အရာအားလုံးကို ဖန်တီးနိုင်သောလက်(ဂ)
Vol. 48 Ch. 733
သေခြင်းရှင်ခြင်းကဒ်ဘေးက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသောအခါ ရွှီချင်းသည် တုံ့ဆိုင်းမနေတော့ဘဲ မျက်နှာဖုံးကို ဝတ်လိုက်သည်။ ထို့နောက် သူက အသွေးအသားဖြင့် ဖုံးလွှမ်းနေသော မြေကြီးထဲသို့ တွားသွားလိုက်ပြီး မလှုပ်မရှားဘဲ နေလိုက်သည်။
သူ၏ မျက်နှာထားသည် တင်းမာသွားပြီး သူနှင့်ပတ်သက်သော ခြေရာလက်ရာအားလုံးသည် ဖုံးကွယ်ခံလိုက်ရသည်။
နောက်အခိုက်အတန့်မှာ မိုးထစ်ချုန်းသံများ ပဲ့တင်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျလေးခုသည် ပျံ့လွင့်ထွက်လာသည်။ သူတို့က တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလားပင်။
သို့သော်လည်း ရွှီချင်းသည် မျက်နှာဖုံးဝတ်ထားပြီး ဖြစ်သည်။ သူသည် မလှုပ်ရှားသရွေ့ အလွန်အဆင့်မြင့်မားသော ဖုံးကွယ်ခြင်းအခြေအနေမှာ ဆက်လက်ရှိနေလိမ့်မည်။ ထို့ကြောင့် ရုပ်တုလေးခု၏ စိတ်အာရုံအောက်မှာ ရွှီချင်းသည် တည်ရှိမနေပေ။
သူနှင့် ခေါင်းဆောင်သည် ယခင်က ဤနည်းလမ်းကို စမ်းသပ်ကြည့်ဖူးသည်။ ထို့ကြောင့် အကယ်၍ သူက မျက်နှာဖုံးဝတ်ထားလျက် လှုပ်ရှားမည်ဆိုလျှင် အဝေးတစ်နေရာဆီသို့ ရောက်ရှိနေမှဖြစ်မည်။ သို့မှသာ သူအတွက် လုံခြုံနိုင်မည်။ သို့မဟုတ်ဘဲ သူက အနီးနားမှာရှိနေမည်ဆိုလျှင် ရုပ်တုလေးခုသည် သူ့ကို ဆက်ပြီးအာရုံခံမိနေလိမ့်မည်။
ဤသည်မှာ ယခင်က သူတို့တွေ့ခဲ့ဖူးသော ရုပ်တုများနှင့် ခြားနားသော အချက်တစ်ချက်ပင် ဖြစ်သည်။ ထိုအချက်ကြောင့် ဤနန်းတော်အနက်က မည်မျှထူးခြားကြောင်း သိသာထင်ရှားရခြင်းဖြစ်သည်။
“ ခေါင်းဆောင် အောင်မြင်နိုင်မယ်လို့ ငါမျှော်လင့်တယ် ”
ရွှီချင်းက စိတ်ထဲမှ တီးတိုးရေရွတ်နေစဉ် ခေါင်းဆောင်သည် ရူးသွပ်စွာ အရှိန်တင်လိုက်သည်။ ရုပ်တုများက အဝေးသို့ အာရုံရောက်နေကြသည်ကို အခွင့်ကောင်းယူ၍ သူသည် နန်းတော်အနက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားသည်။
ဤတစ်ကြိမ်မှာတော့ ခေါင်းဆောင်သည် နန်းတော်တံခါးကို ဖွင့်လှစ်ရန် မကြိုးစားခဲ့ပေ။ ယင်းအစား နန်းတော်နှင့် သူနီးကပ်လာသည့်အခါ မရေမတွက်နိုင်သော အပေါက်ငယ်များဖြင့် ပြည့်နှက်နေသည့် ခေါင်မိုးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ခေါင်းမိုးပေါ်သို့ ရောက်ရှိပြီးနောက် သူသည် လုံးဝတုံ့ဆိုင်းမနေပေ။ သူ၏ မျက်လုံးထဲတွင် ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသောအခါ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။
သူ၏ ခန္ဓာကိုယ်သည် ထူးခြားဆန်းကြယ်စွာ အစိတ်စိတ်အမွှာအမွှာ ပြိုကွဲထွက်သွားပြီး လက်ချောင်းအရွယ်ခန့်ရှိသော အသားအမြှောင်း ထောင်ပေါင်းများစွာသို့ ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့က လေဝင်လေထွက်ပေါက်များမှတဆင့် အထဲသို့ ဝင်ရောက်သွားကြသည်။
