အင်မော်တယ်တားမြစ်နယ်မြေ
Vol. 48 Ch. 723
မြေပြင်ပေါ်တွင် အရှေ့ဆုံးမှအုပ်စုသည် အတွေ့အကြုံရှိပြီးသော ဝိညာဉ်သိုက်အဆင့်ဓားကိုင်များ ဖြစ်ကြသည်။ ဓားအိမ်ယာ၏ အလယ်အလတ်အဆင့် အဖွဲ့ဝင်များဖြစ်သည်နှင့်အညီ သူတို့သည် စစ်ပွဲအတွင်းတွင် တပ်ဖွဲ့အသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
သူတို့တစ်ဦးချင်းစီသည် တိုက်ပွဲများစွာကို တွေ့ကြုံဖူးကြပြီး တစ်ကိုယ်တည်း အစွမ်းအစရှိသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့က တခြားတပ်ဖွဲ့များထဲသို့ လူစုကွဲဝင်ရောက်သွားကြလျှင်ပင် သူတို့၏ သတ်ဖြတ်ရန် စိတ်ဓာတ်ပြတ်သားမှုနှင့် ရဲစွမ်းသတ္တိကြောင့် တပ်ဖွဲ့၏ အသိအမှတ်ပြုမှုကို အလျှင်အမြန် ရရှိကြလိမ့်မည်။
အခက်အခဲများစွာကို တွေ့ကြုံပြီးနောက် သူတို့ကို မှတ်မိနေသူများသည် အတော်လေး များသည်။ သို့သော်လည်း သူတို့ကို အသိအမှတ်ပြုသူသည် နည်းပါးသည်။
သူတို့သည် သူတို့၏ ကိုယ်ပိုင်လူများကို လိုအပ်ရုံသာမက သိသာထင်ရှားသော အောင်မြင်မှုများနှင့် လူလေးစားခံရမည့် သရုပ်ကိုလည်း လိုအပ်သေးပေသည်။
ရွှီချင်းတွင် အောင်မြင်မှုများရှိပြီး ခုန်းရှန်းလုံတွင် မြင့်မားသော သရုပ်ရှိသည်။
ဤသည်မှာ အရှေ့ဆုံးမှ ဓားကိုင်များက သူတို့နှစ်ယောက်ကို သူတို့နှင့်တန်းတူရပ်ခွင့်ပေးရန် တိတ်တဆိတ် သဘောတူညီခဲ့ကြသော အကြောင်းအရင်းလည်း မှန်ပေသည်။
ယခု ဤနေရာတွင် သူတို့စုဝေးရောက်ရှိနေသောအခါ ရွှီချင်း၊ ခုန်းရှန်းလုံနှင့် ဘေးပတ်ဝန်းကျင်မှ ရဲဘော်ရဲဘက်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားသည်။ သူတို့အားလုံး၏ အကြည့်သည် သူတို့၏ အရှေ့မှ တွင်းနက်ကြီးပေါ်သို့ ကျရောက်သွားသည်။
တွင်းနက်သည် မှောင်မည်းနေပြီး အောက်ခြေမဲ့ဟန် ရသည်။
ဤနေရာရှိ ဒြပ်နှောများသည် သိသာစွာ ပိုပြီးသိပ်သည်းသည်။ သို့သော်လည်း ယင်းတို့က ရွှီချင်း၏ အနားသို့ ချဉ်းကပ်လာသည့်အခါ ရွှီချင်းသည် အလိုအလျောက် သက်တောင့်သက်သာ ခံစားမိသည်။ သူက ယင်းတို့ကို စုပ်ယူနိုင်သည့်အလားပင်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားလက်ချောင်း၏ ပြုပြင်မွမ်းမံခြင်းခံထားရကြောင်း သူသိသည်။ သို့သော်လည်း ယခုအချိန်သည် ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ရမည့်အချိန် မဟုတ်ပေ။ ဤနေရာတွင် ပညာရှင်ကျင့်ကြံသူအများအပြား ရှိသည်။ ထို့ကြောင့် သူ၏ ထူးခြားချက်ကို မထုတ်ဖော်ချင်ပေ။
သို့ဖြစ်၍ သူသည် ဒြပ်နှောကို မစုပ်ယူပေ။ သူက နတ်နန်းတော်များမှ စွမ်းအားကိုပင် ထုတ်လွှတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ အကာအကွယ်တစ်ခု ဖြစ်ပေါ်စေကာ ဒြပ်နှောကို ဟန့်တားလိုက်သည်။
