အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ခြင်း၏ အမှန်တရား(က)
Vol. 48 Ch. 727
“ တပည့်ကြီး စတုတ္တတပည့် မင်းတို့နှစ်ယောက် လေးစားသမှုတော့ ပြုသင့်တယ် ”
သတ္တမသခင်ကြီးသည် ရုပ်တုကိုကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက အရိုအသေပေးတော့မည့်အချိန် ခေါင်းဆောင်သည် ရုတ်တရက် ပြောသည်။
“ ကျွန်တော်ကတော့ အရိုအသေမပေးနိုင်ဘူး ”
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အရိုအသေပေးခြင်းကို ရပ်တန့်လိုက်သည်။ သတ္တမသခင်ကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ မင်းက ဘာသဘောလဲ ”
ခေါင်းဆောင်သည် သတ္တမသခင်ကြီးကို အယူသည်းသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“ ဆရာ ကျွန်တော့်ဘဝမှာ ဆရာသာလျှင် အားလုံးထက်သာလွန်တဲ့ အထွတ်အမြတ်တည်ရှိမှုပါ… တခြားလူတွေက ကြီးမြတ်တဲ့ ဧကရာဇ်ကို အရိုအသေပေးချင်ပေးကြလိမ့်မယ် ဒါပေမဲ့ ကျွန်တော်ကတော့ ဆရာ့ကိုပဲ အရိုအသေပေးမယ်… ဆရာက ကျွန်တော့်နှလုံးသားထဲမှာ တကယ့်ကြီးမြတ်တဲ့ ဧကရာဇ်ပါ ”
“ ဒါကြောင့် တခြားကြီးမြတ်တဲ့ ဧကရာဇ်တွေကို ဦးညွတ်ဖို့ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်ပါဘူး… ကျွန်တော့်နှလုံးသားထဲမှာ ဆရာတစ်ယောက်တည်းပဲ ရှိပါတယ်… ဒါကြောင့် တခြားဘယ်သူ့ကိုမှ ကျွန်တော် ဦးညွတ်စရာမလိုဘူး ”
ခေါင်းဆောင်၏ စကားသည် ပါးစပ်ပြောတစ်ခုသာဖြစ်သောကြောင့် သူအမှန်ကိုပြောနေခြင်းလော လိမ်ပြောနေခြင်းလော မည်သူမှ မသိနိုင်ပေ။ ဤသည်ကို သူက ကြိုတွေးထားသည့်အလား စကားဆုံးသည်နှင့် သူ၏ မျက်နှာပေါ်မှာ ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်သွားသည်။
ဤသည်မှာ ဆရာက သူ့နှလုံးသားထဲမှာ ဧကရာဇ်တစ်ပါးဖြစ်ရုံသာမက နတ်ဘုရားတစ်ပါးလည်း ဖြစ်ဟန်ရသည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ မျက်နှာပေါ်တွင် ရိုသေလေးစားသော အမူအရာအပြင် ကြည်ညိုကိုးကွယ်လိုသော အရိပ်အယောင်လည်း ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤအမူအရာကို အထွတ်အထိပ် သရုပ်ဖော်မှုအဖြစ် သတ်မှတ်နိုင်ပေသည်။
ဤသည်ကို သတ္တမသခင်ကြီးကြားသောအခါ သူက နှာခေါင်းရှုံ့လိုက်သည်။ အပေါ်ယံမှ ကြည့်မည်ဆိုလျှင် သူ၏ အမူအရာသည် ယခင်အတိုင်း အေးစက်စက်ရှိနေဆဲပင်။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် သူ၏ မျက်ခုံးနှစ်ဖက်သည် ဖြေလျော့သွားပြီး သူ၏ မျက်လုံးထဲတွင် စိတ်ကျေနပ်သော အရိပ်အယောင်ရှိသည်ကို မြင်ရလိမ့်မည်။
ခေါင်းဆောင်ကိုကြည့်သော သူ၏ အကြည့်သည်ပင် ခါတိုင်းကဲ့သို့ ခက်ထန်မနေတော့ဘဲ အများကြီး နူးညံ့လာသည်။
