အရာအားလုံးကို ဖန်တီးနိုင်သောလက်(က)
Vol. 48 Ch. 731
ခေါင်းဆောင်၏ မျက်လုံးက ဝင်းလက်တောက်ပနေသည်ကို မြင်သောအခါ ရွှီချင်းသည် ခေါင်းညိတ်ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးစက်စက် နှာခေါင်းရှုံ့သံသည် သူတို့နှစ်ယောက်၏ ဘေးမှ မြည်ဟိန်းထွက်လာသည်။
“ ဘာကောင်းတဲ့အရာလဲ… ပြီးတော့ ငါက ဘယ်တုန်းက အဖိုးကြီးဖြစ်လာတာလဲ ”
ရွှီချင်းသည် နက်ရှိုင်းစွာ အသက်ရှူလိုက်သည်။ ခေါင်းဆောင်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ သူတို့နှစ်ယောက်သည် ရင်းနှီးသောအသံထွက်ပေါ်လာရာ နေရာသို့ အလိုအလျောက် ကြည့်လိုက်ကြသည်။
ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားပြီး သူတို့ဆရာ၏ ပုံရိပ်သည် ထွက်ပေါ်လာသည်။
“ ဒါက မင်းတို့အတွက် ဒုတိယသင်ခန်းစာပဲ… တစ်ခါတစ်ရံမှာ မင်းတို့မြင်နေတာက အမှန်ဟုတ်မနေဘူး… အနာဂတ်မှာ မင်းတို့ ကိစ္စတစ်ခုခုကို ဆွေးနွေးတိုင်ပင်တော့မယ်ဆိုရင် သေချာတဲ့ အကွာအဝေးတစ်ခုရောက်တဲ့အထိ စောင့်ရမယ် ”
သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး တိတ်ဆိတ်နေသည်။ ခေါင်းဆောင်သည်တော့ မျက်နှာငယ်လေးဖြင့် ရှိနေသည်။ သူတို့ဆရာသည် မထွက်သွားဘဲ သူတို့နားမှာ ပုန်းကွယ်နေလိမ့်မည်ဟု တစ်ယောက်မှ မျှော်လင့်မထားကြပေ။
“ ဟုတ်ပြီ… တကယ်တော့ ငါထွက်သွားတော့မယ့်အချိန် စတုတ္ထတပည့်ရဲ့ ကျင့်ကြံခြင်းက အဆင့်ချိုးဖြတ်တော့မှာကို သတိရသွားတယ်… ဒါကြောင့် သူ့ကို သတိပေးဖို့ ငါပြန်လာတာ ”
“ စတုတ္ထတပည့် မင်းအတွက် ဝိညာဉ်နတ်သူငယ်အဆင့်ကို ချိုးဖြတ်ဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ဘူး… ဒါပေမဲ့ ကောင်းကင်အာဏာစက်ဝိညာဉ်နတ်သူငယ်ဆိုတာ ကောင်းကင်ကဒ်ဘေးဒုက္ခကို ငါးကြိမ်အထိ ဆွဲဆောင်ရတဲ့ ကျင့်ကြံခြင်းအဆင့်ဖြစ်တယ်… ကောင်းကင်ကဒ်ဘေးဒုက္ခကို မင်းတစ်ကြိမ် တွေ့ကြုံပြီးတိုင်း အများကြီး ပိုသန်မာလာလိမ့်မယ် ”
ရွှီချင်းသည် ခေါင်းညိတ်သည်။ ဤအကြောင်းကို အနည်းအကျဉ်း သူကြားဖူးနားဝရှိသည်။
“ ဒါပေမဲ့ ဝိညာဉ်နတ်သူငယ်အဆင့်မှာ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ဖို့က ဒုတိယနေရာမှာပဲ ရှိတယ်… အဓိကအရေးကြီးဆုံးက ကောင်ကင်ကဒ်ဘေးတွေကို ဖြတ်ကျော်တဲ့အခါ ကောင်းကင်အာဏာစက်တွေကို စုဆောင်းဖို့ပဲ… အဲ့ဒါတွေက ဝိညာဉ်သိုက်အဆင့်အတွက် အရေးပါတယ် ”
“ ငါ့အတွေ့အကြုံအရဆိုရင် ဝိညာဉ်နတ်သူငယ်အများကြီးနဲ့ အသက်သွင်းလိုက်တဲ့ ကောင်းကင်ကဒ်ဘေးဒုက္ခတိုင်းက အလွန်တရာသန်မာတယ်… ဒါပေမဲ့ အဲ့ဒါကို မင်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်မယ်ဆိုရင် ကောင်းကင်အာဏာစက်အများကြီးကို ရလိမ့်မယ် ”
