဖျပ်ဖျပ်လူးသွားပြီး ခဏပဲခံကာ နောက်ဆုံး ငြိမ်းသေသွား၏။

ထို့နောက် ကျင့်ကြံသူအားလုံးသည် ထိတ်လန့်တကြားနှင့် ငေးကြောင်ကြည့်လိုက်ကြ၏။

သွေးရိုးလက်ဝါး၏ ဘေးတွင် တည်ဆောက်မှုပုံသဏ္ဌာန်စုတ်ပြဲကြောင်းက ပေါ်လာပြီး အဲ့ဒါကို ဝါးမျိုလိုက်၏။ သို့သော်လည်း ချက်ချင်းပင်း အဲ့ဒါက ပြန်ထွက်လာ၏။

အဲ့ဒါကို ဒီအတိုင်း အကောင်းအတိုင်း ပြန်ထွေးထုတ်လိုက်လေသည်။

တည်ဆောက်မှုပုံသဏ္ဌာန်အက်ကွဲကြောင်းမှ ထွက်လာသော စုတ်ဖြဲအားက ဘယ်လိုမှ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားပြီး ရွှေအမြုတေ သို့မဟုတ် နိုးထဝိညာဉ်အဆင့်တို့ကိုတောင် အပိုင်းပိုင်း ပြတ်သတ်ထွက်သွားအောင် စုတ်ဖြဲနိုင်လေသည်။

သို့သော်လည်း အခုအခါမှာတော့ တည်ဆောက်မှုပုံသဏ္ဌာန် အက်ကွဲကြောင်းက သွေးရိုးလက်ဝါးကို ဝါးမျိုနိုင်ခြင်း မရှိပေ။

ရိုင်းစိုင်းကြမ်းကြုတ်သော လေဟာနယ်စီးကြောင်းထဲကိုရောက်ပြီး ပြန်ထွက်လာတာတောင် အဲ့ဒါက အကောင်းပကတိ ရှိနေသေး၏။

အဲ့ဒါက ဘာလိုဟာမျိုးပါလိမ့်..

အဲ့ဒါက လူသားတစ်ယောက်ရဲ့ အရိုးမဟုတ်ဘူးလား..

နတ်ဖီးနစ်ကျွန်း၏ အရိုက်အရာဆက်ခံသူ၊ သွေးရိုးလက်ဝါး၊ မီးတောက်များ.... ထိုအချက်အလက် သဲလွန်စများက အမှန်တရားတစ်ခုဆီသို့ ဦးတည်သွားလေသည်။

“ဒဏ္ဍာရီတွေက.. တစ်ကယ်ပဲ.. မှန်နေတာများလား”

ဓါးဂိုဏ်း၏ ချိတ်ပိတ်ထားသူသည် ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားသည့်အလား တုန်လှုပ်ချောက်ချားသွား၏။

“ဘယ်ဒဏ္ဍာရီလဲ”

အခြားသော ချိတ်ပိတ်ထားသူများက တစ်ယောက်ပြီးတစ်ယောက် သူ့ကို ဝိုင်းကြည့်လိုက်ကြ၏။

“နတ်ဖီးနစ်ကျွန်းရဲ့ မူလဇာစ်မြစ်ကို ခင်ဗျားတို့ သိကြလား”

ဓါးဂိုဏ်းမှ ချိတ်ပိတ်ထားသူက ပြန်လှန်မေးလိုက်၏။

အခြားချိတ်ပိတ်ထားသူတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြန်ဖြေပေးလေသည်။

“အစတုန်းက နတ်ဖီးကျွန်းက သမုဒ္ဒရာထဲက အထီးကျန်ကျွန်းလေးတစ်ခုသာပဲတဲ့.. ဒဏ္ဍာရီထဲမှာ ပြောတာတော့ ဟိုးရှေးပဝေသဏီခေတ်တစ်ခုတုန်းက မီးမိုးတွေရွာချပြီး ကောင်းကင်က ပြိုကျလာခဲ့တယ်တဲ့.. အဲ့ဒီထဲမှာ မူလသွေးမျိုးဆက်နတ်ဖီးနစ်တစ်ကောင်ရဲ့ အလောင်းလဲ ပါလာပြီးတော့ အဲ့ကျွန်းပေါ်ကို ကျသွားခဲ့တယ်တဲ့”

