လူသားမျိုးနွယ်၏ အင်မော်တယ်အတတ်ပညာ
Vol. 48 Ch. 726
“ မင်းလား… မင်းသာ သေချာမကြိုးစားဘူးဆိုရင် အနာဂတ်မှာ မင်းက စတုတ္ထတပည့်ဖြစ်သွားပြီး ရွှီချင်းက တပည့်ကြီးဖြစ်လာလိမ့်မယ် ”
သတ္တမသခင်ကြီးသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ဤသည်ကိုကြားသောအခါ ခေါင်းဆောင်သည် သူ၏ စိတ်ထဲတွင် မိုးကြိုးများစွာ တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားသည့်အလား ခံစားသွားရသည်။ ထိုမိုးခြိမ်းသံက သူ၏ မျက်လုံးကို ပြူးကျယ်သွားစေပြီး သူ၏ အသက်ရှူသံကို မြန်ဆန်လာစေသည်။ သူ၏ စိတ်သည် ပရမ်းပတာဖြစ်သွားသည်။
အကယ်၍ တစ်နေ့နေ့မှာ ထိုအတိုင်း တကယ်ဖြစ်လာမည်ဆိုလျှင်…
ခေါင်းဆောင်သည် အသားတဆတ်ဆတ်တုန်လာပြီး သူ၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။
“ မစိုးရိမ်ပါနဲ့ဆရာ… ကျွန်တော် သေချာပေါက် အလုပ်ကြိုးစားမယ်… ဘာအချစ်ရေးလဲ… အနာဂတ်မှာ ငါချန်းအားညိုက သံယောဇဉ်အားလုံးကို ဖြတ်တောက်ပစ်မယ်… ကျင့်ကြံခြင်းတစ်ခုတည်းပဲ အာရုံစိုက်ပြီး ကြီးမားတဲ့ကိစ္စတွေကို ဆောင်ရွက်မယ် ”
သတ္တမသခင်ကြီးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။ သို့သော် သူက စကားမပြောပေ။
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် သူက သူ့ဆရာ၏ လက်ဖဝါးပေါ်မှ ရွှေရောင်စွမ်းအင်ကိုကြည့်လိုက်ပြီး အလွန်အံ့အားသင့်သွားဟန် ချက်ချင်း ထုတ်ဖော်လိုက်သည်။
သူ၏ အပြုအမူက အနည်းငယ် နောက်ကျသွားသော်လည်း ဘာမှမလုပ်ဆောင်ခြင်းထက်တော့ သာလွန်သည်ဟု သူခံစားမိသည်။
မျှော်လင့်ထားသည့်အတိုင်း ရွှီချင်း၏ အပြုအမူကိုမြင်ပြီးနောက် သတ္တမသခင်ကြီးသည် ပိုပြီးစိတ်ကျေနပ်သွားသည်။
“ စတုတ္ထတပည့် ဒီဟာက နတ်ဘုရားအနှစ်သာရပဲ… အင်ပါယာကြယ်ရဲ့ ခန္ဓာကိုယ်ရယ် ယင်ဟွမ်ပြည်နယ်နဲ့ နန်းဟွမ်ကုန်းမြေက ထူးဆန်းတဲ့ အပင်တွေအများကြီးကို လေ့လာပြီးတော့မှ အဲ့ဒါကို ငါနားလည်ခဲ့တယ်… ပြီးတော့ အဲ့ဒါကို ငါ့ခန္ဓာကိုယ်ထဲ လွှဲပြောင်းခဲ့တယ် ”
“ ကျူးကျောက်အတတ်ပညာက အတော်လေး အံ့ဩစရာကောင်းတယ်လို့ ငါပြောရလိမ့်မယ် ”
“ နတ်ဘုရားတွေဆိုတာ တကယ်တော့ ငါတို့ကျင့်ကြံသူတွေနဲ့ ခြားနားတဲ့ တည်ရှိမှုဖြစ်ရုံလေးပါ… သူတို့က ငါတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်မားပြီး ပိုသန်မာကြရုံလေးပါ ”
“ သူတို့ကို အစားမထိုးနိုင်တာမဟုတ်ဘူး… ရူးမိုက်တဲ့ ခန့်မှန်းမှုတစ်ခုကိုတောင် ငါလုပ်ခဲ့တယ်… ဒါပေမဲ့ အဲ့ဒါကို အတည်ပြုဖို့အတွက် ပျောက်ဆုံးနေတဲ့ ရှေးဟောင်းစာအုပ်တွေကို ငါလိုက်ရှာနေရတုန်းပဲ ”
