အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ခြင်း၏ အမှန်တရား(ဂ)
Vol. 48 Ch. 729
“ တကယ်လို့ မင်းက သူတို့လက်ထဲကနေ မလုယူနိုင်ရင်တောင် တူညီတဲ့နည်းလမ်းကိုသုံးပြီး အဲ့ဒါက လုံခြုံမှုရှိမရှိ အတည်ပြုနိုင်တယ်… ဘာပဲဖြစ်ဖြစ် အင်မော်တတ်အတတ်ပညာခန်းမက ဘယ်ကိုမှထွက်မပြေးနိုင်ဘူး… ပြီးတော့ နန်းတော်က ဒီတစ်ခုတည်းရှိတာ မဟုတ်ဘူး ”
သတ္တမသခင်ကြီးသည် အမြဲတမ်း ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်လေ့ရှိသည်။ ဤသည်ကို ရွှီချင်းသည် ယခင်ကတည်းက သိရှိထားပြီး ဖြစ်သည်။ ယခု ဤစကားများကို ကြားသည့်အခါ သူက ပိုပြီးလက်ခံသွားပြီး အနည်းငယ် ပိုသင်ယူခဲ့ရသည်ဟု ခံစားမိသွားသည်။
ခေါင်းဆောင်သည် အနည်းငယ် နောင်တရသွားသော်လည်း မငြင်းရဲပေ။ သို့သော် အဖိုးကြီးသည် ပိုပြီးအသက်ကြီးလာလေ ပိုပြီးသူရဲဘောကြောင်လာလေဟု အနည်းနှင့်အများ သူခံစားနေမိသည်။
အင်မော်တတ်အတတ်ပညာများကို ရယူပြီးနောက် သတ္တမသခင်ကြီးသည် ဤနေရာတွင် ဆက်မနေတော့ပေ။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို အင်မော်တယ်အတတ်ပညာခန်းမဆီမှ အဝေးသို့ ခေါ်ဆောင်သွားသည်။ သူတို့ထွက်သွားကြစဉ် ဒြပ်နှောများ၏ ဝိုင်းရံမှုအောက်မှာ နန်းတော်၏ ဘေးပတ်ပတ်လည်တွင် အသွေးအသားများက ပြန်ပေါ်လာကြသည်။
အချိန်တစ်ခဏအကြာမှာ ပြာမှုန်ဖြစ်သွားသော သွေးနီမျက်နှာကြီးသည် တဖန်ပြန်ပေါ်လာသည်။ ၎င်းသည် နန်းတော်၏ အဝင်ဝတွင် ရပ်နေပြီး ပါးစပ်ဖွင့်လိုက်လေရာ အသံမထွက်သော ဟိန်းသံများကို ထုတ်ဖော်နေဟန် ရသည်။
ထိုမျက်နှာကိုကြည့်နေရင်း သတ္တမသခင်ကြီးသည် ခေါင်းမော့လိုက်ပြီး ကြေးမုံနှင့်တူသော အမည်းရောင်ကောင်းကင်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောသည်။
“ အနီရောင်လနိုးထဖို့ သိပ်မကြာလောက်တော့ဘူး… မင်းတို့နှစ်ယောက်က ငါ့စကားနားထောင်ပြီး စစ်တပ်ရဲ့ တည်နေရာဆီ ပြန်ကြမှာလည်းမဟုတ်ဘူး… ထားလိုက်ပါတော့ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ဆန်းကြယ်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိနေသေးတယ်… ကိုယ့်ကိုယ်ကိုသတိထားကြ… ရူးရူးမိုက်မိုက်တွေ လျှောက်မလုပ်ကြနဲ့ ”
“ ငါကတော့ စီစဉ်စရာရှိတာတွေ ကြိုပြင်ဆင်ထားဖို့ ထွက်သွားရမယ် ”
“ အရင်တစ်ခေါက်က မင်းတို့ရဲ့ အစီအစဉ်ကို ငါ့ကို ရှင်းပြပြီးတဲ့နောက် အဲ့ဒီကိစ္စကို တိတ်တိတ်လေး ငါလိုက်စုံစမ်းခဲ့တယ်… အဲ့ဒါကို ငါ့ရဲ့သုံးသပ်မှုတွေနဲ့ ပေါင်းစပ်ပြီးတဲ့နောက် ခန့်မှန်းမှုတချို့ ငါရခဲ့တယ် ”
သတ္တမသခင်ကြီး၏ စကားကိုကြားသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်သည် ချက်ချင်း စိတ်ဝင်တစား နားထောင်လိုက်ကြသည်။
