သမိုင်းဝင်ပြန်လည်ဝင်စားမွန်းစတား
Vol. 31 Ch. 460
လူသားဧကရာဇ်နန်းတော်က ပျောက်ကွယ်သွားသည်မှာ ကြာလေပြီ။
သို့သော် အသက်ရှင်ကျန်ရစ်ခဲ့ကြသော ပြိုင်စံရှားများနှင့် ချိတ်ပိတ်ထားသူများသည် ထိုအရပ်မျက်နှာဘက်သို့ အတော်ကြာသည့်အထိ ငေးကြည့်၍ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့သည် ရင်ထဲမှာ ရှင်းမပြတတ်သော မကျေမချမ်းမှုကို ခံစားနေရလေသည်။
“အဲ့လူက.. သေသွားမှာပါ.. ဟုတ်တယ်မလား”
အတန်ကြာပြီးနောက် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ပြိုင်စံရှားက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေးလိုက်၏။
ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့က ခေါင်းညိတ်လိုက်၏။
“သူ သေမှာပါ”
ခဏနေပြီးနောက် သူ့ကိုယ်သူ ပိုမိုခိုင်မာအောင် ကြိုးစားချင်နေသည့်အလား ဖန်းယွဲ့က ထပ်ပြောလိုက်၏။
“သူက သေကို သေမှာပဲ”
“ဟုတ်တယ်.. သူက ကျိန်းသေပေါက် သေရမယ်”
“သူ့ဒဏ်ရာတွေက တော်တော် အခြေနေဆိုးနေပြီးသားပဲ.. သေသူကို ပြန်အသက်သွင်းနိုင်တဲ့ နတ်သိကြားနည်းလမ်းမျိုးသာ မရှိဘူးဆိုရင် သူက သေဖို့ သေချာပြီးသားပဲ”
“အမှန်ပဲ.. လူသားဧကရာဇ်နန်းတော်က အမွေအနှစ်ကို လက်ဆင့်ကမ်းပေးဖို့ အတွက်ပဲလေ.. အဲ့ဒီမှာ ဘယ်လိုလုပ်ပြီး သူ့အသက်ကို ကယ်တင်နိုင်မယ့် မှော်ဆန်တဲ့နည်းလမ်းတွေ ရှိနေမှာလဲ”
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ပြိုင်စံရှားများသည် သူတို့ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသည့်အလား စိတ်သက်သာပေါ့ပါးစွာ သက်ပြင်းချလိုက်ကြ၏။ သူတို့အားလုံး၏ အမူအယာက ပြေလျော့သွားပြီး ညင်သာစွာ ပြုံးလိုက်ကြ၏။
ချိတ်ပိတ်ထားသူများက အကြည့်ချင်းဖလှယ်၍ မှင်သေသေအမူအယာနှင့်သာ ရှိနေကြ၏။ သူတို့သည် တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက် စိုးရိမ်ပူပန်မှုကို မြင်နေကြလေသည်။
သူတို့သည် နှစ်ပေါင်းရာနှင့်ချီ၍ ရှင်သန်နေထိုင်လာခဲ့ကြသော လူအိုကြီးများ ဖြစ်ကြ၏။ သူတို့၏ ဂျူနီယာများ၏ ကောက်ချက်နှင့် တုံ့ပြန်မှုများက သူတို့ကိုယ်သူတို့ စိတ်သက်သာရဖို့ ဖြေသိမ့်နေကြသော မုသားများသာဖြစ်ကြောင်း သူတို့ ခံစားမိလေသည်။
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူက အသက်ရှင်လျက် ရှိ၊ မရှိကို သူတို့တောင်မှ သေချာမသိပေ။
လူသားဧကရာဇ်နန်းတော်၏ အတွင်းမှာ ဘာတွေရှိသလဲဆိုတာ မည်သူမှ မသိရသောကြောင့် ဖြစ်လေသည်။
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူက လူသားဧကရာဇ်နန်းတော်ထဲမှာ သေသွားခဲ့သည်ဆိုလျှင် ကိစ္စမရှိပေ။ ထိုသို့မဟုတ်ဘဲ သူက ရှင်သန်၍ ပြန်လည်မွေးဖွားလာမည်ဆိုလျှင်တော့...