ဤနေရာမှ အော်ဟစ်သံများနှင့် ညည်းတွားသံများသည် ပို၍ပင် ကျယ်လောင်သည်။ ထိုအော်သံများက သူ၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာနေစဉ် ကျန်ရှိနေသော ဓားကိုင်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ချင်းချိုးနှင့် နင်ယန်လည်း သူတို့ထဲမှာ ပါရှိသည်။
ခေါင်းဆောင်သည်လည်း ရောက်ရှိလာသည်။
သို့သော်လည်း စစ်ပြန်ဓားကိုင်များသည် သူတို့အတွက် လမ်းမဖယ်ပေးချေ။ ထို့ကြောင့် ချင်းချိုးနှင့် နင်ယန်သည် အပြင်ဘက်မှာသာ မတ်တတ်ရပ်နိုင်ကြသည်။ သို့သော်လည်း ခေါင်းဆောင်သည် ယင်းကို ဂရုမစိုက်ပေ။ သူက အရှေ့သို့ ဆက်လျှောက်သွားရင်း ဓားကိုင်များကို နှုတ်ဆက်လိုက်သည်။
တိုက်ပွဲတစ်ရာကျော်ကို ဖြတ်ကျော်ခဲ့ကြသော ထိုကျင့်ကြံသူများသည် ခေါင်းဆောင်ရောက်ရှိလာသောအခါ သူတို့၏ ခံစားချက်ကင်းမဲ့သော အမူအရာကို ဆက်လက်မထိန်းသိမ်းနိုင်ကြတော့ပေ။ သူတို့အားလုံးသည် ခါးသီးစွာ ပြုံးလိုက်ကြသည်။
သူတို့သည် ချန်းအားညိုအပေါ် လေးနက်သောအမြင် ရှိသည်။
လွန်ခဲ့သောလအနည်းငယ်က ခံတပ်ထဲတွင် ချန်းအားညို၏ ဂုဏ်သတင်းသည် မသေးပေ။ မည်သို့ဖြစ်စေ သူသည် အပေါင်းအသင်းများသူ ဖြစ်သည်။ စစ်မြေပြင်မှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ကြသော လူများတွင် သူ့ကို မမြင်ဖူးသည့်သူဟူ၍ အလွန်နည်းပါးသည်။
အထူးသဖြင့် သူသည် တိုက်ပွဲရပ်နားထားစဉ် ကျဆုံးသွားသော ရဲဘော်ရဲဘက်များ၏ ခန္ဓာကိုယ်များကို ပြန်လည်သိမ်းဆည်းရသော တာဝန်ကို ထမ်းဆောင်ရသည်။ ထိုစဉ် သူသည် ဒဏ်ရာအပြင်းအထန်ရထားသော လူတချို့နှင့် သတိလစ်နေကြသော စစ်သည်တော်များကိုပင် ဘေးကင်းလုံခြုံစွာ ပြန်ခေါ်လာနိုင်ခဲ့သည်။
“ အကိုကြီး နည်းနည်းလောက် ဘေးဖယ်ပေးပါ… ငါအရှေ့ကို သွားချင်လို့ပါ ”
“ ဟားဟား လူအိုကြီးပေါင် မင်းက ကျင့်ကြံခြင်းအဆင့်မြင့်တယ်ဆိုပြီး ငါအရှေ့သွားမှာကို တားလို့ရမယ် ထင်နေလား… အဲ့ဒီတုန်းက မင်းကို အလောင်းပုံတွေထဲကနေ ဆွဲထုတ်ပေးခဲ့တာ ငါလေ… ဘာလဲ မင်းဗိုက်ထဲကို အူတွေပြန်ထည့်ပေးခဲ့တာ ငါဆိုတာ မေ့သွားပြီလား ”
“ လီလေး မင်းရဲ့လက်က ပြန်ပေါက်တာ အတော်နှေးတာပဲ… နောက်ကျရင် ငါမင်းကို ဆေးလုံးတချို့ပေးမယ်… ငါလည်းပဲ အဲ့လိုတွေ့ကြုံဖူးတယ် ”
ထိုသို့ဖြင့် ခေါင်းဆောင်၏ ခရီးသည် ချောမွေ့ပြီး လူအုပ်ကြားထဲမှ အောင်မြင်စွာ တိုးထွက်နိုင်သွားသည်။ သူက ရွှီချင်းနှင့် ခုန်းရှန်းလုံ၏ ဘေးတွင် ဝင်ရပ်လိုက်ပြီး ဝိညာဉ်သိုက်အဆင့် တခြားကျင့်ကြံသူများကို ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။
ခေါင်းဆောင်ကို မြင်လိုက်ရသောအခါ ဝိညာဉ်သိုက်အဆင့် ထိုကျင့်ကြံသူများ၏ အမူအရာသည် ထူးဆန်းသွားကြသည်။ သူတို့ထဲမှ တချို့သည် ချန်းအားညို၏ ကယ်တင်ပေးခြင်းခံခဲ့ရကြသည်။ သူတို့အားလုံးနီးပါးသည် ချန်းအားညိုကျွေးသော အသားကို စားဖူးကြသည်။
ခုန်းရှန်းလုံသည် မျက်စောင်းထိုးလိုက်သည်။ စစ်ပွဲပြီးဆုံးပြီးနောက် ချန်းအားညိုအပေါ် သူ၏ အမြင်သည် ပြောင်းလဲသွားသော်လည်း သူ့အပေါ် သူ၏ နဂိုရှိရင်းစွဲ အမြင်ကပ်မှုသည် အနည်းငယ် ကျန်ရှိနေဆဲပင်။
