လူသားဧကရာဇ်နန်းတော် အလျှော့ပေးရခြင်း
Vol. 31 Ch. 459
ဆူဇီမိုက ဘာမှပြန်မပြောသလို သူမကိုလည်း လွှတ်မပေးပေ။
သမိုင်းတစ်လျှောက်တွင်.. လူသားဧကရာဇ်နန်းတော်သည် ပေါ်လာပြီးနောက် အရိုက်အရာဆက်ခံသူ တစ်ယောက်တည်းကိုသာ အမြဲတမ်းရွေးချယ်ခဲ့လေသည်။
ယခုအခါ ဆူဇီမိုက နတ်ဆိုးမကျိကို လွှတ်ပေးလိုက်သည်နှင့် သူသည် လူသားဧကရာဇ်နန်းတော်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်နိုင်ပေလိမ့်မည်။
သို့သော်လည်း သူလွှတ်ပေးလိုက်သည်နှင့် သူမမှာ အသက်ရှင်ဖို့ အခွင့်အရေး လုံးဝမရှိတော့ကြောင်း သူသိထားလေသည်။
သူသည် နတ်ဆိုးမကျိကို ပေတေစွာနှင့် ဖက်ထားပြီး လွှတ်ချဖို့ ငြင်းဆန်နေလေသည်။
အခြားသူများအတွက်တော့ အဲ့ဒါက ဉာဏ်မရှိရာကျသော ရွေးချယ်မှု သို့မဟုတ် မိုက်မဲရာကျခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် သူတို့နှစ်ယောက်စလုံးက လေထဲမှာ ရပ်တန့်သွားပြီး အပေါ်သို့လည်း ဆက်မတက်၊ အောက်သို့လည်း ပြန်ကျမလာဘဲ တန့်နေလေသည်။
လူသားဧကရာဇ်နန်းတော်က အရိုက်အရာဆက်ခံသူ တစ်ဦးတည်းကိုသာ ရွေးချယ်မည်ဆိုသည်မှာ ပယ်ဖျက်လို့မရသော စည်းမျဉ်းဖြစ်လေသည်။
ယခုအခါ ဆူဇီမို၏ ရွေးချယ်မှုက လူသားဧကရာဇ်နန်းတော်၏ စည်းမျဉ်းကို စိန်ခေါ်နေခြင်း၊ လူသားဧကရာဇ်ကိုယ်တိုင်၏ စွမ်းအားကို စိန်ခေါ်နေခြင်းနှင့် တူလေသည်။
ထိုသည်ကိုကြည့်ပြီး ချိတ်ပိတ်ထားသူများသည် ကျေနပ်နှစ်ခြိုက်သွားကြ၏။
ဆူဇီမိုသာ လူသားဧကရာဇ်နန်းတော်ထဲကို အောင်အောင်မြင်မြင် ဝင်ရောက်သွားလျှင် သူတို့သည် နတ်ဖီးနစ်အရိုးအား ရနိုင်မည့်အခွ့င်အရေးကို လွဲချော်သွားရပေတော့မည်။
“ဘယ်လောက်တောင် မိုက်မဲလိုက်လဲကွာ.. ဘာက သူ့အတွက် ပိုကောင်းတယ်ဆိုတာ နားမလည်ဘူးပဲ” ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်၏။
နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကလည်း ခေါင်းခါပြီး သက်ပြင်းချလိုက်၏။
“အဲ့ဒီအရူးဓါးသွားက အင်မတန် ပါးရည်နပ်ရည်ရှိတဲ့သူလို့ ငါထင်ထားတာကွာ”
“အဲ့လိုတော့ ပြောလို့ မရဘူးလေကွာ.. ဒီလိုမျိုး ရွေးချယ်ဖို့ဆိုတာလဲ တော်ရုံတန်ရုံ သတ္တိနဲ့ မရနိုင်ဘူးကွ”
သူသာ လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်နိုင်ခဲ့လျှင် သူသည် အသက်ရှင်နိုင်ရုံသာမက.. လူသားဧကရာဇ်၏ အမွေအနှစ်ကိုလည်း ရရှိနိုင်လေသည်။ ဒီလောက်ကောင်းသည့် အခွင့်အရေးကို ဘယ်လိုလူက ငြင်းဆန်နိုင်မှာလဲ။
“ကျမကို လွှတ်လိုက်တော့”
နတ်ဆိုးမကျိက မျက်မှောင်ကြုတ်ထား၏။ သူမ၏ မျက်ခွံက အရမ်းကို လေးလံနေပြီး ဆူဇီမို၏ မျက်နှာကိုတောင် သေချာရှင်းလင်းစွာ မမြင်ရတော့ပေ။ သူမ၏ အသံတွင် စိတ်ရှုပ်ထွေးမှုကပါ ရောပါလာလေသည်။
“ဘာမှ မလုံမလဲ မဖြစ်ပါနဲ့.. ငါမင်းကို ကယ်နေတယ်ဆိုတာ.. မင်းလဲ အရင်က ငါ့ကို ကယ်ခဲ့ဖူးလို့ပါ.. မင်းကြောင့်သာမဟုတ်ရင် ငါ့ကို ဟိုသောက်ဘုန်းကြီးလို့ သေတာ ကြာနေလောက်ပြီ.. ငါက အခုမှ အဲ့ဒါကို ပြန်ပေးဆပ်နေရတာ...”