အခြားအရာများကို အသာထား.. ဒီတစ်ခေါက် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာခဲ့ကြသော ပြိုင်စံရှားများတွင် မည်သူမှ သူ့ကို မယှဉ်နိုင်ကြပေ။ ဟန်ချိုးယွီ၊ ဖန်းယွဲ့နှင့် ကိုယ်တော်ကြွယ်ချမ်းတို့လို ကြမ်းလှပါသည်ဆိုသော ပြိုင်စံရှားများ အပါအဝင် ဖြစ်လေသည်။
ထို့ကြောင့်ပင် ပြိုင်စံရှားများအားလုံးက သူ့ကို လန့်နေကြခြင်း ဖြစ်လေသည်။
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူက အသက်ရှင်နေသေးလျှင် သူတို့နှင့် လာတိုက်ခိုက်နေဦးမည်ကို စိုးရိမ်သောကြောင့် သူ့ကို သေသွားဖို့ မျှော်လင့်ကာ သူတို့ကိုယ်သူတို့ နှစ်သိမ့်နေကြခြင်း ဖြစ်လေသည်။
ဤတိုက်ပွဲတွင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများသည် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ကြရပြီး သူတို့၏ ယုံကြည်မှုနှင့် မာန်မာနတို့က ဖျက်ဆီးခံလိုက်ရလေသည်။
သန့်စင်နှလုံးသားသီလရှင်ကျောင်းမှ ချိတ်ပိတ်ထားသူက တီးတိုးရေရွတ်လိုက်၏။
“သူတို့က ဒီလောက်ကြောက်စရာကောင်းတဲ့ ပြိုင်စံရှားတစ်ယောက်ကို မွေးထုတ်ပေးလိုက်နိုင်တယ်ဆိုတော့ သူတို့က ထင်ပေါ်တောက်ပလာတော့မယ့် လက္ခဏာပဲ.. နတ်ဖီးနစ်ကျွန်းရဲ့ ဒီဘက်မျိုးဆက်က တစ်ဖန်ပြန်ပြီး မြင့်တက်လာကြဦးမှာပါလား”
“သူ့ကို ပြိုင်စံရှားတစ်ယောက်လို့တောင် ထပ်ပြီး မခေါ်သင့်တော့ဘူး”
“အမှန်ပဲ သူ့ရဲ့ပါရမီအလားအလာ၊ သတ္တိဗျတ္တိနဲ့ နည်းလမ်းတွေအရဆို သူ့ကို ပြန်ဝင်စားမွန်းစတားလို့တောင် ခေါ်လို့ ရနေပြီ”
“အဲ့ဒါတင် ဘယ်ကမလဲ.. သမိုင်းတစ်လျှောက်မှာတောင် သူက တစ်ကယ့်ကို ရှားရှားပါးပါး ပြန်ဝင်စားမွန်းစတားပဲ”
ဤသတင်းကသာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ပျံ့နှံ့သွားခဲ့လျှင် ဘယ်လောက်တောင် အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြဦးမလဲဆိုတာ ချိတ်ပိတ်ထားသူအချို့ မြင်ယောင်တွေးတောနေကြလေသည်။
ဤအဖြစ်အပျက်ကြောင့် ကျင့်ကြံရေးလောကတစ်ခုလုံးက လှုပ်ခတ်သွားပေဦးတော့မည်။
“အဲ့ဒါ အမှန်ပဲ”
လိုဏ်ခေါင်းကျောင်းတော်မှ ချိတ်ပိတ်ထားသူက တည်ငြိမ်စွာ ပြောလိုက်၏။
“သူ့ဟာသူ ဘယ်လောက်ပဲ သန်မာပါစေ.. သူက အခုမှ အခြေအတည်အဆင့်ပဲ ရှိသေးတာမလား.. သူ့အနာဂတ်ကလဲ ဘာမှန်းမသိရသေးဘူး.. ငါတို့ဂိုဏ်းတွေက ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေနဲ့ဆို ငါတို့ဆီမှာလဲ ရှားရှားပါးပါး ပြန်ဝင်စားမွန်းစတားတွေ ရှိလာနိုင်တာပဲမလား”
လူတိုင်းသည် ထွေရာလေးပါး စကားအနည်းငယ် ပြောပြီးနောက် လူစုခွဲလိုက်ကြ၏။
တိုက်ပွဲနေရာတွင် အလောင်းများကတော့ မြင်မကောင်းအောင် ပုံထပ်၍ ကျန်ရစ်ခဲ့လေသည်။
တစ်လကြာပြီးနောက်..
ရွှမ်ထျန်းမြို့တွင်..