“ ကံမကောင်းစွာဘဲ ခေတ်တွေအများကြီး ကုန်လွန်ပြီးတဲ့နောက်မှာ ရှေးဟောင်းစာအုပ်အများစုက ပျောက်ဆုံးသွားခဲ့ပြီ… ဒီလောကကြီးထဲမှာ ပြန့်ကျဲနေတဲ့ ဆန္ဒသေတ္တာတွေထဲမှာပဲ ငါလိုချင်တဲ့ မှတ်တမ်းအပိုင်းအစတွေ ရှိလောက်တော့တယ် ”
“ ငါ အထောက်အထားကို ရှာတွေ့တဲ့အခါ မင်းကို ပြောပြမယ် ”
သတ္တမသခင်ကြီးသည် ခက်ခဲနက်နဲသော အမူအရာဖြင့် တည်ငြိမ်စွာ ပြောသည်။
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ဆရာကို အမြဲတမ်း ချီးကျူးလေးစားခဲ့သည်။ ဤအခိုက်အတန့်မှာ ပို၍ပင် ချီးကျူးလေးစားသွားသည်။ သူက ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
ခေါင်းဆောင်သည်လည်း အမြန်ဦးညွတ်လိုက်သည်။
ရိုသေကျိုးနွံသော သူ့တပည့်နှစ်ယောက်ကို မြင်သောအခါ သတ္တမသခင်ကြီးသည် ဖော်မပြနိုင်သော သက်တောင့်သက်သာဖြစ်မှုကို ခံစားသွားရသည်။
“ ရှေ့ဆက်သွားကြစို့… ဆရာက မင်းတို့ကို နေရာကောင်းတစ်ခုဆီ ခေါ်သွားပေးမယ်… ငါအရင်က ရွှမ်ယုံနန်းတော်ထဲကို ရောက်ဖူးတယ်… ဒါကြောင့် နန်းတော်တိုင်းမှာ ထူးခြားတဲ့နေရာတစ်နေရာရှိတာ ငါသိတယ် ”
သတ္တမသခင်ကြီးသည် စကားပြောပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားသည်။ တစ်နာရီကြာပြီးနောက် သူတို့သုံးယောက်သည် အရှေ့သို့ ဆက်လျှောက်သွားပြီး နန်းတော်အစုအပုံထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။
သို့သော် နန်းတော်အစုအပုံ၏ အကျယ်အဝန်းသည် အလွန်ကြီးမားသည်။ သူတို့သည် အချိန်အကြာကြီး အဝေးသို့ လျှောက်သွားပြီးသည့်တိုင် အရှေ့ပိုင်းဒေသထဲမှာ ရှိနေတုန်းပင်။ သူတို့နှင့် အရှေ့ပိုင်းဒေသ၏ အလယ်ကြားတွင် အနည်းငယ် ကွာဟနေသေးသည်။
သို့သော် သူတို့သည် စောစောတုန်းက သတ္တမသခင်ကြီးပြောသော ဦးတည်ရာသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။
ယင်းသည် အနည်းငယ် ထူးခြားသော နန်းတော်တစ်ခုဖြစ်သည်။
နန်းတော်သည် အသွေးအသားဖြင့် ပြည့်နှက်နေသော်လည်း အသွေးအသား၏ အသွင်ပုံစံသည် နာကျင်နေသော မျက်နှာတစ်ခု ဖြစ်သည်။
ထိုမျက်နှာကို ယောင်္ကျားမိန်းမ ခွဲခြားပြောရန် မဖြစ်နိုင်ပေ။ ၎င်းသည် ဆံပင်လည်း မရှိပေ။ ၎င်းသည် ခရမ်းနီရောင်ဖြစ်ပြီး သွေးကြောများသည် ပြန့်ကျဲနေကြသည်။ ၎င်းထံမှ ထူထဲသော ဒြပ်နှောကို ထုတ်လွှတ်နေသလို စိတ်ခံစားမှုကို သက်ရောက်နိုင်သော စွမ်းအင်တစ်မျိုးကိုလည်း ထုတ်လွှတ်နေသည်။
