အဆင့်မြင့်သော ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်......
Vol. 48 Ch. 669
လီလော့သည် အနာဂတ်တစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်သာ အသုံးမဝင်တော့လျှင် အသစ်ပွင့်လာမည်ဗြလာနန်းတော်ကို ဒီအတိုင်းသာကြည့်နေရလိမ့်မည်။
သူ့မှာ ပဲ့တင်ထပ်သံ သုံးခုရှိပေမဲ့လည်း ပိုများလေ ပိုကောင်းလေပင်......
တန်တိုင်လန်သည် လီတိုင်ရွှမ်အား စိတ်လေနေသောအမူအရာဖြင့်ကြည့်လိုက်ပြီး.... "တော်တော့...ကလေးကို ညှဉ်းဆဲမနေနဲ့...."
"မင်း မြို့စားအဆင့်ကိုရောက်ပြီးရင် မင်းရဲ့ဗလာနန်းတော်ကို ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်နဲ့ မဖြည့်နိုင်တော့တာတော့ အမှန်ပဲ... ပိုလို့တောင်မှ ဆန်းကြယ်တဲ့ ပညာရပ်ကို အားကိုးရလိမ့်မယ်....ဒါက အရင်ပညာရပ်ရဲ့ အဆင့်မြင့်ဗားရှင်း၊ အဆင့်မြင့် ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်ပဲ...."
"ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်မှာ အဆင့်မြင့်တဲ့ဟာရှိသေးတာလား.... ဘယ်မှာလဲ!၊ ဘယ်မှာရနိုင်မလဲ?"
"အဆင့်မြင့် ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်က မြင့်မြတ်သောလေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်းလို့ခေါ်တဲ့ မဟာအင်အားစုကနေ ဆင်းသက်လာတာ....” ဟု တန်တိုင်လန်က ရှင်းပြခဲ့သည်။
“မြင့်မြတ်သောလေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်း” ဟူသော စကားလုံးကို သူမပြောသည့်အခါ သူမ၏မျက်လုံးများတွင် နောင်တအရိပ်အယောင်ကို မြင်တွေ့နိုင်သည်။
လီတိုင်ရွှမ်သည် နောက်ထပ် အချက်အလက်များကို ဖြည့်စွကရှင်းပြပေးခဲ့သည်။
"ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်ကို ရှေးအကြွင်းအကျန်နယ်မြေတစ်ခုကနေရခဲ့တာ..
လီလော့သည် ဤဖွင့်ဟချက်ကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
မြင့်မြတ်သောလေဟာနယ်ပဲ့တင်ထပ်သံဂိုဏ်း? ရှေးဟောင်းအပျက်အစီးနယ်မြေ..?
နတ်ဆိုးနန်းတော်အဆင့်လောက်နှင့် ထိုနေရာများတွင် စွန့်စားနိုင်ဖို့ စိတ်ကူးကြည့်လိို့မရနိုင်ပေ။
"မြင့်မြတ်သောလေဟာနယ် ပဲ့တင်သံဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို အတွင်းပိုင်းနတ်ဘုရားကုန်းမြေမှာ တွေ့နိုင်တာလား..."
အနည်းငယ် စိတ်ရှုပ်နေသော်လည်း လီလော့ သည် သူ၏ ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်အတွက် ကြီးစွာသော ရိုးသားမှုဖြင့် ဤမေးခွန်းများကို ဆက်လက်မေးခဲ့သည်။
"ဟမ့် မင်းသွားချင်တဲ့နေရာက တိုက်ကြီးလေးခုထဲမှာ အကြီးဆုံးဖြစ်တဲ့ ကောင်းကင်မူလကုန်းမြေမှာရှိနေတာ....." လီတိုင်ရွှမ် သည် လီလော့ကို မပြုံးပြမီ သက်ပြင်းချလိုက်သည်။
"မင်း ဒီအကြောင်း တစ်ခုခုတော့ ကြားဖူးပြီးသားဖြစ်မယ်ထင်တယ်...... မင်းအမေနဲ့ ငါက ကောင်းကင်မူလကုန်းမြေကနေလာခဲ့ကြတာ..... မင်း အခွင့်ကြုံရင် အဲ့ဒီကို သွားသင့်တယ်...အဲ့နေရာမှာပဲ အဆင့်မြင့် ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်ကိုရှာတွေ့နိုင်မှာမို့ ရှောင်လွှဲလို့မရဘူး.....
လီလော့ ပခုံးတွန့်လိုက်သည်။
" မြို့စားအဆင့်နဲ့ အလှမ်းဝေးနေသေးတယမို့ နောက်ပိုင်းကျမှ ထပ်စဉ်းစားကြတာပေါ့....."