ရောက်ရှိလာသောသတင်းက အကုန်လုံးကို အုန်းအုန်းကျက်ကျက် ဖြစ်သွားစေလေသည်။
“နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားနဲ့ မိစ္ဆာဂိုဏ်းတို့ရဲ့ ဒီဘက်မျိုးဆက် စင်ကြယ်အပျိုစင်က လူသားဧကရာဇ်နန်းတော်ထဲကို ဝင်သွားခဲ့ပြီး သူတို့ရဲ့ ကံကြမ္မာက ဘာမှန်းမသိရသေးဘူးတဲ့”
“မင်းတို့တွေ အဲ့သတင်းကို ဘယ်က ရလာတာလဲ.. အဲ့ဒါက သတင်းအမှားကြီးပဲ နေမှာပါကွာ.. သမိုင်းအစဉ်အဆက်မှာ လူသားဧကရာဇ်နန်းတော်က လူတစ်ယောက်ကိုပဲ ဝင်ခွင့်ပြုတာမလား.. သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး အတူဝင်လို့ ရနိုင်မှာလဲ”
“အဲ့ဒါက လုံးဝအမှန်ကွ.. ငါ့ရဲ့စီနီယာအစ်ကိုက အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ.. လူသားဧကရာဇ်နန်းတော်အောက်မှာ အလောင်းတွေက တောင်လိုပုံပြီး သွေးတွေက မြစ်လိုစီးနေတာပဲတဲ့.. အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက ပြိုင်စံရှားထက်ဝက်လောက်က သေကုန်ပြီး ကျန်တဲ့တချို့တဝက်ကလည်း ဒုက္ခိတတွေ ဖြစ်ကုန်ကြတယ်တဲ့”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲကွာ.. သူတို့ရဲ့ ချိတ်ပိတ်ထားသူတွေကရော ဘာလုပ်နေကြလို့လဲ”
“ချိတ်ပိတ်ထားသူတွေလဲ သေကုန်ကြတယ်တဲ့”
“ငါကြားတာတော့ နောက်ဆုံးမှာ ချိတ်ပိတ်ထားသူအချို့က အတူလက်တွဲ ပူးပေါင်းပြီးတော့ အဲ့ဒီနတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားကို ဝိုင်းပြီး တိုက်ကြတာတောင် သူတို့က ပြန်သတ်ခံလိုက်ရတယ်တဲ့”
“ဟာ အဲ့ဒါတော့ တော်တော်ကြီး ကြမ်းသွားပြီ.. အဲ့လူရဲ့နာမည်က ဘာတဲ့လဲ”
“အရူးဓါးသွားတဲ့”
ယန်ဆေးဂိုဏ်းအဖွဲ့၏ စခန်းချရာနေရာတွင် နှစ်ထပ်အိမ်တော်လေးတစ်လုံးရှိပြီး ထန်ယုက ပြတင်းပေါက်တစ်ခုရှေ့တွင် မတ်တပ်ရပ်နေ၏။ သူမ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မျက်မှောင်အနည်းငယ်ကြုတ်ထားကာ အတွေးနက်နေလေသည်။
လူသားဧကရာဇ်နန်းတော်၏ သတင်းက အမှန်တစ်ကယ်ကို တုန်လှုပ်စရာ ကောင်းလေသည်။
သို့သော်လည်း သူမ ပို၍ စိုးရိမ်မိသည်မှာ ဆူဇီမို၏ အခြေအနေပင်။
အထူးဆန်းဆုံးအရာမှာ သူမသည် အရင်းအမြစ်များစွာမှ သတင်းအချက်များကို စုဆောင်းကြည့်သော်လည်း ဆူဇီမိုသည် လေထဲမှာ ပျောက်ကွယ်သွားသည့်အလား သူ့ကို မြင်တွေ့ခဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပေ။
ဦးလေးလျန့်သည် ထန်ယု၏ စိတ်ကို ခန့်မှန်းမိပြီး ပြုံး၍ ပြောလိုက်၏။
“သခင်လေး ဘာမှ စိုးရိမ်မနေပါနဲ့.. ဆူဇီမိုရဲ့ နည်းလမ်းတွေအရဆို သူက မနိုင်ရင်တောင် သေချာပေါက် အသက်ရှင်လျက် ထွက်ပြေးနိုင်ပါတယ်”
“အင်း”
ထန်ယုက ခေါင်းညိတ်လိုက်၏။