ခေါင်းဆောင်သည် ယင်းကို ဂရုမစိုက်ပေ။ သူက လူတိုင်းကို လိုက်လံနှုတ်ဆက်ပြီးနောက် ခုန်းရှန်းလုံ၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ ခုန်းရှန်းလုံသည် သူ့ကို ကန်မထုတ်မိအောင် အစွမ်းကုန်ကြိုးစားပြီး စိတ်ထိန်းနေစဉ် ခေါင်းဆောင်သည် တဟားဟား ရယ်လိုက်သည်။
“ လူအိုကြီးခုန်း မင်းမျက်နှာက ဘယ်လိုဖြစ်တာတုန်း… ငါ့ကို တွေ့ရဖို့ ဘာလို့အဲ့လောက်တောင် ဆန္ဒဆောနေတာလဲ… အတိတ်တုန်းက ရှန်းဟယ်နောက်ကိုလိုက်ဖို့ မင်းကို ကူညီပေးခဲ့တဲ့လူက ငါဆိုတာမမေ့နဲ့ဦး ”
ခုန်းရှန်းလုံသည် နှုတ်ဆိတ်သွားသည်။
ဤသည်ကို ခေါင်းဆောင်မြင်သောအခါ အတွင်းစိတ်ထဲမှ ကျိတ်ဘဝင်မြင့်သွားသည်။ ထို့နောက် သူက ရွှီချင်းကို ပွေ့ဖက်လိုက်သည်။ သူက အသံမပို့လွှတ်ခင် ရွှီချင်းကို မျက်စေ့တစ်ဖက်မှိတ်ပြလိုက်သည်။
‘ မင်း အဖိုးကြီးကို မြင်မိသေးလား… ငါတော့ သူ့ကို ဒီရက်တွေမှာ မမြင်မိဘူး… သူ ထွက်ပြေးသွားတာတော့ မဟုတ်လောက်ပါဘူးနော်… ငါတို့က သူ့ကို လှည့်စားခဲ့လို့ သူက ငါတို့ကို ပြန်လှည့်စားချင်တာလား ’
အသံပို့လွှတ်ပြီးနောက် ခေါင်းဆောင်သည် ဘေးဘီသို့ ကြည့်လိုက်ပြီး သူ၏ ဆရာကို ရှာလိုက်သည်။
ရွှီချင်းသည်လည်း အံ့ဩသွားသည်။ ဤသို့လာရာလမ်းတစ်လျှောက်တွင် သူသည် ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် စစ်ဆေးလေ့လာခဲ့သည်။ သို့သော်လည်း သူ့ဆရာ၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ခဲ့ပေ။
ခေါင်းဆောင်၏ ရောက်ရှိလာမှုကြောင့် စစ်ပြန်ဓားကိုင်များဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့ငယ်သည် ခံစားမှုအတတ်အကျတချို့ ဖြစ်ပေါ်လာစဉ် သတ္တမမင်းသားနှင့် ဒေသငယ်၏ ရာထူးမြင့်ပုဂ္ဂိုလ်များသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသည်။
ဝတ်ရုံအဝါကို ဝတ်ဆင်ထားသော ဆံပင်ရှည်နှင့် သတ္တမမင်းသားသည် ထူးခြားသာလွန်သော အသွင်အပြင်ရှိသည်။ သူ၏ မျက်လုံးသည် သေးငယ်ပြီး သိမ်မွေ့နူးညံ့သည်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော တော်ဝင်အရှိန်အဝါသည် ပုံရိပ်ယောင်နဂါးတစ်ကောင်သဖွယ် ဖြစ်တည်နေသည်။ သူ၏ ဘေးတွင် လက်ထောက်ဒေသအကြီးအကဲ၊ ရုံးတော်သုံးခုမှ စစ်ဗိုလ်ချုပ်များ၊ လက်ထောက်ရုံးတော်သခင်များ၊ တခြားစစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများ ရှိကြသည်။
သူတို့ထဲတွင် သွေးနီစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ရှိသည်။ ထိုသူသည် သံခေါင်းစွပ်အနက်ကို ဆောင်းထားပြီး မျက်နှာကို ဖုံးကွယ်ထားကာ အေးစက်စက် မျက်လုံးတစ်စုံကိုသာလျှင် ဖော်ထားသည်။ သူသည် ထိုနေရာတွင် မတ်တတ်ရပ်နေပြီး အလွန်သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုလူအုပ်စု၏ ရောက်ရှိလာမှုကြောင့် ဘေးပတ်ဝန်းကျင်သည် အေးခဲသွားသည်။ အကျဉ်းထောင်ဌာနမြေအောက်ရှိ တွင်းနက်ကြီးထဲမှ ဒြပ်နှောများသည်ပင် ဖိနှိပ်ခံလိုက်ရပြီး အော်သံများသည်လည်း တစ်ခဏ ရပ်တန့်သွားသည်။
လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ သတ္တမမင်းသားသည် ကုန်းမြေပေါ်သို့ လှမ်းကြည့်လိုက်သည်။
ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်များသည်သာ တွင်းနက်ကြီးကို ဝိုင်းရံထားကြသည်မဟုတ်ပေ။ ဤနေရာတွင် နန်းမြို့တော်မှ စစ်သည်တော်များနှင့် တခြားရုံးတော်နှစ်ခုမှ ကျင့်ကြံသူများလည်း စုဝေးရောက်ရှိနေကြသည်။
သူတို့အားလုံးသည် အထဲသို့ဝင်ရောက်ရမည့် ပထမအသုတ် ဖြစ်သည်။
သူ၏ အကြည့်က လူအုပ်ကြီးထံသို့ ပြန်ရွှေ့ပြောင်းသွားပြီးနောက် သတ္တမမင်းသားသည် တည်ငြိမ်စွာ ပြောသည်။
“ အင်မော်တယ်တားမြစ်နယ်မြေက လူသားမျိုးနွယ်ရဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး အရမ်းအရေးကြီးတယ် ”
“ မင်းတို့က အထဲဝင်ရမယ့် ပထမအသုတ်ဖြစ်ပြီး ငါ့မျိုးနွယ်ရဲ့ လက်ရွေးစင်တွေဖြစ်ကြတယ်… အခု ငါမင်းတို့ကို အမိန့်ပေးမယ်… မင်းတို့က လေးရက်အတွင်း အထဲက မကောင်းဆိုးဝါးမိစ္ဆာတွေကို တိုက်ခိုက်နှိမ်နင်းပြီး ဒုတိယအသုတ်ဝင်ရောက်နိုင်အောင် လမ်းကြောင်းတစ်ခု ဖောက်ပေးရမယ် ”
“ ဒုတိယအသုတ် အထဲရောက်တဲ့အခါ မင်းတို့ ပြန်ဆုတ်လာလို့ရပြီ ”
“ အဲဒါ မင်းတို့ရဲ့တာဝန်ပဲ ”
“ ဗိုလ်ချုပ်သွေးအိမ်မက်ဆိုး ”
သတ္တမမင်းသား၏ အသံသည် ထိုဧရိယာတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သွေးနီစစ်ချပ်ဝတ်ဖြင့် ပုဂ္ဂိုလ်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သတ္တမမင်းသား၏ အရှေ့တွင် ဒူးထောက်လိုက်သည်။
“ ကျွန်တော်မျိုးရှိပါတယ် ”
သတ္တမမင်းသားသည် ထုံးတမ်းစဉ်လာဓားကို ထုတ်လိုက်ပြီး ဒူးထောက်နေသော သွေးအိမ်မက်ဆိုးထံသို့ ပေးအပ်လိုက်သည်။
“ မင်း အောင်ပွဲနဲ့ပြန်ရောက်လာပါစေလို့ ငါဆုတောင်းတယ် ”
“ ကျေးဇူးတင်ပါတယ် အရှင့်သား ”
သွေးအိမ်မက်ဆိုးသည် တည်ကြည်လေးနက်စွာ ပြောသည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ယူဆောင်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက မြေပြင်ပေါ်သို့ ကြည့်လိုက်သည်။ ထို့နောက် သူ၏ အသံသည် အေးစက်စက်လေပွေကြမ်းပမာ ပျံ့လွင့်သွားသည်။
“ အင်မော်တယ်တားမြစ်နယ်မြေ ပွင့်စေ ”
သူ၏ အော်သံဆုံးသွားသည့်အခါ တွင်းနက်ကြီး၏ အောက်ခြေမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ မြည်ဟိန်းထွက်လာသည်။
အောက်ခြေသည် အလွန်အမင်း နက်ရှိုင်းသောကြောင့် အသံသည် အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားပြီး အသံလှိုင်းများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကြသည်။
