အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်ခြင်း၏ အမှန်တရား(ဃ)
Vol. 48 Ch. 730
“ ဆရာဆိုလိုချင်တာက နတ်ဘုရားလက်ချောင်းက အနီရောင်လ သူ့ရဲ့ မူလခန္ဓာကိုယ်ကို ဝါးမျိုချင်နေတာ လုံးဝသေချာတယ်ဆိုတဲ့ သဘောလား ”
သတ္တမသခင်ကြီး၏ မျက်လုံးထဲတွင် စိတ်ကျေနပ်သော အရိပ်အယောင်ပေါ်ထွက်လာပြီး သူက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ အမှန်ပဲ… အနီရောင်လက သူ့ရဲ့ မူလခန္ဓာကိုယ်ကို မြင်လိုက်တာနဲ့ သေချာပေါက် အဲ့ဒါကို ဝါးမျိုလိမ့်မယ်လို့ နတ်ဘုရားလက်ချောင်းက အခိုင်အမာယုံကြည်ထားတယ် ”
“ အဲ့ဒါက နားလည်ပေးလို့ရတဲ့အရာပဲ… ဒီအချက်ကြောင့် နတ်ဘုရားတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ ပိုသန်မာတဲ့နတ်ဘုရားက အားနည်းတဲ့နတ်ဘုရားကို ဝါးမျိုလိမ့်မယ်ဆိုတာ ပိုသေချာစေတယ် ”
“ အင်မော်တယ်တားမြစ်နယ်မြေထဲက နတ်ဘုရားက ဒီထဲမှာ အိပ်စက်နေပြီး အပြင်ကို တစ်ခါမှထွက်မလာတဲ့ အချက်က ဒီအဖြေကို ရှစ်ဆယ်ရာခိုင်နှုန်းအထက် ပိုပြီးသေချာစေတယ် ”
“ ငါမင်းတို့ကို အရင်ကပြောခဲ့သလိုပဲ ငါသုတေသနလုပ်ပြီးတဲ့နောက်မှာ နတ်ဘုရားတွေက တကယ်တော့ ဘာမှမဟုတ်တာကို ရှာတွေ့ခဲ့တယ်… သူတို့က ငါတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်တဲ့ တည်ရှိမှုတွေဖြစ်ရုံသက်သက်ပဲ ”
“ သေမျိုးတွေက အစားအများကြီးစားမိတဲ့အခါ ပျင်းရိလေးဖင့်လာပြီး အိပ်ချင်လာတယ် ဘာမှမလုပ်ချင်ကြတော့ဘူး… ကျင့်ကြံသူတွေဆို ပိုလို့တောင်ဆိုးသေးတယ်… ဥပမာ တပည့်ကြီးက အစားအများကြီး စားမိတဲ့အခါ သူက ကိုယ့်ကိုယ်ကိုမသိလိုက်ဘဲ အိပ်မောကျသွားလိမ့်မယ်… အဲ့ဒီလိုပဲ တကယ်လို့ ငါလည်း အစားအများကြီးစားမိရင် အိပ်မောကျသွားလိမ့်မယ်… မင်းလည်း ထို့နည်းတူပဲ… ငါတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောမကျသွားဘူးဆိုရင်တောင် အစာခြေဖျက်လို့ရလာမယ့် စွမ်းအင်ကို စုပ်ယူဖို့ တံခါးပိတ်ကျင့်ကြံရလိမ့်မယ် ”
“ အိပ်စက်တာ ဒါမှမဟုတ် တံခါးပိတ်ကျင့်ကြံတာရဲ့ ကြာချိန်ကတော့ အစားအစာရဲ့ ပမာဏပေါ်မူတည်တယ် ”
ရွှီချင်း၏ စိတ်သည် အပြင်းအထန် လှိုင်းထသွားသည်။ ခေါင်းဆောင်သည် ဆက်ပြီးနှုတ်ခမ်းသပ်လိုက်သည်။ သိသာစွာပင် မတူညီသော ရှုထောင့်နှစ်ခုမှ သုံးသပ်ကြည့်ပြီးနောက် သူတို့အားလုံးသည် တူညီသော အဖြေဆီသို့သာ ဦးတည်သွားကြသည်။
“ ဒါဆို အခု အဖြေက ရှင်းသွားပြီမလား ”
သတ္တမသခင်ကြီးသည် နူးညံ့စွာ မေးသည်။
“ လူသားဧကရာဇ်က အနီရောင်လကို အမြန်နိုးထလာစေပြီး အင်မော်တယ်တားမြစ်နယ်မြေထဲ ပို့လွတ်ဖို့ အရင်စပြီး ကူညီပေးခဲ့တယ်… သူက အနီရောင်လကို အင်မော်တယ်တားမြစ်နယ်မြေထဲက နတ်ဘုရားကို ဝါးမျိုစေပြီး စုပ်ယူခြင်းနဲ့အစာခြေဖျက်ခြင်းအဆင့်ကို ဝင်ရောက်စေလိုတာ ”