“ ဒါကြောင့် ဒီအင်မော်တယ်တားမြစ်နယ်မြေထဲမှာ ဘယ်ကံကြမ္မာကောင်းနဲ့ပဲ မင်းတွေ့ကြုံပါစေ ကောင်းကင်ကဒ်ဘေးဒုက္ခကို အလျှင်စလို မဆွဲဆောင်မိဖို့ သတိထားပါ… အသေးစိတ်ကိုတော့ ငါနောက်မှ ပြောပြမယ် ”
သတ္တမသခင်ကြီးသည် သူ့ကို သတိပေးပြီးနောက် ထွက်မသွားခင် ခေါင်းဆောင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်သွားခဲ့သည်။
ရွှီချင်းသည် အတွေးနက်သွားသည်။ ဤသည်မှာ အတိတ်တုန်းက သူမသိခဲ့သော အကြောင်းအရာဖြစ်သည်။
သူက နက်နဲစွာ တွေးတောနေစဉ် ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းကို အဝေးသို့ မြန်မြန်ဆွဲခေါ်သွားသည်။ အကွာအဝေးတစ်ခုသို့ ရောက်သွားမှသာ သူက သက်ပြင်းချလိုက်နိုင်တော့သည်။
“ ဆရာက ငါတို့အပေါ် အရမ်းကောင်းလွန်းတယ်… ချင်းလေး ဒီသင်ခန်းစာကနေ ငါအများကြီး သင်ယူခဲ့ရတယ် ”
“ ငါလည်း မင်းလိုပဲ ခံစားမိတယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကိုကြည့်လိုက်ပြီး လေးနက်စွာ သဘောတူလိုက်သည်။
“ ငါတို့တော့ ဒီဘဝမှာ ဆရာ့ရဲ့မေတ္တာတွေကို ပြန်ဆပ်နိုင်တော့မယ် မထင်ဘူး ”
“ ဒါကြောင့် ငါတို့တွေ ပိုအလုပ်ကြိုးစားပြီး ဆရာ့ကို အနာဂတ်မှာ ကာကွယ်ပေးရမယ် ”
ရွှီချင်းသည် လေးနက်စွာ ပြောသည်။
“ ဒါပေါ့ ဂျူနီယာညီလေးရ အဲ့ဒါကို ငါတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်လို့ သတ်မှတ်ရမယ် ”
ခေါင်းဆောင်၏ မျက်နှာသည် ဝင်းလက်သွားသည်။ သူက လမ်းလျှောက်နေရင်း ရွှီချင်းကို တတွတ်တွတ်ပြောသည်။
နာရီအတော်ကြာပြီးနောက် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ ဆရာ အနားမှာမရှိလောက်တော့ဘူးမလား ”
“ ငါလည်း အဲ့လိုပဲထင်တယ်… ”
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ပြောသည်။
“ အဲ့အဖိုးကြီးက တယ်ခန့်မှန်းရခက်တယ် ”
ခေါင်းဆောင်သည် ခါးသီးစွာ ပြုံးလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောသည်။
“ သွားကြစို့ သွားကြစို့… စောစောက ငါမင်းကို ပြောပြခဲ့တဲ့နေရာဆီ ခေါ်သွားပေးမယ်… အဲ့ဒီမှာ ကောင်းတဲ့တစ်ခုခု သေချာပေါက် ရှိတယ် ”
ထို့နောက် သူတို့နှစ်ယောက်သည် အလျှင်အမြန် ထွက်ခွာသွားသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
အင်မော်တယ်တားမြစ်နယ်မြေဖွင့်လှစ်သည်မှာ သုံးရက်ကုန်လွန်သွားပြီ ဖြစ်သည်။