မြေပြင်တစ်ခုလုံးသည် တုန်လှုပ်လာသည်။ အမှန်မှာတော့ အသံလှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အဝေးမှ တောင်တန်းများက ပြိုလဲပျက်စီးသွားကြခြင်း ဖြစ်သည်။
အက်ကွဲကြောင်းများသည် ကီလိုမီတာထောင်သောင်းများစွာ ကျယ်ဝန်းသော ကုန်းမြေပြင်ကျယ်ပေါ်တွင် ပေါ်ထွက်လာကြသည်။ အစိမ်းရောင်မီးခိုးသည် ထိုအက်ကွဲကြောင်းများထဲမှ မြှောက်တတ်လာပြီး ကောင်းကင်ကို လွှမ်းခြုံသွားသည်။ မီးခိုးသည် နေနှင့်လကိုပါ ဖုံးလွှမ်းသွားလေရာ လောကကြီးကို အမှောင်ထုထဲသို့ တွန်းပို့လိုက်သည်။
ထိုအဖြစ်အပျက်အားလုံး၏ ဇစ်မြစ်သည် တွင်းနက်ကြီးဖြစ်သည်။ ဤသည်မှာ ငရဲဂိတ်တံခါးများက ဖွင့်လှစ်သွားကြသည့်အလား ဒြပ်နှောသည် တွင်းနက်ကြီးထဲမှ ကြောက်မခန်းလိလိ ထွက်ပေါ်လာသည်။ ဒြပ်နှောသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး အုံ့မှိုင်းစွာ လှုပ်ရှားထကြွလာသည်။
သူတို့သည် ဤအခြေအနေအတွက် အသင့်ကြိုပြင်ထားသော စည်းချအစီအရင်များကို အသက်သွင်းလိုက်ကြသည်။ အစီအရင်များသည် အဆက်မပြတ် လှည့်ပတ်သွားကြပြီး ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများကို သန့်စင်ပေးနေသော်လည်း နှစ်ပေါင်းမြောက်များစွာကြာသည်အထိ စုဝေးရှိနေသော ဒြပ်နှောများကို လွင့်ပြယ်သွားရန်မှာ ခက်ခဲနေသေးပေ၏။
သို့သော်လည်း သတ္တမမင်းသားသည် အင်မော်တယ်တားမြစ်နယ်မြေကို ဖွင့်လှစ်ရန် အဆိုပြုခဲ့သူဖြစ်သောကြောင့် ထုံးစံအားဖြင့် သူသည် ဤအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ မကြာမီ အရေအတွက်များပြားသော စစ်သည်တော်များသည် ရောက်ရှိလာကြသည်။ သူတို့တစ်ဦးချင်းစီသည် လက်သီးဆုပ်အရွယ်ရှိသော လှောင်အိမ်အများအပြားကို သယ်ဆောင်ထားကြသည်။
လှောင်အိမ်ဖွင့်လိုက်သည့်အခါ သံကြိုးချည်နှောင်ခံထားရသော ပုံရိပ်အများအပြားသည် ချက်ချင်း ပျံသန်းထွက်လာကြသည်။
သူတို့အားလုံးသည် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်သုံးပန်းများ ဖြစ်ကြသည်။
သူတို့သည် ခန္ဓာကိုယ်ထဲသို့ ဆန်းပြားသော ပစ္စည်းတစ်ချို့ ထည့်သွင်းခြင်းခံထားရကြသည်မှာ ရှင်းလင်းသည်။ သူတို့သည် အပြင်သို့ ထွက်လာသည်နှင့်ချက်ချင်း ကြောက်ရွံ့သွားကြပြီး ဒြပ်နှောအစုအဝေးထဲသို့ ပစ်ထည့်ခံလိုက်ရကြသည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်သည် ဝဲကတော့အနက်များသို့ ပြောင်းလဲသွားကြဟန်ရပြီး ဒြပ်နှာများကို အရူးအမူး စတင်စုပ်ယူတော့သည်။
မျက်စိတစ်မှိတ်အတွင်း သန့်စင်ရေလှိုင်းမျိုးနွယ်ကျင့်ကြံသူများသည် နာနာကျင်ကျင် အော်ဟစ်ညည်းတွားလိုက်ကြသည်။
သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းထားသော ပစ္စည်းဆန်းကြောင့် သူတို့သည် ပျက်စီးမသွားကြပေ။ ယင်းအစား အသိဉာဏ်မဲ့သော သန္ဓေပြောင်းသားရဲများ ဖြစ်လာကြသည်။ ထို့နောက် နန်းမြို့တော်မှ ကျင့်ကြံသူများသည် သံကြိုးမှတဆင့် သူတို့ကို ပြန်ဆွဲခေါ်လိုက်ကြပြီး လှောင်အိမ်များထဲတွင် ထပ်မံပြန်ချုပ်ထားလိုက်ကြသည်။
