← Chapters

မတူညီသောရွေးချယ်မှု....

Vol. 48 Ch. 672

မတူညီသောရွေးချယ်မှု....

Vol. 48 Ch. 672

နေ့သစ်တစ်ခုစတင်လာချိန်တွင် ရှမြို့တော်သည်လည်း အရင်တိုင်း လှုပ်ရှားသက်ဝင်လာခဲ့သည်။

ခြားနားချက်မှာ အပေါ်ယံအားဖြင့် အရာအားလုံးသည် တူညီနေသော်လည်း မနေ့ညက အဖြစ်အပျက်များသည် အရာအားလုံးကို ထာဝရပြောင်းလဲစေခဲ့သည် ။

လော့လန်အိမ်တော်ဌာနချုပ် တံခါးများ ပွင့်လာပြီး ကျန်းချင်းအာနှင့် လီလော့တို့စီးနင်းလာသော ရထားလုံးတစ်စင်း ထွက်လာသည်။

လော့လန်အိမ်တော်၏ အစောင့်များသည် ယခင်နေ့နှင့် အနည်းငယ် ကွာခြားသည်ကို လူတိုင်း မြင်နိုင်သည်။ သူတို့သည် ယခုအချိန်တွင် စိတ်ခွန်အားတစ်ခု ပိုင်ဆိုင်ထားပုံရသည်။ ယင်းကြောင့် အနီးနားရှိ လူများထံမှ မရေမတွက်နိုင်သော သက်ပြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ မနေ့က လော့လန်အိမ်တော် တည်ငြိမ်နေပုံရပေမယ့် နေထွက်ချိန်မှာ သူတို့ ဆက်ရှိနေဦးမလားဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပေ။

ယခုမြင်နေရသည့်အတိုင်းဆို မနေ့ညက တိုက်ပွဲသည် ၎င်းတို့ကြားတွင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို အမှန်တကယ် ဖြစ်စေခဲ့သည်။

လော့လန်အိမ်တော် ပျက်စီးခြင်းမရှိကြောင်း ထင်ရှားသည်။ ယခင် အိမ်တော်သခင်နှစ်ပါး၏ကိုယ်ပွားများရောက်ရှိလာမှုကြောင့် ပြည်တွင်းရေးကို တည်ငြိမ်စေမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ ဆက်လက်ရှင်သန်ကြောင်း အတည်ပြုခဲ့ပြီး မည်သည့်အချိန်တွင် ပြန်လာကြမည်ကို မည်သူမျှ မသိခဲ့ကြပေ။ ထို့ကြောင့်လော့လန်အိမ်တော်ကို မည်သူမှ ပေါ်ပေါ်တင်တင် ထိပါးဝံ့မည်မဟုတ်ပေ။

လက်ရှိ လော့လိန်အိမ်တော်သည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။

"ဒူဇီအိမ်တော်ရဲ့ အိမ်တော်သခင်က လော့လန်အိမ်တော်ကို ကူညီဖို့ ရွေးချယ်မယ်လို့ ဘယ်သူထင်မိမှာလဲ "

မနေ့ညက သတင်းကြောင့် လီလော့ သက်ပြင်းချလိုက်သည်။ လော့လန်အိမ်တော် သည် ဒူဇီအိမ်တော်နှင့် အဆက်မပြတ် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခဲ့သောကြောင့် ဒူဇီယန်၏ အကူအညီကို မျှော်လင့်မထားပေ။ နှစ်ဘက်စလုံးသည် ရန်ငြိုးရန်စများ ပြည့်နှက်နေသောကြောင့် လီလော့သည် ဒူဇီယန် ၏ မလွှဲမရှောင်သာ ဝင်ရောက်စွက်ဖက်ခြင်းအတွက် အမြဲတမ်း ပြင်ဆင်နေခဲ့သည်။

