← Chapters

အစစ်အမှန်နဂါးလား

Vol. 31 Ch. 465

အစစ်အမှန်နဂါးလား

Vol. 31 Ch. 465

“ဟမ့်”

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အဖိုးအိုက ဆူဇီမိုကို လှမ်းကြည့်လိုက်၏။

ရေကန်ဘေးတွင် ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်၍ ကျောကို မတ်ထား၏။ သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲနှင့် ယိမ်းနွဲ့နေလေသည်။ ကြောက်စရာကောင်းသည့် အော်ရာတစ်မျိုးက သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာပြီး လျှင်မြန်စွာ မြင့်တက်လာလေသည်။

ရှေးခေတ်က စွမ်းအားကြီးမားသော သတ္တဝါတစ်ကောင်က နိုးထလာသလိုပင်။

အလွန်တရာ ရှည်လျားသည့် သက်ရှိကြီးက လေထဲတွင် ပေါ်လာပြီး ဆူဇီမို၏ ဘေးပတ်လည်မှာ ရစ်ခွေကာ အပေါ်သို့ တက်သွားလေသည်။ နောက်ဆုံးမှာတော့ သူက လေထဲမှာ ရပ်တန့်သွားပြီး သူ၏ ကြီးမားသည့် ဦးခေါင်းကြီးက လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုဘက်သို့ လှည့်လိုက်လေသည်။

နဂါးမျိုးနွယ်..

အရွယ်ရောက်ပြီးသား နဂါးတစ်ကောင်က ပေတစ်ထောင်အထက် ရှိတာကြောင့် အခုဟာက နဂါးငယ်လေးတစ်ကောင်အဖြစ် သတ်မှတ်ရပေမည်။

အဲ့ဒါက နဂါးငယ်တစ်ကောင်၏ ပုံရိပ်ယောင်သာ ဖြစ်သော်လည်း ၎င်းမှ ထုတ်ပေးနေသော အော်ရာက သက်ရှိအားလုံးကို နှိမ်နင်းနိုင်သည့်အလား ချောက်ချားစရာ ကောင်းနေလေသည်။

တဖြည်းဖြည်းနှင့် နဂါးငယ်၏ ကိုယ်ပေါ်တွင် အစိမ်းရောင်ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး အေးစက်စက်အလင်းနှင့် တဖျပ်ဖျပ်လက်နေလေသည်။ သူ၏ ကျောပေါ်ရှိ အရိုးဆူးချွန်နှင့် ထက်ရှသောလက်သည်းများကို လှစ်ဟပြထားပြီး သူ၏ ဦးချိုနှစ်ဖက်က ငွားငွားစွင့်စွင့် ရှိနေလေသည်။

အစိမ်းရောင်နဂါး၏ ပုံရိပ်က တစ်ကယ်ကို အစစ်အမှန်ဒြပ်ထုအဖြစ် ပြောင်းလဲလာလေသည်။ ကြေးခွံများ၊ အရိုးများနှင့် လက်သည်းများက အသားများနှင့်အတူ စုဖွဲ့လာပြီး အသက်ဝင်လာကာ အစစ်အမှန်နဂါးတစ်ကောင်နှင့် ဘာမှ မခြားနားတော့ပေ။

ဟင်း..

အဖိုးအိုသည် ပင့်သက်ကို ရှိုက်ရင်း သူ့အမူအယာက ပြောင်းလဲသွားလေသည်။ သူ့မျက်လုံးများမှာ မယုံကြည်နိုင်မှုက ပြည့်လာပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ”

ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်သည် နဂါးမျိုးနွယ်မှ သွေးချီကို အသုံးချပြီး နတ်နဂါးတစ်ကောင်၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်ခြင်းသာ ဖြစ်လေသည်။ ထိုနတ်နဂါး၏ ပုံရိပ်ကို ခပ်ဖျော့ဖျော့သာ မြင်ရနိုင်လေသည်။

ထိုအရာကပင် ကောင်းကင်ဘုံကို ဖီဆန်နေပြီ ဖြစ်၏။

သို့သော် အခုအခါ ဆူဇီမိုက တစ်ကယ့်အစစ်အမှန်နဂါးတစ်ကောင်ကို ထုတ်ပြလာလေသည်။

ဤလျှို့ဝှက်ပညာရပ်ကို ဖန်တီးခဲ့သော လူသားဧကရာဇ်တောင်မှ ဤအဆင့်ထိ မရောက်နိုင်ခဲ့ပေ.. အခြေတည်အဆင့် ကျင့်ကြံသူလေးတစ်ယောက်က အဲ့ဒါကို ဘယ်လို လုပ်နိုင်တာလဲ..