ဆူဇီမိုက ဆက်မပြောတော့ပေ။
“ကျမကို.. လွှတ်ပေးတော့လို့”
သူက ဆိတ်ဆိတ်နေဆဲဖြစ်၏။
သို့သော်လည်း သူမကိုဖက်ထားသည့်လက်က ပိုလို့တောင် တင်းကျပ်လာသည်ကို နတ်ဆိုးမကျိ ခံစားမိနေလေသည်။
လူသားဧကရာဇ်နန်းတော်နှင့် သူတို့နှစ်ယောက်က လေထဲမှာ လွန်ဆွဲနေကြ၏။
ကျန်ရှိနေသော ချိတ်ပိတ်ထားသူအချို့ကလည်း ရောက်လာကြလေပြီ။
သူတို့နှစ်ယောက်သည် လမ်းဆုံးကို ရောက်နေကြပြီဖြစ်ပြီး ပြန်လှန်တိုက်ခိုက်ဖို့ခွန်အား လုံးဝမကျန်ရှိတော့ပေ။ သူတို့၏ ရွှေအမြုတေစွမ်းအားကို မထုတ်ဖော်လျှင်တောင် ချိတ်ပိတ်ထားသူများက သူတို့နှစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။
“သေစမ်း”
အရင်ဆုံး ရောက်လာသူမှ ဓါးဂိုဏ်းမှ ချိတ်ပိတ်ထားသူ ဖြစ်လေသည်။
“ဇီ”
ဓါးအော်သံက ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်းဓါးအလင်းတန်းတစ်ခုက ပျံသန်းထွက်သွားလေသည်။ အဲ့ဒါက ဆူဇီမို၏ သေကွင်းသေကွက်ကို မချိန်ရွယ်ဘဲ သူ၏ လက်ကောက်ဝတ်ကို ဖြတ်တောက်ဖို့အတွက်သာ ဖြစ်လေသည်။
ဆူဇီမိုသည် လှုပ်ရှားခြင်းမရှိဘဲ ထိုဓါးကို ကြည့်နေလိုက်၏။
လက်ရှိ သူ့အခြေအနေအရ ဓါးဂိုဏ်းမှ ချိတ်ပိတ်ထားသူ မပြောနှင့်.. ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ကတောင် သူ့ကို သတ်နိုင်လေသည်။
ရွှစ်..
ဓါးအလင်းသည် လူသားဧကရာဇ်နန်းတော်မှ မီးမောင်းထိုးထားသော အလင်းတိုင်ကြီးကို ရိုက်ခတ်သွားပြီးနောက် ဝဲဂယက်တစ်ခုသာထကာ ချက်ချင်းပျောက်ကွယ်သွားလေသည်။
ဆူဇီမိုက ထိခိုက်မှု မရှိပေ။
“ဟမ့်”
ထိုသည်ကိုကြည့်ပြီး ချိတ်ပိတ်ထားသူများသည် ထိတ်လန့်သွားကြ၏။
ရုတ်တရက်ဆိုသလို..
အဲ့ဒါက မကျေနပ်သည့်အလား.. အလင်းတိုင်ကြီးက တောက်ပစွာ တဖျတ်ဖျတ်တလက်လက်နှင့် လင်းလက်လာလေသည်။
ထိုအလင်းတိုင်ကြီးထဲမှ မရေမတွက်နိုင်သော အလင်းတန်းများက ခွဲဖြာထွက်လာပြီး ဓါးဂိုဏ်းမှ ချိတ်ပိတ်ထားသူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားလေသည်။
ဖောက်.. ဖောက်.. ဖောက်..