ထိုသုံးရက်အတွင်းတွင် လူသားကျင့်ကြံသူ သိန်ပေါင်းများစွာပါဝင်သော ပထမအသုတ်သည် (၅၀၀)ကီလိုမီတာကျယ်ဝန်းသော ဘေးကင်းဇုန်ကို တည်ဆောက်နိုင်ခဲ့သည်။
အင်မော်တယ်တားမြစ်နယ်မြေတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ထိုအကျယ်အဝန်းသည် မပြောပလောက်အောင် အလွန်တရာသေးငယ်သည်။ အရှေ့ပိုင်းဒေသထဲမှာပင် ထိုအကျယ်အဝန်းသည် ၎င်းပိုင်နက်၏ တစ်ရာပုံတစ်ပုံမျှသာ ရှိသည်။
ရှေးဘုရင်ရွှမ်ယုံ၏ နန်းတော်(၃၆)ခုမှ တစ်ခုဖြစ်သော အင်မော်တယ်တားမြစ်နယ်မြေသည် အလွန်မင်း ကြီးမားသည်။
ဤသည်မှာ လက်ခံနိုင်သောအရာဖြစ်သည်။ မည်သို့ဖြစ်စေ ရှေးဘုရင်ရွှမ်ယုံ၏ နန်းတော်တစ်ခုစီတိုင်းသည် ကမ္ဘာငယ်တစ်ခု ဖြစ်သည်မဟုတ်ပါလော။
နတ်ဘုရားက အိပ်မောကျနေသောကြောင့် ရှေးခေတ်ကာလကတည်းက ဤနေရာကို မည်သည့်အခါကမှ အပြည့်အဝ တူးဖော်ရှာဖွေခြင်း မပြုလုပ်ခဲ့ပေ။ အင်မော်တယ်တားမြစ်နယ်မြေထဲတွင် များစွာသော ရှားပါးရတနာများ၊ ရှေးဟောင်းစာအုပ်များနှင့် လူသားမျိုးနွယ်၏ ဘိုးဘေးအမွေအနှစ်များပင် ရှိသည်။
၎င်းတို့သည် ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်ခြင်းခံနေရသော်လည်း ဤသည်မှာ ၎င်းတို့ကို အသုံးမပြုနိုင်ဘူးဟု မဆိုလိုပေ။
ထို့အပြင် လက်ရှိဝမ်ကူးကုန်းမြေ၏ ဒြပ်နှောများအပေါ် သုတေသနပြုလုပ်မှုကြောင့် သူတို့သည် ဒြပ်နှောများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ သာဓကအနေဖြင့် သူတို့သည် ထိုနည်းလမ်းများကို အသုံးပြုပြီး တားမြစ်ဓမ္မလက်နက်များမှ ဒြပ်နှောများကို ဖယ်ရှားနိုင်သည်။
ထို့ကြောင့် နန်းမြို့တော်သည် အင်မော်တယ်တားမြစ်နယ်မြေ၏ အရေးပါမှုကို အလေးထားရခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းသည် အချိန်တိုအတွင်း လုံးလုံလျားလျား ဖွင့်လှစ်နိုင်မည့်အရာ မဟုတ်ပေ။
အစီအစဉ်အရ သူတို့သည် ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး အလယ်ဗဟိုမှ နန်းတော်ဆီသို့ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ရှေ့တိုးသွားရန် လပေါင်းများစွာ ကြာမြင့်လိမ့်မည်။
ထိုသို့လုပ်ဆောင်နိုင်ရန် လိုအပ်ချက်သည် ဤနေရာတွင် နတ်ဘုရားများရှိမနေတော့ရန် ဖြစ်သည်။
ဤအခိုက်အတန့်မှာ ခေါင်းဆောင်နှင့် ရွှီချင်းသည် ဘေးကင်းဇုန်၏ (၅၀)ကီလိုမီတာအကွာတွင် မတ်တတ်ရပ်နေကြသည်။ သူတို့သည် ရှည်လျားသော နန်းတော်တစ်ခု၏ ခေါင်မိုးပေါ်မှာ အနားယူနေကြသည်။