ရုတ်တရက်..

ဆူဇီမိုသည် သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ့အထက်ရှိ ရစ်ခွေနေသော နဂါးကလည်း သူ့မျက်လုံးနှစ်ဖက်ကို ဖွ့င်လိုက်လေသည်။ စွမ်းအားကြီးမား၍ အေးစက်ခက်ထန်နေပြီး အဲ့ဒါက ပေါ့ပေါ့တန်တန် သဘောထားလို့ မရပေ။

လူတစ်ယောက်နှင့် နဂါးတစ်ကောင်က တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြ၏။

နဂါးက သူ့မျက်လုံးကို ဖွ့င်လိုက်ချိန်တွင် သူက နိုးထလာပြီး အမှန်တစ်ကယ် အသက်တစ်ခုကို ပိုင်ဆိုင်လာသည့်အလား စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားနှင့်အတူ သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော အဖိုးအို၏ ကျင့်ကြံမှုအဆင့်အရ.. နဂါး၏ မျက်လုံးအကြည့် ကျရောက်လာချိန်တွင် ဘယ်လိုမှ မနေဘဲ ဣန္ဒြေရနေဆဲဖြစ်၏။

သို့သော်လည်း ပတ်ဝန်းကျင်ရှိ အံ့မခန်းထူးခြားသော တောကောင်များသည် မြေပြင်ပေါ်မှာ မလှုပ်မယှက် ပြားပြားဝပ်ကုန်ကြလေသည်။

ဆူဇီမိုသည် အနည်းငယ် ယိမ်းထိုးသွားပြီး သူ့ကို ရစ်ခွေပတ်ထားသည့် နဂါးကလည်း တဖြည်းဖြည်းနှင့် မှိန်ဖျော့ ပျက်ပြယ်သွားလေသည်။

ပြင်းထန်အားကောင်းသည့် ဖိအားက ပျောက်ကွယ်သွားလေသည်။

ထိုအခါမှသာ တောကောင်များသည် ပုံမှန်အတိုင်း ပြန်လည် ဆော့ကစား သွားလာနိုင်ကြလေသည်။

အဖိုးအိုက သက်ပြင်းချ၍ ဆူဇီမိုအနားသို့ ရောက်လာပြီး ပြောလိုက်၏။

“မင်းရဲ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားသေးဘဲနဲ့ ရှေးဟောင်းနဂါးအသွင်ပြောင်းကို အတင်းဖျစ်ညှစ်ထုတ်ဖော်လိုက်တဲ့အတွက် အဲ့ဒါက သိပ်ကြာကြာ မခံလိုက်ဘူး.. မင်းသာ အန္တိမအခြေတည်အဆင့်ကို ရောက်လာရင် အဲ့ဒီလျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်ပြီး မင်းရဲ့ ရန်သူတွေကို တိုက်ခိုက်လို့ ရပြီ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူ့ဆင့်ခေါ်လိုက်သော နဂါးငယ်က စက္ကန့်အနည်းငယ်သာ ကြာခဲ့သော်လည်း သူ့ကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အမြောက်အများ သုံးစွဲခဲ့ရပြီး သူ၏ စိတ်ဝိညာဉ်ပင်လယ်က ခမ်းခြောက်ခုနီးပါး ဖြစ်ခဲ့ရလေသည်။

ယခု သူသည် မရီးဒါန်ရှစ်ခုအခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်။

