အမွေအနှစ်
Vol. 31 Ch. 463
လျှို့ဝှက်ဆန်းကြယ်သော အဖိုးအို၏ စကားက နောက်ထပ် အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို ထုတ်ပြလာလေသည်။
လူသားဧကရာဇ်က အသက်ရှင်နေသေး၏။
လူသားဧကရာဇ်က အသက်ရှင်နေသေးသည်ဆိုလျှင် ယခုအချိန်မှာ သူက ဘယ်လိုကျင့်ကြံမှုအဆင့်မှာများလဲ..
“စီနီယာလူသားဧကရာဇ်က.. သူက.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ရှိနေသေးတာလား”
ခဏနေပြီးနောက် ဆူဇီမိုက သူ့ကိုယ်သူ ဣန္ဒြေဆယ်ကာ မေးလိုက်၏။
“ဘယ်ဟုတ်ပါ့မလဲကွယ်”
အဖိုးအိုက လက်ကာပြလိုက်၏။
“သခင်က ဒီမှာ ရှိမနေဘူး.. မင်း သူနဲ့ တွေ့ရဖို့ စိတ်ကူးယဉ်မနေနဲ့.. မင်းက အခုထိတော့ အဲ့လောက်ထိ အဆင့်မရှိသေးဘူး”
ထိုစကားကို ကြားပြီး ဆူဇီမိုသည် ရှက်ရွံ့မသွားပေ။ သူက ပုံမှန်ခြေလှမ်း၍သာ ပြုံးနေလိုက်၏။
နောက်ခဏ၌ ဆူဇီမို၏ နှလုံးက ဒုတ်ကနဲ ခုန်လာလေသည်။
ရုတ်တရက် တျဲယွဲ့မထွက်ခွာခင် ပြောခဲ့သော စကားကို သူပြန်အမှတ်ရလာ၏။ တျဲယွဲ့က သူမ၏ ကမ္ဘာကို ပြန်တော့မည်ဟု ရယ်မော၍ ပြောဆိုသွားခဲ့၏။
လူသားဧကရာဇ်နဲ့ သူမက တစ်ကမ္ဘာထဲမှာများ ဖြစ်နေမလား။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပကတိအင်မော်တယ်များ၏ အရိပ်လက္ခဏာကို ဘယ်တုန်းကမှ မတွေ့ရသောကြောင့်.. အင်မော်တယ်အဖြစ်သို့ ရောက်ရှိသွားပြီးနောက် ကျင့်ကြံသူများက လေဟာနယ်ကို ဖြတ်သန်း၍ နောက်ထပ်ကမ္ဘာတစ်ခုကို ရောက်ရှိသွားတာများလား။
အဲ့ဒီကမ္ဘာက တျဲယွဲ့နဲ့ လူသားဧကရာဇ်တို့လိုမျိုး မရေမတွက်နိုင်တဲ့ အင်မော်တယ်တွေနဲ့ ပြည့်နှက်နေတာများလား။ ဘယ်လောက်တောင် ကျယ်ပြောပြီး တောက်ပတဲ့နေရာတစ်ခု ဖြစ်လိုက်မလဲ။
ဆူဇီမို၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာက ပေါ်လာပြီး သူသည် ထိုကမ္ဘာအကြောင်းကို မှန်းမျှော်တမ်းတ၍ စိတ်ကူးယဉ်နေမိ၏။
“မင်းအရင်က.. လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်ခဲ့တဲ့သူ ခုနှစ်ယောက်ရှိတယ်.. သူတို့တစ်ယောက်ချင်းစီက မတူညီတဲ့ အမွေအနှစ်တွေကို ရယူခဲ့ကြတယ်.. မင်းအခု လက်ခံရယူရမယ့် အမွေအနှစ်ကလဲ သူတို့နဲ့ မတူဘူး.. အဲ့ဒါက လူသားဧကရာဇ်ရဲ့ တစ်ကယ့် အစစ်အမှန်အမွေအနှစ်လို့ ပြောလို့ရတယ်”
ထိုနေရာအရောက်၌ လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက ဆူဇီမိုကို လေးလေးနက်နက်ကြည့်ပြီး သူ့အင်္ကျီလက်စကို ဝေ့ရမ်း၍ လေထဲမှာ ပစ္စည်းနှစ်ခုကို လွင့်ပျံလာစေလေသည်။
