← Chapters

တိုက်ပွဲ၏နိဂုံး....

Vol. 48 Ch. 670

တိုက်ပွဲ၏နိဂုံး....

Vol. 48 Ch. 670

လီလော့ နှင့် ကျန်းချင်းအာတို့ မြေအောက်နန်းတော်မှ ထွက်လာသောအခါ၊ ချိုင်ဝေ၏ ညွှန်ကြားချက်အရ မရေမတွက်နိုင်သော လူများသည် ပျက်စီးသွားသော အဆောက်အဦးများကို သန့်ရှင်းရေးလုပ်နေကြသော်လည်း ၎င်းတို့နှစ်ဦး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ တလေးတစား မတ်တပ်ရပ်လိုက်ကြသည်။

"အိမ်တော်သခင်ကို နှုတ်ခွန်းဆက်သပါတယ်!"

ထိုအသံများကို နားထောင်ရင်း လီလော့ အနည်းငယ် စိတ်လွတ်သွားသလို ခံစားလိုက်ရသည်။

ကျန်းချင်းအာက ပြုံးလိုက်ပြီး "အိမ်တော်စုဝေးပွဲမှာ ဖေဟောင်ကိုအနိုင်ယူခဲ့တယ်....ဒါကြောင့် နင်က လော့လန်အိမ်တော်ရဲ့ စစ်မှန်တဲ့ အိမ်တော်သခင်ပဲ"

လီလော့လည်း ပြုံးလိုက်မိသည်။ အိမ်သခင်ဘွဲ့က သူ့အတွက် အရေးမကြီးလှပေ။ အတိအကျပြောရလျှင် သခင်လေးဘဝနှင့်သိပ်မကွာလှပေ။

သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာကြည့်လိုက်တော့ မနေ့ညက တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီး ဌာနချုပ်မှာ ပရမ်းပတာဖြစ်နေပေမယ့် လော့လန်အိမ်တော်ရဲ့အဖွဲ့ဝင်တွေအားလုံးက စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေပုံရသည်။ ယုံကြည်စိတ်ချခြင်းကို သူတို့မျက်နှာမှာ မြင်နေရသည်။

ဒီလို ယုံကြည်မှုမျိုးက သူ့ကြောင့် တကယ်ဖြစ်လာတာမဟုတ်မှန်း လီလော့ သိပါသည်။

လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့၏ ကိုယ်ပွားပုံရိပ်များထွက်ပေါ်လာသောကြောင့်သာပင်....

ထိုမြို့စားနှစ်ယောက်သည် လော့လန်အိမ်တော်၏အဓိက မဏ္ဍိုင်များဖြစ်သည်။

သဲလွန်စမရှိဘဲ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီး စစ်မြေပြင်မှာ သေဆုံးသွားကြောင်း ကောလဟာလတွေလည်း ရှိခဲ့ဖူးသည်။ ထို့ကြောင့်၊ လော့လန်အိမ်တော် ၏အဖွဲ့ဝင်များပင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ယုံကြည်မှု တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။ ဒီလိုမှမဟုတ်ရင် ဖေဟောင်ရဲ့ ပရိယာယ်တွေက လူတော်တော်များများရဲ့ နှလုံးသားကို ပျက်စီးသွားစေမည်မဟုတ်ပေ။

အခုလိုကိုယ်ပွားများ ရုတ်တရက်ပေါ်ထွက်လာခြင်းသည် မြင့်မြတ်သောစစ်တလင်းတွင် အသက်ရှင်နိုင်မည်ဟု မဆိုလိုသော်လည်း၊ လော့လန်အိမ်သားများကို သေချာပေါက် စိတ်ချစေပြီး ၎င်းတို့၏ ရန်သူများကို သံသယပွားစေခဲ့သည်။

အထူးသဖြင့် တန်တိုင်လန် ၏ ကြီးစိုးသော စွမ်းပကားကြောင့် ကိုယ်စားအုပ်ချုပ်သူပင် အမြီးကုပ်ထွက်ပြေးခဲ့ရသည်။

