အရာအားလုံးကို ဖန်တီးနိုင်သောလက်(ဃ)
Vol. 48 Ch. 734
ခေါင်းဆောင်၏ ပုံရိပ်သည် ချက်ချင်း ဝါးမျိုခံလိုက်ရသည်။
ထိုရုတ်တရက် အပြောင်းအလဲက ရွှီချင်းကို ဆွံ့အသွားစေပြီး သူ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူ၏ ညာလက်ဖြင့် ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး လက်မောင်းပြတ်ဆီသို့ မြန်ဆန်စွာ ခုတ်ပိုင်းလိုက်သည်။
သို့သော်လည်း သူ၏ သဏ္ဍာန်မဲ့ဓားမြှောင်သည် ဤတစ်ကြိမ်တွင် အနည်းငယ်မှ အကျိုးသက်ရောက်မှုမရှိခဲ့ပေ။ ယင်းက လက်မောင်းပြတ်ကို မခုတ်ပိုင်းနိုင်ရုံသာမက ရွှီချင်းကိုပင် အနောက်သို့ တွန်းထုတ်လိုက်သည်။
သူ၏ မျက်လုံးသည် မည်းမှောင်သွားပြီး ခန္ဓာကိုယ်ထဲမှ အဆိပ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူက လက်ဖဝါးကို အဆိပ်ဖြူးတော့မည့်အချိန် ၎င်းပေါ်မှ လက်ငါးချောင်းသည် ရုတ်ချည်း အရောင်အမျိုးမျိုး တောက်ပလာသည်။ သူတို့က လှည့်ပတ်သွားသည်နှင့် အက်ကွဲသံများသည် ပဲ့တင်ထွက်လာသည်။
ရောင်စုံအလင်းများသည် လက်ငါးချောင်းထံမှ လက်မောင်းဆီသို့ စီးဆင်းသွားပြီး အသားပိုကြီးပေါ်တွင် စုစည်းသွားကာ ၎င်းကို လင်းလက်တောက်ပသွားစေသည်။ ထို့နောက် ရောင်စုံအလင်းများသည် လက်ချောင်းများဆီသို့ တဖန်ပြန်ရောက်ရှိသွားသည်။
ချက်ချင်းဆိုသလို အလင်းဖဲကြိုးငါးခုသည် ထိုလက်ငါးချောင်းထံမှ ပျံ့လွင့်ထွက်လာပြီး လေထဲတွင် မျောလွင့်သွားကြကာ တစ်ခုနှင့်တစ်ခု အလျှင်အမြန် ရစ်ပတ်သွားကြသည်။ မကြာမီ နှလုံးပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။
ရွှီချင်း၏ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ထိုအလင်းဖဲကြိုးငါးခုသည် ယှက်ထွေသွားဟန် ရသည်။ ရွှီချင်း၏ အံ့အားသင့်သော အကြည့်အောက်မှာ အသက်သုံးလေးခါရှူချိန်အတွင်း ငါးရောင်ခြယ်မက်မွန်သီးတစ်လုံးသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို လက်ချောင်းများပေါ်မှ အလင်းရောင်သည် ပျောက်ကွယ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ လက်ဖဝါးသည် ကျယ်ဝန်းစွာ ပွင့်ဟသွားပြီး ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို အန်ထုတ်လိုက်သည်။
“ အဲ့ဒါက အထွတ်အမြတ်ရတနာပဲ… ချင်းလေး မြန်မြန်လာစား ”
ခေါင်းဆောင်သည် မတ်တတ်ထရပ်ပြီးနောက် လေထဲမှာ မျောလွင့်နေသော မက်မွန်သီးကို ကြည့်လိုက်သည်။ သူက အံ့အားသင့်စွာ အော်ပြောလိုက်ပြီးနောက် မက်မွန်သီးဆီသို့ တစ်ဟုန်ထိုး ပြေးသွားကာ သေးသေးလေးတစ်ကိုက် ကိုက်စားလိုက်သည်။
ရွှီချင်းသည် တုံ့ဆိုင်းနေပြီး မလှုပ်ရှားခဲ့ပေ။