ဤသည်မှာ သူ၏ တပည့်ကြီးတွင် ပြဿနာများစွာရှိနေသော်လည်း နောက်ဆုံးတွင် သူ၏ အကျင့်စာရိတ္တသည် အရမ်းကြီး မဆိုးဝါးသေးကြောင်း ခံစားမိသွားသည့်အလားပင်။ ဆရာကို ရိုသေလေးစားပြီး သစ္စာတရား၏ အရေးကြီးမှုကို သိနားလည်ထားခြင်းသည် ကြီးမြတ်သော သူတော်ကောင်းတရားတစ်ခုပင် ဖြစ်သည်။
ကျောက်စိမ်းကောင်းတစ်ခုတွင် ပြစ်ချက်တစ်ခုခုကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
ထိုသို့တွေးမိသောအခါ သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။
“ မင်းက ငယ်တော့တဲ့လူမဟုတ်ဘူး… အမြဲတမ်း ပြောင်ချော်ချော်နဲ့ ဂါရဝတရားဆိုတာကိုလည်း နားမလည်ဘူး… ထားပါတော့ မင်းရဲ့ဆန္ဒကို ငါနားလည်ပါတယ်… တကယ်လို့ မင်းအရိုအသေမပေးချင်ရင်လည်း ရှိပါစေတော့ ”
ထို့နောက် သတ္တမသခင်ကြီးသည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ခန်းမထဲမှ လူ့အရေပြားမျက်နှာဖုံးများကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် စိတ်ဓာတ်မြင့်တတ်နေပြီး သူ၏ ဆရာကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ဂုဏ်ယူဝင့်ကြွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီချင်းသည် ထိုအဖြစ်အပျက်အားလုံးကို သူ၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့လေရာ သူသည် ခေါင်းဆောင်ကို ပိုပြီးမချီးကျူးဘဲ မနေနိုင်ချေ။ ဂိုဏ်းထဲကို သူမဝင်ရောက်ခင် ခေါင်းဆောင်သည် သူ့ဆရာ၏ အနှစ်သက်ဆုံးတပည့် သေချာပေါက်ဖြစ်ရမည်ဟု သူပြောနိုင်သည်။
မည်သို့ဖြစ်စေ လူအများစုသည် မတူညီသည့်အချိန်မှာ မတူညီသည့်နည်းလမ်းအမျိုးမျိုးဖြင့် မြှောက်ပင့်ပြောခံရသည်ကို သဘောကျကြသည်။
ရွှီချင်းသည် လက်သီးနှစ်ဖက်ဆုပ်လိုက်ပြီး လူသားဧကရာဇ်၏ ရုပ်တုကို တစ်ကြိမ်ဦးညွတ်လိုက်သည်။ ထို့နောက် သူက ဆရာ့ကို သုံးကြိမ်ဦးညွတ်လိုက်သည်။
တစ်ကြိမ်ဦးညွတ်ခြင်းသည် အပြင်လူများအတွက် ရိုသေလေးစားမှုမှ ဖြစ်သည်။
သုံးကြိမ်ဦးညွတ်ခြင်းသည် မိသားစုဆက်နွယ်မှုမှ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ဖော်ပြရန် ဖြစ်သည်။
ဤသည်ကို ခေါင်းဆောင်မြင်သောအခါ သူက ရွှီချင်းကိုကြည့်ပြီး တဟားဟားရယ်လိုက်သည်။
သတ္တမသခင်ကြီး၏ နှုတ်ခမ်းထောင့်သည် အပေါ်သို့ ပင့်တတ်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အပေါ်သို့ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို အမြင့်တစ်နေရာတွင်ရှိသော လူ့အရေပြားမျက်နှာဖုံးတစ်ခုသည် နန်းတော်၏ အတွင်းနံရံထဲမှ သူ၏ ဆွဲယူခြင်းခံလိုက်ရသည်။
လူ့အရေပြားမျက်နှာဖုံးသည် ပျံသန်းထွက်လာပြီး သတ္တမသခင်ကြီး၏ လက်ထဲသို့ ကျရောက်သွားသည်။