နောက်ဆုံးတွင်၊ ဒူဇီယန်သည် ရေနစ်သူဝါးကူထိုးခြင်းမျိုးမလုပ်ဘဲ အကူအညီပေးကာ စီချင်းကိုပင် တားထားခဲ့သည်။

ကျန်းချင်းအာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဒူဇီယန်သည် မည်သူမျှ မမျှော်လင့်ထားခဲ့သော ထူးခြားဆန်းပြားမှုတစ်ခုဖြစ်သည်။ သူ့အကူအညီက နောက်ဆုံးရလဒ်ကို မပြောင်းလဲခဲ့ပေမဲ့၊ သေချာပေါက် ကျေးဇူးဆပ်ရမည်။

"ဒူဇီအိမ်တော်ကို လက်ဆောင်ပို့ဖို့ လူတချို့စေလွှတ်ထားပြီးသားပါ...ဒါက ကြီးကြီးမားမားမဟုတ်ပေမယ့် ငါတို့ရဲ့ ရည်ရွယ်ချက်တွေကို ကိုယ်စားပြုမှာပါ" ဟု သူမက ရှင်းပြခဲ့သည်။

လီလော့ တွေးရင်း ခေါင်းညိတ်လိုက်သည်။

"ရှေ့ဆက်လျှောက် ကျင်းချွဲ့အိမ်တော်နဲ့ ငါတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ထားတယ်... စီချင်းက သရုပ်မှန်ထုတ်ပြလိုက်ပြီဆိုတော့ ဒီလို ပျင်းရိစရာဟန်ဆောင်မှုတွေကို ဆက်လုပ်ဖို့ မလိုအပ်တော့ဘူး.... "

"နင်က အိမ်တော်သခင်ပဲ... နင်ပဲဆုံးဖြတ်ပါ...."

လော့လန်အိမ်တော်သည် ၎င်းတို့၏အတွင်းပိုင်းအခြေအနေ မတည်ငြိမ်မှုများကြောင့် တစ်ချိန်က ကျင်းချွဲ့အိမ်တော်ကို မဟာမိတ်အဖြစ် လိုအပ်ခဲ့သည်။

ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားအတွက် ပြိုပျက်သွားသော ခင်မင်ရင်းနှီးမှုကို မလိုအပ်ပေ။

လီလော့သည် ရထားလုံးပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ လောလောဆယ်မှာ ရွှေနဂါးဘဏ်ကို သွားနေခြင်းဖြစ်သည်။ ယုဟုန်ရှီ တစ်ခုခုလုပ်ထားသည့်အတွကိ ဘဏ်တိုက်မှမည်သူမျှ မစွက်ဖက်ခဲ့ပေ။ ထို့ကြောင့် သူ့ကျေးဇူးကို သေချာပေါက် သိတတ်ရမည်။

လီလော့နှင့်ကျန်းချင်းအာ သွားလာနေစဉ် ၎င်းတို့၏လက်ဆောင်ကို ဒူဇီအိမ်တော်သို့ပို့ပေးလိုက်ပြီဖြစ်သည်။

...........................

"အဖေ.....ဘာတွေတွေးနေတာလဲ....လော့လန်အိမ်တော်ကိုဘာလို့ ကူညီခဲ့တာလဲ ...အဖေနဲ့ကျင်းချွဲ့အိမ်တော်သခင်သာ ပူးပေါင်းလိုက်ရင် လော့လန်အိမ်တော် လုံးလုံးပျက်စီးသွားလိမ့်မယ်...."

ဒူဇီအိမ်တော်၏ ပင်မခန်းမအတွင်းတွင်၊ ဒူဇီပိုင်ရွှမ်းသည် ဖခင်၏ရည်ရွယ်ချက်များကို နားမလည်နိုင်ဘဲ ဒေါသတကြီးပေါက်ကွဲနေသည်။ ဒီသတင်းကို လွန်ခဲ့တဲ့ ညပိုင်းလောက်က သူလက်ခံရရှိပြီးဖြစ်ပေမယ့် သူ့ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နှက်နေဆဲပင်......