သူသည် အဆင့်မြင့် ပဲ့တင်ထပ်သံတုပဖန်တီးခြင်းပညာရပ်အတွက် ကြီးမားသော ဆန္ဒကို စွဲကိုင်ထားသော်လည်း အရေးတကြီး မလိုအပ်သေးပေ။ လက်ရှိတွင် နတ်ဆိုးနန်းတော်အဆင့်တွင်သာရှိကာ မြို့စား အဆင့်သို့ရောက်ရှိရန် လေးနှစ် အချိန်ရှိသည်။ သူသေသွားခဲ့ရင် ဒါတွေလည်း အရေးမကြီးတော့ပေ။
ထို့ကြောင့်၊ သူသည် ထိုအတွေးများကို သူ့မှတ်ဉာဏ်၏ နက်နဲသော နေရာတွင်သာ သိမ်းဆည်းထားလိုက်သည်။
လီလော့သည် သူအမြဲသိချင်နေသည့်အရာကိုလည်း ရအောင်မေးလိုက်သေးသည်။
"လူအိုကြီး....ကောင်းကင်ဧကရာဇ်လီရဲ့သွေးမျိုးဆက်ဆိုတာ ဘာလဲ.... ရှင်းပြပေးနိုင်မလား"
"ဝိုးး..ရှောင်လော့တောင် ဒါကို ကြားဖူးနေပြီပဲ..... မင်းဘယ်လိုထင်လဲ....ကြီးမြတ်တဲ့သွေးမျိုးဆက်ရဲ့ဒုတိယမျိုးဆက်ဖြစ်ရတာမိုက်တယ်မလား....
ထိုစါ် တန်တိုင်လန်က အေးစက်စွာ အော်ဟစ်လိုက်သည်။ "ဘာမိုက်တာလဲ ပုပ်ပွပြီး ခေါင်းမာတဲ့ လူအိုကြီးတွေ ခိုအောင်းနေတဲ့ကလန်လေးတစ်ခုပဲကို....."
လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။ ရှင်းနေသည်မှာ၊ သူ့အမေသည် ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်
ပေါ် အပြုသဘောဆောင်သော ခံစားချက်မျိုး မရှိသည်မှာ ထင်ရှားနေပြီ။ ဒီနောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိနေလိမ့်မည်။
လီတိုင်ရွှမ်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး....
"နာမည်အတိုင်း ငါတို့ဘိုးဘေးတွေက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေပါ.... သူ့ရဲ့ အမွေဆက်ခံမှုက ငါတို့ကို အနှစ်တစ်ထောင်အထိ ကြီးပွားချမ်းသာစေခဲ့တယ်...ဒီသွေးမျိုးဆက်က ကောင်းကင်မူလကုန်းမြေမှာတောင် ထိပ်တန်းအဆင့်မှာရပ်တည်နိုင်တယ်....အခွင့်ရေးရရင် မင်းဘိုးဘေးတွေကို အသိအမှတ်ပြုပြီး ကလန်ဆီ ပြန်သွားနိုင်တယ်....မင်းရွေးချယ်မှု ဘယ်လိုပဲ ဖြစ်ဖြစ် မင်းဟာ သူတို့နဲ့ သွေးသားဆက်နွယ်နေဉီးမှာပဲ....."
"ဒါဟာ တကယ်ကို အထင်ကြီးစရာပဲ... ဒါပေမယ့် လော့လန်အိမ်တော်ကသာ ပိုမြတ်နိုးစရာကောင်းတဲ့ နေရာတစ်ခုလို့ထင်တယ်" ဟု လီလော့က ပြန်ဖြေခဲ့သည်။
ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်ရှိသူတို့သည် ရှပြည်ထောင်စု တော်ဝင်နန်းတော်နှင့်ကြယ်တာယာခရီးရှည်ကောလိပ်တို့တောင် မယှဉ်နိုင်သော တန်ခိုးကြီးသူများဖြစ်သော်ငြား လီလော့သည် သူ၏ငယ်ဘဝကို လော့လန်အိမ်တော်တွင်သာ နေထိုင်ခဲ့သည်။ ထို့ကြောင့် မည်မျှပင် အထင်ကြီးစရာကောင်းသော နောက်ခံသမိုင်းကြောင်းရှိပါစေ၊ ၎င်းသည် သူ့အတွက် အကျိုးမရှိပေ။ လော့လန်အိမ်တော်သည်သာ သူ့အတွက် နွေးထွေးသောခိုလှုံရာဖြစ်သည်။
တန်တိုင်လန် ထိုစကားကြားရသည့်အတွက် ဝမ်းသာပီတိဖြစ်ကာ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။
"ကြည့်စမ်း! ရှောင်လော့ကမှ ဘယ်အရာက အကောင်းဆုံးလဲဆိုတာ သိတယ်.... ကောင်းကင်ဧကရာဇ်လီရဲ့ မိုက်မဲတဲ့ သွေးမျိုးဆက်က အထင်ကြီးစရာ ဘာမှ မရှိဘူး.... ရှောင်လော့က ကိုယ်အားကိုယ်ကိုးပြီး ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နိုင်တဲ့သူ.... အဲဒီ ယုတ်ညံ့တဲ့ လူအိုတွေရဲ့ အကူအညီတွေ မလိုအပ်ဘူး......"
