← Chapters

ပြန်လည်ရှင်သန်လာခြင်း

Vol. 31 Ch. 461

ပြန်လည်ရှင်သန်လာခြင်း

Vol. 31 Ch. 461

သတိလစ်နေသော နတ်ဆိုးမကျိကို ပွေ့ဖက်၍ လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဆူဇီမိုသည် ဆက်လက်တောင့်မခံနိုင်တော့ဘဲ မေ့မြောသွားလေတော့သည်။

သူ၏ ဒဏ်ရာများက ဆိုးရွားလွန်းပြီး သွေးများစွာကိုလည်း ဆုံးရှုံးထားလေသည်။ သူ့အသားများနှင့် အရေပြားများက လောင်ကျွမ်းခံထားရကာ ကျွတ်ဆတ်နေပြီး သူ့အင်္ဂါများကလည်း အသက်မဲ့လာလေပြီ။ သူ့ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်ပြုပြင်နိုင်စွမ်းထက် များစွာကျော်လွန်သွားလေပြီ။

သူသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲကျင့်စဉ်ကို ကျင့်ကြံထားခြင်းကြောင့်သာ မဟုတ်လျှင် သူက သေနှင့်သည်မှာ ကြာနေပေပြီ။

ရုတ်တရက် ဆူဇီမိုသည် ငူငူငိုင်ငိုင်နှင့် သူ့လက်များက ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရလေသည်။

အတန်ကြာပြီးနောက် သူသည် နောက်ဆုံး ငူငိုင်နေရာမှ နိုးထလာ၏။ သူသည် ပြင်းထန်သော နာကျင်မှုကို တောင့်ခံ၍ အလွန်တရာ ခက်ခဲစွာနှင့် ဘေးဘက်ကို လှည့်လိုက်၏။

အစက သူ့ရင်ခွင်ထဲမှာ လိုက်ပါလာသောနတ်ဆိုးမကျိက မရှိတော့လေပြီ။

သူသည် လူးလဲကာ ကုန်းရုန်းထလိုက်၏။

ဘုန်း..

သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်၍ ခေါင်းက တဆစ်ဆစ်ထိုးကိုက်လာကာ အေးစက်မာကြောသည့် ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။

ဆူဇီမိုသည် နတ်ဆိုးမကျိကို ရှာချင်ဇောနှင့် ပြန်ကျုံးထလိုက်၏။ သို့သော်လည်း မလှမ်းမကမ်းမှ ဝေဝေဝါးဝါး မြူစိုင်တစ်ခုက သူ့ထံသို့ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရလေသည်။

မြူခိုးများက ထောင်းထောင်းထ၍ တလိပ်လိပ်တက်လာ၏။

အဲ့ဒါက သူ့ရှေ့သို့ ရောက်လာတော့မည့်ဆဲဆဲမှာပင် မီးခိုးရောင်မြူခိုးများက မပီမသ လူပုံစံတစ်ခုအဖြစ်သို့ စုဖွဲ့သွားလေသည်။ ထိုလူ၏ မျက်နှာက အသက်ကြီးနေသည့်ပုံပေါက်သော်လည်း သူက စွမ်းအင်ပြည့်ဝ၍ သူ့မျက်လုံးများမှာ ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို သိမြင်နိုင်သည့်အလား ဉာဏ်အမျှော်အမြင်နှင့် လေးနက်သိမ့်မွေ့သည့် အကြည့်က ရှိနေလေသည်။

ဆူဇီမိုသည် နေရာမှာတင် ကြောင်အနေ၏။

ဤရှေးဟောင်းနန်းတော်ကြီးထဲ၌ သက်ရှိတစ်ယောက် ရှိနေလိမ့်မည်ဟု သူထင်မထားမိပေ။

လူသားဧကရာဇ်နန်းတော်သည် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်၍ ဂင်္ဂါဝါဠုသဲစုမကသော အချိန်တို့ကို ဖြတ်သန်းလာခဲ့ပြီး ထိုအချိန်များအတွင်း မရေမတွက်နိုင်သော စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးများက မြှုပ်နှံခံခဲ့ရလေသည်။

အချိန်မြစ်၏ တိုက်စားမှုကို ဧကရာဇ်များတောင်မှ မလွန်ဆန်နိုင်ခဲ့ကြပေ။

အဲ့ဒီအဖိုးကြီးက ဘယ်သူပါလိမ့်..