၎င်းကို မြင်လိုက်သည့် မည်သည့်သက်ရှိမဆို ထင်ယောင်ထင်မှား ခံစားချက်များကို ခံစားမိလိမ့်မည်။
ယင်းသည် သူတို့၏ စိတ်ကို သက်ရောက်နိုင်ပြီး ရူးသွပ်သွားစေလိမ့်မည်။
ခေါင်းဆောင်သည် ထူးခြားသော်လည်း ဤအခိုက်အတန့်မှာ အနည်းငယ် သက်ရောက်ခံလိုက်ရသေးသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာပြီး အရေအတွက်များပြားသော ပါးစပ်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြကာ ဘေးနားတစ်ဝိုက်သို့ ဆက်လက် ရွေ့လျားသွားနေကြသည်။ ဤသည်မှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်သည်။
ရွှီချင်းသည် အဆင်ပြေသည်။
နတ်ဘုရားလက်ချောင်းသည် ဤနေရာတွင် အိပ်စက်နေသော နတ်ဘုရား၏ ကိုယ်ပွားတစ်ခုဖြစ်သည်။ သူကိုယ်တိုင်အသုံးပြုရန် အထူးထုဆစ်တည်ဆောက်ထားသော ခန္ဓာကိုယ်သည် ရွှီချင်းအား ဤနေရာမှ ဒြပ်နှောများကို စုပ်ယူနိုင်စေပြီး နတ်ဘုရားအနှစ်သာရကို မွေးဖွှားပေးသည်။ သို့ဖြစ်၍ ဤနေရာမှ စွမ်းအားကို သူလျစ်လျူရှုနိုင်သည်မှာ ထူးခြားသောကိစ္စ မဟုတ်ပေ။
“ ဒီနေရာပဲ ”
အသားမျက်နှာနန်းတော်၏ အပြင်ဘက်တွင် သတ္တမသခင်ကြီး၏ မျက်လုံးသည် ဝင်းလက်တောက်ပသွားသည်။
“ အဲ့ဒါက ကံကြမ္မာနေရာပဲ… အထဲရောက်တဲ့အခါ မင်းတို့ သိလာလိမ့်မယ် ”
သတ္တမသခင်ကြီးသည် စကားဆုံးသည်နှင့် သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်အလင်း ထုတ်လွှတ်လာသည်။ ဤအခိုက်အတန့်မှာ သူသည် မွန်မြတ်သန့်စင်သော ခံစားမှုကို ပေးသည်။ သို့သော်လည်း မည်သည့်အရှိန်အဝါကိုမှ သူမထုတ်လွှတ်ပေ။ သူ့ကိုယ်သူ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသယောင်ယောင်။
သာမန်မျက်စိဖြင့်ပင် သူသည် ဝေဝါးလာပြီး မမှတ်မိနိုင်တော့ပေ။
ထိုမြင်ကွင်းသည် ခေါင်းဆောင်နှင့် ရွှီချင်း၏ နှလုံးသားထဲမှာ နောက်တစ်ကြိမ် လှိုင်းထသွားစေသည်။
ရွှီချင်းသည် ယခင်က နတ်ဘုရားတချို့ကို တွေ့မြင်ဖူးသည်။ ထို့ကြောင့် ဤမြင်ကွင်းထဲတွင် နတ်ဘုရားများနှင့်တူညီသော စွမ်းရည်တစ်မျိုး၏ တစ်စိတ်တစ်ပိုင်းပါရှိနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။ သူတို့ကို မှတ်မိနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းကို အလွန်အမင်း အဆင့်မြင့်သော ဖုံးကွယ်ခြင်းအတတ်ပညာဟု သတ်မှတ်နိုင်ပေသည်။
“ ဆရာ မင်း… ”
ရွှီချင်းသည် မမေးဘဲမနေနိုင်ပေ။ ထိုမြင်ကွင်း၏ သက်ရောက်မှုသည် စောစောတုန်းက ဗလာနတ္ထိပထမအဆင့် သန္ဓေပြောင်းသားရဲကောင် ရုတ်တရက် သေဆုံးသွားခြင်းထက် ပိုပြီးထိတ်လန့်စရာကောင်း၏။