ထိုသို့ဖြင့် စစ်သုံးပန်းများကို တစ်သုတ်ပြီးတစ်သုတ် ဒြပ်နှောများအား စုပ်ယူစေသည်။
ထိုမြင်ကွင်းသည် ဘေးပတ်ဝန်းကျင်မှ လူအများအပြား၏ နှလုံးကို အပြင်းအထန် တုန်လှုပ်သွားစေသည်။
သတ္တမမင်းသားသည် ထိုအဖြစ်အပျက်အားလုံးကို အမူအရာကင်းမဲ့စွာ ကြည့်နေသည်။ ထိုအဖြစ်သည် စစ်သုံးပန်းနှစ်သန်းကျော်ကို ဒြပ်နှောအစုအဝေးများထဲသို့ ပစ်လွှတ်ပြီးသည်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် သူတို့အားလုံး သန္ဓေပြောင်းသားရဲများသို့ ပြောင်းလဲသွားကြသောအခါ တွင်းနက်ကြီးထဲမှ ဒြပ်နှောများသည် (၈၀)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်းအထိ လွင့်ပြယ်သွားသည်။
“ ဒီသန္ဓေပြောင်းသားရဲနှစ်သန်းကျော်ကို စစ်မြေပြင်ဆီ စေလွှတ်ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ခံတပ်ဆီကို ငါ့ရဲ့လက်ဆောင်ငယ်အဖြစ် သူတို့ကို ပို့ပေးလိုက်ပါ ”
“ ကျန်ရှိနေတဲ့ စစ်သုံးပန်းတွေကို နေ့တိုင်း ဒီခေါ်လာပြီး ဒြပ်နှောတွေကို ဆက်စုပ်ယူခိုင်းပါ ”
“ ဒီက ဒြပ်နှောတွေ ဖုန်းဟိုင်ဒေသငယ်ဆီ မသက်ရောက်အောင် ငါတို့သေချာလုပ်ရမယ် ”
သတ္တမမင်းသားသည် တည်ငြိမ်စွာ ပြောသည်။ စကားဆုံးသည်နှင့် သူသည် အနောက်သို့လှည့်လိုက်ပြီး သူ၏ အနောက်မှ လူများကို ကြည့်လိုက်သည်။
“ ဒီတော့ မင်းတို့ လက်ခံနိုင်ကြလား ”
လက်ထောက်ဒေသအကြီးအကဲသည် ဆက်လက်နှုတ်ဆိတ်နေသည်။ ရုံးတော်သုံးခုမှ လက်ထောက်ရုံးတော်သခင်များနှင့် တခြားလူများသည် ခေါင်းငုံ့ထားကြပြီး တိတ်တဆိတ် သဘောတူကြသည်။
ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်စုအသီးသီးသည် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
“ ဒါဆို ပထမအသုတ်ကလူတွေ ဝင်လို့ရပြီ ”
သတ္တမမင်းသားသည် စကားဆုံးအောင်ပြောပြီးနောက် တစ်ဖက်သို့ လှည့်ပြီး ထွက်ခွာသွားသည်။ သူ၏ ဘေးမှ လူတိုင်းသည် သူ့အား ရိုသေလေးစားစွာ နှုတ်ဆက်ကြသည်။
လက်ထောက်ဒေသအကြီးအကဲနှင့် ရုံတော်သုံးခုမှ စစ်ဗိုလ်ချုပ်များသည် ကောင်းကင်ပေါ်တွင် မတ်တတ်ရပ်နေကြသည်။ သူတို့သည် လိုက်မသွားကြပေ။ သူတို့သည် အပြင်လောကကို ထောက်ပံ့ပေးရန်နှင့် ပြည်သူပြည်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူရဦးပေမည်။
ဤပထမအသုတ်ခရီးစဉ်အတွက် တာဝန်ယူရမည့်လူသည် ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးဖြစ်သည်။ သူ၏ စီစဉ်မှုအောက်မှာ ပထမအသုတ်မှ လူများသည် တွင်းနက်ကြီးထဲသို့ စတင်ရွေ့လျားသွားကြသည်။
မြေပြင်ပေါ်တွင် ဓားကိုင်များအပြင် တွင်းနက်ကြီးထဲသို့ ဝင်ရောက်ရမည့် ဓားကိုင်ရုံးတော်မှ စီမံခန့်ခွဲရေးမှူးလေးဦးလည်း ရှိသည်။
သူတို့လေးဦးသည် တာအိုပညာရှင်စစ်မာ၊ စီမံခန့်ခွဲရေးမှူးစွန်းနှင့် သတ္တမမင်းသား၏ လက်အောက်မှ တခြားဓားကိုင်နှစ်ယောက် ဖြစ်ကြသည်။ သူတို့သည် ဗလာနတ္ထိဒုတိယအဆင့် ကျင့်ကြံခြင်းရှိကြသည်။