သူက ရှေးဟောင်းခေတ်က ပုဂ္ဂိုလ်တစ်ယောက်လား.. ဒါမှမဟုတ် နောက်ပိုင်းမှ လူသားဧကရာဇ်နန်းတော်ထဲကို ဝင်လာခဲ့ပြီး ဒီထဲမှာ ပိတ်မိနေတာများလား..

ဒါမှမဟုတ် ဒီအဖိုးအိုက ဒဏ္ဍာရီလာ လူသားဧကရာဇ်များ ဖြစ်နေမလား။

ဆူဇီမိုမှာ ထိုမေးခွန်းများကို စဉ်းစားတွေးတောဖို့ စွမ်းအင်မကျန်ရှိတော့သလို ဆက်လက်၍လည်း တောင့်မခံနိုင်တော့ဘဲ ပြိုလဲကျသွားလေသည်။ မျက်နှာကျက်ကို ငေးကြည့်ရင်း သူ၏ အမြင်အာရုံက ဝေဝါးလာပြန်လေသည်။

အဖိုးအိုက သူ့ထံသို့ ချဉ်းကပ်လာ၍ လက်ကမ်းပေးလိုက်၏။

သူ့လက်ချောင်းများ ကြားထဲတွင် လုံငန်းသီးအရွယ်လောက်ရှိသော ဆေးတစ်လုံးကို ညှပ်ကိုင်ထားပြီး အဲ့ဒါကနေ ခပ်ဖျော့ဖျော့ သွေးရနံ့က ထွက်ပေါ်နေလေသည်။

ဘာကြောင့်ရယ်မသိ.. ထိုဆေးလုံးကနေ ထွက်လာနေသော အော်ရာက ဆူဇီမိုအတွက် အတော်လေးကို ရင်းနှီးနေ၏။

အဖိုးအိုက ဆူဇီမို၏ ပါးစပ်ကိုဖြဲ၍ ဆေးလုံးကို အထဲသို့ ထည့်ပေးလိုက်၏။

ဆူဇီမိုမှာ ခုခံဖို့ရာ ခွန်အားမရှိတော့ဘဲ ဆေးလုံးက သူ့ပါးစပ်ထဲမှာ အရည်ပျော်သွားလေသည်။ စပ်ဖျဉ်းဖျဉ်းနှင့် ပူနွေးမှုက သူ့လည်ချောင်းထဲကို စီးဝင်လာ၏။ သူ့အစာအိမ်ထဲသို့ ရောက်သွားပြီးနောက် အဲ့ဒါက ခဏနေကာ ပြီးမှ ရုတ်တရက် ကြောက်စရာကောင်းသည့် စွမ်းအင်များက ဖြာထွက်လာလေသည်။

ဒီလှိုင်းတစ်ခုလိုမျိုး စွမ်းအင်များက တလိပ်လိပ်တက်လာပြီး သူ့ခြေလက်များနှင့် အင်္ဂါများဆီသို့ ဖြတ်သန်းစီးဝင်လာလေသည်။

သိပ်သည်းသည့် သွေးချီတစ်ခုက ပစ်လွင့်ထွက်လာပြီး ဆူဇီမိုကို လွှမ်းခြုံကာ အလွန်တရာ ကြွယ်ဝသည့် အသက်ဓါတ်အော်ရာက ပန်းထွက်လာလေသည်။ ထို့နောက် သက်တံလို ရောင်စုံအလင်းများက နတ်ဘုရားဆန်သောပုံစံနှင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏ အသားစိုင်တစ်ခုချင်းစီကို အားဖြည့်ပေးလာလေသည်။

အစက ညှိုးနွမ်းခြောက်ကပ်နေသည့် သူ့ခန္ဓာကိုယ်က အသက်ဓါတ်နှင့်အတူ ပြန်လည်လန်းဆန်းတက်ကြွလာလေသည်။

သူ၏ ဒဏ်ရာများက အတွင်းမှာရော အပြင်မှာပါ ပြန်လည်သက်သာကောင်းမွန်လာကာ သူ၏ မည်းနက်နေသော အသားများက အဖတ်ဖတ် ကွာကျလာ၏။ သူ၏ အရိုးများပေါ်တွင် အဆုံးမဲ့ အသက်ဓါတ်နှင့် အသားစိုင်များက စတင်၍ ဖြစ်ပေါ်လာ၏။