မက်မွန်သီးသည်တော့ တုန်ခါသွားပြီး ၎င်းအပေါ်မှ အလင်းရောင်သည် မှေးမှိန်သွားသည်။ ခေါင်းဆောင်က ကိုက်လိုက်သည့်အခါ မက်မွန်သီးသည် ယိုယွင်းပျက်စီးသွားပြီး အပုပ်နံ့တထောင်းထောင်းဖြင့် အနက်ရောင်အရည်သို့ ပြောင်းလဲသွားကာ ခေါင်းဆောင်၏ ပါးစပ်ထဲသို့ စီးကျသွားသည်။
ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားပြီး ချက်ချင်း အော့အန်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။
“ ဒါဘယ်လိုဖြစ်တာလဲ… ချီးပဲ ဒီဟာက အလိမ်အညာပဲ… ချင်းလေး အဲ့ဒါက ငါ့ကို ဘာလိုချင်လဲလို့ မေးတယ်… အဲ့ဒီတော့ ငါက စားလိုက်တာနဲ့ ဝိညာဉ်စုစည်းခြင်းအဆင့်ကို တစ်ခါတည်း တန်းရောက်သွားနိုင်မယ့် မက်မွန်သီးလိုချင်တယ်လို့ ပြောလိုက်တယ် ”
ရွှီချင်း၏ အမူအရာသည် ထူးဆန်းသွားသည်။ သူက မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော အနက်ရောင်အရည်ကို ကြည့်လိုက်ပြီး လက်ဖဝါးဆီသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်သည် မျက်နှာညှိုးငယ်နေသော ခေါင်းဆောင်ဆီသို့ ကျရောက်သွားသည်။
“ ခေါင်းဆောင် ဘာဖြစ်တာလဲ ”
“ ချင်းလေး ငါတော့ အလှည့်စားခံရပြီ ”
ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
“ အဲ့ဟာက ငါ့ကို ဝါးမျိုပြီးသွားတော့ အထဲမှာ အသံတစ်သံထွက်ပေါ်လာပြီး ဘာလိုချင်လဲလို့မေးတယ်… ဒင်းက ပြောသေးတယ် အသက်စွမ်းအင်ကို အသုံးပြုပြီး ဘာမဆိုဖန်တီးနိုင်တယ်တဲ့… ဒါကြောင့် ငါက တောင်းဆိုလိုက်တဲ့ဟာ ဒင်းက ဒီအမှိုက်ကို လုပ်ပေးလိုက်တယ်လေ ”
ခေါင်းဆောင်သည် စကားပြောနေရင်း ပိုပြီးဒေါသထွက်လာသည်။ သူက ပြေးသွားလိုက်ပြီး လက်မောင်းကို ကန်ကျောက်လိုက်သည်။ သို့သော်လည်း သူသည် စိတ်မကျေနပ်နိုင်သေးပေ။ သူက ပါးစပ်ဟလိုက်ပြီး ကြမ်းကြုတ်စွာ ကိုက်ချလိုက်သည်။
သို့သော်လည်း ချက်ချင်းပင် သူသည် သွေးပျက်ဖွယ်ကောင်းစွာ အော်လိုက်ရသည်။ ရွှီချင်းသည် မျက်လုံးမှေးကျဉ်းသွားသည်။ ခေါင်းဆောင်၏ သွားများက အောက်သို့ ပြုတ်ကျသွားသည်ကို သူမြင်လိုက်ရသောအခါ မင်သက်သွားသည်။
“ အရမ်းမာလွန်းတယ် ”
လက်မောင်းပြတ်ကို သူကြည့်လိုက်စဉ် ခေါင်းဆောင်၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ ၎င်းအပေါ်တွင် သွားကိုက်ရာသာရှိပြီး အရေပြားသည် ပျက်စီးသွားခြင်းမရှိပေ။
“ ငါ့သွားကို ကျိုးစေနိုင်တယ်ဆိုတော့ ဒီဟာက မရိုးရှင်းဘူး… မဟုတ်မှ ငါသုံးတဲ့နည်းလမ်းက မှားသွားတာလား… ချင်းလေး မင်းစမ်းကြည့်ပါလား ”
ရွှီချင်းသည် အတွေးနက်သွားသည်။ သူက လမ်းလျှောက်သွားပြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးပေါ်မှ ပါးစပ်ပေါက်ကြီးပေါ်သို့ ဖိချလိုက်သည်။ နောက်တစ်စက္ကန့်မှာ ပါးစပ်ပေါက်ကြီးသည် ပွင့်ဟသွားပြီး အထဲမှ ပြင်းထန်သော ဆွဲငင်အားက ပျံ့လွင့်ထွက်လာသည်။ ရွှီချင်းသည် မရှောင်ရှားဘဲ ဆွဲငင်အားကို သူ့အား လွှမ်းခြုံသွားစေသည်။ ထို့နောက် သူသည် ပါးစပ်ပေါက်ကြီး၏ ဝါးမျိုခံလိုက်ရသည်။