လော့လန်အိမ်တော်နှင့်ဒူဇီအိမ်တော် တို့သည် မီးနှင့်ရေကဲ့သို့ သဟဇာတမဖြစ်ဘဲ အချင်းချင်း အဆက်မပြတ်တိုက်ခိုက်ခဲ့ကြသည်။ တကယ်တော့ အိမ်တော်စုဝေးပွဲသည် ၎င်းတို့အား ဖယ်ရှားရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပုံရသည်။ အဲဒီ့အစား၊ သူ့အဖေက သူတို့ကို မဖြုတ်ချခဲ့ဘဲ သူတို့လိုအပ်နေတဲ့အချိန်တွေမှာ ကူညီခဲ့တာလား။

နောက်တစ်ခါ လီလော့နှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမည်နည်း....

ထို့အပြင် လီလော့ ထံမှ ကျေးဇူးတင်လွှာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

မင်းအဖေကို ငါတို့တကယ်ကျေးဇူးတင်တယ်.... နောက်ဆို ငါတို့တွေ အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာမယ်ထင်တယ်... မကြာခင်ပြန်ဆုံကြမယ်!

ဒါကို သူဘယ်လိုပြန်ဖြေရမလဲ....

"နင် ပါးစပ်မပိတ်နိုင်သေးဘူးလား တကယ်လို့သာ ဒူဇီအိမ်တော်က နင့်လိုဦးနှောက်စွမ်းအားနည်းတဲ့သူတစ်ယောက်ရဲ့ လက်ထဲမှာ ကျန်နေခဲ့မယ်ဆိုရင် တစ်နှစ်မပြည့်မီမှာပဲ ပြိုလဲသွားနိုင်တယ်"

ဒူဇီဟုန်လျန်သည် ရူးမိုက်သော မောင်ငယ်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

" ကိုယ်စားအုပ်ချုပ်သူတောင်ထွက်ပြေးရတယ်ဆိုတော့ လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့ ကိုယ်ပွားတွေက သူ့ကို ကြောက်လန့်စေနိုင်တာ ရှင်းနေပြီပဲ.... အဖေသာ လော့လန်အိမ်တော်ကို ဆန့်ကျင်ဖို့ ရွေးချယ်ခဲ့မယ်ဆို ဟို မြို့စားလင်မယား ပြန်ရောက်ပြီးရင် ဘာတွေဖြစ်လာမလဲ... ဒူဇီအိမ်တော်အဆုံးသတ်သွားလိမ့်မယ်.... ဘယ်လိုပဲဖြစ်ဖြစ် လီလော့ နဲ့ ကျန်းချင်းအာတို့တွေက လွတ်လမ်းရှိပြီးသား... အခြေနေမဟန်ရင် အိမ်တော်ကိုစွန့်လွှတ်ပြီး ကောလိပ်မှာခိုလှိုနေကြမှာ.... သူတို့ရဲ့ အရည်အချင်းတွေနဲ့ဆို နှစ်အနည်းငယ်အတွင်းမှာ ဒုတိယမြောက် လီတိုင်ရွှမ်နဲ့တန်တိုင်လန် ဖြစ်လာနိုင်တယ်!"

ဒူဇီဟုန်လျန်က အေးအေးဆေးဆေး ရှင်းပြခဲ့သည်။

"ဒါကြောင့် ဖေဖေရဲ့ ဆုံးဖြတ်ချက်က အကောင်းဆုံးပဲလေ.... အနည်းဆုံးတော့ လီတိုင်ရွှမ်နဲ့တန်တိုင်လန် ပြန်လာမှာကို စိတ်ပူနေစရာ မလိုဘူး...ဆန့်ကျင်ဘက်အနေနဲ့ အိမ်တော်သခင် စီချင်းတစ်ယောက် အေးအေးဆေးဆေး အိပ်ပျော်နိုင်မှာမဟုတ်လောက်ဘူး...."