အထူးသဖြင့် ရွှီချင်းပင်။ သူသည် အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ခြင်း၏ အတွင်းပုံပြင်ကို အမှန်တကယ် သိချင်သည်။ ဤတစ်ကြိမ် အင်မော်တယ်တားမြစ်နယ်မြေကို ဖွင့်လှစ်ပြီး အိပ်ပျော်နေသော နတ်ဘုရားကို အနီရောင်လအား ထိုးကျွေးခြင်း၏ ရည်ရွယ်ချက်ကို တကယ် သူနားမလည်နိုင်ပေ။
အနီရောင်လသည် ကောင်းကင်နက်မျိုးနွယ်၏ နတ်ဘုရားဖြစ်သည်။ ယခု ကောင်းကင်နက်မျိုးနွယ်သည် လူသားမျိုးနွယ်ကို တိုက်ခိုက်နေသည်။ ထိုသို့အချိန်မျိုးမှာ အင်မော်တယ်တားမြစ်နယ်မြေထဲမှ နတ်ဘုရားကို အနီရောင်လအား ဝါးမျိုစေသည့် လူသားမျိုးနွယ်၏ လုပ်ရပ်သည် သူတို့က အနီရောင်လကို မျက်နှာသာပေးလိုခြင်းဖြစ်ကြောင်း ရွှီချင်း ခံစားမိသည်။
မည်သည့်အကျိုးအတွက် ထိုသို့လုပ်ဆောင်ရသနည်း။
သတင်းအချက်အလက်မလုံလောက်မှုကြောင့် မြူနှင်းထုက သူ့အရှေ့မှ အရာအားလုံးကို ဖုံးကွယ်ထားသည်။
“ ဆရာက ဘယ်လိုခန့်မှန်းထားတာလဲ ”
ရွှီချင်းက မေးသည်။
သတ္တမသခင်ကြီးသည် အဝေးမှ နန်းတော်အစုအပုံ၏ အလယ်ဗဟိုကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် နက်နဲသော အဓိပ္ပာယ်ဖြင့် ပြည့်နှက်နေသည်။ သူက လေးနက်တည်ကြည်သော လေသံဖြင့် ပြောသည်။
“ ဒီကိစ္စက သတ္တမမင်းသားရဲ့ ပုဂ္ဂိုလ်ရေးလုပ်ဆောင်မှု ဟုတ်ပုံမရဘူး… သူက မင်းသားတစ်ပါးဖြစ်ပြီး သူ့ဘေးမှာ အစွမ်းအစရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ် သူ့လက်အောက်မှာ အံ့မခန်းစစ်တပ်ရှိတယ်ဆိုပေမဲ့ အဲ့ဒါက အပေါ်ယံ ကြီးကျယ်ခမ်းနားမှုသက်သက်ပဲ… ဧကရာဇ်က အစွမ်းသတ္တိရှိနေသေးသလို အရွယ်ကောင်းမှာ ရှိနေသေးတယ်… သူရဲ့နည်းလမ်းတွေက ရှိန်လောက်စရာကောင်းပြီး သူက ရည်မှန်းချက်ကြီးတယ်လို့ ကောလဟာလသတင်းတွေရှိတယ်… တကယ်လို့ အဲ့ဒါက ကောလဟာလ သက်သက်ပဲဆိုရင်တောင် မီးမရှိဘဲနဲ့ မီးခိုးမထွက်လာဘူး… အနည်းဆုံးတော့ လူသားမျိုးနွယ်မှာ ရာဇပုလ္လင်အတွက် ပြိုင်ဆိုင်မှုမရှိသေးဘူး ”
သတ္တမသခင်ကြီး၏ အကြည့်သည် ပိုပြီးလေးနက်လာသည်။
“ ဒါပေမဲ့ ဒီသတ္တမမင်းသားက ရက်စက်ပြီး ဉာဏ်များတယ်… ဘယ်လိုနည်းလမ်းမျိုးကို သူသုံးခဲ့တာပဲဖြစ်ဖြစ် အဲ့ဒါက ကောင်းကင်နက်မျိုးနွယ်နဲ့ တခြားအင်အားစုတွေရဲ့ ဝိုင်းရံတိုက်ခိုက်ခံနေရတဲ့ နန်းမြို့တော်ရဲ့ အခက်အခဲကို အောင်မြင်အောင် ဖြေရှင်းပေးခဲ့တယ်… ဖုန်းဟိုင်ဒေသငယ်က သူ့ရဲ့အောင်ပွဲကြောင့် နန်းမြို့တော်က အခြေအနေက နည်းနည်းသက်သာသွားတယ် ”
“ ရလဒ်အနေနဲ့ကတော့ လူသားဧကရာဇ်နဲ့ လူသားမျိုးနွယ်က အကျိုးကျေးဇူးရသွားတယ်… အဲ့ဒီနောက်ကွယ်မှာ စတေးခံမှုတွေ လျှို့ဝှက်တဲ့ သက်ရောက်မှုတွေရှိတယ်ဆိုရင်တောင် အခြေအနေတစ်ရပ်လုံးကို အလုံးစုံခြုံငုံကြည့်မယ်ဆိုရင် အဲ့ဒါတွေက အရေးမပါတော့ဘူး… ပိုကောင်းတဲ့ အကျိုးအမြတ်က အရှေ့ရောက်စမြဲပဲမဟုတ်လား ”