သူ၏ အသားများက ပြန်လည်ပေါက်ဖွားလာလေသည်။

အဲ့ဒါက သေရာကနေ ပြန်ရှင်သန်လာသလိုမျိုး တစ်ကယ့် အံ့ဖွယ်သရဲ ဖြစ်လေသည်။

ရိုးတိုးရွတနှင့် စပ်ဖျဉ်းဖျဉ်းခံစားချက်က သူ့အာရုံကြောများကို နှိုးဆွလာပြီး ဆူဇီမိုသည် ရူးသွပ်လုနီးပါး ဖြစ်လာရ၏။

“အား”

ဆူဇီမိုသည် မအောင့်အည်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ထုတ်လိုက်ရလေသည်။

ဆေးလုံးအတွင်းရှိ စွမ်းအားများက ကျက်တီးခေါင်မြေတစ်ခုပေါ်သို့ ရွာချလာသော မိုးရေများလို သူ၏ ကျိုးပျက်နေသော ခန္ဓာကိုယ်ကို ဆက်တိုက်အာဟာရပြုပေးနေလေသည်။ သူ၏ ခြောက်သွေ့နေသော အသားများက ပြန်လည်ကြီးထွားလာပြီး သူ၏ အင်္ဂါများပေါ်ရှိ စုတ်ပြဲရာများကလည်း ပြန်လည်စေ့ပိတ်ကာ ပုံမှန်အခြေအနေဆီသို့ ပြန်သွားနေလေသည်။

ဆူဇီမို၏ အသက်ဓါတ်က ဆက်တိုက်ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ၏။

ထိုစွမ်းအား၏ အကူအညီနှင့်အတူ သူ့ခန္ဓာကိုယ်တွင်းရှိ အားကောင်းသော ပြန်လည်ပြုပြင်နိုင်စွမ်းရည်က တစ်ဖန်ပြန်လည်နိုးထလာကာ သူ့ကိုယ်တွင်းမှာ သွေးချီများက အရူးအမူး လှည့်ပတ်လာလေသည်။

သူ့ဝမ်းဗိုက်က ဒဏ်ရာပတ်လည်တွင် မြင်နိုင်သောနှုန်းထားနှင့် အသားများက ဖွံ့ဖြိုးလာပြီး အသားစိုင်များက အတူတကွ ပေါင်းစပ်စေ့ပိတ်သွားကာ ခပ်ဖျော့ဖျော့ အမာရွတ်တစ်ခုသာလျှင် ကျန်ခဲ့လေသည်။

သူ့ဘယ်ဘက်ရင်အုပ်ပေါ်ရှိ ဒဏ်ရာကလည်း ထို့အတူပင်။

အချိန်တစ်ခုကြာပြီးနောက် ဆူဇီမို၏ မီးကျွမ်းနေသော အရေပြားပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာပြီး အနာဖေးများက တစ်ခုပြီးတစ်ခု ကွာကျလာလေသည်။ ထို့နောက် သူ၏ ကျောက်စိမ်းလို့ ချောမွတ်နေသော အသားအရေက ပြန်ပေါ်လာလေသည်။

တစ်ခဏအတွင်း သူ၏ အနာဖေးများအားလုံးက ကွာကျကုန်ပြီး အမာရွတ်တောင် မကျန်ရှိတော့ဘဲ ကြီးမားသည့် အသက်ဓါတ်လှိုင်းများက ဖြာထွက်လာလေသည်။

သူ၏ ဒဏ်ရာများအားလုံးက သက်သာပျောက်ကင်းကုန်လေပြီ။

ဆေးလုံးကနေ ယူဆောင်လာပေးသော ပြောင်းလဲမှုက အဲ့ဒါအကုန် မဟုတ်သေးပေ။

ထိုဆေးလုံးက ပေါကြွယ်ဝသည့် အသက်ဓါတ်အဆီအနှစ်ကို ပိုင်ဆိုင်ထားရုံသာမက.. ထိုအထဲတွင် ကြောက်စရာကောင်းသည့် သွေးချီနှ့င် သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်များလည်း ပါဝင်လေသည်။

အစတုန်းက ဆူဇီမို၏ ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ခမ်းခြောက်သွားခဲ့လေသည်။

ယခုအခါ စိတ်ဝိညာဉ်စွမ်းအင်များက အတောမတတ် ရုန်းကန်ထွက်လာကာ အရင်တုန်းကထက်ပင် ပိုမိုပြင်းထန်အားကောင်းသော ကြီးမားသည့် လှိုင်းလုံးကြီးများနှင့် ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ဆူဇီမို၏ ကျင့်ကြံမှုအဆင့်ကလည်း လျှင်မြန်စွာ မြင့်တက်လာပြီး သိပ်မကြာမီ သူသည် မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာလေသည်။