လီလော့၏တိုက်ပွဲက လူတိုင်းကိုတုန်လှုပ်စေခဲ့သော်လည်း၊ အဖွဲ့ဝင်များ၏စိတ်နှလုံးတွင်သူ၏သြဇာလွှမ်းမိုးမှုကိုအမှန်တကယ်မြှင့်တင်ရန် မြို့စားအဆင့်သို့ရောက်ရှိရန်လိုအပ်ပေဉီးမည်။

သို့တိုင် လီလော့၏ စိတ်နေစိတ်ထား သိသိသာသာ ကောင်းမွန်လာသောကြောင့် ပို၍ သက်တောင့်သက်သာ ရှိနေသည်။ ဘာပဲဖြစ်ဖြစ် ဖေဟောင် ပျောက်ကွယ်သွားပြီး သူ့မိဘတွေရဲ့ကိုယ်ပွားတွေကြောင့် အခြေအနေကို လုံးဝ တည်ငြိမ်အောင်ထိန်းချုပ်နိုင်ခဲ့ချေပြီ။ ကိုယ်စားအုပ်ချုပ်သူသည် လော့လန်အိမ်တော်၏ ရတနာများကို မက်မောနေသေးသော်လည်း၊ သူသည် ၎င်းတို့ကို ပို၍ လိမ္မာပါးနပ်စွာ ခိုးယူရမည်ဖြစ်ပြီး ပြောင်ပြောင်တင်းတင် လှုပ်ရှားဝံ့မည်မဟုတ်တော့ပေ။

"နောက်ဆုံးတော့ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ပြီ လီလော့ သက်ပြင်းချလိုက်မိသည်။ အခုဆို အရေးကြီးတဲ့အရာတွေကို အပြည့်အဝ အာရုံစိုက်နိုင်နေပါပြီ။ ထို့အပြင် သူသည် အချိန် လေးနှစ်သာကျန်တော့သည်မို့ မဆုတ်မနစ်ကြိုးစားရတော့မည်။

ထိုအချိန်တွင်၊ လီလော့ နှင့် ကျန်းချင်းအာတို့ဆီ လူတစ်ယောက်ရောက်လာခဲ့သည်။

နွားသိုးကြီးပေါင်ပေါင်......

"ဉီးလေးပေါင် အဆင်ပြေရဲ့လား" ဟု လီလော့က စိုးရိမ်တကြီး မေးလိုက်သည်။

ပေါင်ပေါင်က ပြုံးပြီး ခေါင်းယမ်းရင်း မြေအောက်နန်းတော်ဆီသို့ လှမ်းကြည့်လိုက်သည်။

"သူတို့ထွက်သွားပြီလား?"

ကျန်းချင်းအာက "ဦးလေးပေါင်၊ ဆရာနဲ့ဆရာကတော်ကိုနှုတ်မဆက်တော့ဘူးလား...."

"ဟမ်!သူတို့ကသာ ငါ့ကို မနှုတ်ဆက်ဝံ့တဲ့ သူတွေပါ...၊ သူတို့နဲ့တွေ့ရင် ငါစိတ်မထိန်းနိုင်ဘဲပေါက်ကွဲမှာကြောက်နေကြတာလေ .... ဒီနှစ်ကောင်က ငါ့ကိုကလေးထိန်းခိုင်းပြီးလွတ်ရာလွတ်ကြောင်းပြေးသွားကြတဲ့ကောင်တွေ...."

နှစ်ယောက်သား ပြုံးရယ်လိုက်ကြသည်။

အခု သူတို့ စဉ်းစားကြည့်တော့ ပေါင်ပေါင် က သူတို့ရဲ့ မိဘတွေရဲ့ မှန်းဆချက်တွေကို သိထားနှင့်ပြီးသားပင်... မြေအောက်နန်းတော်ကို သူတစ်ချိန်လုံး စောင့်ကြပ်နေခဲ့သော သူတို့၏နည်းလမ်းများကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

"ဉီးလေးပေါင်၊ ဒီအရန်အစီအစဉ်ကိုသိနေရက်နဲ့ ဘာလို့ မပြောခဲ့တာလဲ...."