“အဲ့ဒီနောက်ပိုင်းမှ အဲ့ကျွန်းက နတ်ဖီးကျွန်းဆိုတဲ့နာမည် ရသွားတာမလား”

ထိုနေရာအရောက်၌ ချိတ်ပိတ်ထားသူက သူ့စကာကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူသည်လည်း တစ်ခုခုကို သတိထားမိသွားသလို တုန်လှုပ်ချောက်ချားစွာနှင့် ဖြည်းဖြည်းချင်း မေးလိုက်၏။

“ခင်ဗျား ခင်ဗျား ပြောချင်တာက....”

“အဲ့ဒီဒဏ္ဍာရီက မော်တယ်လောကမှာတောင် ပျံ့နှံ့နေခဲ့တာ တော်တော်ကြာခဲ့ပြီ.. အဲ့ဒါက ပုံပြောသမားတွေ ထွင်ပြောခဲ့ကြတာပဲ.. အဲ့ဒါက အမှန်မဟုတ်လောက်ဘူးလေ.. ဟုတ်တယ်မလား” နောက်ထပ်ချိတ်ပိတ်ထားသူတစ်ယောက်က လက်ခံယုံကြည်ဖို့ ငြင်းဆန်လိုက်၏။

ဖီးနစ်များက ပကတိအင်မော်တယ်များလိုပင် တစ်ကယ့်ကို သန်မာသော နတ်ဘုရားစိတ်ဝိညာဉ်များ ဖြစ်ကြလေသည်။

ထျန်ဟွမ်ကမ္ဘာတွင် နတ်ဖီးနစ်များ၏ တည်ရှိမှုနှင့် ပတ်သတ်၍ တိကျသေချာသော မှတ်တမ်းမှတ်ရာများ ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

မူလသွေးမျိုးဆက်နတ်ဖီးနစ်တစ်ကောင်ကို ဘယ်သူကမှလည်း မမြင်ဖူးသောကြောင့် လူများ ပြောနိုင်ကြသည်မှာ ဒဏ္ဍာရီအပိုင်းအစလေးများသာ ဖြစ်လေသည်။

သည့်အရင်ကဆို ကမ္ဘာပေါ်မှာ မူလသွေးမျိုးဆက်သက်ရှိတစ်ကောင်က ပကတိအင်မော်တယ်တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်နိုင်သည်ဟုဆိုလျှင် ဘယ်သူကမှ အဲ့ဒါကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် အခုအခါ ချိတ်ပိတ်ထားသူများက တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ရုတ်တရက် ပဒေသရာဇ်နန်းတော်မှ ချိတ်ပိတ်ထားသူက ပြောလိုက်၏။

“မိစ္ဆာဂိုဏ်းက ရှေးဟောင်းကျမ်းတွေထဲမှာ ဖီးနစ်မျိုးနွယ်နဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီတစ်ခု ရှိတယ်.. အဲ့မှာပြောတာတော့ ဖီးနစ်မျိုးနွယ်က ခွန်အားအရာမှာ နဂါးတွေနဲ့တောင် နှိုင်းယှဉ်လို့ရတယ်တဲ့.. သူတို့က စကြာဝဠာတစ်ခုလုံးမှာ ကြောက်စရာအကောင်းဆုံးနဲ့ စွမ်းအားအကြီးဆုံး မီးတောက်တွေကို ပိုင်ဆိုင်ထားပြီးတော့ သက်ရှိတိုင်းကို ပြာချပစ်နိုင်တယ်တဲ့”