သူသည် အဲ့ဒါကို အထူးတလည် လမ်းပြနေစရာကပင် မလိုပေ။

သူ၏ စိတ်ဝိညာဉ်ပင်လယ်က တလိပ်လိပ်မြင့်တက်လာပြီး သန့်စင်ကြွယ်ဝသည့် စိတ်ဝိညာဉ်စွမ်းအင်များက လျှံထွက်လာကာ သူ့ခန္ဓာကိုယ်ရှိ အဋ္ဌမမြောက်မရီးဒါန်ထဲသို့ တိုးဝင်လာလေသည်။

ဝုန်း.. ဝုန်း.. ဝုန်း..

အဲ့ဒီမှာ ချက်ချင်းပင် တဝုန်းဝုန်းမြည်သံများက ထွက်ပေါ်လာပြီး အရှိန်အဟုန်က မြင့်တက်လာလေသည်။

သူသည် သူ၏ ရှစ်ခုမြောက်မရီးဒါန်ကို ဖွင့်လှစ်နိုင်ခဲ့လေပြီ။

သမိုင်းတစ်လျှောက်မှာတောင် ဆူဇီမိုလိုမျိုး ရှစ်ခုမြောက်မရီးဒါန်ကို အဲ့လောက်လွယ်လွယ် ဖွင့်လှစ်နိုင်သည့်သူက ရှိနိုင်လိမ့်မည် မထင်ပေ။

ရှစ်ခုမြောက်စိတ်ဝိညာဉ်မရီးဒါန်ကို ဖွင့်လှစ်ပြီးတာတောင် သူ၏ စိတ်ဝိညာဉ်ပင်လယ်က တည်ငြိမ်မသွားသေးဘဲ ဒေါသတကြီးနှင့် ဆက်လက်အော်မြည်နေဆဲဖြစ်၏။

သူ၏ ကျင့်ကြံမှုအဆင့်ကလည်း ဆက်လက်မြင့်တက်လာနေဆဲဖြစ်၏။

အတန်ကြာပြီးမှ သူသည် မရီးဒါန်ရှစ်ခုအခြေအတည်အဆင့်၏ အထွတ်အထိပ်မှာ နောက်ဆုံး ရပ်တန့်သွားလေသည်။

ထိုအချိန်၌ ဆူဇီမိုသည် နောက်ဆုံးအချက်တစ်ချက်ကို သေချာသိရှိသွား၏။

ရှစ်ခုမြောက်မရီးဒါန်ပြီးလျှင် ဒဏ္ဍာရီလာ အန္တိမအခြေတည်အဆင့်ဖြစ်သော နဝမမြောက်မရီးဒါန်တစ်ခုက သေချာပေါက် ရှိနေသေးလေသည်။

သူ့မှာ မရီးဒါန်ဖွင့်ဆေးလုံးတစ်လုံး ရှိနေသေး၏။

ဆူဇီမိုသည် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင်လုပ်ပြီးနောက် သူ၏ နဝမမြောက်မရီးဒါန်ကို ဖွင့်လှစ်ဖို့ ကြိုးပမ်းကာ လူသားဧကရာဇ်ပြီးလျှင် ဒုတိယမြောက် အန္တိမအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေဖို့ ရည်ရွယ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင်..

ဆေးလုံးထဲရှိ ကြောက်စရာကောင်းသည့် သွေးချီကလည်း ဆူဇီမို၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးနေလေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

သူ့အရွတ်များနှင့် အရိုးများက အတူတကွ တုန်ခါလာပြီး သူ့ခန္ဓာကိုယ်တွင်းမှ အသံဗလံများက ထွက်ပေါ်လာလေသည်။ သူ့သွေးချီက မြင့်တက်လာပြီး သူ့ကို သိပ်သည်းထူထဲသော သားရဲချီများက လွှမ်းခြုံလာကာ များစွာသော ရှေးကျသည့်သားရဲများကို ဖြစ်ပေါ်လာစေလေသည်။

သူ၏ ဒွာရခုနှစ်ပေါက်မှ လျှို့ဝှက်ဆန်းကြယ်သော အလင်းများက လင်းလက်လာပြီး တောက်ပသည်ထက် တောက်ပလာလေသည်။

ခဏနေပြီးနောက်..