လီလော့သည် လွန်ခဲ့သည့်တစ်နှစ်အတွင်း မည်မျှစိတ်ဖိစီးမှုကြုံတွေ့ခံစားရသည်ကို ဘုရားသာသိလိမ့်မည်။

"သူတို့က ငါ့ကို ဒီအကြောင်းပြောဖို့ ခွင့်မပြုခဲ့ဘူး....နောက်ပြီး အဲဒါက မင်းတို့နှစ်ယောက်အတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုပဲလေ.... မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြံ့ခိုင်အောင် ကူညီပေးနိုင်ခဲ့တယ်မလား...."

လီလော့ ပါးစပ်ကို ဖွင့်ထားသော်လည်း တုံ့ပြန်ရန် စကားလုံးများကို ရှာမတွေ့ခဲ့ပေ။ အမှန်တကယ်ပင်၊ ဖေဟောင်သည် ၎င်းတို့အား ရှေ့သို့တွန်းပို့သော တွန်းအားဖြစ်စေသောအချက်မဟုတ်ပါက၊ ကျန်းချင်းအာနှင့် သူသည် လွန်ခဲ့သည့်နှစ်အတွင်း ဤမျှအရေးတကြီးလုပ်ဆောင်ခဲ့မည်မဟုတ်ပေ။ ဖေဟောင်၏ မငြိမ်မသက်မှုများသည် များစွာသောဒုက္ခကို ဖြစ်စေခဲ့သည်၊ သို့သော် ၎င်းသည် လော့လန်အိမ်တော်အတွင်းမှသစ္စာဖောက်များကို ဖယ်ရှားပစ်နိုင်စေခဲ့သည်။ ဤပြဿနာကို ဖယ်ရှားလိုက်ခြင်းဖြင့် ယခုအခါ လော့လန်အိမ်တော်သည် ပိုမိုစည်းလုံးလာကာ ပိုမိုကောင်းမွန်တိုးတက်လာမည်ဖြစ်သည်။

တစ်ခါတစ်ရံတွင်၊ လီလော့သည် ဤဘေးဒုက္ခကို သူ့မိဘများက ကြိုးကိုင်ထားသလားဟုပင် တွေးမိသည်။

အမှန်ဆိုလျှင် ဖေဟောင်သည် သနားစရာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။ လူတိုင်းက အကြောင်းပြချက်မျိိုးစုံဖြင့် သူ့ကိုအသုံးချခဲ့ကြသည်။

ထိုအချိန်တွင် ချိုင်ဝေ၊ ယန်လင်းချီ နှင့်ယွမ်ချင်းတို့အလျင်အမြန် ပြေးလာကြသည်။

"သခင်လေး... အိမ်တော်သခင်ရာထူးကို ဆက်ခံနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်..." ချိုင်ဝေက ရယ်မောရင်း လေးလေးနက်နက် ဂုဏ်ပြုပေးခဲ့သည်။

"ဖေဟောင်ကို ထောက်ခံတဲ့သူတွေကို ဘယ်လိုလုပ်ကြမလဲ၊ ရှုထျန်လင်းနဲ့ မိုချန်း အပါအဝင် သူတို့အားလုံးကို ဖမ်းထားပြီးပြီ.... ငါတို့မှာ ကြားနေဝါဒီ အကြီးအကဲ နှစ်ယောက်လည်း ရှိတယ်....အဲဒါတွေအားလုံးကို ငါတို့ ဘယ်လို ဖြေရှင်းကြမလဲ"