ထို့အတူ တရားရေးရုံးတော်နှင့် ပြည်ထဲရေးရုံးတော်မှ ကျင့်ကြံသူများကို သူတို့၏ သက်ဆိုင်ရာစီမံခန့်ခွဲရေးမှူးများက ဦးဆောင်ကြလိမ့်မည်။
တွင်းနက်ကြီးထဲသို့ သူတို့ပျံသန်းဝင်ရောက်သွားကြသည်နှင့် အမျိုးမျိုးသော အမိန့်အောက်မှာ မြေပြင်ပေါ်မှ ကျင့်ကြံသူများနှင့် နန်းမြို့တော်မှ စစ်သည်တော်များသည် အင်မော်တယ်တားမြစ်နယ်မြေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။
ရွှီချင်းပါဝင်သော ဓားကိုင်တပ်ဖွဲ့သည်လည်း စတင်ရွေ့လျားသွားသည်။
မကြာမီ လူသားကျင့်ကြံသူ သိန်းပေါင်းများစွာသည် တွင်းနက်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။ ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးသည်လည်း တွင်းနက်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ နန်းမြို့တော်မှ စစ်သည်တော်များသည် တွင်းနက်ကြီး၏ ဘေးပတ်ပတ်လည်မှ စည်းချအစီအရင်အများအပြားကို အသက်သွင်းလိုက်ကြသည်။
အကာအကွယ်များ၏ အထပ်ထပ်လွှမ်းခြုံမှုကြောင့် ဤနေရာသည် ထိုးဖောက်ရန်ခက်ခဲသော နယ်မြေဖြစ်လာသည်။
တွင်းနက်ကြီးထဲတွင် ကျင့်ကြံသူများ၏ ပုံရိပ်များသည် အဖွဲ့လိုက်ဖြင့် အရှေ့သို့ ဝှီးခနဲရွေ့လျားနေကြသည်။
အရှေ့ဆုံးမှ ရှေ့ပြေးတပ်သည် ကင်းထောက်စစ်ဆေးခြင်းကို တာဝန်ယူရသည်။ ဧရိယာတစ်ခုကို သူတို့က ကင်းထောက်စစ်ဆေးပြီးမှသာလျှင် အနောက်မှ တပ်ဖွဲ့များသည် ထိုဧရိယာဆီသို့ အစီအစဉ်တကျ သွားရောက်ကြလိမ့်မည်။
အတွင်းပိုင်းထဲသို့ သူတို့ဝင်ရောက်လာလေ အေးစက်စက်လေနှင့် ဒြပ်နှောများသည် ပိုပြီးသိပ်သည်းလာလေ ဖြစ်သည်။
အချိန်တစ်ခဏကြာပြီး နောက်ဆုံးမှာတော့ သူတို့သည် အောက်ခြေသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသော ဧရာမကျောက်တုံးထုချွန်အစီအရင်တစ်ခုအား ရွှီချင်း မြင်သွားသည်။
ထိုနေရာရှိ ထောင်မတ်နေကြသော ဧရာမကျောက်တိုင်များပေါ်တွင် ရှုပ်ထွေးသော မှော်အက္ခရာများကို ရေးထွင်းထားကြသည်။ ကျောက်တိုင်တစ်ခုစီသည် ဤစည်းချအစီအရင်၏ အမြူတေဖြစ်သည်။
စည်းချအစီအရင်၏ အလယ်ဗဟိုသည် ပြိုလဲပျက်စီးထားပြီး ဖြစ်၏။ ထောင့်များတွင် ပြန့်ကျဲနေကြသော ကျောက်တုံးကြီးများကြားတွင် ပုံမှန်မဟုတ်သော အလွန်ကြီးမားသည့် လှိုင်ခေါင်းပေါက်တစ်ခု ရှိသည်။
ထိုလှိုင်ခေါင်းပေါက်ထဲသို့ ဆက်လျှောက်သွားလျှင် အောက်ခြေမှာ လောကတစ်ခုတည်ရှိသည်ကို တွေ့မြင်ရလိမ့်မည်။
ထိုနေရာသည် အင်မော်တယ်တားမြစ်နယ်မြေဖြစ်ပြီး ရှေးဘုရင်ရွှမ်ယုံ၏ နန်းတော်(၃၆)ခုအနက် တစ်ခုလည်း ဖြစ်သည်။
နန်းတော်သည် မူလက မြေအောက်ထဲမှာမဟုတ်ပေ။ သို့သော်လည်း မြေကြီး၏ အပေါ်ယံလွှာပြောင်းလဲမှုနှင့် ရှေးခေတ်လူသားများ၏ အထပ်ထပ်ချိပ်ပိတ်မှုကြောင့် အင်မော်တယ်တားမြစ်နယ်မြေသည် မြေကြီးအောက်တွင် နှစ်ပေါင်းများစွာကြာအောင် နစ်မြုပ်သွားခဲ့သည်။