ထိုလေဝင်လေထွက်ပေါက်များသည် မရိုးရှင်းသည်မှာ ရှင်းလင်း၏။ ထိုအပေါက်များထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ကန့်သတ်စွမ်းအား ရှိသည်။ ယင်းက အဆက်မပြတ် ပေါ်ထွက်နေလေရာ အရေအတွက်များပြားသော အသားအမြှောင်းများကို ပျက်စီးသွားစေသည်။
ကျန်ရှိနေသော အသားအမြှောင်းများသည် အရှေ့သို့ ဆက်လက်လူးလွန့်သွားကြပြီး ခေါင်းဆောင်၏ မျက်နှာပုံစံသို့ ပြောင်းလဲသွားကြသည်။ သူတို့သည် လူမျက်နှာနှင့် တီကောင်များသဖွယ် ဆက်လက်ကိုက်ဖြတ်နေကြပြီး အတားအဆီးများကို ချိုးဖြတ်ရန် ကြိုးစားနေကြသည်။
သို့သော်လည်း ဤနေရာမှ အတားအဆီးများသည် လွန်စွာမှ သန်မာကြသည်။ မကြာမီ ခေါင်းဆောင်၏ အသားအမြှောင်း (၉၀)ရာခိုင်နှုန်းကျော်သည် ပျက်စီးသွားကြသည်။ အမြှောင်းသုံးဆယ်ခန့်သာ ကျန်ရှိတော့သည့်အချိန် တီကောင်အားလုံးသည် ရှေးဟောင်းအရှိန်အဝါဖြင့် ပြည့်နှက်နေသော မပြည့်မစုံတုံကင်တစ်ခုစီကို အန်ထုတ်လိုက်ကြသည်။
ယင်းတို့သည် ရှေးဟောင်းတာအိုချိပ်တံဆိပ်အမိန့်တော်များ ဖြစ်ကြသည်။
ချိပ်တံဆိပ်အမိန့်တော်များက အဝါရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်နေလေရာ လူမျက်နှာတီကောင်သုံးဆယ်၏ တည်ဆောက်ပုံကို ပြောင်းလဲသွားစေပြီး သလင်းကျောက်များကဲ့သို့ အရောင်အဝါတောက်ပလာစေသည်။ ၎င်းတို့ထဲမှ တစ်ဝက်သည် ဆက်လက် ပျက်စီးသွားကြသော်လည်း လေးကောင်သည် အောင်မြင်စွာ အထဲသို့ဝင်ရောက်နိုင်သွားကြသည်။
၎င်းတို့သည် ခေါင်းမိုးပေါ်မှ အပေါက်ငယ်များကို ဖြတ်ကျော်ပြီးနောက် အထဲမှ မြင်ကွင်းကို မြင်သွားကြသည်။
နန်းတော်တစ်ခုလုံးတွင် အလယ်ဗဟို၌ ချထားသော ပစ္စည်းတစ်ခုသာ ရှိသည်။
ဘေးပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းဖြစ်သည်။
ထိုပစ္စည်းသည် လက်မောင်းပြတ်တစ်ခုဖြစ်၏။ လက်မောင်းသည် ပေတစ်ထောင်ခန့် ရှည်လျားသည်။
ပြတ်နေသောအပိုင်းတွင် တစ်ရှူးများသည် အရေအတွက်များပြားစွာ ထွက်ပေါ်လာနေကြပြီး ယင်းတို့က အလွန်ကြီးမားသော အသားပိုကြီးတစ်ခုပမာ ဖြစ်ပေါ်နေသည်။ လက်တံအများအပြားသည် ထိုအသားပိုကြီးထဲမှ ဆန့်တန်းထွက်လာနေကြပြီး ဘေးပတ်ဝန်းကျင်တွင် လှုပ်ယမ်းနေကြသည်။
လက်မောင်းမှ လက်ငါးချောင်းသည်တော့ သူတို့သည် ရှည်ထွက်နေသော အခြေအနေမှာ ရှိကြသည်။ လက်ဖဝါးအတွင်းတွင် ကျယ်ဝန်းစွာ ဖြဲဟထားသော ပါးစပ်ပေါက်တစ်ခုရှိသည်။ များစွာသော အချွန်အတတ်များသည် ပါးစပ်ပေါက်၏ ဘေးပတ်ပတ်လည်တွင် ကြက်ခြေခတ်ပုံစံ တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်နေသောကြောင့် ယင်းကို သေသေချာချာ မမြင်တွေ့နိုင်ပေ။
“ ဒါဘယ်လိုငရဲလဲ ”