၎င်းသည် ငယ်ရွယ်သောမျက်နှာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ခြင်း၊ အကြင်နာမဲ့ခြင်းနှင့် လူမဆန်သော ဆိုးယုတ်ခြင်းကို ဖော်ပြနေသည်။ ၎င်းက သတ္တမသခင်ကြီး၏ ကိုင်ဆောင်ခံလိုက်သည့်အခါ အလွန်သွေးဆာသော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ပြီး ဝါးမျိုချင်နေသည့်အလား သူ၏ လက်ကို ရစ်ပတ်လိုက်သည်။
“ တပည့်ကြီး ဒါက မင်းနဲ့အသင့်တော်ဆုံးပဲ ”
သတ္တမသခင်ကြီးသည် သူ၏ လက်ကို လှုပ်ခါလိုက်ပြီး အင်မော်တယ်အတတ်ပညာ လူ့အရေပြားမျက်နှာဖုံးကို ခေါင်းဆောင်ဆီသို့ ပစ်ပေးလိုက်သည်။
ခေါင်းဆောင်သည် မျက်နှာဖုံးကို ဖမ်းဆုပ်လိုက်သည်။
လူ့အရေပြားမျက်နှာဖုံးသည် ခေါင်းဆောင်၏ ညာဘက်လက်ဖဝါးတစ်ဝိုက်ကို ချက်ချင်း ရစ်ပတ်သွားသည်။ ၎င်းက လက်ကိုကိုက်ရန် ကြိုးစားနေသည့်အလား တဂျွတ်ဂျွတ်မြည်သံသည် ထွက်ပေါ်လာသည်။
ခေါင်းဆောင်သည် ၎င်းကို လှုပ်ခါလိုက်သည်။ သို့သော်လည်း ၎င်းကို သူခါမချနိုင်ကြောင်း သတိပြုမိသွားသည်။
တခြားလူသာဆိုလျှင် ဤအခြေအနေမျိုးမှာ ကြောက်လန့်သွားနိုင်ပေသည်။ မည်သို့ဖြစ်စေ သူတို့၏ လက်ဖဝါးသည် ကိုက်စားခံနေသည်။
သို့သော်လည်း ခေါင်းဆောင်သည် ခြားနားသည်။ သူက စူးစမ်းလိုသော အမူအရာကို ထုတ်ဖော်လိုက်ကာ မျက်နှာဖုံးကို သူ၏ လက်ဖဝါးအား ဆက်လက်လွှမ်းခြုံသွားစေပြီး ဝါးမျိုစေရန် ခွင့်ပြုလိုက်သည်။
“ မင်းက တကယ်ပဲ ငါ့ကိုကိုက်စားချင်တာလား ”
ယင်းက ပျော်စရာကောင်းသည်ဟု ခေါင်းဆောင်သည် ခံစားမိသွားပြီး လက်ကို သူ၏ မျက်နှာဆီသို့ နီးကပ်သွားစေသည်။ နောက်တစ်စက္ကန့်မှာ လူ့အရေပြားမျက်နှာဖုံးသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ခေါင်းဆောင်၏ လက်ဖဝါးကို အမြန်လွှတ်ပေးလိုက်လေရာ ကိုက်ရာများဖြင့် ပြည့်နှက်နေသော သွေးလက်ဖဝါးက ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသည် ခေါင်းဆောင်၏ မျက်နှာပေါ်ဆီသို့ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လောဘဖြင့် ခုန်အုပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ခေါင်းဆောင်၏ မျက်နှာကို လွှမ်းခြုံသွားပြီး မျက်နှာတစ်ပြင်လုံးကို အလျှင်အမြန် ဖုံးလွှမ်းသွားသည်။ နောက်ဆုံးမှာတော့ ၎င်းသည် ပြီးပြည့်စုံသော မျက်နှာဖုံးတစ်ခုသို့ ပြောင်းလဲသွားပြီး ခေါင်းဆောင်၏ မျက်နှာပေါ်မှာ ပြည့်ပြည့်ဝဝ ဝတ်ဆင်သွားသည်။
ခေါင်းဆောင်၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ အသွင်သဏ္ဍာန်သည်လည်း ပြောင်းလဲသွားသည်။ သူက မရင်းနှီးသော ခံစားမှုကို ထုတ်လွှတ်နေသည်။