၎င်းတို့သည် လော့လန်အိမ်တော်၏အထက်ပိုင်းအကြီးအကဲ တစ်ဝက်လောက်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့ကို ချက်ချင်းကိုင်တွယ်ပါက လော့လန်အိမ်တော်ကို အချိန်တိုအတွင်း လျင်မြန်စွာ အားနည်းသွားမည်ဖြစ်သည်။

လီလော့လည်း ဒါကို ကောင်းကောင်းနားလည်တဲ့အတွက် ကျန်းချင်းအာကို မကြည့်ခင် လေးလေးနက်နက် တွေးတောနေခဲ့သည်။

"နင် ကြိုက်သလိုဆုံးဖြတ်နိုင်တယ်...." ကျန်းချင်းအာက သူ့အား ဆုံးဖြတ်ချက်ချရန်တိုက်တွန်းနေသည်။

လီလော့က အဖြေမထုတ်မီ အချိန်အနည်းငယ်ပေးပြီးစဉ်းစားခဲ့သည်။

"ရှုထျန်လင်းနဲ့မိုချန်းတို့က ခွင့်လွတ်လို့မရတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့ကြတယ်... ဒါ့ကြောင့် စည်းမျဥ်းစည်းကမ်းတွေအတိုင်း သစ္စာဖောက်တွေကို တိုက်ရိုက်အပြစ်ပေးလိုက်ပါ... ဖေဟောင်ကို ပံ့ပိုးပေးတဲ့ အကြီးအကဲတွေကို ရာထူးကနေ တစ်နှစ်လောက်ဖယ်ရှားပြီး အနီးကပ် စောင့်ကြည့်နေပါ.... နောင်တရပြီးကျိုးကျိုးနွံနွံဖြစ်လာပြီဆို ယခင်ရာထူးအတိုင်း ပြန်ခန့်လိုက်ပါ...ဒုတိယအကြီးအကဲတွေရဲ့ ရာထူးအတွက်ကတော့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်ရင်၊ သူတို့ရဲ့ မှန်ကန်တဲ့ ရာထူးကို ပြန်ပေးမယ်....."

ကျန်းချင်းအာကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

"အဆင်ပြေသားပဲ...."

ချိုင်ဝေသည် အမိန့်ကို လေးနက်စွာ လက်ခံခဲ့သည်။ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကျွမ်းကျင်သူ နှစ်ဦးကို သေဒဏ် ချမှတ်ခဲ့သော လီလော့၏အမိန့်သာ ပျံ့နှံ့သွားပါက တစ်အိမ်လုံး တုန်လှုပ်သွားလိမ့်မည်မှာ သေချာပါသည်။ သို့သော်၊ ၎င်းသည် သူ၏ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် သြဇာအာဏာကို တိုးပွားစေမည်ဖြစ်ပြီး၊ ၎င်းသည် ကောင်းမွန်သောအဖြေတစ်ခုဖြစ်သည်။

"ဒါပြီးရင် အဖွဲ့ဝင်သစ်တွေ စုဆောင်းဖို့ ကူညီပေးပါဉီး"

ဤသုတ်သင်ရှင်းလင်းမှုအပြီးတွင် လော့လန်အိမ်တော်၏ စွမ်းအား ကျဆင်းသွားနိုင်သော်လည်း အခြားရှုထောင့်မှကြည့်လျှင် ယခုအခါ တစ်ဖန် အလွန်ကြီးထွားလာနိုင်သည်။ ထို့ကြောင့် သူတို့သည် သွေးသစ်လောင်း၍ အဆင့်များကို ပြန်လည်အသက်သွင်းရန် ဤအခွင့်အရေးကို အသုံးပြုရပေမည်။

"အိမ်ရှင်သခင်ဟောင်း နှစ်ယောက်ရဲ့ အစွမ်းထက်တဲ့ ပံ့ပိုးမှုကြောင့် လူသစ်စုဆောင်းဖို့ ခက်ခဲမှာ မဟုတ်ဘူး..."