"မေမေ၊ ဘာလို့ဒီလောက်ထိသေချာနေတာလဲ..."
လီလော့က စိတ်ဝင်တစား မေးလိုက်သော်လည်း တန်တိုင်လန်သည် ပေါ့ပေါ့တန်တန် နှုတ်ခမ်းစူလိုက်ပြီး အတိတ်က ပြသနာများကို ထုတ်မပြောချင်ကြောင်း ရှင်းရှင်းလင်းလင်း တုံ့ပြန်ခဲ့သည်။
"ရှောင်လော့... ဒီလိုမျိုး မျိုးနွယ်စုကြီးတွေမှာ ရှုပ်ထွေးတဲ့အခြေအနေတွေရှိစမြဲပဲ..... ပုံမှန်အားဖြင့်၊ တချို့လူတွေက မင်းရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ကြလိမ့်မယ်.... တခြားသူတွေရဲ့ထင်မြင်ချက်ကိုစိုးရိမ်နေဖို့ မလိုဘူး..ကိုယ်ယုံကြည်ရာကိုသာ ရဲရဲဝံ့ဝံလုပ်ဆောင်ပါ” ဟု လီတိုင်ရွှမ်က ရိုးရိုးသားသားဖြေကြားခဲ့သည်။
လီလော့ ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
"နားလည်ပါပြီ......"
"မင်းအမေနဲ့ ငါက ဒီမီးတောက်တွေကို ဖန်တီးထားတာ ဒီတစ်ခါ နောက်ဆုံးအကြိမ်ပဲ.... ငါတို့နောက်တစ်ကြိမ်တွေ့ဆုံရမယ့်အချိန်က မြင့်မြတ်တဲ့စစ်တလင်းက ပြန်လာတဲ့ချိန် ဖြစ်လိမ့်မယ်.... ဒါပေမယ့် ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ မသိသေးဘူး..... မင်းနှစ်ယောက်ရှေ့ဆက်လျှောက်ဖို့ တစ်ယောက်ကိုတစ်ယောက် အားကိုးရလိမ့်မယ်"
တန်တိုင်လန်သည် အထူးသဖြင့် လီလော့ကိုသာ ညင်သာစွာ ကြည့်နေခဲ့သည်။ "မင်းမှာ နောက်ထပ် လေးနှစ်ပဲ အချိန်ကျန်တော့တယ်.... ဒါပေမယ့် မြို့စား အဆင့်ကို ချိုးဖျက်ပြီး ဒီချုပ်နှောင်မှုတွေကို ချိုးဖျက်နိုင်မယ်လို့ ယုံကြည်တယ်......"
လီလော့က ခေါင်းတညိတ်ညိတ်နဲ့ "စိတ်ချပါ...အမေတို့နဲ့ပြန်မဆုံခင် မရဏလမ်းကိုသွားဖို့အစီအစဉ်မရှိပါဘူး....."
တန်တိုင်လန်က သူ့လက်ကိုဆွဲပြီး ကျန်းချင်းအာဘက်ကို မျက်နှာမူကာ....
"ချင်းအာ... မင်းက ဟိုကောင်လေးထက် ပိုအားကိုးရတယ်... ဒါကြောင့် လီလော့ကို မင်းလက်ထဲအပ်ခဲ့မယ်နော်....ဒီကောင် မဟုတ်တာတာတွေလုပ်ရင် နာနာရိုက်ပစ်...."
ကျန်းချင်းအာသည် ထိုစကားများကို နားထောင်ပြီး လီလော့ကို ခေတ္တမျှ စိုက်ကြည့်နေသည်။ ထိုအချိန်တွင် လီလော့သည် သူမ၏အကြည့်ထဲတွင် ထူးဆန်းသောအရိပ်အယောင်ကို သတိပြုမိပြီး သူ့စိတ်နှလုံးကို အေးခဲသွားစေခဲ့သည်။ ထို့နောက် ကျန်းချင်းအာက ...