အေးစက်စက်အငွေ့အသက်သည် သူ၏ ခန္ဓာကိုယ်မှ အစပြုပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ သူက တခြားတစ်ယောက်သို့ ပြောင်းလဲသွားသလိုပင်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူက မျက်လုံးမှိတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း၏ မျက်လုံးထဲတွင် ထူးဆန်းသောအလင်း ထွက်ပေါ်လာသည်။ ယင်းကို ဂရုတစိုက် အာရုံခံကြည့်ပြီးနောက် သူ၏ အမူအရာသည် အေးခဲသွားသည်။
သူ၏ ခေါင်းဆောင်အပေါ် နားလည်ထားမှုဖြင့်ပင် ယခု မျက်နှာဖုံးဝတ်ထားသော ခေါင်းဆောင်ကို သူကြည့်လိုက်သည့်အခါ ရင်းနှီးသော အငွေ့အသက်ကို နည်းနည်းမှပင် မခံစားရချေ။
အမှန်မှာတော့ အကယ်၍ သူသာ ခေါင်းဆောင်၏ အသွင်သဏ္ဍာန် ပြောင်းလဲမှုကို မျက်စိဖြင့် ကိုယ်တိုင်မမြင်တွေ့ခဲ့လျှင် အကယ်၍ သူနှင့်သာ တခြားတစ်နေရာမှာ တွေ့ဆုံမည်ဆိုလျှင် သူသည် ခေါင်းဆောင်ကို လုံးဝမှတ်မိမည်မဟုတ်ပေ။
ထိုမျက်နှာဖုံးအောက်တွင် ခေါင်းဆောင်၏ အရှိန်အဝါသည် ပြောင်းလဲသွားရုံသာမက သူ့ဝိညာဉ်၏ အားလှိုင်းအတတ်အကျသည်ပင် ခြားနားသွားသည်။
“ ဒီအင်မော်တယ်အတတ်ပညာ လူ့အရေပြားမျက်နှာဖုံးထဲမှာ ဖုံးကွယ်ခြင်းစွမ်းအားကို ပမာဏတစ်ခုထိ သူ့ဘာသာ ပိုင်ဆိုင်ထားတယ် ”
သတ္တမသခင်ကြီးသည် သူ၏ တပည့်ကြီးကိုကြည့်လိုက်ပြီး ရွှီချင်းကို ပြောသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်သည့်အခါ ခေါင်းဆောင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်သည် မရင်းနှီးပေ။ သူက ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက် သတ္တမသခင်ကြီးထံသို့ ကြည့်လိုက်သည်။
ရွှီချင်းက အမူအရာကင်းမဲ့စွာရှိနေစဉ် သတ္တမသခင်ကြီးသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ မင်းက ကစားချင်နေသေးတယ်… အရိုက်ခံချင်နေတာလား ”
ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက ရယ်လိုက်သည်။ သူ၏ အရှိန်အဝါက မရင်းနှီးနေဆဲဖြစ်သော်လည်း ရင်းနှီးသော ခံစားမှုသည် နည်းနည်းချင်းစီ ပြန်ရောက်လာသည်။
“ ဆရာ ဂျူနီယာညီလေး ဒီမျက်နှာဖုံးက နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်… ဒီထဲမှာ နက်ရှိုင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုပါရှိပြီ အဲ့ဒါက ငါ့မျက်နှာနဲ့ ပေါင်းစပ်ချင်နေတာကို ငါအာရုံခံမိတယ်… တစ်ချိန်တည်းမှာ ယောင်္ကျားမိန်းမ၊ လူကြီးလူငယ်တွေရဲ့ များပြားတဲ့အသံတွေက အတူစုစည်းသွားပြီး ငါ့စိတ်ထဲမှာ စကားလုံးနှစ်လုံး အော်သွားတယ် ”
“ မင်းစိတ်ထဲက အော်သံက အင်မော်တယ်အတတ်ပညာရဲ့ နာမည်ပဲ… အဲ့ဒါကို ရွတ်ဆိုလိုက်ရင် အင်မော်တယ်အတတ်ပညာကို မင်းအသုံးပြုနိုင်လိမ့်မယ်… ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ပေါ်မူတည်ပြီး အဲ့ဒါရဲ့စွမ်းအားက ခြားနားသွားလိမ့်မယ် ”