“ဖီးနစ်အထီးတွေကို ဖုန့်လိုခေါ်ပြီး ဖီးနစ်အမတွေကိုတော့ ဟွမ်လို့ ခေါ်တယ်တဲ့.. မသေနိုင်တဲ့နတ်ဖီးနစ်တွေလို့ခေါ်တဲ့ မူလသွေးမျိုးဆက်ဖီးနစ်တွေက ထာဝရဘုံကနေ ဆင်းသက်လာကြတာတဲ့.. သူတို့ကိုယ်သူတို့ တစ်ကြိမ်လောင်ကျွမ်းပြာချပစ်ပြီးတာနဲ့ ပြန်လည်မွေးဖွားလာပြီးတော့ သူတို့က ပိုပြီးတော့ သန်မာလာလိမ့်မယ်”

“အဲ့ဒါကြောင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပြောကြတာက ဖီးနစ်တွေက မီးတောက်ကနေ မွေးဖွားလာတဲ့ ထာဝရဘုံက သက်ရှိတွေတဲ့”

“အဲ့ဒီဆိုစကားတွေ ဒဏ္ဍာရီတွေကို ကြည့်မယ်ဆိုရင် နတ်ဖီးနစ်တွေက ဘယ်လောက်တောင် စွမ်းအားကြီးခဲ့သလဲ ပြောစရာတောင် မလိုတော့ဘူ”

နောက်ထပ်ချိတ်ပိတ်ထားသူတစ်ယောက်က ဝင်မေးလိုက်၏။

“စောစောက ဖီးနစ်နှစ်မျိုးက ဘာကွာလဲ”

ပဒေသရာဇ်နန်းတော်မှ ချိတ်ပိတ်ထားသူက ပြန်ဖြေပေးလိုက်၏။

“ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖော်ပြထားတာကတော့ ဖီးနစ်တွေက တစ်ကြိမ်မွေးဖွားပြီးတိုင်း အမြဲတမ်း တစ်ခုခုကို ချန်ထားရစ်ခဲ့ကြတယ်တဲ့.. ထာဝရဖုန့်က မီးတောက်တွေနဲ့ စိမ်ချိုးပြီးတိုင်း သူက နတ်ဖီးနစ်သွေးအဆီအနှစ်တစ်စက်ကို ချန်ထားရစ်ခဲ့တယ်တဲ့.. ထာဝရဟွမ်ကတော့ မီးတောက်တွေနဲ့ ‌စိမ်ချိုးပြီးရင် နတ်ဖီးနစ်အရိုးပိုင်းတစ်စကို ချန်ထားရစ်ခဲ့တယ်တဲ့”

ထိုနေရာအရောက်၌ လူတိုင်း၏ နှလုံးက ဒုတ်ကနဲ ခုန်သွားကြ၏။

သူတို့သည် နတ်ဖီးနစ်ကျွမ်းမှ ရောက်လာသောလူနှင့် ကြောက်စရာကောင်းသော မီးတောက်များပိုင်ဆိုင်ထားသည့် သွေးရိုးလက်ဝါးအကြားကို ဆက်စပ်ပြီးနောက် အမှန်တရားကို နီးကပ်စွာ ခန့်မှန်းမိလာကြလေသည်။

“ခင်ဗျားပြောချင်တာက သူ့ရဲ့ညာဘက်လက်က တစ်ကယ်တော့.. နတ်ဖီးနစ်ရဲ့ အရိုးပိုင်းပေါ့ ဟုတ်လား”

ချိတ်ပိတ်ထားသူတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။

ထိုကောက်ချက်ကသာ မှန်ကန်သည်ဆိုလျှင် နတ်ဖီးနစ်အရိုးက ကျင့်ကြံရေးလောကတစ်ခုလုံးမှာ အစားထိုးမရသော တန်ဖိုးအကြီးဆုံး ရတနာတစ်ခုပင်..