အဲ့ဒါက စာရွက်ပိုင်းတစ်ပိုင်းနှင့် ဧရာမချိတ်စည်းကြီးတစ်ခု ဖြစ်လေသည်။
စာရွက်ပေါ်တွင် သေးငယ်သော စာလုံးလေးများစွာကို ပြွတ်သိပ်နေအောင် ရေးမှတ်ထားပြီး ဆူဇီမိုသည် ကြည့်လိုက်ရုံနှင့် သူ့မျက်လုံးများက အနည်းငယ် စပ်ဖျဉ်းဖျဉ်းခံစားလာရ၏။
ဧရာမချိတ်စည်းကြီးက လေးထောင့်စပ်စပ်ဖြစ်ပြီး ရွှေရောင်တောက်နေလေသည်။ ထိုအပေါ်တွင် နတ်နဂါးတစ်ကောင်၏ ပုံစံကို ထွင်းထု၍ ရုပ်ကြွဖော်ထားပြီး အသက်ရှိနေသည့်အလား ရစ်ခွေနေလေသည်။
ဧရာမရွှေရောင်ချိတ်စည်းကြီးက လေထဲမှာ ဝဲခိုနေပြီး ကြယ်တာရာများကို နင်းချေ၍ ကမ္ဘာတစ်ခုလုံးကို ဖိနှိမ်ချင်သည့်အလား စွမ်းအားကြီးမားသည့် အော်ရာလှိုင်းများကို ထုတ်ပေးနေလေသည်။
အဖိုးအိုက မှတ်ချက်ပြုပေးလိုက်၏။
“ဒါက ရစ်ခွေနဂါးချိတ်စည်း.. မူလစိတ်ဝိညာဉ်လက်နက်တစ်ခုပဲ.. သိမ်းထားလိုက်”
မူလအဆင့်စိတ်ဝိညာဉ်လက်နက်..
ဆူဇီမိုသည် တုန်လှုပ်သွား၏။
“ကျေးဇူးပါ.. စီနီယာ”
ဆူဇီမိုသည် ငြင်းဆန်မနေဘဲ ရစ်ခွေနဂါးချိတ်စည်းကိုယူ၍ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။
ရွှစ်..
ရစ်ခွေနဂါးချိတ်စည်းပေါ်တွင် တောက်ပသည့်အလင်းက ဝင်းလက်လာပြီး ဆူဇီမိုသည် ကြောက်မက်ဖွယ်ရာစွမ်းအားနှင့် ကျိန်းစပ်အောင်တောက်ပနေသော နေတစ်စင်းကို ဆုပ်ကိုင်ထားသလို ထင်လာရလေသည်။
“ဟမ့်”
ဆူဇီမို၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့လက်ကောက်ဝတ်က ညိမ့်ကနဲ နိမ့်ဆင်းသွားကာ သူ့ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။
အဲ့ဒါက လေးလံလှ၏။
စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းပြီးနောက် ရစ်ခွေနဂါးချိတ်စည်း၏ အလေးချိန်က အရမ်းကို လေးပင်စီးပိုးသွားပြီး ဆူဇီမိုကို အရှက်ရသွားစေလေသည်။
ယခုအခါ ဆူဇီမိုသည် ဒွာရရှင်းလင်းခြင်းအပိုင်းတွင် အဆင့်မြင့်ကျွမ်းကျင်မှုကို တတ်မြောက်ထားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ခွန်အားက သားရဲသွင်ပြင်ကို မပြောင်းလဲဘဲနှင့်တောင် မရီးဒါန်ရှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူများအားလုံးကို ဖိနှိမ်နိုင်နေပြီဖြစ်၏။
ထိုသို့ဆိုလျှင်တောင် ရစ်ခွေနဂါးချိတ်စည်းက သူ့ခန္ဓာကိုယ်အပေါ်မှာ ဖိအားအတော်လေး သက်ရောက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက သူ့ဟာသူ ခေါင်းညိတ်လိုက်၏။