ခန်းမထဲတွင် ခေါင်းဆောင်၏ အာမေဍိတ်အသံသည် သလင်းကျောက်တီကောင်လေးကောင်၏ ပါးစပ်ပေါက်များထဲမှ မြည်ဟိန်းထွက်လာသည်။ ထို့နောက် သလင်းကျောက်တီကောင်လေးကောင်သည် အတူတကွ ပေါင်းစပ်သွားကြပြီး သေးငယ်သော သလင်းကျောက်လူသားအသွင် ပြောင်းလဲသွားသည်။
ဤသည်မှာ ခေါင်းဆောင်၏ ပုံရိပ်ဖြစ်သည်။
သို့သော်လည်း သူ၏ မျက်နှာသည်တော့ ခေါင်းဆောင်၏ မျက်နှာ မဟုတ်ပေ။ ယင်းအစား ရက်စက်ကြမ်းကြုတ်ပြီး ဆာလောင်မွတ်သိပ်နေသော လူ့အရေပြားမျက်နှာဖုံးဖြစ်သည်။
သူသည် ချက်ချင်း နှုတ်မှ စကားလုံးနှစ်လုံးကို ရွတ်ဆိုလိုက်ပြီး ကောင်းကင်ခွေးအင်မော်တယ်အတတ်ပညာကို အသုံးပြုလိုက်သည်။
နောက်အခိုက်အတန့်မှာ ဧရာမခွေးတစ်ကောင်သည် ခန်းမထဲတွင် ထွက်ပေါ်လာသည်။ ၎င်းသည် အဆုံးမဲ့သော လောဘရမ္မက်ဖြင့် လက်မောင်းပြတ်ကြီးကို မျိုချလိုက်သည်။
ထို့နောက် သလင်းကျောက်ပုံရိပ်သည် ထပ်မံပြိုကွဲသွားပြီး တီကောင်လေးကောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့သည် ခေါင်းမိုးပေါ်မှ အပေါက်ငယ်များဆီသို့ တန်းမတ်စွာ ဦးတည်သွားကြပြီး ရူးသွပ်စွာ တွားသွားထွက်လာကြသည်။ သို့သော်လည်း ယခု အသက်သုံးဆယ်ခါရှူချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရွှီချင်းကို ရှာမတွေ့သော ရုပ်တုလေးခုသည် အလျှင်အမြန် ပြန်ရောက်လာနေကြပြီ ဖြစ်သည်။
ရုပ်တုလေးခု၏ ဖိအားအောက်မှာ နန်းတော်အနက်၏ အဟန့်အတားများသည် အနည်းငယ် ပိုအားကောင်းလာကြသည်။
ခေါင်းဆောင်က အပေါက်ကျဉ်းကျဉ်းလေးကို တွားသွားဖြတ်သန်းနေစဉ် အဟန့်အတားအကာအကွယ်ထဲမှာ ပိတ်လှောင်မိသွားသည်။ ယခု သူသည် အပေါ်ကို မတတ်နိုင်သလို အောက်လည်းပြန်မဆင်းနိုင်ပေ။ အကာအကွယ်က ပိုအားကောင်းလာနေသည်နှင့်အမျှ အဖျက်အစီးစွမ်းအားသည် သူ့အား လွှမ်းခြုံလာသည်။ သူသည် စတင်စိုးရိမ်ပူပန်လာသည်။
ထိုသို့ဖြစ်လာစဉ် စွမ်းအင်လှိုင်းတစ်ခုသည် ရုတ်ချည်း ပျံ့လွင့်လာသည်။ စုပ်ယူအားသည် အဝေးတစ်နေရာထံမှ ထွက်ပေါ်လာပြီး ဒြပ်နှောများကို လောဘတကြီး စုပ်ယူလိုက်သည်။ ထိုအခါ ရုပ်တုလေးခုသည် အပြင်းအထန် တုန်ခါသွားကြပြီး အလျှင်အမြန် နောက်ပြန်လှည့်သွားကြသည်။ ပဲ့တင်ထပ်သံများကြားတွင် ခေါင်းဆောင်သည် ဤအခွင့်အရေးကို အသုံးချပြီး အရှေ့သို့ ဆက်သွားသည်။
နောက်ဆုံးမှာတော့ သလင်းကျောက်တီကောင်လေးကောင်သည် လေဝင်လေထွက်ပေါက်များထဲမှ ပြန်ထွက်ပလာကြပြီး သေးငယ်သော ပုံရိပ်အသွင်သို့ ပေါင်းစပ်သွားသည်။ ထို့နောက် ပုံရိပ်သည် လွတ်မြောက်ရန်အလို့ငှာ အရှေ့သို့ အလျှင်စလို ပြေးသွားသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။ ရုပ်တုလေးခုသည် ပြန်ရောက်လာကြပြီး နန်းတောင်၏ ထောင့်တစ်ခုစီတွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်လိုက်ကြသည်။