ဤသုံးရက်အတွင်းမှာ သူတို့သည် ဘေးပတ်ဝန်းကျင်မှ နေရာများတွင် လိုက်လံရှာဖွေခဲ့ပြီး အကျိုးအမြတ်တချို့ ရရှိခဲ့သည်။ သူတို့သည် ပျက်စီးပြိုလဲနေသော နန်းတော်အများအပြားကိုလည်း တွေ့မြင်ခဲ့သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ဤနေရာ၌ ချိပ်ပိတ်ထားသော ပတ်ဝန်းကျင်က ကျိုးပျက်သွားသောကြောင့် ဖြစ်နိုင်သည်။
သူတို့သည် ထိုသို့တူးဖော်ရာတွင် အန္တရာယ်များစွာကိုလည်း တွေ့ကြုံခဲ့ကြသည်။
ဥပမာ ခေါင်းဆောင်ပြောသော ကောင်းမွန်သည့် အရာဆိုသည်မှာ ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်ခံရပြီးနောက် ပျက်စီးပြိုလဲသွားသော ဧရာမရုပ်တုတစ်ခု ဖြစ်သည်။
သူတို့နှစ်ယောက် အနီးကပ်သွားသောအခါ ထိုရုပ်တုသည် အမှန်တကယ် အသက်ဝင်လာသည်။
ယင်းသည် အလွန်အမင်း အန္တရာယ်များသည်။
ကံကောင်းစွာဖြင့် သတ္တမသခင်ကြီး သူတို့အား ပေးထားသော ဖုံးကွယ်ခြင်းသည် အတော်လေး အသုံးဝင်သည်။ သူတို့သည် တဒုန်းဒုန်း ခုန်မြည်နေသော နှလုံးဖြင့် ၎င်းကို ရှောင်ရှားနိုင်ခဲ့သည်။
ထိုဖြစ်ရပ်ပြီးနောက် ခေါင်းဆောင်သည် ထပ်ခါတလဲလဲ သက်ပြင်းချလိုက်သည်။ သူ၏ မျက်စိရှေ့တွင် ဆူဖြိုးသောအသားရှိနေသော်လည်း မစားနိုင်သည့် ခံစားချက်သည် ခေါင်းဆောင်ကို မျက်လုံးနီရဲစေသည်။
သူတို့သည် လမ်းတစ်လျှောက်တွင် စိန်ခေါ်မှုများစွာနှင့် အခက်အခဲများစွာကို တွေ့ကြုံပြီးနောက် ထူးခြားသော ဤနန်းတော်ဆီသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။ သို့သော် သူတို့သည် နန်းတော်အထဲသို့ မဝင်ရောက်နိုင်ပေ။
အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သောကြောင့် သူတို့သည် ထိုနန်းတော်နှင့် ငါးကီလိုမီတာအဝေးမှ လုံခြုံသော ခေါင်းမိုးတစ်ခုပေါ်မှာ အနားယူနေကြသည်။
ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်သည်။ အတွေးများစွာသည် သူ၏ စိတ်ထဲတွင် မြန်ဆန်စွာ ဖြတ်ပြေးနေသည်။
“ ချင်းလေး ဒီနေရာက အရမ်းကျယ်ပြောတယ်… ငါတို့ရဲ့ သတင်းအချက်အလက်ကလည်း နည်းပါးတယ်… ဒါပေမဲ့ အဲ့ဒီနန်းတော်ထဲမှာ သေချာပေါက် ရတနာတွေရှိနေမယ်လို့ ငါခံစားမိတယ်… မဟုတ်ရင် ဒီဘေးပတ်ဝန်းကျင်မှာ အသွေးအသားတွေနဲ့ ဖုံးလွှမ်းထားတဲ့ ရုပ်တုလေးခုရှိမှာ မဟုတ်ဘူး ”
ခေါင်းဆောင်၏ စကားသံထွက်ပေါ်လာသောအခါ ရွှီချင်းသည် အဝေးမှ လူသားစစ်တပ်ဖွင့်လှစ်ထားသော ဘေးကင်းဇုန်ဆီသို့ မျှော်ကြည့်လိုက်သည်။
ထိုနေရာမှ ဒြပ်နှောများသည် စည်းချအစီအရင်မှ ဖြစ်ပေါ်လာသော အကာအကွယ်အလွှာ၏ ဖယ်ရှားခြင်းနှင့် သီးသန့်ခွဲထုတ်ခြင်း ခံထားရသည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်မည်ဆိုလျှင် မည်းမှောင်သော ဤလောကထဲမှာ ဘေးကင်းဇုန်တစ်ခုသာလျှင် အလင်းရောင်ထွက်ပေါ်နေသည်။