ဆူဇီမိုသည် ကြိုတင်ပြင်ဆင်ထားမှု မရှိသောကြောင့် ရစ်ခွေနဂါးချိတ်စည်းကို မ,ယူချိန်တွင် ဘုန်းကနဲ ပစ်လဲကျ၍ အရှက်တကွဲ ဖြစ်တော့မည်ဟု သူတွေးထင်ထားခဲ့၏။ တစ်ကယ်တမ်းမှာတော့ ဒီကောင်လေးက ကိုယ်ဟန်တောင် သိသိသာသာ ပျက်ယွင်းခြင်းမရှိဘဲ မတ်တပ်ရပ်နေနိုင်သေးတာက သူမျှော်လင့်ထားသည့်ထက် ကျော်လွန်နေလေသည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖယ်ရှင်း၍ ဆူဇီမိုသည် ရစ်ခွေနဂါးချိတ်စည်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
အဲ့ဒါက တစ်ကယ့် အဖိုးတန် ရတနာပင်။
ကျေနပ်နှစ်ခြိုက်စွာနှင့် ဆူဇီမို၏ အကြည့်က မျှော်တလင့်လင့်နှင့် ဘေးဘက်ရှိ စာရွက်ပေါ်က သုတ္တန်ပေါ်သို့ ကျရောက်သွားလေသည်။
အဖိုးအိုက စာရွက်ကို လက်ညိုးထိုးပြီး ထူးမခြားနားပုံံစံနှင့် မှတ်ချက်ပြုလိုက်၏။
“အဲ့ဒါက အရင်တုန်းက ငါ့သခင်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ လျှို့ဝှက်အတတ်ပဲ.. မင်း အဲ့ဒါကို ကျွမ်းကျင်တတ်မြောက်သွားရင် အခြေတည်အဆင့်မှာတင် ရွှေအမြုတေအဆင့်တွေနဲ့ တိုက်ခိုက်လို့ရပြီ။”
“ဒီထက်ပိုပြီး ပြောရရင်.. မင်းက ရွှေအမြုတေနယ်မြေတွေကိုတောင် စိန်ခေါ်လို့ ရနိုင်တယ်”
ဟာ..
ဆူဇီမို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။
အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်ဆိုသည်ကား ဘယ်လိုမှ မနှိုင်းယှဉ်သားသည့် ကွာဟချက် ဖြစ်လေသည်။
ရွှေအမြုနယ်မြေများကိုတောင် စိန်ခေါ်လို့ရသည်ဆိုသော အဖိုးအို၏ စကားက ပိုလို့တောင် တုန်လှုပ်စရာ ကောင်းနေသေး၏။
ရွှေအမြုနယ်မြေက စိတ်ဝိညာဉ်ပညာရပ်များ၏ အဆုံးစွန်ဖြစ်ပြီး အဲ့ဒါကို ကျင့်ကြံနိုင်သည့် ရွှေအမြုတေအဆင့်က သိပ်ပြီး မရှိပေ။
အဖိုးအို၏ ရိုးရှင်းသော ဖော်ပြချက်က ထိုလျှို့ဝှက်ပညာရပ်သည် ဘယ်လောက်ကြောက်စရာကောင်းကြောင်း ဖော်ပြနေလေသည်။
အဖိုးအိုက ညင်သာစွာ သက်ပြင်းချ၍ ဆက်ပြောလိုက်၏။
“ဒီလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေက တော်တော်လေးတော့ တင်းကျပ်တယ်.. ငါ့သခင်က အဲ့ဒါကို ဖန်တီးပြီးတဲ့နောက် ဘယ်သူမှ အဲ့ဒါကို ရအောင် မသင်ယူနိုင်သေးဘူး.. မင်းကတော့ အောင်မြင်လိမ့်မယ်လို့ ငါထင်ပါတယ်”
သူက ထိုသို့ ပြောသော်လည်း မျှော်လင့်ချက် များစွာ မရှိလှကြောင်း သိသာလေသည်။
ဆူဇီမိုသည် ထိုသုတ္တန်စာရွက်ကို လက်ခံယူပြီး အာရုံစိုက်ကြည့်လိုက်၏။ ပထမဆုံးစာကြောင်း၏ အလယ်မှာ ရွှေရောင်စာလုံးလေးသုံးလုံး ရှိလေသည်။ - ရှေးဟောင်း နဂါးအသွင်ပြောင်း ပညာရပ်။
ထိုရိုးရှင်းသော စာလုံးလေး သုံးလုံးက ကြောက်စရာကောင်းသည့်ဖိအားကို သယ်ဆောင်ထားလေသည်။