"ဆရာကတော်... လီလော့က စေ့စပ်ပွဲဖျက်သိမ်းချင်တယ်လို့ ပြောခဲ့တယ်....."
ထိုအချိန်တွင် လီလော့ မိုးကြိုးပစ်ခံရသလိုခံစားနေရသည်။
"အစ်မကြီးချင်းအာ.... ဒါနင်နဲ့ငါ ပြောဆိုထားပြီးသားလေ....ဘာလို့သွားတိုင်နေတာလဲ.....!”
ထိုအချိန်တွင် လီတိုင်ရွှမ်နှင့်တန်တိုင်လန် နှစ်ဦးစလုံး၏ စူးစူးရဲရဲ အကြည့်များ လီလော့အပေါ်ကျရောက်လာသည်။
တန်တိုင်လန်က.... "အဖိုးကြီး.... ဒီလို သိမ်ငယ်စိတ်ရှိတဲ့ ကောင်ကလေးနဲ့ ငါတို့ ဘာလုပ်ကြမလဲ၊ မိဘကလက်နဲ့ရေးတာကိုခြေနဲ့ဖျက်ချင်တဲ့ကောင်ကို မိသားစုစာရင်းကနေထုတ်ပစ်လိုက်ကြမလား...."
လီတိုင်ရွှမ်က လေးနက်စွာ ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ "ထားလိုက်ပါတော့...သုံးစားမရတဲ့ဒီလိုသားမျိုးကို မလိုအပ်တော့ဘူး... နောက်တစ်ယောက်ထပ့မွေးကြတာပေါ့. ..."
လီလော့ ရယ်ရမလား ငိုရမလားမသိတော့ပေ။နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ တောင်းပန်ရုံသာတတ်နိူင်ရှာတော့သည်။
"မေမေ၊ ဖေဖေ.... ဒါက လူငယ်တစ်ယောက်ရဲ့ နှလုံးသားရေးရာကိစ္စပါ...ကျေးဇူးပြုပြီး ကိုယ်တိုင် ဖြေရှင်းခွင့်ပေးပါ.....!"
လီလော့ကို အကြည့်များဖြင့် သတိပေးရင်း တန်တိုင်လန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ "ချင်းအာ...ဒီကောင်ကို လုံးဝအလိုမလိုက်နဲ့.... ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမထားမှတော်ကာကျမယ်...."
ကျန်းချင်းအာက အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်လိုက်သည်။
မိသားစုချင်း ပျော်ရွှင်နေချိန်တွင် လီတိုင်ရွှမ် နှင့် တန်တိုင်လန်တို့၏ ကိုယ်ပွားပုံရိပ်များ တဖြည်းဖြည်း ဝေဝါးလာသည်။ ထို့နောက် နှစ်ယောက်သားက....."အစတုန်းက တခြားအကြောင်းအရာတွေ အများကြီး ပြောချင်ပေမယ့် အချိန်တွေကုန်တာမြန်လွန်းတယ်.... မင်းတို့နှစ်ယောက်အပေါ် ယုံကြည်မှုအပြည့်ရှိတာမို့ တစ်ခုခုဖြစ်ရင် မင်းတို့ရဲ့ဘဝကသာ အရေးကြီးဆုံးဆိုတာကို မှတ်ထားကြပါ..... လော့လန်အိမ်တော်ပဲဖြစ်ဖြစ် အဖေတို့ချန်ထားခဲ့တဲ့ နတ်ဘုရားအရာပဲဖြစ်ဖြစ် ဘယ်အရာကိုမဆို စွန့်လွှတ်သင့်ရင် စွန့်လွှတ်လိုက်ပါ....."
"အမေတို့ပြန်လာတာကိုစောင့်နေကြနော်... !" နောက်ဆုံးစာကြောင်းနှင့်အတူ၊ မီးတောက်များ တဖျပ်ဖျပ်ဖျပ်ခတ်သွားကာ ၎င်းတို့၏ ကိုယ်ပွားပုံရိပ်များ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
လီလော့ နှင့် ကျန်းချင်းအာတို့သည် ဤနေရာတွင် အမြစ်တွယ်နေဆဲဖြစ်ပြီး ၎င်းတို့၏ ပျောက်ကွယ်သွားသော ရုပ်ပုံများကိုသာ တိတ်တဆိတ် အာရုံစိုက်နေကြဆဲပင်......