“ကျုပ်ကလဲ သူ့ကို အရမ်းစိုးရိမ်မနေပါဘူး.. ဒါပေမယ့် စဉ်းစားလို့မရ ဖြစ်နေတာ.. သူ့ရဲ့ စိတ်နေစရိုက်အရဆို သူက လူသားဧကရာဇ်နန်းတော်အမွေအနှစ်လုပွဲမှာ ဝင်တိုက်မှာပဲ.. ဘယ်လိုဖြစ်ပြီး သူ့သတင်းက အစအန ပျောက်နေရတာလဲ”
အချို့သော လူတွေမှာ.. သူတို့၏ အမူအကျင့်က ပြောင်းလဲလို့ မရပေ။
ရွှမ်ထျန်းမြို့ထဲသို့ ဝင်ရောက်လာကတည်းက ဆူဇီမိုသည် နေရာတစ်ခုလုံးကို ဗြောင်းဆန်အောင် မွှေနှောက်နေခဲ့၏။
ပထမဆုံး ဖယ်ရှားရှင်းလင်းခံရသည်မှာ သားရဲစီးဓါးပြလေးဦးဖြစ်ပြီး အဆိပ်ဂိုဏ်းသည် နောက်က လိုက်လေသည်။ ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့ကဲ့သို့သော အံ့မခန်းအခြေခံအုတ်မြစ်များနှင့် ထိပ်သီးဂိုဏ်းကြီးများကိုတောင် သူက ဖယ်ထုတ်ရှင်းလင်းပစ်ခဲ့လေသည်။
အဲ့လိုမျိုး တိုက်ပွဲဆာလောင်ပြီး စီးပိုးခြယ်လှယ်နိုင်စွမ်းရှိသည့် ကျင့်ကြံသူတစ်ယောက်၏ သတင်းက ဘယ်လိုဖြစ်ပြီး အစအန ပျောက်နေရတာလဲ။
“ဦးလေးလျန့်.. ကျုပ်ကြားတာတော့ အဲ့ဒီနတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားရဲ့နာမည်က အရူးဓါးသွားတဲ့.. သူက ဆူဇီမိုများ ဖြစ်နေမလားလို့ ကျုပ်တော့ သံသယဝင်နေမိတယ်”
ထန်ယုက အေးစက်စွာ ပြောလိုက်၏။
“သူတို့နှစ်ယောက်စလုံးက ဆေဘာကို သုံးကြတယ်.. ပြီးတော့ တည်ငြိမ်ပင်လယ်ကျမ်းကိုလဲ တတ်မြောက်ထားကြတယ်.. နောက်ပြီး သူတို့နှစ်ယောက်စလုံးက ဆူနာမီသွေးအဆင့်ရှိပြီး မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တွေလဲ ဖြစ်...”
“မဖြစ်နိုင်ပါဘူး”
ဦးလေးလျန့်က ခေါင်းခါလိုက်၏။
“သူတို့နှစ်ယောက်စလုံးက ဆေဘာသုံးကြတယ်ဆိုပေမယ့်.. ဆူဇီမိုမှာ ရှိတာက ပကတိအဆင့်သွေးသောက်သူ၊ နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားကိုင်တာကတော့ ထိပ်တန်းအဆင့်ဆေဘာတစ်သာလက်ပဲ.. နောက်ပြီး ပြောကြတာက အဲ့လူက အရပ်ကြီး ဂလန်ဂလား ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်ကကြမ်းကြမ်းနဲ့တဲ့.. သူတို့နှစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်က အရမ်းကို ခြားနားနေတယ်”
ထန်ယုက ခေါင်းညိတ်လိုက်၏။
သူတို့နှစ်ယောက်မှာ တူညီသည့်အချက်အလက်များ ရှိသော်လည်း ခြားနားချက်များကလည်း ပိုလို့တောင် များနေသေး၏။
ဦးလေးလျန့်က ဆက်ပြော၏။
“နောက်ပြီး ဆူဇီမိုက သန်မာလှတယ် ဆိုပေမယ့်လို့.. ချိတ်ပိတ်ထားသူအချို့ကို မပြောနဲ့.. အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေအကုန်လုံးကို လှဲချနိုင်တဲ့အထိတော့ မဟုတ်သေးဘူး”