ခေါင်းဆောင်နှင့် ပြန်တွေ့ရန် သဘောတူထားသော နေရာ၌ ရွှီချင်းသည် ဆောင့်ကြောင့်ထိုင်နေသည်။ သူ၏ ပုံစံသည် ဖရိုဖရဲဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် သွေးစတချို့ ရှိသည်။ သူသည် ထိတ်လန့်နေဆဲဖြစ်သောကြောင့် အသားတဆတ်ဆတ် တုန်နေသည်။
စောစောက သူသည် ခေါင်းဆောင်ပြန်မရောက်လာသည်ကို မြင်သောအခါ တစ်စုံတစ်ခုလွဲမှားနေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် ရုပ်တုများကို နောက်တစ်ကြိမ် ဆွဲဆောင်ခဲ့သည်။ သူသည် အချိန်မီ ပုန်းအောင်းခဲ့သော်လည်း ဤတစ်ကြိမ်တွင် ရုပ်တုများသည် ရူးသွပ်သွားကြပြီး ဘေးပတ်ဝန်းကျင်ကို ဆက်တိုက် ဖောက်ခွဲပစ်ခဲ့သည်။
ရွှီချင်းသည် မြေကြီးအောက်တွင် သေချာပုန်းအောင်းနေသော်လည်း အတိုင်းအတာတစ်ခုထိ သက်ရောက်ခံလိုက်ရသေးသည်။
ရွှီချင်းသည် ရုတ်တရက် ခေါင်းလှည့်လိုက်လေရာ အလျှင်အမြန် ပြေးလွှားလာနေသော သလင်းကျောက်ပုံရိပ်တစ်ခုကို မြင်သွားသည်။ သူသည် သလင်းကျောက်ပုံရိပ်ပေါ်မှ ခေါင်းဆောင်၏ မျက်နှာကို ချက်ချင်း သတိပြုမိသွားသည်။
ရွှီချင်းဘာမှမမေးနိုင်ခင် ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားပြီး မြန်မြန်ဆန်ဆန် ကြီးထွားလာသည်။ မကြာမီ သူ၏ မူလအရွယ်အစားသို့ ပြန်ပြောင်းလဲသွားသည်။ သို့သော် သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး အလွန်အားနည်းနေပုံပေါ်သည်။ သူက မြေပြင်ပေါ်မှာ လဲလျောင်းလိုက်ပြီး အမောတကော ပြောသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေလေသည်။
“ ကံကောင်းထောက်မလို့ ငါ့မှာ အမိန့်တော်ရှိနေတယ်… မဟုတ်ရင် ငါတော့ ဒီတစ်ကြိမ် တကယ်သွားပြီ… ဒါပေမဲ့ အဲ့လိုစတေးရတဲ့အတွက် ထိုက်တန်ပါတယ် ”
ခေါင်းဆောင်အဆင်ပြေသည်ကို မြင်သောအခါ ရွှီချင်းသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
“ အထဲမှာ ဘာရှိတာလဲ ”
“ ငါလည်းသေချာမသိဘူး… ဒါပေမဲ့ အဲ့ဒါက ကြီးမားတဲ့ရတနာဆိုတာ ငါခံစားမိတယ် ”
ခေါင်းဆောင်သည် အမောတကော အသက်ရှူရင်း လူ့အရေပြားမျက်နှာဖုံးကို ဘဝမြင့်သော ဟန်အမူအရာဖြင့် ထုတ်လိုက်သည်။ ယင်းကို သူ၏ မျက်နှာပေါ်တွင် တပ်ဆင်ပြီးနောက် ကောင်းကင်ခွေးအသွင် ပြောင်းလဲလိုက်ပြီး အော့အန်လိုက်သည်။
ကောင်းကင်ခွေး၏ လည်ချောင်းက ဆက်တိုက်လှုပ်ရှားသွားသည်နှင့် ပမာဏများပြားသော တံတွေးအခဲသည် အန်ထွက်ကျလာသည်။ ထို့နောက် ပေတစ်ထောင်ရှည်လျားသော လက်မောင်းပြတ်သည် လည်ချောင်းထဲမှ တိုက်ရိုက် အန်ထွက်လာပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
၎င်းကို ရွှီချင်း အနီးကပ်သေချာမကြည့်နိုင်ခင် လက်မောင်းပြတ်၏ လက်ဖဝါးပေါ်မှ ပါးစပ်ပေါက်ကြီးသည် ရုတ်တရက် ပွင့်ဟသွားပြီး ၎င်း၏ အနီးဆုံးမှာရှိသော ခေါင်းဆောင်ကို ဝါးမျိုပစ်လိုက်လေသည်။