လတ်ဆတ်သော သွေးများက ဆက်တိုက် ပန်းထွက်လာ၏။
အလင်းတန်းများကြောင့် ချိတ်ပိတ်ထားသူ၏ ခန္ဓာကိုယ်က စကာပေါက်ဖြစ်သွားပြီး နောက်ခဏ၌ သူသည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားကာ အလောင်းတောင် မကျန်ရစ်ခဲ့တော့ပေ။
ထိုသည်ကိုကြည့်ပြီး ကျန်ရှိနေသော ချိတ်ပိတ်ထားသူများသည် တုန်လှုပ်ကာ လန့်ဖျပ်ကုန်ကြ၏။
သူတို့အထဲတွင် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ချိတ်ပိတ်ထားသူသည် အလင်းတိုင်ဆီသို့ သူ၏ လျှို့ဝှက်ပညာရပ်နှင့် ပစ်လွှတ်တိုက်ခိုက်ပြီးပြီဖြစ်ပြီး အချိန်မီ မရပ်တန့်နိုင်တော့ပေ။
အလင်းတိုင်က အနည်းငယ် တုန်ခါသွားပြီးနောက် မရေမတွက်နိုင်သော အလင်းတန်းလေးများကို နောက်တစ်ဖန် ထပ်လွှတ်လိုက်လေသည်။
ထိုချိတ်ပိတ်ထားသူ၏ ပြတ်သားစွာနှင့် မာန်ဖီဟိန်းဟောက်၍ သူ၏ ရွှေအမြုတေအဆင့် စွမ်းအားကို ချက်ချင်းထုတ်ဖော်ကာ သူ့ရှေ့က အလင်းတန်းများနှင့် တိုက်ခိုက်ဖို့ ကြိုးစားလိုက်လေသည်။
ဝုန်း..
သူသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ ချက်ချင်းသေသွားလေသည်။
အခြားသူများသည် သူတို့၏ ခြေလှမ်းများကို ကပျာကယာ ရပ်တန့်၍ ဆက်လက်မနေရဲတော့ဘဲ ထွက်ပြေးကုန်ကြလေသည်။
သူတို့သည် လူသားဧကရာဇ်နန်းတော်အစပ်ကို ကျော်လွန်ပြီးမှသာ ကြောက်လန့်နေဆဲ မျက်နှာများနှင့် ပြန်လှည့်ကြည့်လိုက်ကြ၏။
အမျိုးသားနှင့် အမျိုးသမီးက အလင်းတိုင်ကြီးအတွင်းမှာ ရပ်တန့်နေကြဆဲဖြစ်ပြီး အတူတကွ မခွဲနိုင်မခွာနိုင် ဖက်တွယ်ထားကြ၏။
ချိတ်ပိတ်ထားသူများသည် မကျေမချမ်းနှင့် သုန်မှုန်စွာ ကြည့်လိုက်ကြ၏။
လက်ရှိအခြေအနေအရ သူတို့သည် ထိုနတ်ဖီးနစ်အရိုးကို ရယူနိုင်ကြတော့မည် မဟုတ်ပေ။
“နောက်ထပ် နဲနဲလောက် ထပ်စောင့်လိုက်ရအောင်.. အခွင့်အရေးတစ်ခု ပေါ်ရင်ပေါ်လာဦးမှာပေါ့”
ခဏနေပြီးနောက် လိုဏ်ခေါင်းကျောင်းတော်မှ ချိတ်ပိတ်ထားသူက သူ့ကိုယ်သူ ဣန္ဒြေဆယ်၍ ဝင်းလဲ့သောအကြည့်နှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဟုတ်တယ်”
ပဒေသရာဇ်နန်းတော်မှ ချိတ်ပိတ်ထားသူက တည့်တံ့စွာ ပြောလိုက်၏။
“သူက အခြေတည်အဆင့်လေးနဲ့များ လူသားဧကရာဇ်နန်းတော်ကို စိန်ခေါ်ရဲသေးတယ်.. သူက ကျရှုံးမှာပဲ.. ဒီအတိုင်းသာဆက်သွားရင် သူတို့နှစ်ယောက်စလုံးက သေချာပေါက် သေရလိမ့်မယ်”
ချိတ်ပိတ်ထားသူအချို့သည် သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
သူတို့နှစ်ယောက်သာ သေသွားလျှင် နောက်ထပ် အရိုက်အရာဆက်ခံသူအသစ်ကို ရှာဖွေဖို့အတွက် လူသားဧကရာဇ်နန်းတော်က ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုအချိန်တွင် နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူသည် လူသားဧကရာဇ်နန်းတော်၏ ကာကွယ်မှုကို ရရှိတော့မည် မဟုတ်ပေ။
အခုလောလောဆယ်မှာတော့ ချိတ်ပိတ်ထားသူများအားလုံး လုပ်နိုင်သည်မှာ စောင့်ဆိုင်းဖို့သာလျှင်..