ဘာကြောင့်ရယ်မသိ.. ဆူဇီမို၏ ခန္ဓာကိုယ်က ပူနွေးလာ၏။ သူ့ကိုယ်တွင်းရှိ ဖော်မပြတတ်သော စွမ်းအားက ရုန်းကြွလာသလိုပင်။
အဖိုးအိုက တစ်ဖန်ထပ်ပြီး ပြောလိုက်၏။
“ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ပြီးသွားရင် မင်းက နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်မှာတော့ မဟုတ်ဘူး.. ဒါပေမယ့်လို့ နဂါးတစ်ကောင်ရဲ့ အစစ်အမှန်စွမ်းအားကို ပိုင်ဆိုင်တဲ့ နတ်နဂါးတစ်ကောင်ရဲ့ ပုံရိပ်တုတစ်ခုကိုတော့ ဆင့်ခေါ်နိုင်လိမ့်မယ်”
“လူသားတွေက အားနည်းကြပြီးတော့ သူတို့ရဲ့ မျိုးဆက်သွေးက သာမန်ပဲ.. သူတို့က မွေးကထဲက အလွန်တရာ သန်မာလာတဲ့ နဂါးတွေနဲ့ မနှိုင်းယှဉ်နိုင်ဘူး.. မင်းက ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်ကို ကျင့်ကြံချင်တယ်ဆိုရင် နဂါးမျိုးနွယ်က သွေးချီကို ခိုးယူနိုင်ဖို့တော့လိုတယ်”
“စောစောက မင်းစားသုံးလိုက်တဲ့ဆေးလုံးက နဂါးငယ်တစ်ကောင်ရဲ့ အသားကနေ ပြုလုပ်ထားတဲ့ သွေးလန်းဆန်းဆေးလုံးပဲ”
ဆူဇီမိုသည် ချက်ချင်းသဘောပေါက်သွား၏။
ထို့ကြောင့်ပင် ထိုဆေးလုံးကနေ ထွက်ပေါ်လာသော အော်ရာက သူနှင့် ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်လေသည်။
အဖိုးအို၏ စကားအရဆို.. နဂါးမျိုးနွယ်မှ သွေးချီကို စားသုံးပြီးမှသာလျှင် ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်ကို ကျင့်ကြံနိုင်ပေလိမ့်မည်။
အဲ့ဒါက အတော်လေးကို တိုက်ဆိုင်လေသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူသည် နဂါးတစ်ကောင်၏ ထက်ဝက်ကို စားသုံးခဲ့ဖူးလေသည်။
အဲ့ဒါက အကောင်အဖြစ် မဖွဲ့တည်သေးသော်လည်း ဘာပဲပြောပြော နဂါးဥသာ ဖြစ်လေသည်။
“ဟီးဟီး”
အဖိုးအိုက အေးစက်စက် ရယ်လိုက်၏။
“အဲ့ဒါက နဂါးငယ်လေးဆိုပြီး အထင်သွားမသေးလိုက်နဲ့.. နဂါးငယ်တစ်ကောင်ရဲ့ အသားကနေ ပြုလုပ်ထားတဲ့ ဆေးလုံးတစ်လုံးကို စားလိုက်တာနဲ့တောင် မင်းခန္ဓာကိုယ်မှာ အကျိုးကျေးဇူးတွေ အများကြီး ရသွားတယ်မလား.. အရွယ်ရောက်ပြီးသား နဂါးတစ်ကောင်သာဆိုလျှင် သူ့အသားကို မဆိုထားနဲ့ သူ့ရဲ့သွေးတစ်စက်ကတောင် မင်းကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်”
ဆူဇီမိုသည် ထိုစကားနှင့် ပတ်သတ်၍ စောဒကတက်စရာ မရှိပေ။
ဟိုအရင်.. သူနှင့် ညဝိညာဉ်သည် နဂါးဥတစ်လုံးကို တစ်ယောက်တစ်ဝက် စားသုံးပြီးနောက် အဲ့ဒါကို အပြည့်အဝ အစာချေဖျက်ဖို့အတွက် သုံးနှစ်တောင် အချိန်ယူခဲ့ရလေသည်။