“ ငါခိုးယူထားတဲ့ နတ်ဘုရားအနှစ်သာရထဲမှာ အချိန်စွမ်းအားနဲ့ ဖုံးကွယ်ခြင်းစွမ်းအား ပါရှိတယ် ”
သတ္တမသခင်ကြီးသည် အရှေ့သို့ လျှောက်သွားရင်း သူ၏ တည်ငြိမ်သော အသံက ပျံ့လွင့်ထွက်လာသည်။
သူသည် အရှေ့မှ နန်းတော်နှင့် နီးကပ်သွားသည့်အခါ မျက်နှာသည် စတင်ပုံပျက်တွန့်လိမ်လာသည်။ ၎င်းသည် အသက်ရှိလာသည့်အလားပင်။ နာကျင်မှုသည် ပိုပြီးသိသာလာပြီး အရွယ်အိုမင်းခြင်းသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်အထိ မြန်ဆန်လာသည်။
မျက်စိတစ်မှိတ်အတွင်း မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်သွားသည်။
သို့သော်လည်း ထိုမျက်နှာသည် ရွှီချင်းတို့အုပ်စု လမ်းတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသော သန္ဓေပြောင်းသားရဲများ သတ္တဝါဆန်းများနှင့် ခြားနားသည်မှာ သိသာထင်ရှားသည်။ မျက်နှာသည် သူတို့ထက် အများကြီး ပိုသန်မာသည်။ ထိုကြောင့် ၎င်းသည် ခုခံရန် ကြိုးစားနေသည်။
သို့သော်လည်း သတ္တမသခင်ကြီး အရှေ့သို့ ရွေ့လျားသွားသည်နှင့် ထိုခုခံမှုသည် အလွယ်တကူ ကျိုးလွယ်လာပြီး မျက်နှာသည် ဆက်လက် အရွယ်အိုမင်းလာသည်။ အမှန်မှာတော့ ၎င်း၏ ထောင့်စွန်းများသည်ပင် စတင်လွင့်ပြယ်သွားနေသည်။
ခေါင်းဆောင်သည် မယုံကြည်နိုင်စွာ မျက်လုံးပွတ်သပ်လိုက်ပြီး ရွှီချင်းထံသို့ အသံပို့လွှတ်လိုက်သည်။
‘ ချင်းလေး… ဆရာက အရမ်းသာမန်တယ်… ဘာလို့ ငါတို့တွေက အလုပ်ကြိုးစားနေသေးတာလဲ… ငါတို့တွေ ချီယွဲ့ထုံဂိုဏ်းထဲမှာပဲနေပြီး စားလိုက်အိပ်လိုက် လုပ်နေတာက မကောင်းဘူးလား… ဂျူနီယာညီလေး အခုချိန်မှာ အရမ်းလုံခြုံတယ်လို့ ငါခံစားမိတယ် ’
ရွှီချင်းပြန်မပြောနိုင်ခင်မှာ သတ္တမသခင်ကြီး၏ အေးစက်စက် နှာခေါင်းရှုံ့သံသည် ဦးစွာမြည်ထွက်လာသည်။
“ ယီးကို လုံခြုံတာလား… တကယ်လို့ လုံခြုံတယ်ဆိုရင် ငါက ဒီထဲကို ခိုးကြောင်ခိုးဝှက်ဝင်လာဖို့လိုမလား… ဒီသတ္တမမင်းသားက မရိုးရှင်းဘူး… သူ့လက်အောက်က ဘယ်စစ်ဗိုလ်ချုပ်မဆို အစွမ်းအစရှိတဲ့ လူတွေချည်းပဲ… ပြီးတော့ အဲ့ဒီသွေးအိမ်မက်ဆိုးက အစကတည်းက ငါ့ကို အာရုံခံမိထားတဲ့ပုံပဲ ”
“ ပြီးတော့ ဒီနေရာမှာ တခြားပြင်ပအရှိန်အဝါတွေကိုလည်း ငါအာရုံခံမိတယ်… ဒီတစ်ကြိမ် အင်မော်တယ်တားမြစ်နယ်မြေထဲကို ဝင်လာတာ မင်းတို့တစ်အုပ်စုတည်း မဟုတ်ဘူး ”