ဟိုအရင် ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနယ်မြေမှာတုန်းက ဆူဇီမိုသည် ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူကို ငါးစားချမျှား၍ သတ်နိုင်ဖို့အတွက် အချိန်အတော်ပေး၍ ကြိုးစားအားထုတ်ခဲ့ရလေသည်။
တစ်ကယ်တမ်း တိုက်ခိုက်ရည်မှာဆိုလျှင်တော့ ဆူဇီမိုက ချိတ်ပိတ်ထားသူတစ်ယောက်ကိုတောင် မယှဉ်နိုင်သေးပေ။
သို့သော်လည်း နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတားကတော့ ချိတ်ပိတ်ထားသူအချို့နှင့် ယှဉ်တိုက်ခိုက်ခဲ့ပြီး သူတို့ကို ပြန်လှန်၍တောင် သတ်ဖြတ်ခဲ့သေး၏။ သူတို့နှစ်ယောက်ကြား ကွာဟချက်က ကြီးမားနေသေးလေသည်။
ထန်ယုက ခေါင်းညိတ်လိုက်၏။
“ဘာပဲဖြစ်ဖြစ်ပါလေ.. တာအိုရောင်းရင်းဆူ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာဖို့တော့ မျှော်လင့်ရတာပဲ”
အိမ်တော်တစ်ခု၏ ဝင်ပေါက်ဝ၌ ကျောက်လှေကားတစ်ခုပေါ်တွင် ဆူရှောင်းနင်သည် စိုးရိမ်ပူပန်နေသော အမူအယာနှင့် ဒူးနှစ်ဖက်ကို ပိုက်၍ ထိုင်နေ၏။
သူမ၏ ဘေးတွင် နက်မှောင်နေသော သားရဲတောကောင်တစ်ကောင် ရှိနေ၏။ သူ၏ တစ်ဝက်သာသာ ဖွင့်ထားသော မျက်လုံးထဲတွင် အေးစက်စက်အလင်းက လက်နေ၏။ သူကတော့ ရှောင်းနင်ကို စောင့်ရှောက်ပေးနေသော ညဝိညာဉ်ပင် ဖြစ်လေသည်။
“ဟင်း”
ရှောင်းနင်က ညင်သာစွာ သက်ပြင်းချ၍ တီးတိုးရေရွတ်လိုက်၏။
“မြို့ထဲက ကျင့်ကြံသူတွေ အကုန်လုံးကလဲ အဲ့ဒီနတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတား အရူးဓါးသွားအကြောင်းပဲ ပြောနေကြတယ်.. ဒါပေမယ့် အကိုလေးရဲ့ သတင်းကတော့ ဘာမှ မကြားရပါလား.. သူ အခုနေ ဘာတွေများ လုပ်နေမလဲ ငါလဲ မစဉ်းစားတတ်တော့ဘူး”
“ဂီ..”
ညဝိညာဉ်က သူ့မျက်လုံးကိုဖွင့်ပြီး ပျင်းရိလေးတွဲ့စွာ သန်းဝေလိုက်၏။
ရှောင်းနင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“အကိုလေးက အဆင်ပြေတယ်လို့ နင်က ပြောချင်တာလား.. နင်က ဘယ်လိုလုပ်ပြီး သိတာလဲ.. နင်က ငါနဲ့အတူ တစ်ချိန်လုံး ရှိနေတာလေ.. နင်လဲ ဘာသတင်းမှ မရဘူးမလား”
ညဝိညာဉ်က ထထိုင်လိုက်ပြီး လူသားတစ်ယောက်ကဲ့သို့ လက်ဟန်ခြေဟန် အမူအယာနှင့်ပြကာ အသံပြုပြလိုက်၏။
ရှောင်းနင်သည် မျက်လုံးပြူးသွား၏။
အခြားသူများ နားလည်မည် မဟုတ်သော်လည်း ညဝိညာဉ်ပြောတာကို သူမ နားလည်လေသည်။
သူမသည် ရင်ထဲဒုတ်ကနဲ ခုန်သွားပြီး အံ့အားတသင့် ပြောလိုက်၏။
“နင်ပြောချင်တာ အဲ့ဒီအရူးဓါးသွားက...”
ညဝိညာဉ်က တိတ်တိတ်နေရန် လက်ဟန်ဖြင့် အချက်ပြလိုက်၏။
ရှောင်းနင်သည် ချက်ချင်း သတိပြန်ကပ်သွားပြီး သူမ၏ ချယ်ရီနှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်၏။ ချက်ချင်းပင် သူမ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွားပြီး ပန်းချီကားထဲက လပြည့်ဝန်းကဲ့သို့ ဝင်းလက်သွားလေသည်။