ရွှီချင်း၏ အကြည့်က ထိုဧရိယာတစ်လျှောက်သို့ ဖြတ်သန်းသွားသည့်အခါ သူ၏ ဘေးမှ ခေါင်းဆောင်သည်လည်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာနေသည်။ ထိုအခိုက်အတန့်မှာ နောက်ထပ်လူများ ရောက်ရှိလာကြသည်။ သူတို့ထဲတွင် နင်ယန်နှင့် ချင်းချိုးလည်း ပါဝင်သည်။
နင်ယန်ကို သတိထားမိသွားသောအခါ ခေါင်းဆောင်သည် ဝမ်းသာပျော်ရွှင်သွားပြီး အမြန်ပြေးသွားကာ နင်ယန်၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူက နင်ယန်ကို ရွှီချင်းဆီသို့ ဆွဲခေါ်သွားသည်။ သူ၏ မျက်လုံးသည် တလက်လက် ဝင်လက်တောက်ပလာပြီး ခေါင်းဆောင်သည် အရိုးသားဆုံးဖြစ်အောင် ဟန်ဆောင်ပြုံးလိုက်သည်။
“ နင်နင်လေး… ငါမင်းကို အရမ်းသတိရနေတာ… မင်းရော ငါ့ကို သတိမရဘူးလား ”
နင်ယန်သည် ခေါင်းဆောင်ကိုကြည့်လိုက်ပြီး အပြုံးပန်းအတုကို ထုတ်ဖော်လိုက်ကာ ဖြည်းညင်းစွာ ပြောသည်။
“ သတိမရဘူး ”
တစ်ချိန်တည်းမှာ ဒေသငယ်မြို့တော်ထဲမှ စံအိမ်တစ်ခုတွင် နင်ယန်သည် မိန်းမောတွေဝေစွာ မျက်လုံးဖွင့်လိုက်၏။ သူ၏ မျက်လုံးသည် အနည်းငယ် နောက်ကျိနေသည်။ သူက ဘေးဘီသို့ လှည့်ကြည့်လိုက်လေရာ သူ၏ မျက်လုံးသည် ပြူးကျယ်သွားပြီး စံအိမ်အပြင်သို့ အလောတကြီး ပြေးထွက်သွားသည်။
သူသည် အမြန်ဆုံးအလျင်ကို အသုံးပြုပြီးနောက် မြို့တော်၏ အစွန်းဖျားသို့ ရောက်ရှိသွားသည်။ သူက အောက်ငုံ့ကြည့်လိုက်သည့်အခါ စည်းချအစီအရင်သည် လူများဖြင့် ပြည့်နှက်နေကြောင်း မြင်သွားသည်။ သူက စိတ်ထဲမှ အော်ညည်းလိုက်သည်။
“ သွားပြီ… ငါဘယ်လိုလုပ် အိပ်မောကျသွားတာလဲ… ဒါမဖြစ်နိုင်တာ ”
“ ငါလည်း အင်မော်တယ်တားမြစ်နယ်မြေဆီ သွားချင်တယ်… ဒါ ဒါ ဒါ… ငါဘာလုပ်သင့်လဲ ”
ဝမ်းနည်းကြွေကွဲသော မျက်နှာဖြင့် နင်ယန်သည် ဘေးပတ်ဝန်းကျင်ကို အမြန်ကြည့်လိုက်ပြီး နောက်သို့ သုတ်သီးသုတ်ပျာ ဆုတ်သွားသည်။ သူက ထွက်ပြေးသွားသည်ဟု ထင်မြင်ခံရမည်ကို ကြောက်နေသည့်ဟန်ရသည်။ သို့သော်လည်း သူ၏ အပြန်လမ်းတွင် ကြောက်စရာကောင်းသောအရာကို တဖြည်းဖြည်း ရှာတွေ့သွားသည်။
ဤသည်မှာ သူ၏ သရုပ်၊ အမည်နှင့် သူ၏ တည်ရှိမှုသဲလွန်စများကို ဆုံးရှုံးသွားဟန် ရသည်။
ယင်းသည် ထူးဆန်းသည်။ ရိုးရှင်းစွာပြောရလျှင် ယခင်က သူနှင့်သိကျွမ်းသော လူများသည် သူ့ကို မြင်တွေ့သည့်အခါ သူ၏ နာမည်နှင့် သရုပ်ကို မေ့သွားကြပြီး သူ့ကို သူစိမ်းတစ်ယောက်ပမာ ဆက်ဆံကြသည်။
ဤသည်မှာ သူ၏ သရုပ်နှင့် နာမည်ကို တစ်စုံတစ်ယောက်က လုယူသွားသည့်အတိုင်းပင်။
“ နတ်ဘုရားအတတ်ပညာ ”
ထိုသို့နားလည်သွားသောအခါ နင်းယန်သည် တုန်ယင်သွားသည်။ သူ၏ စိတ်ထဲမှာ သူ့အား လုံခြုံသောတစ်နေရာကို ရှာဖွေပြီး ပုန်းအောင်းနေရန် ရက်အနည်းငယ်ကြာပြီးနောက် အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်ဟု ပြောကြားနေသော အသံကို ရေးတေးတေး ကြားနေရသည်။