“ တကယ်လို့ အဲ့ဒီအချိန်အတွင်းမှာ ကောင်းကင်နက်မျိုးနွယ်က တစ်စုံတစ်ခုဖြစ်သွားမယ်ဆိုရင် အနီရောင်လက ပေါ်လာနိုင်မှာမဟုတ်ဘူး… ဘာကြောင့်လဲဆိုတော့ ကောင်းကင်နက်မျိုးနွယ်က သူ့ရဲ့ကျေးကျွန်သာသာပဲ ရှိတယ်… ကျေးကျွန်တစ်ယောက်အတွက်နဲ့ သူ့ရဲ့ အစားအစာနဲ့ အိပ်စက်အနားယူတာကို လက်လွှတ်ခံဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ”
“ ပြီးတော့ အနီရောင်လက အစာခြေဖျက်ဖို့ အချိန်အကြာကြီး လိုအပ်လိမ့်မယ်… အဲ့ဒီအတောအတွင်း ကောင်းကင်နက်မျိုးနွယ်က နတ်ဘုရားရဲ့ ကာကွယ်ပေးမှုအောက်မှာ ရှိနေတော့မှာမဟုတ်ဘူး ”
“ လူသားဧကရာဇ်က အဲ့ဒီအခွင့်အရေးကို စောင့်ဆိုင်းနေတာ ”
ရွှီချင်းသည် သူ၏ အတွေးများကိုစုစည်းပြီး အလျှင်စလို ပြောသည်။ ထို့နောက် သူ၏ စိတ်ထဲတွင် ဉာဏ်အလင်းပွင့်သွားသော စိတ်အာရုံတစ်ခု ပေါ်ထွက်လာသည်။ ဤအခိုက်အတန့်မှာ လောကကြီးသည် ရှင်းလင်းသွားပြီး တိမ်များလွင့်ပြယ်သွားသည့်အလားပင်။ သူ၏ နားလည်သဘောပေါက်မှုသည် ပြောမပြနိုင်အောင် ကြည်လင်ရှင်းလင်းလာသည်။
အမှန်မှာတော့ ထိုအတွေး၏ ဉာဏ်အလင်းပွင့်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဝက်တစ်ပျက်ရှိနေသော ဒွါဒသမနတ်နန်းတော်သည် မြန်ဆန်စွာ ဒြပ်ထည်ဖြစ်တည်လာပြီး ပြီးပြည့်စုံသောအဆင့်သို့ရောက်ရန် တဖြည်းဖြည်း နီးကပ်လာသည်။
သတ္တမသခင်ကြီး၏ သူ့အပေါ် တစ်လှမ်းချင်း လမ်းညွှန်ပေးမှုကြောင့် ရွှီချင်း၏ အသိအမြင်သည် ကောင်းကင်နှင့်မြေပြင်၏ ဖန်တီးမှုသဖွယ် ကျယ်ပြန့်လာသည်။ သူ၏ စိတ်သည် အဆုံးမဲ့စွာ တိုးမြှင့်သွားသည်။ သူ၏ အသိဉာဏ်နှင့် တွေးတောနိုင်စွမ်းသည် အကန့်အသတ်ကို ကျော်လွန်သွားသည်။ သူက အဆင့်တစ်ဆင့်ပိုမြင့်သော အသိအမြင်ဆီသို့ တတ်လှမ်းသွားလေရာ အခြေအနေတစ်ရပ်လုံးအား ခြုံငုံကြည့်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်သွားသည်။
သတ္တမသခင်ကြီးသည် ဘယ်သောအခါမှ အဖြေကို တိုက်ရိုက်ပြောလေ့မရှိပေ။ သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် ရွှီချင်း၏ နားလည်သဘောပေါက်မှုကို အကန့်အသတ်မရှိစွာ တိုးမြှင့်စေသည်။
သူ၏ အကြံပေးမှုအောက်မှာ ရွှီချင်းသည် အရာအားလုံးကို ဖြည်းညင်းစွာ နားလည်သဘောပေါက်လာသည်။ ဤကဲ့သို့ အသိဉာဏ်အဆင့်တတ်ခြင်းသည် ကောင်းမွန်သောကိစ္စဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
သူသည် အချိန်တိုင်းနီးပါး ဆရာ၏ သင်ကြားမှုများကို လက်ခံရရှိသည်။
ရွှီချင်း၏ မျက်လုံးထဲတွင် ရိုသေလေးစားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက သတ္တမသခင်ကြီးကို ကြည့်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။