နတ်ဆိုးမကျိသည် ဆူဇီမို၏ ရင်ခွင်ကိုမှီ၍ မလှုပ်မယှက် ငြိမ်သက်နေ၏။ သူမက သေပြီလား၊ အသက်ရှင်သေးလားဆိုတာတောင် မသိရတော့ပေ။
ဆူဇီမို၏ အော်ရာကလည်း တဖြည်းဖြည်းနှင့် အားနည်းလာနေ၏။
သူက ခေါင်းကိုမော့၍ လူသားဧကရာဇ်နန်းတော်၏ ဆန်းကြယ်သောဝင်ပေါက်ကို မျက်စိမှေးပြီး ပြတ်သားစွာ စိုက်ကြည့်နေ၏။ သူက ဘယ်တော့မှာ အလျှော့မပေးမည့်ပုံပင်။
အတော်အတန် ကြာလာပြီးနောက်..
ဆူဇိမိုသည် တဖြည်းဖြည်းနှင့် သူ၏ အသိစိတ် ပျောက်ဆုံးတော့မည့်ဆဲဆဲမှာပင်.. လေထဲမှာ ပြောင်းလဲမှုတစ်ခုက ဖြစ်ပေါ်လာလေသည်။
သူတို့နှစ်ယောက်ကို တစ်စုံတစ်ရာက ဆွဲယူမတင်လိုက်သည့်အလား သူတို့က ဖြည်းဖြည်းချင်း စတင်၍ မြောက်တက်သွားကြလေသည်။
နောက်ခဏ၌ သူတို့နှစ်ယောက်သည် လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားကြလေသည်။
အဲ့ဒီမှာ သုတ္တန်တစပြင်လို တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ထိုသည်ကို ကြည့်ပြီး လူတိုင်းသည် ကြက်သေသေ မှင်တက်ကာ အသက်ရှူဖို့တောင် မေ့ကုန်ကြလေသည်။
“ဘယ်.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ”
အတန်ကြာပြီးနောက် လိုဏ်းခေါင်းကျောင်းတော်မှ ချိတ်ပိတ်ထားသူ၏ သတိလက်လွတ်ပုံစံနှင့် မျက်လုံးပြူးကာ ရေရွတ်လိုက်လေသည်။
“လူသားဧကရာဇ်နန်းတော်က တစ်ကယ်ပဲ အလျှော့ပေးလိုက်ရတာလား”
ပဒေသရာဇ်နန်းတော်မှ ချိတ်ပိတ်ထားသူက ခါးသက်သက် လှောင်ရယ်လိုက်၏။
လူသားဧကရာဇ်နန်းတော်က အသိစိတ်ရှိပြီး လူသားဧကရာဇ်၏ စိတ်ဆန္ဒကို ပိုင်ဆိုင်ထားလေသည်။
သမိုင်းတစ်လျှောက်တွင် လူသားဧကရာဇ်က အသန်မာဆုံးဧကရာဇ်ဖြစ်ပြီး ပြိုင်ဘက်ကင်းလေသည်။ လူသားဧကရာဇ်နန်းတော်က ထိုပုဂ္ဂိုလ်ကြီးကို ကိုယ်စားပြုမှတော့ အဲ့ဒါက ဘယ်လိုလုပ်ပြီး ဦးညွှတ်နိုင်၊ အလျှော့ပေးနိုင်ပါ့မလဲ။
ဒါ့အပြင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်မျှနှင့်ဆိုလျှင် ပိုလိုတောင် မဖြစ်နိုင်သေးသည် မဟုတ်ပါလား။
သူတို့ကိုယ်တိုင် မြင်တွေ့ရခြင်းကြောင့်သာ မဟုတ်လျှင် ဘယ်သူကမှ အဲ့ဒါကို ယုံကြလိမ့်မည် မဟုတ်ပေ။
အဲ့ဒါက သနားသွားတာလား.. ဒါမှမဟုတ် အခြားအကြောင်းပြချက်တစ်ခုခုကြောင့်လား။
မည်သူမှ မသိနိုင်ကြပေ။
လူသားဧကရာဇ်နန်းတော်၏ ဝင်ပေါ်က တင်းကျပ်စွာ ပိတ်သွား၏။
ဝုန်း.. ဝုန်း.. ဝုန်း..
ရှေးဟောင်းနန်းတော်ကြီးသည် လှုပ်ခါသွားပြီး ဖုန်မှုန့်များက တထောင်းထောင်းထကာ လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်၍ တိမ်များကြား တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။
တိမ်စိုင်များက ပျက်ပြယ်လာပြီး မိုးကြိုးမုန်တိုင်းက စဲသွားကာ နွေးထွေးသော နေရောင်ခြည်က ဖြာကျလာလေသည်။
ကောင်းကင်က တစ်ဖန်ပြန်လည် ကြည်လင်တောက်ပသွား၏။
ချိတ်ပိတ်ထားသူများအားလုံး၏ ရင်ထဲမှာတော့ မြူခိုးများက ဝေနေဆဲ ဖြစ်လေသည်။