တည်ဆောက်မှုပုံသဏ္ဌာန်က စုတ်ပြဲသွားပြီး သွေးရိုးလက်ဝါးကို ဝါးမျိုခဲ့သော်လည်း ဟေဟာနယ်ထဲရှိ ကြမ်းကြုတ်သည့်စီးကြောင်းများက အဲ့ဒါကို ဘာကြောင့် မဖျက်ဆီးနိုင်တာလဲဆိုတာ သူတို့ သဘောပေါက်နားလည်လာကြလေသည်။

နတ်ဖီးနစ်အရိုးက အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်သောကြောင့် အဲ့ဒါက အဓိပ္ပါယ်ရှိလေသည်။

အဲ့ဒါကို ရဖို့ဆိုလျှင် စွမ်းအားကြီးမျိုးနွယ်စုခေါင်းဆောင်ကြီးများ‌တောင် လောဘတ်ကလာနိုင်လေသည်။

ရွှစ်.. ရွှစ်.. ရွှစ်..

ချိတ်ပိတ်ထားသူများသည် ကြိုတင်စည်းဝါးကိုက်ထားသည့်အလား ဆူဇီမို၏ ညာလက်ကို ဝိုင်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် အလိုရမ္မက်ကို ဖုံးဖိမထားနိုင်ကြပေ။

ချိတ်ပိတ်ထားသူများသည် ဘဝနေဝင်ခါနီးအချိန်သို့ ရောက်နေကြပြီဖြစ်သော်လည်း နတ်ဖီးနစ်အရိုးက သူတို့ကို နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေး၍ သူတို့၏ ဘဝသက်တမ်းကို ဆွဲဆန့်ပေးနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဆူဇီမိုသည် ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းမှ ချိတ်ပိတ်ထားသူကို သွေးရိုးလက်ဝါးဖြင့် သတ်ဖြတ်နိုင်ခဲ့သော်လည်း သူ၏ အတွင်းဒဏ်ရာများက အခုထိ သက်သာမလာနိုင်သေးဘဲ သူ၏ အသက်ဓါတ်က ယုတ်လျော့လာနေဆဲဖြစ်၏။ သူသည် လုံးဝကို ခြေကုန်လမ်းပန်းကျနေလေပြီ။

နတ်ဆိုးမကျိကလည်း သူနှင့် သိပ်ပြီး မကွာခြားလှပေ။

လူတိုင်းအတွက်တော့ ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့က သေလူများသာ။

သူတို့အားလုံးသည် နတ်ဖီးနစ်အရိုးကို ဆူဇီမို၏လက်မှ ဖြတ်ယူပြီးနောက် အခြားသူများနှင့် မည်သို့မည်ပုံ တိုက်ခိုက်လုယူထွက်ပြေးကြမည်ကိုသာ အတွေးရောက်နေကြလေသည်။

ထိုအချိန်တွင် လူသားဧကရာဇ်နန်းတော်၏ ဝင်ပေါက်မှ အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်လာပြီး ဆူဇီမိုအပေါ်သို့ ကျဆင်းလာလေသည်။

ကြီးမားသည့် စုပ်ယူအားက ဆူဇီမိုအပေါ် သက်ရောက်သွားပြီး သူသည် ဖြည်းဖြည်းချင်း လေထဲသို့ မြောက်တက်လာလေသည်။

“သွားတော့.. ရှင်အသက်ရှင်ခဲ့ရင်.. ကျမကို မှတ်မိနေသေးဖို့.. ကျမမျှော်လင့်..”

နတ်ဆိုးမကျိသည် ခေါင်းမထောင်နိုင်တော့ဘဲ အားနည်းသော ကလေးမလေးတစ်ယောက်ကဲ့သို့ ဆူဇီမိုကို မှီထားရလေသည်။ သူမ၏ မျက်လုံးများက ဝမ်းနည်းမှု၊ နှမြောတမ်းတပူဆွေးမှုတို့ဖြင့် ပြည့်နေသော်လည်း သူမက အားတင်းပြီး ပြုံးပြလိုက်၏။

All Chapters