“ ဒါပေမဲ့ အရာအားလုံးမှာ အောက်စည်းဆိုတာရှိတယ်… ဥပမာ အင်မော်တယ်တားမြစ်နယ်မြေက နတ်ဘုရားတွေနဲ့ သက်ဆိုင်နေတယ်… ဒါကြောင့် ဒီကိစ္စကို သတ္တမမင်းသားက ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး ”
“ ဒါကြောင့် အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်တာက လူသားဧကရာဇ်ရဲ့ အမိန့်တော်ဖြစ်ရမယ်… သတ္တမမင်းသားက အမိန့်တော်ကို လိုက်နာပြီး အကောင်အထည်ဖော်ပေးရရုံပဲ ”
“ ဒီအချက်ကို မင်းတို့နားလည်သွားမယ်ဆိုရင် မြူခိုးက အတော်လေး ရှင်းလင်းသွားလိမ့်မယ် ”
သတ္တမသခင်ကြီး၏ တည်ငြိမ်သော အသံသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ခေါင်းဆောင်သည် တစ်စုံတစ်ရာကို နားလည်သွားဟန်ရပြီး ရွှီချင်းသည် အတွေးနက်သွားသည်။
“ တကယ်လို့ မင်းက လူသားဧကရာဇ်ရဲ့နေရာမှာ ရပ်ပြီး အခြေအနေတစ်ရပ်လုံးကို အလုံးစုံခြုံငုံကြည့်မယ်ဆိုရင် လက်ရှိမှာ လူသားဧကရာဇ် အဖြစ်ချင်ဆုံးအရာက သေချာပေါက် စစ်ပွဲနဲ့သက်ဆိုင်တဲ့ကိစ္စဆိုတာ မင်းတို့နားလည်လိမ့်မယ်… အဲ့ဒါက စစ်ပွဲကို အဆုံးသတ်စေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် စစ်ပွဲကို အနိုင်ရစေတာပဲဖြစ်ဖြစ် အားလုံးက စစ်ပွဲနဲ့ပတ်သက်နေလိမ့်မယ် ”
“ ကဲ ဒါဆို စစ်ပွဲကိုအဆုံးသတ်ဖို့ ဒါမှမဟုတ် စစ်ပွဲကိုအနိုင်ရဖို့ သူဘာလုပ်နိုင်မလဲ ”
သတ္တမသခင်ကြီး၏ မျက်လုံးထဲတွင် အနက်ရောင်အလင်း ထွက်ပေါ်လာလေရာ အထဲတွင် အဆုံးမဲ့သော တွင်းနက်တစ်ခု ရှိနေသည့်အလားပင်။
“ အဲ့ဒါက ဒေသစစ်လက်နက်တစ်ခုကို ပိုင်ဆိုင်ဖို့ပဲ ”
သတ္တမသခင်ကြီးသည် စိတ်ဓာတ်ခိုင်မြဲသော လေသံဖြင့် ပြောသည်။
“ ဒါပေမဲ့ ဒေသစစ်လက်နက်တစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး… ကောင်းကင်နက်မျိုးနွယ်ရဲ့ နောက်ကွယ်မှာ အနီရောင်လနတ်ဘုရားရှိတယ်… ကောင်းကင်နက်မျိုးနွယ်က ရိုးရာယဇ်ပူဇော်ခြင်းနဲ့ အဆင့်မြင့်နတ်ဆရာတွေရဲ့ ဆုတောင်းပတ္ထနာပြုတာက အနီရောင်လရဲ့ ပုံရိပ်ကို သူတို့ဆင့်ခေါ်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေက ရှိနေသေးတယ် ”
“ ဒါကြောင့် ပထမခြေလှမ်းက ရန်သူတွေကို ဟန့်တားထားနိုင်ဖို့ ဒေသစစ်လက်နက်တစ်ခုကို ရရှိရမယ်… ဒုတိယခြေလှမ်းက အနီရောင်လ ဆင်းသက်လာမှာကို တားဆီးဖို့ နည်းလမ်းတစ်ခုရှာရမယ် ”
“ ဒါဆို အနီရောင်လ ဆင်းသက်မလာနိုင်အောင် ငါတို့ဘယ်လိုတားဆီးနိုင်မလဲ ”