“ ဒီအလုပ်ပြီးသွားရင် ငါတောင်မှ သိုသိုသိပ်သိပ် နေရလိမ့်မယ်… ရွှေအမြူတေအဆင့်လောက်နဲ့ မင်းတို့နှစ်ကောင်က နတ်ဘုရားနှစ်ပါးကို လှည့်စားဖို့ တကယ်ကြံစည်ရဲတယ်… ဒီကိစ္စပြီးသွားရင် မင်းတို့တွေ ဒေသငယ်မြို့တော်ကနေ ထွက်ခွာဖို့ အခွင့်အရေးရှာပြီး ချီယွဲ့ထုံဂိုဏ်းမှာ ငါ့ကိုစောင့်နေပါ ”
ရွှီချင်း၏ အမူအရာသည် အေးခဲသွားသည်။ ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက အခွင့်အရေးရှာလိုက်ပြီး ဖော်လံဖားစွာ ပြောသည်။
“ ဆရာက အစွမ်းကြီးမားတဲ့သူပါ… ဆရာ့ရဲ့အကူအညီမပါဘဲ ကျွန်တော်တို့တွေ ဘယ်လိုလုပ် ဒီလိုကြံစည်ရဲမှာလဲ ”
“ မင်းက ဘယ်လိုဖားရမလဲဆိုတာပဲ သိတယ် ”
သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောရင်း အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ ဆရာက သူ့အား အပြစ်တင်သွားသည်ဟု သူလုံးဝမခံစားမိပေ။ ယင်းအစား သူသည် အလွန်ဘဝင်ခိုက်သွားသည်။
သတ္တမသခင်ကြီးက အရှေ့သို့ ဆက်လျှောက်သွားသည်နှင့် မျက်နှာသည် အပြင်းအထန် ရုန်းကန်လာသည်။ ၎င်း၏ ပုံပျက်တွန့်လိမ်မှုသည် ပိုပြီးသိသာထင်ရှားလာသည်။
တစ်ခဏကြာပြီးနောက် သတ္တမသခင်ကြီးက မျက်နှာ၏ အရှေ့သို့ ရောက်ရှိသွားသောအခါ မြူခိုးသည် တလိပ်လိပ်မြှောက်တတ်သွားသည်။ သူတို့သုံးယောက်အရှေ့မှ ဧရာမမျက်နှာကြီးသည် ဆန္ဒမရှိစွာ ဟိန်းဟောက်လိုက်ပြီး ပြာမှုန်သို့ ပြောင်းလဲသွားသည်။ ထိုအခါ အထဲတွင် နစ်မြုပ်နေသော အနီရောင်နန်းတော်တစ်ခု ပေါ်ထွက်လာသည်။
နန်းတော်သည် ရှေးဟောင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ဂိတ်တံခါးသည် ပိတ်နေပြီး အထဲတွင် တိတ်ဆိတ်နေသည်။
နန်းတော်၏ အရောင်သည် အန္တရာယ်ရှိသော အတိတ်နိမိတ်ဆိုးကို ပေါ်လွင်စေသော်လည်း သိမ်မွေ့နူးညံ့သော အငွေ့အသက်တချို့လည်း ပါရှိ၏။
ဤသည်မှာ ထိုသွေးနီရောင်က အသွေးအသားမဟုတ်ဘဲ နူးညံ့သိမ်မွေ့သော ဆေးရည် သို့မဟုတ် ဝတ်ရည်တစ်မျိုးဖြစ်ဟန် တူသည်။
နန်းတော်၏ ဘေးပတ်ဝန်းကျင်ရှိ လေထုထဲမှ အပြန်အလှန်ဆန့်ကျင်နေသော ထိုခံစားမှုသည် ရှေးဟောင်းဗီဇများကို လှုံ့ဆော်ပေးသည်။ ယင်းသည် ရွှီချင်း၏ ဝမ်းဗိုက်ထဲမှ ဆာလောင်မွတ်သိပ်သော တဂွီဂွီမြည်သံများကို ပေါ်ထွက်လာစေသည်။ ခေါင်းဆောင်၏ မျက်လုံးသည် ပြူးကျယ်သွားပြီး သွားရေသည် သူ၏ မေးစေ့အောက်သို့ စတင်စီးကျလာသည်။
“ မင်းတို့တွေ နောက်နည်းနည်းဆုတ်ကြစမ်း ”
သတ္တမသခင်ကြီးသည် ဖြည်းညင်းစွာ ပြောသည်။