ဒူဇီယန်က ညင်သာစွာ ခေါင်းညိတ်ပြပြီး ဒူဇီဟုန်လျန်ကို ကျေနပ်အားရသောအကြည့်ဖြင့်ကြည့်နေသည်။

"ဟုန်လျန်.... သမီးက အမြော်အမြင်ကြီးတယ်... နင့်မောင် ငတုံးနဲ့တော့ကွာပါ့...."

ဒူဇီပိုင်ရွှမ်းသည် အနည်းငယ် ဒေါသထွက်နေသော်လည်း ငယ်စဉ်ကတည်းက သူ့ကို အမြဲ နှိပ်စက်နေခဲ့သော သူ့အစ်မနှင့် ရင်ဆိုင်ရသောအခါတွင် မငြင်းဆန်ဝံ့တော့ပေ။

ထိုအချိန်တွင်၊ လော့လန်အိမ်တော်ကနေ လက်ဆောင်များ ပေးပို့ခဲ့ကြောင်း အမျိုးသမီး အစေခံတစ်ဉီးက သတင်းပို့လာသည်။

"လော့လန်အိမ်တော်က ကောင်စုတ်လေးတွေ လူလိုသိတတ်သားပဲ...." လို့ ဒူဇီယန် က ဘာသိဘာသာဘဲ မှတ်ချက်ပေးခဲ့သည်။

ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ကာ... "လက်ဆောင်တွေကို ယူပြီး စာတစ်စောင်ပြန်ပို့လိုက်... ဒူဇီအိမ်တော်နဲ့ လော့လန်အိမ်တော် တို့က ဒီလောက်နဲ့ မဟာမိတ်တွေ ဖြစ်လာမှာ မဟုတ်ဘူး....ငါတို့ကြားက တိုက်ပွဲက ဆက်ရှိနေမှာ ဖြစ်ပြီး ကရုဏာထားနေစရာမလိုဘူး....."

ဒူဇီဟုန်လျန်သည် ဖခင်၏ အမိန့်ကို နားထောင်ပြီး အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။ သူသည် လော့လန်အိမ်တော်ကိုကူညီရန်ရွေးချယ်ခဲ့သော်လည်း၊ အခုချိန်ထိမာန်မလျှော့ချင်သေးပေ... သို့မဟုတ် သူသည် လီတိုင်ရွှမ်ကို အရှုံးမပေးချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲဆက်ဖြစ်နေလျှင်ပင် မနေ့ညက ဒူဇီယန်၏ လုပ်ရပ်များသည် ၎င်းတို့၏ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲသွားစေခဲ့သည်။

..............................

"ဖေဖေ၊ ဘာလို့ဒီလိုလုပ်ဖို့ရွေးချယ်ခဲ့တာလဲ၊ ကျင်းချွဲ့အိမ်တော်က လော့လန်အိမ်တော်ရဲ့ မိတ်ဆွေမဟုတ်ဘူးလား...."

စီထျန်းမင် နှင့် စီချိုးယင်းတို့သည် အံ့သြသွားသော အကြည့်ဖြင့် မေးလိုက်ကြသည်။

"အိမ်တော်တွေကြားမှာ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှု ဘယ်လိုရှိနိုင်မလဲ....လော့လန်အိမ်တော်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနိုင်ပေမယ့် သူတို့က ဂျိယန်အိမ်တော်နဲ့ ဒူဇီအိမ်တော် ရဲ့ဖိအားတွေကို ခွဲထုတ်ဖို့ ငါတို့ကိုအသုံးခုနေတာ"

စီချင်းက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

တစ်ဖက်တွင် စီထျန်းမင်သည် အလွန်စိုးရိမ်နေသဖြင့် ချွေးစေးပျံနေရှာသည်။

" ဘာမှမလုပ်ဘဲ ငြိမ်နေတာကမှ နောက်ကျောကိုဓားနဲ့ထိုးတာထက် ပိုကောင်းလိမ့်မယ် ! အခုဆို ကျင်းချွဲ့အိမ်တော်ကို ဘယ်သူမှ ထပ်ပြီး လေးစားမှာ မဟုတ်ဘူး ! ကျွန်တော်တို့တွေ လော့လန်အိမ်တော်ကို လုံးလုံးလျားလျား စော်ကားလိုက်မိပြီ.... "

စီချင်း၏ အမူအရာ ခက်ထန်သွားကာ စားပွဲခုံကို ဒေါသတကြီး ဆောင့်ကန်လိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ?!"