ဆူဇီမို၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်သွားပြီး သူ၏ ဒွာရခုနှစ်ခုမှ အလင်းများက တဖျတ်ဖျတ်တလက်လက်နှင့် တောက်ပကာ ဖြာထွက်လာလေသည်။ သူ၏ သွေးချီစွမ်းအားက ပေါက်ကွဲသွားပြီး သူ၏ အရေ၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီ၊ အင်္ဂါများနှင့် ဒွာရများက အတူတကွ ဟန်ချက်ညီစွာ ချိတ်ဆက်ပေါင်းစည်း၍ ကောင်းကင်ဘုံစက်ဝန်းအကြီးတစ်ခုကို ဖြစ်ပေါ်လာစေလသည်။

သူသည် ဒွာရရှင်းလင်းခြင်းအပိုင်းတွင် အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိသွားလေပြီ။

ရုတ်တရက်..

သူ့မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် အလင်းတန်းတစ်ခုက ညအမှောင်ထဲမှာ ဖြတ်သန်းသွားလေသည်။

မားမားမတ်မတ်ရပ်၍ ဆူဇီမိုသည် သူ့သွေးချီများက ဆူနာမီကဲ့သို့ တအုန်းအုန်းထ၍ သူ့အင်္ဂါများက သက်တံအလင်းလို တောက်ပလာသည်ကို ခံစားမိနေလေသည်။ သူ၏ ပင်မအရွတ်ကြီးက ပိုမိုခိုင်မာလာပြီး သူ့အရိုးများက လှုပ်ရှားတက်ကြွကာ သူ့အသားအရေက အနာအဆာကင်းလာလေသည်။

သူသည် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပင်။

သူ၏ ခန္ဓာကိုယ်က အရင်နှင့်မတူတော့ဘဲ သူ၏ အာရုံငါးပါးက ပို၍ ထက်မြက်လာသည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားနေရလေသည်။

သူ့မျက်လုံးများကို ဖွင့်မကြည့်ဘဲနှင့် ရေကန်တစ်ခုထဲမှာ ငါးများ ကူးခတ်ဆော့ကစားနေသံကို သူကြားလိုက်ရပြီး ထိုပုံရိပ်များက သူ့စိတ်အာရုံထဲမှာ ထင်ပေါ်လာလေသည်။

သူ့ခန္ဓာကိုယ်က မာကြောမှုနှင့် လိုက်လျောညီထွေ ပျော့ပျောင်းမှုကို အတူပျော်ဝင်ရောနှောသွားပြီး အရင်ကထက် ပို၍ ဟန်ချက်ညီစွာ သဟဇာတ ဖြစ်လာလေသည်။ သူ၏ လက်ကို ရိုးရိုးလေး ဝေ့ရမ်းလိုက်ရုံနှင့် ထိန်းမရသိမ်းမရသော အင်အားနှင့်အတူ အကန့်အသတ်မဲ့စွမ်းအားက ထွက်ပေါ်လာလေသည်။

“ကျင့်ကြံမှုအဆင့်တစ်ခုကို ရောက်တာနဲ့ မင်းရဲ့ နည်းစနစ်တွေက ပြီးပြည့်စုံလာပြီးတော့ လောကဆိုင်ရာ အမြင်နဲ့ အကြားအာရုံကို ရရှိလာလိမ့်မယ်.. မင်းရဲ့ အာရုံခံသတိစိတ်နဲ့ဆို မင်းက အဲ့ဒါကို မြင်တာ၊ အနံ့ရတာမျိုး မရှိဘဲနဲ့တောင် အန္တရာယ်ကို ရှောင်လာနိုင်လိမ့်မယ်.. မင်းက သွားနေတာပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ်၊ လှဲနေတာပဲဖြစ်ဖြစ် မင်းရဲ့နှလုံးက ပတ်ဝန်းကျင်ကို အာရုံခံပေးနေလိမ့်မယ်.. မင်းရဲ့ရန်သူနဲ့ ဆယ်ပေအကွာအတွင်းမှာ ရှိနေမယ်ဆိုရင် မင်းက လက်ဗလာနဲ့ အဲ့လူကို သတ်လို့ရတယ်”

ဆူဇီမိုသည် တျဲယွဲ့ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရလာပြီး တီးတိုးရေရွတ်လိုက်၏။

“ငါအခု ဒီကို ရောက်လာပြီလေ”

All Chapters