ရွှီချင်းသည် အလျှင်အမြန် အနောက်ဆုတ်သွားသည်။ ခေါင်းဆောင်က ဖြည်းဖြည်းချင်းသာ အနောက်ဆုတ်နေကြောင်း မြင်သွားသောအခါ ရွှီချင်းသည် သူ့ကို ဖမ်းဆုပ်လိုက်ပြီး ပေတစ်ထောင်အကွာအဝေးသို့ ရောက်သည်အထိ တရွတ်တိုက်ဆွဲခေါ်သွားသည်။ သတ္တမသခင်ကြီးသည် အနီရောင်နန်းတော်၏ အဝင်ဝဆီသို့ တည်ကြည်လေးနက်သော အမူအရာဖြင့် လျှောက်သွားသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ဂိတ်တံခါးပေါ်သို့ ဖိကပ်လိုက်သည်။
ဝုန်းခနဲဟူသော မြည်သံနှင့်အတူ အနီရောင်နန်းတော်ဂိတ်တံခါးသည် ပွင့်သွားသည်။
အနီရောင်အလင်းသည် အပြင်သို့ ပျံ့လွင့်ထွက်လာပြီး ကြီးမားသော ပုံရိပ်ယောင်မျက်နှာသို့ ပြောင်းလဲသွားကာ သတ္တမသခင်ကြီးကို ဝါးမျိုရန် ဟန်ပြင်လိုက်သည်။
သတ္တမသခင်ကြီးသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ တစ်ကိုယ်လုံးသည် ရွှေရောင်ထွန်းလင်းသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။ ချက်ချင်းဆိုသလို ပုံရိပ်ယောင်မျက်နှာသည် သူ၏ အရှေ့မှာ ရပ်တန့်သွားပြီး နောက်ဆုံးတွင် မရေမတွက်နိုင်သော သွေးနီလိပ်ပြာများသို့ ပြောင်းလဲသွားကာ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကြသည်။
သွေးနီလိပ်ပြာဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို ဟင်းလင်းပြင်သည် ယိုယွင်းပျက်စီးသွားသည်။ ၎င်းတို့ထံမှ အရှိန်အဝါသည် ရွှီချင်းနှင့် ခေါင်းဆောင်ကို ဆွံ့အသွားစေသည်။
“ အခု အဆင်ပြေသွားပြီ ”
သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောပြီး နန်းတော်ထဲသို့ လျှောက်ဝင်သွားသည်။ နန်းတော်ထဲသို့ သူတို့ဝင်ရောက်ပြီးသောအခါ အံ့ဩဖွယ်ကောင်းသော ခန်းမတစ်ခုကို မြင်သွားသည်။
နန်းတော်၏ အတွင်းပိုင်းထဲတွင် ခမ်းနားထည်ဝါမှုဖြင့် ပြည့်နှက်နေလေသည်။
အလယ်ဗဟိုတွင် ကြီးမားသော ရုပ်တုတစ်ခု ရှိသည်။ ယင်းသည် ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုမဟုတ်ပေ။ သူတို့နှင့် မရင်းနှီးသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်၏ သမိုင်းထဲတွင် မှတ်တမ်းတင်ထားခြင်းမရှိဟန် ရသည်။
ထိုသူသည် သွေးနီတာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ လက်နှစ်ဖက်ကို မြှောက်ထားလျက် ထိုနေရာတွင် မတ်တတ်ရပ်နေလေရာ သူက နန်းတော်တစ်ခုလုံးကို ပွေ့ဖက်ချင်နေသယောင် ထင်ရသည်။
မျက်နှာဖုံးပုံသဏ္ဍာန် မျက်နှာများသည် နန်းတော်၏ အတွင်းနံရံများပေါ်တွင် ရာထောင်ချီရှိသည်။
ထိုမျက်နှာများသည် အရွယ်အစားတူညီကြပြီး အသက်အရွယ်နှင့် လိင်အမျိုးအစား ကွဲပြားခြားနားကြသည်။ သူတို့သည် ပျော်ရွှင်ခြင်း၊ ဒေါသနှင့် ဝမ်းနည်းခြင်းအစရှိသော ခံစားမှုအမျိုးမျိုးကို ထုတ်ဖော်ပြနေကြသည်။