လီလော့ ခေါင်းညိတ်လိုက်သည်။ လော့လန်အိမ်တော်သည် ဒုက္ခကို ဖြတ်ကျော်ခဲ့ပြီး သတင်းများ ပြန့်နှံ့လာသည်နှင့်အမျှ ၎င်း၏အမည်သည် ရှပြည်ထောင်စုတွင် ပျံ့နှံ့သွားလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ ဂိုဏ်းခွဲများအားလုံးသည် အိမ်တော်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ကြမည်ဖြစ်ပြီး ၎င်းသည် ဘဝသစ်နှင့် ဘုန်းအသရေကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

..........

လော့လန်အိမ်တော်၏ အခြေအနေ ငြိမ်သက်သွားသည်နှင့်အမျှ ရှမြို့တော်နှင့် အတော်ဝေးကွာသော အနောက်ဘက်တောင်တန်းများ၏အနက်ရှိုင်းဆုံးနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပဲ့တင်ထပ်သံ စွမ်းအားများ မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ကာ ကြီးမားသော လျှိုမြောင်များကို ဖြိုဖျက်ကာ သစ်တောများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

လန်လင်းအိမ်တော်မှ လုပ်ကြံသတ်ဖြတ်သူ မြောက်မြားစွာသည် အမှောင်ရိပ်တွင် ရပ်ကာ ထိုတိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကာ မည်သည့်လုပ်ရပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြပေ။ တောင်တန်းများအတွင်း လူနှစ်ယောက် ထိပ်တိုက်တွေ့နေချိန်တွင် ၎င်းတို့သည် ကြောက်ရွံ့သော အကြည့်များဖြင့် ထိုတိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

တစ်ယောက်က သူတို့ရဲ့ အိမ်တော်သခင်ဖြစ်ပြီး နောက်တစ်ယောက်က ကြယ်တာယာခရီးရှည်ကောလိပ်မှ ပူပူနွေးနွေး နှုတ်ထွက်ခဲ့သူ နည်းပြချီချန်းဖြစ်သည်။

သူမသည် လန်လင်းအိမ်တော်၏ ဌာနချုပ်သို့ ရုတ်တရက် ဝင်သွားပြီး ဘာတစ်ခွန်းမှ မပြောဘဲ တံခါးကို ဖြိုခွဲလိုက်တော့သည်။ထိုအချိန်မှစ၍ သူတို့စီစဉ်ထားတဲ့ လျှို့ဝှက်စစ်ဆင်ရေးကြီး ရပ်တန့်သွားခဲ့လေသည်။ အိမ်တော်သခင်၏ဝင်ရောက်စွက်ဖက်မှုကြောင့်မဟုတ်ပါက၊ ကြော့ရှင်းပြီး လှပသောအမျိုးသမီးနည်းပြက အိမ်တော်ကို အမြစ်လှန်ချေမှုန်းပစ်နိုင်သည်။

နှစ်ယောက်ကြား တိုက်ပွဲက အချိန်အတော်ကြာအောင် ပြင်းထန်နေခဲ့သည်။

ရုတ်တရက်၊ လန်လင်းအိမ်တော်သခင်က တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်သည်။

သူသည် အနက်ရောင်ဝတ်စုံကို ခေါင်းအစခြေအဆုံး အမှောင်ရိပ်နှင့်တသားတည်းကျနေသလိုပင်... ထိုအချိန်တွင် သူသည် ရှမြို့တော်ဆီမှ တုန်လှုပ်ချောက်ချားသွားစေသည့် သတင်းကို ရရှိလိုက်ပုံရသည်။

"နည်းပ ချီချန်း၊ ဘာမှလုပ်စရာ မလိုတော့ဘူး....လော့လန်အိမ်တော်ရဲ့အိမ်တော်စုဝေးပွဲ နိဂုံးချုပ်သွားပပြီ" ဟု လန်လင်းအိမ်တော်သခင်က ကြေကွဲစွာ ကြေငြာခဲ့သည်။

နည်းပြချီချန်းက နားထောင်နေပေမယ့် သူမရဲ့ အကြည့်တွေ ပျော့ပြောင်းသွားပြီး တုန်လှုပ်သွားခဲ့သည်။

"နိဂုံးချုပ်သွားဆိုတော့. လီလော့... သူအောင်မြင်ခဲ့တာလား..... ဒါမှမဟုတ် မအောင်မြင်ဘူးလား?"