သတ္တမသခင်ကြီးသည် ပြုံးထားသည်။ ရွှီချင်းက သူ့အား ပိုပြီးလေးစားလာသည်ကို မြင်သောအခါ သူ၏ နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားစိတ်ဖြစ်ပေါ်လာပြီး စိတ်ချမ်းသာမှုကို ခံစားသွားရသည်။
“ ဒါဆို ဒေသစစ်လက်နက်ကရော… ဆရာ ဘယ်လိုမြင်လဲ… အဲ့ဒါကို လုယူမှာလား ”
ခေါင်းဆောင်သည်လည်း အကြီးအကျယ် ထိတ်လန့်သွားပြီး သူ၏ ဆရာကို ကြည်ညိုလေးစားစွာ ကြည့်လိုက်သည်။
သတ္တမသခင်ကြီး၏ အပြုံးသည် အေးခဲသွားသည်။ ခေါင်းဆောင်၏ မေးခွန်းကို သူမစဉ်းစားထားပေ။ ရွှီချင်းကလည်း သူ့အား စူးစမ်းသိလိုသော မျက်လုံးဖြင့် စိုက်ကြည့်လာသည်ကို ခံစားမိသောအခါ သူသည် ခေါင်းကိုက်ချင်လာသည်။
သူသည် သူ့တပည့်နှစ်ယောက်၏ အရှေ့တွင် ကြီးမြတ်သော ဆရာတစ်ယောက်၏ ပုံရိပ်ကို တည်ဆောက်ထားပြီး ဖြစ်သည်။ သို့ဖြစ်၍ ထိုအကြောင်းကို သူမသိကြောင်း မည်သို့ပြောထွက်နိုင်မည်နည်း။
‘ ဘာလို့ ဒီတပည့်ကြီးက မျက်နှာကဲခတ်ညံ့ရတာလဲ ’
သတ္တမသခင်ကြီးသည် မကျေမနပ်ဖြစ်သွားသည်။ သို့သော်လည်း ယင်းကို သူ၏ မျက်နှာပေါ်တွင် ဖော်မပြပေ။ သူက တည်ငြိမ်စွာ ပြောသည်။
“ ဒီကိစ္စကို အစောကြီးကတည်းက ငါသိထားပြီးပြီ ”
“ ဒါပေမဲ့ အားလုံးကိုတော့ မင်းတို့ကို တိုက်ရိုက်မပြောနိုင်ဘူး… ဒီကိစ္စကို ငါမင်းတို့ကိုပေးတဲ့ အိမ်စာလို့သဘောထားလိုက်ပါ… အဲ့ဒါကို သေချာစဉ်းစားကြည့်ကြပါ… မင်းတို့ထဲမှာ ဘယ်သူက ပိုဉာဏ်ကောင်းလဲ ငါကြည့်မယ်… အတော်ဆုံးလူကို ငါဆုချမယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ဆရာအပေါ် ပိုပြီးလေးစားလာသည်။
ခေါင်းဆောင်သည် အနည်းငယ် သံသယရှိနေပြီး သူ၏ ဆရာကို ကြည့်လိုက်သည်။
ချန်းအားညိုက စကားပြောတော့မည်ကို သတ္တမသခင်ကြီးမြင်သောအခါ သူ၏ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူက ကြည်လင်သော လူ့အရေပြားမျက်နှာဖုံးတစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းထံသို့ ကမ်းပေးလိုက်သည်။
“ ဒီမျက်နှာဖုံးက ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက အင်မော်တယ်အတတ်ပညာခန်းမကနေ ငါရလာခဲ့တဲ့ အင်မော်တယ်အတတ်ပညာပဲ… သူ့မှာ အသုံးပြုနိုင်တဲ့ နည်းလမ်းက တစ်ခုတည်းပဲရှိတယ်… အဲ့ဒါက ဖုံးကွယ်ခြင်းပဲ… အထွတ်အထိပ် ဖုံးကွယ်ခြင်း ”
“ စတုတ္ထတပည့် အနီရောင်လနိုးထလာတဲ့အခါ ဒီလူ့အရေပြားမျက်နှာဖုံးကို မင်းချက်ချင်း ဝတ်ပါ… အဲ့ဒါက ပထမအဆင့် ဖုံးကွယ်ခြင်းပဲ… ဒါပေမဲ့ အဲ့ဒါတစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး… ဒါကြောင့် အသွေးအသားများတဲ့ နေရာတစ်နေရာကို ချက်ချင်းရှာပြီး ကိုယ့်ကိုယ်ကို မြှုပ်နှံဖို့ တွင်းနက်တစ်ခုတူးပါ… ပြီးသွားရင် အိပ်ပျော်နေတဲ့ နတ်ဘုရားရဲ့ အရှိန်အဝါအောက်မှာ ပုန်းအောင်းပါ… အဲ့ဒါက ဒုတိယအဆင့် ဖုံးကွယ်ခြင်းဖြစ်တယ် ”