သူတို့အားလုံးသည် နံရံများထဲသို့ စိုက်ဝင်နေကြသည်။ အနီးကပ်သေချာကြည့်ရှုမည်ဆိုလျှင် ထိုမျက်နှာများသည် အမှန်တကယ်တော့ လူ့အရေပြားများဖြစ်သည်ကို တွေ့မြင်ရလိမ့်မည်။
ထိုမျက်နှာများကြောင့် ဖြစ်ပေါ်နေသော လေထုသည် အလွန်အမင်း ထူးခြားဆန်းကြယ်သည်။ ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် တခြားနှစ်ယောက် နန်းတော်ထဲသို့ ဝင်ရောက်လာသည့်အခါ ထိုလူ့အရေပြားမျက်နှာဖုံးများသည် သူတို့ထံသို့ တစ်ညီတစ်ညာတည်း စိုက်ကြည့်လာကြသည်။ သူတို့၏ မျက်လုံးပေါက်များထဲတွင် အနက်ရောင်အလင်း ပေါ်ထွက်နေသည်။
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားပြီး ခေါင်းဆောင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ ဒီနေရာကို အင်မော်တယ်အတတ်ပညာခန်းမလို့ ခေါ်တယ်… ရှေးဘုရင်ရွှမ်ယုံရဲ့ နန်းတော်တစ်ခုစီတိုင်းမှာ ဒီလိုအင်မော်တယ်အတတ်ပညာခန်းမရှိတယ်… ခန်းမထဲမှာ အဲ့ဒီခေတ်တုန်းက ထူးခြားတဲ့ အင်မော်တယ်အတတ်ပညာတွေ အများကြီး ထိန်းသိမ်းထားတယ် ”
သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။
“ အင်မော်တယ်အတတ်ပညာဆိုတာ တကယ်တော့ မင်းတို့စိတ်ကူးထားသလို လှပတဲ့အရာမဟုတ်ဘူး… သူတို့က သိမ်မွေ့နူးညံ့တဲ့အရာမဟုတ်ဘူး… အဲ့ဒီထဲမှာ ကြောက်စရာကောင်းတဲ့အရာ ပါရှိတယ် ”
“ ဒီမှာရှိတဲ့ မျက်နှာတစ်ခုစီတိုင်းက အင်မော်တယ်အတတ်ပညာတစ်ခုပဲ… မင်းတို့ ကျင့်ကြံစရာမလိုသလို နားလည်စရာလည်း မလိုဘူး… မင်းတို့မျက်နှာကို အဲ့ဒီထဲကပ်လိုက်တာနဲ့ အသုံးပြုနိုင်လိမ့်မယ် ”
“ ဒီလိုနည်းစနစ်မျိုးမှာ သေချာပေါက် ပေးဆပ်မှုဆိုတာရှိတယ်… ဘယ်အင်မော်တယ်အတတ်ပညာမဆို အသက်စွမ်းအားကို စုပ်ယူလိမ့်မယ်… ဒီလူ့အရေပြားကို မျက်နှာဖုံးတစ်ခုလိုမျိုး ဝတ်လိုက်တဲ့အခါတိုင်း အဲ့ဒါက မျက်နှာပေါ်ကနေ ဖယ်ရှားလို့မရတော့တဲ့အထိ ပိုပြီးတင်းကျပ်လာလိမ့်မယ်… နောက်ကျရင် ခန္ဓာကိုယ်တစ်ခုလုံးက အသွေးအသားနဲ့ အသက်စွမ်းအင်က မျက်နှာဖုံးရဲ့ စုပ်ယူခံရလိမ့်မယ်… အဲ့ဒီနောက်တော့ အသုံးပြုသူက လူ့အရေပြားမျက်နှာဖုံးအသစ်ကို ပြောင်းလဲသွားလိမ့်မယ် ”
သတ္တမသခင်ကြီး၏ လေသံသည် တည်ငြိမ်သော်လည်း သူ၏ စကားသည် ရွှီချင်းကို ထိတ်လန့်သွားစေသည်။ ယခု သူသည် အင်မော်တယ်အတတ်အပညာများကို ပိုပြီးကောင်းမွန်စွာ နားလည်လာသည်။