သူမ၏နောက်တွင်၊ ပင်လယ်လှိုင်းလုံးများသဖွယ် ပြာလဲ့သော ပဲ့တင်ထပ်သံစွမ်းအားများရှိနေပြီး ပင်လယ်ပြင်ပေါ်တွင် ရပ်နေသော ဧရာမ အပြာရောင်ကျားကြီးသည်လည်း အလားတူပင် ပင်လယ်၏အနက်ရှိုင်းဆုံးဆီသို့ နစ်မြုပ်သွားတော့သည်။ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ်၊ အိမ်တော်သခင် ပြောတဲ့ အတိုင်း ဆက်လက်တိုက်ခိုက်နေစရာမလိုတော့ပေ။

" နည်းပြချီချန်း...နို့နံမစင်သေးတဲ့ကလေးတွေအတွက် ကောလိပ်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ဖို့ ဘာကြောင့် ရွေးချယ်ရလဲဆိုတာ ငါ နားမလည်နိုင်ဘူး"

"ကျွန်မက ကောလိပ်ရဲ့ နည်းပြမဟုတ်တော့ဘူး"

"ဘာပဲဖြစ်ဖြစ် မင်းနဲ့ လီလော့က ဆရာနဲ့ တပည့်ရဲ့ ဆက်ဆံရေးပဲ ရှိပါသေးတယ်... မင်းဘာလို့ ဒီလောက်အတိုင်းအတာအထိ လုပ်ပေးနေရတာလဲ...."

" အရည်အချင်းရှိတဲ့ ကျောင်းသားကို ကာကွယ်ချင်တဲ့ ဆရာတစ်ယောက်ရဲ့ ဖြူစင်တဲ့ ရည်ရွယ်ချက် သက်သက်ပါပဲ...တပည့်သေတာကို ဘယ်ဆရာကမှထိုင်ကြည့်နေနိုင်မှာမဟုတ်ဘူး"....

"မင်းက စိတ်ထားကောင်းလွန်းတယ်။"

သွေးအေးလူသတ်သမားတစ်ယောက်အနေဖြင့် ဤအရာသည် သူ့အတွက် အဓိပ္ပါယ်မရှိသော အရာတစ်ခုဖြစ်သည်။

နည်းပြချီချန်းက ဆက်ပြောရန် စိတ်မဝင်စားဘဲ လှည့်ထွက်သွားသည်။

သူမ၏ ထွက်ခွာသွားပုံကို မြင်လိုက်ရသဖြင့် လန်လင်းအိမ်တော်သခင်က နောက်ဆုံးအနေဖြင့်....

"နည်းပြချီချန်း.... လီလော့ အောင်ပွဲခံနိုင်ခဲ့ပြီ... လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့ကိုယ်ပွားတွေ ဆင်းလာတဲ့အတွက် လော့လန်အိမ်တော် အန္တရာယ်ရှိမှာ မဟုတ်တော့ဘူး..."

နည်းပြချီချန်း၏ခြေလှမ်းများရပ်တန့်သွားခဲ့သည်။ ဤအချိန်တွင် သူမ၏ တင်းမာသော ခန္ဓာကိုယ် အနည်းငယ် ပြေလျော့သွားသည်ကို တွေ့နိုင်သည်။ လန်လင်းအိမ်တော်သခင်၏ သတင်းသည် သူမ၏ နှလုံးသားကို ငြိမ်သက်စေခဲ့သည်။

"ကျေးဇူးတင်ပါတယ်..." ထို့နောက်အလင်းတန်းတစ်ခုနှင့်အတူ သူမ အဝေးကို ထွက်ခွာသွားလေတော့သည်။

All Chapters