“ မင်းမှာလည်း နည်းလမ်းတချို့ရှိတယ်… အဲ့ဒါက တတိယအဆင့် ဖုံးကွယ်ခြင်းပဲ… ငါ့ရဲ့ ဖုံးကွယ်ခြင်းနတ်ဘုရားအတတ်ပညာကလည်း မင်းကို အစွမ်းတိုးမြှင့်ပေးလိမ့်မယ်… အဲ့ဒါက မင်းရဲ့ စတုတ္ထအဆင့် ဖုံးကွယ်ခြင်းပဲ ”
“ အဲ့ဒါတွေအားလုံးကို အတူစုစည်းလိုက်မယ်ဆိုရင် အနီရောင်လက မင်းကို သူ့အစွမ်းကုန်သုံးပြီး အထူးတလယ် လိုက်မရှာသေးသရွေ့ အချိန်ခဏလောက်တော့ မင်းလုံခြုံလိမ့်မယ်… အနီရောင်လ နိုးထလာတဲ့အခါ သူက အိပ်ပျော်နေတဲ့ နတ်ဘုရားကိုပဲ အာရုံစိုက်လိမ့်မယ်… အဲ့ဒါကြောင့် မင်းသာ သတိရှိရှိနေမယ်ဆိုရင် ဘာပြဿနာမှမဖြစ်လောက်ဘူး ”
“ ဒါပေမဲ့ တစ်ခုတော့ မင်းမှတ်ထားရမယ်… မင်းမျက်နှာဖုံးကို ဝတ်ပြီးသွားရင် မလှုပ်ရှားရဘူး… မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အလုံအလောက် မမြင့်မားသေးဘူး… တကယ်လို့ မင်းလှုပ်ရှားလိုက်မယ်ဆိုရင် ဖုံးကွယ်ခြင်းမှာ ချို့ယွင်းချက်တချို့ဖြစ်ပေါ်လာလိမ့်မယ် ”
သူ့ဆရာ၏ စကားကိုကြားသောအခါ ရွှီချင်း၏ နှလုံးသားသည် နွေးထွေးသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး လေးစားစွာ ဦးညွတ်လိုက်သည်။
“ ဆရာ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ”
သတ္တမသခင်ကြီးသည် ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ကျေနပ်မှုက အတိုင်းသား ထွက်ပေါ်နေသည်။ စတုတ္ထတပည့်၏ ဆက်ဆံရေးအပေါ် အလေးထားမှုကို အမှန်တကယ် သူချီးကျူးသည်။
သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ ပခုံးကို ပုတ်လိုက်သည်။ ရွှီချင်ကို စွမ်းအားတိုးမြှင့်ပေးပြီးနောက် သူက ထွက်ခွာရန် အနောက်လှည့်လိုက်သည်။
ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် အလျှင်စလို ပြောသည်။
“ ဆရာ ကျွန်တော့်အတွက်ရော ”
သတ္တမသခင်ကြီးသည် ခေါင်းဆောင်ကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။
“ အိပ်ပျော်နေတဲ့ နတ်ဘုရားထက်စာရင် ဘယ်သူက မင်းရဲ့အရှိန်အဝါကို ဂရုစိုက်မှာလဲ ”
သို့တိုင်အောင် သတ္တမသခင်ကြီးသည် လက်ဝှေ့ယမ်းလိုက်ပြီး ဖုံးကွယ်ခြင်းနတ်ဘုရားအတတ်ပညာကို အသုံးပြု၍ ခေါင်းဆောင်ကို စွမ်းအားတိုးမြှင့်ပေးလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
ဆရာထွက်ခွာသွားသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ဝင်းလက်တောက်ပသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
“ ချင်းလေး ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ ကောင်းတဲ့တစ်စုံတစ်ခုကို ငါမြင်တွေ့ခဲ့တယ်… အဲ့ဒီတုန်းက ဆရာက အရမ်းမြန်မြန် ရွေ့လျားသွားနေလို့ ငါဘာမှမပြောနိုင်ခဲ့ဘူး… သွားကြစို့… အဲ့ဒါက ဘာလဲ ငါတို့သွားကြည့်ကြမယ် ”