“ လူသားမျိုးနွယ်က အနီရောင်လကို မထိန်းချုပ်နိုင်ဘူး ပြီးတော့ မျိုးနွယ်တစ်ခုလုံးရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒီလိုကိစ္စကြီးမှာ ညှိနှိုင်းဆွေးနွေးတာက အလုပ်မဖြစ်ဘူး… ဒါကြောင့် ငါတို့တွေ အနီရောင်လနဲ့ အပေးအယူမလုပ်နိုင်ဘူး… ဒီတော့ အနီရောင်လ ရောက်မလာနိုင်အောင် တားဆီးဖို့ ဒါမှမဟုတ် အချိန်အတော်ကြာထိ သူရောက်မလာနိုင်အောင် ကြန့်ကြာစေဖို့ ငါတို့ဘယ်လိုလုပ်ကြမလဲ ”
သတ္တမသခင်ကြီးသည် ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ အနီရောင်လကို မတော်တဆမှုတစ်ခုခုကြောင့် ဆင်းသက်မလာနိုင်အောင် လုပ်ရမှာလား… ဥပမာ သူက လုံးဝအိပ်မောကျနေတာမျိုးလား ”
ရွှီချင်းသည် ရုတ်တရက် မေးသည်။ သူ့ဘေးမှ ခေါင်းဆောင်သည်လည်း တစ်ချိန်တည်းမှာ ဝင်ပြောသည်။
“ ငါ အစားအများကြီး စားပြီးသွားတဲ့အခါတိုင်း အစာခြေဖို့အတွက် အိပ်ချင်လာတယ်… ”
သူတို့နှစ်ယောက်သည် စကားဆုံးအောင်ပြောပြီးနောက် သူတို့၏ မျက်လုံးသည် တစ်ချိန်တည်းမှာ ပြူးကျယ်သွားကြသည်။ ဤသည်မှာ မိုးကြိုးက သူတို့၏ စိတ်ထဲမှာ ထစ်ချုန်းသွားသည့်အလား သူတို့နှစ်ယောက်သည် ဆွံ့အသွားကြသည်။
သတ္တမသခင်ကြီးသည် ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဉာဏ်ပညာကြီးမားသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ဒါက သက်သေအပိုင်းအစတစ်ခုပဲ ရှိသေးတယ်… အဲ့ဒီအတိုင်း တကယ်ဖြစ်လာမယ်လို့ ငါတို့ကျိန်းသေမပြောနိုင်ဘူး… ဒါကြောင့် ငါတို့တွေ ဒီကိစ္စကို တခြားရှုထောင့်ကနေ သုံးသပ်ကြည့်ဖို့ လိုအပ်နေသေးတယ် ”
“ ဥပမာ လူသားဧကရာဇ်က အဖြေကို တွေးတောပြီးတဲ့နောက် စစ်ပွဲအခြေအနေက နည်းနည်းငြိမ်သက်လာတဲ့အခါ အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ပြီး ကျန်းစီယွမ်ပေါ် ကပ်တွယ်နေတဲ့ အနီရောင်လကို နိုးထစေဖို့ သူက တတ်တတ်ကြွကြွ ကူညီပေးလိမ့်မယ် ”
“ အရင်က မင်းမြင်ခဲ့တာတွေက မြူခိုးရဲ့အပေါ်ယံအလွှာပဲရှိသေးတယ်… နတ်ဘုရားလက်ချောင်းရဲ့ အကျင့်စရိုက်နဲ့ သူ့ကိုယ်ပိုင်အသိဉာဏ်ကြောင့် သူက သူ့မူလခန္ဓာကိုယ် ဝါးမျိုခံရတော့မှာကို သိထားတယ်… တကယ်တော့ သူ့ပြောတဲ့စကားမှာကတည်းက အဖြေက ပါထားပြီးနေပြီ ”
“ ရွှီချင်း ဘာပဲပြောပြော မင်းက အတွေ့အကြုံနုပါသေးတယ်… မင်းရဲ့ အတွေးက ဘယ်လောက်ပဲ အသေးစိတ်တယ်ဆိုပေမဲ့ မင်းမစဉ်းစားမိနိုင်တဲ့ တချို့အရာတွေက ကျန်နေသေးတယ် ”
သတ္တမသခင်ကြီးသည် ရွှီချင်းကို ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောသည်။
ဤသည်ကို ရွှီချင်းကြားသောအခါ အတွေးများစွာသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။ သူသည် နတ်ဘုရားလက်ချောင်းပြောသော စကားများကို သေသေချာချာ ပြန်တွေးကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။