ခေါင်းဆောင်သည်တော့ ဤအကြောင်းကို အနည်းငယ် သိရှိထားသည့်အလား အံ့ဩသည့်ပုံမပြချေ။ သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်တစ်စွန်းတစ်စသာ ထွက်ပေါ်နေသည်။ သို့သော်လည်း ယင်းသည် အလျှင်အမြန် ပျောက်ကွယ်သွားသည်။
“ မင်းတို့ အစိုးရိမ်လွန်ဖို့မလိုပါဘူး… ဘာပဲဖြစ်ဖြစ် အင်မော်တယ်အတတ်ပညာဆိုတာ အတော်လေး အစွမ်းကြီးမားပြီး ရှိန်လောက်စရာကောင်းတဲ့ လျှို့ဝှက်နက်နဲမှုတွေပါဝင်တယ်… ဒါကြောင့် တကယ်လို့ အဲ့ဒါကို ဉာဏ်ရှိရှိအသုံးချတတ်မယ်ဆိုရင် သူတို့က မင်းတို့အတွက် အတော်လေး အသုံးဝင်လိမ့်မယ်… ပြီးတော့ လူတစ်ယောက်စီက အင်မော်တယ်မျက်နှာဖုံးတစ်ခုကိုပဲ ရယူနိုင်တယ်… တစ်ခုထက်ပိုယူမိရင် အဲ့ဒါက ကျိန်စာဖြစ်လာလိမ့်မယ်…. မင်းတို့ ဒီကနေ မျက်နှာဖုံးတစ်ခုကို ယူလိုက်မယ်ဆိုရင် တခြားနန်းတော်တွေထဲက နောက်ထပ်အင်မော်တယ်အတတ်ပညာကို ရယူနိုင်တော့မှာမဟုတ်ဘူး ”
သတ္တမသခင်ကြီးသည် စကားဆုံးအောင်ပြောပြီးနောက် ခေါင်းမော့လိုက်ပြီး ခန်းမ၏ အလယ်ဗဟိုမှ ရုပ်တုကို ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်သော လေသံထဲတွင် စိတ်ခံစားမှုတစ်စွန်းတစ်စ ရှိသည်။
“ ဒီရုပ်တုက သမိုင်းကနေ မေ့လျော့ခံလိုက်ရတဲ့ လူသားဧကရာဇ်တစ်ပါးပဲ… သူက သူ့ဘဝတစ်လျှောက်မှာ အင်မော်တယ်အတတ်ပညာတွေအများကြီးကို ဖန်တီးခဲ့တယ် ”
“ ရှေးဟောင်းစာအုပ်တွေထဲက သဲလွန်စတချို့ကနေ ဒီပုဂ္ဂိုလ်ရဲ့ တည်ရှိမှုကို ငါသိခဲ့ရတာ… သူက လူသားမျိုးနွယ်နဲ့ အင်မော်တယ်အတတ်ပညာတွေကို ဂုဏ်သတင်းထွန်းတောက်စေဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်… ဒါပေမဲ့ ရှေးဘုရင်ရွှမ်ယုံ နန်းတတ်ပြီးတဲ့နောက်မှာ သူက သမိုင်းကနေ ဖုံးကွယ်ခံလိုက်ရတယ် ”
“ နန်းတော်(၃၆)ခုထဲမှ သိမ်းဆည်းထားတဲ့ အင်မော်တယ်အတတ်ပညာတွေကလည်းပဲ တားမြစ်အတတ်ပညာတွေကို ပြောင်းလဲသွားခဲ့တယ်… လက်ဆင့်ကမ်းပေးတာမျိုး မရှိတော့ဘူး… ဒါပေမဲ့ အဲ့ဒီခေတ်တုန်းက ရှေးဟောင်းမှတ်တမ်းတွေအရတော့ ဒီဧကရာဇ်ဖန်တီးခဲ့တဲ့ အင်မော်တယ်အတတ်ပညာတွေက လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ အကျိုးရလဒ်ကို ဖြစ်ပေါ်စေပြီး လူသားမြို့တော်အများအပြားကို ကယ်တင်ပေးခဲ့တယ် ”
“ မျိုးနွယ်တိုင်းရဲ့ တိုးတတ်မှုမှာ အလင်းနဲ့အမှောင်ဆိုတာ ရှိတယ်… ဒါက ပုံမှန်ပါပဲ ”
သတ္တမသခင်ကြီးသည် စကားဆုံးအောင်ပြောပြီးနောက် သူ၏ တပည့်နှစ်ယောက်ကို ကြည့်လိုက်သည်။ အထူးသဖြင့် သူက ရွှီချင်းကို အာရုံစိုက်လိုက်သည့်အခါ သူ၏ အကြည့်ထဲတွင် လေးနက်သော အဓိပ္ပာယ်တစ်ခု ပါရှိနေသည့်အလားပင်။