စီချိုးယင်းသည် လက်သီး တင်းတင်းဆုပ်ကာ.... "အစ်ကိုပြောတာ မှန်တယ်.... ဖေဖေ့ရဲ့ရွေးချယ်မှု လုံးဝမှားသွားပြီ!"

"တောင်းပန်တဲ့အနေနဲ့ လော့လန်အိမ်တော် ကို လက်ဆောင်တွေ ပေးပို့ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားတယ်....ဆက်ဆံရေးကို ပြုပြင်ပေးနိုင်မယ်လို့ မျှော်လင့်ရမှာပဲ" ဟု စီထျန်းမင်က ထပ်မံ ရှင်းပြခဲ့သည်။

"စောက်သုံးမကျတဲ့ကောင်!"

စီချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းအဖေကို ရှပြည်ထောင်စုမှာ တံတွေးခွက်ထဲပက်လက်မျောစေချင်နေတာလား....

လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ အသက်ရှင်နေသေးပေမယ့် မြင့်မြတ်တဲ့သစ်တလင်းထဲက အသက်ရှင်လျှက် ထွက်လာနိုင်မှာတဲ့လား.... နှစ်အနည်းငယ်အတွင်းမှာ ကိုယ်စားအုပ်ချုပ်သူက လော့လန်အိမ်တော် ကို လွှတ်ထားမယ်လို့ မင်းတကယ်ထင်နေတာလား။ သူတို့ရဲ့ မောက်မာမှုက ခဏလောက်ပဲခံလိမ့်မယ်... အခု ဒူဇီယန်က သူတို့ကို ကူညီပေးလိုက်တဲ့အတွက် ကိုယ်စားအုပ်ချုပ်သူ ရဲ့ ဒေါသကို သွားဆွသလိုဖြစ်သွားပြီ.... မင်းကများ အဖေထက်သားတစ်လကြီး လုပ်ချင်နေတာလား......"

စီထျန်းမင် နှင့် စီချိုးယင်းတို့သည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြသည်။ သူတို့ရဲ့ ဉာဏ်ပညာရှိတဲ့ ဖခင် ဘယ်လောက်တွေ မိုက်မဲနေသလဲ နားမလည်နိုင်တော့ပေ။

"ထွက်သွားကြ!"

စီချင်းသည် ငြင်းခုံရန် စိတ်မ၀င်စားနိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက် မောင်နှမနှစ်ယောက် စိတ်ဓာတ်ကျသော အကြည့်များဖြင့် ထွက်ခွာသွားကြသည်။

သူ့ကလေးတွေ အခန်းထဲက ထွက်သွားတာနဲ့ စီချင်းရဲ့ အမူအရာ မှုန်ကုပ်ကုပ် ဖြစ်သွားပြီး သူ့ရှေ့က စားပွဲပေါ် ကို ဒေါသတကြီး ရိုက်ချလိုက်သည်။ စားပွဲသည် သူ၏စွမ်းအားကို မခုခံနိုင်ဘဲ ဖုန်မှုန့်များ ကွဲအက်သွားခဲ့သည်။

"လီတိုင်ရွှမ်နဲ့ တန်တိုင်လန်..မင်းတို့တွေ စစ်တလင်းကနေ အရှင်လတ်လတ် လွတ်မြောက်နိုင်မယ်လို့ ငါမယုံဘူး!"

All Chapters