အဖိုးအို၏ အကြည့်က ဆူဇီမိုအပေါ်မှာ ရစ်ဝဲနေပြီး သူ့ကို ဆက်တိုက်ချိန်ဆကြည့်နေ၏။

နောက်ဆုံး အဖိုးအို မေးလိုက်သောစကားက ဆူဇီမိုကို ခေါင်းမွေးများ ထောင်ထသွားစေလေသည်။

“တစ်ကယ့်အစစ်အမှန်နဂါးတစ်ကောင်ကို မင်းဘယ်လိုများ ဆင့်ခေါ်လိုက်တာလဲ”

ခဏမျှ တုံ့ဆိုင်းနေပြီနောက် ဆူဇီမိုက ခေါင်းခါလိုက်၏။

“ကျတော်လဲ မသိဘူးလေ”

သူ့ရင်ထဲမှာ ခန့်မှန်းချက်တစ်ခု ရှိသော်လည်း အဲ့ဒါက မသေချာပေ။

ထိုသို့ သူလုပ်နိုင်ခဲ့ခြင်းမှာ နဂါးဥတစ်ဝက်ကို စားသုံးခဲ့သောကြောင့် ဖြစ်တန်ရာလေသည်။

“ဆရာရဲ့ အကဲဖြတ်ချက်ကို တစ်ကယ်ကို ကောင်းတာပဲ”

အဖိုးအိုက ဆက်လက်မေးမြန်းမနေတော့ပေ။

ခဏနေပြီးနောက် သူက ပြောလိုက်၏။

“နှစ်က ကုန်တော့မယ်.. မင်းနဲ့အတူ ဝင်လာခဲ့တဲ့ ကလေးမကတော့ အရင်ပြန်ထွက်သွားပြီ.. မင်းရော ဘယ်အချိန် ထွက်ခွာမလဲ”

နတ်ဆိုးမကျိက အဆင်ပြေကြောင်း ကြားသိရသောအခါ ဆူဇီမိုသည် စိတ်သက်သာရ ရသွား၏။ သူက အဖိုးအိုကို အလေးအနက် ဦးညွှတ်ပြီး ပြောလိုက်၏။

“ကျတော့်အသက်ကို ကယ်တင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း လမ်းပြကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ဒီတစ်ကြိမ်မှာ သူသည် အတော်လေးကို အကျိုးကျေးဇူးများခဲ့လေသည်။

သူသည် ဒွာရရှင်းလင်းခြင်းအပိုင်းမှာ အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိခဲ့ပြီး အတွင်းအမြုတေတစ်ခု ဖွဲ့တည်ဖို့အတွက် ခြေတစ်လှမ်းသာ လိုတော့လေသည်။

ကျင့်ကြံခြင်းမှာလည်း သူက မရီးဒါန်ရှစ်ခုအခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ခဲ့ပြီဖြစ်၏။ မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံး၍ ဆက်လက်ကျင့်ကြံသည်နှင့်အမျှ သူသည် နဝမမြောက်မရီးဒါန်ကို ဖွင့်လှစ်နိုင်ဖို့ အခွင့်အရေး ရှိလာပေလိမ့်မည်။

ထိုအခါ သူသည် ဒဏ္ဍာရီလာ အန္တိမအခြေတည်အဆင့်ကိုရောက်အောင် ကျင့်ကြံနိုင်ပေမည်။

ထိုအချိန်၌ သူသည် သားရဲသွင်ပြင်ကို မပြောင်းလဲဘဲနဲ့တောင် ရှေးဟောင်းနဂါးအသွင်ပြောင်း၏ စွမ်းအားဖြင့် ရွှေအမြုတေများကို ဆန့်ကျင်တိုက်ခိုက်လာနိုင်ပေလိမ့်မည်။

အဖိုးအိုက လက်ကာပြလိုက်၏။

“မင်းငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး.. တစ်နေ့ မင်း ငါ့ဆရာရဲ့ အဆင့်ကို ရောက်လာတဲ့အခါ သူ့ကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်လိုက်ပေါ့”

“ကဲ မင်း ဘယ်နေရာကို ဆင်းသက်ချင်လဲ ပြော.. အဲ့နေရာကို ငါပို့ပေးလိုက်မယ်”

ခဏမျှ ချင့်ချိတ်တွက်ဆပြီးနောက် ဆူဇီမိုက ပြောလိုက်၏။

“ရွှမ်ထျန်းမြို့”

. . .

All Chapters