တစ်ခဏအကြာမှာ လက်ဖဝါး၏ လက်ငါးချောင်းသည် ထပ်မံအရောင်တောက်ပလာပြန်သည်။ ငါးရောင်ခြယ်ဖဲကြိုးတစ်ခုသည် ပျံသန်းထွက်လာပြီး စတင်ယှက်ထွေသွားသည်။ မကြာမီ ကြေးမုံတစ်ချပ်သည် လေထဲမှာ ပေါ်ထွက်လာသည်။
ထိုကြေးမုံသည် ချီယွဲ့ထုံဂိုဏ်း၏ တားမြစ်ဓမ္မရတနာဖြစ်သည်။
ယင်း၏ အသွင်အပြင်သော်လည်းကောင်း အရှိန်အဝါသော်လည်းကောင်း အစစ်အမှန်နှင့် တကယ်တူသည်။
ထိုမြင်ကွင်းကို ခေါင်းဆောင်မြင်သောအခါ သူ၏ မျက်လုံးထဲတွင် မျှော်လင့်တောင့်တသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာ လက်ဖဝါးသည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ရွှီချင်းကို အန်ထုတ်လိုက်သည်။ သူသည် ပေါ်ထွက်လာသည်နှင့်ချက်ချင်း လေထဲမှာ မျောလွင့်နေသော ကြေးမုံကို ကြည့်လိုက်သည်။
စောစောက သူသည် ဝါးမျိုခံလိုက်ရပြီးနောက် သွေးနီရောင် နယ်မြေလွတ်တစ်ခုတွင် ပြန်ပေါ်လာသည်။ တည်ငြိမ်သော အသံသည် သူ၏ နားထဲတွင် ပျံ့လွင့်သွားပြီး အသက်စွမ်းအင်ကိုအသုံးပြု၍ အရာအားလုံးကို ဖန်တီးနိုင်ကြောင်း ပြောပြသည်။
ထို့ကြောင့် ရွှီချင်းသည် ဤကြေးမုံကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာ သူ၏ အသက်စွမ်းအင်က အဝေးသို့ စုပ်ယူမခံသွားရကြောင်း ရှာတွေ့သွားသည်။ ဤလက်မောင်းပြတ်က ပြင်းထန်စွာ ထိခိုက်ခံထားရသည့်အလား အသက်စွမ်းအင်အား စုပ်ယူသည့် စွမ်းရည်ကို ဆုံးရှုံးသွားဟန် တူသည်။
ကြေးမုံကိုကြည့်နေရင်း ရွှီချင်းသည် လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ကြေးမုံသည် သူ့အရှေ့သို့ ပျံသန်းလာသည်။ ကြေးမုံကို သူထိလိုက်သည်နှင့်ချက်ချင်း ယင်းက အနက်ရောင်အရည်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။
“ ငါတို့ ဒီတစ်ကြိမ်တော့ ဆုံးရှုံးသွားပြီ ”
“ စီနီယာအကိုကြီး ရှေးဘုရင်ရွှမ်ယုံရဲ့ခေတ်မှာ ဒီလက်မောင်းပြတ်က အရာအားလုံးကို တကယ်ဖန်တီးနိုင်မယ်လို့ မင်းထင်လား ”
ခေါင်းဆောင်သည် တစ်ခဏတွေးတောပြီးနောက် ခေါင်းညိတ်သည်။
“ ဒြပ်နှောအများကြီးက လက်မောင်းပြတ်ထဲကို နှစ်တွေအကြာကြီး ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် အဲ့ဒါက ပျက်စီးသွားတာဖြစ်နိုင်လောက်တယ်… တကယ်လို့ အဲ့ဒါသာ ပျက်စီးမနေဘူးဆိုရင် သေချာပေါက် အထွတ်အထိပ်ရတနာပဲ… မဟုတ်သေးဘူး ငါနောက်တစ်ကြိမ် ထပ်စမ်းကြည့်ဦးမှပါ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် လက်မောင်းပြတ်ထံသို့ ချက်ချင်း ချဉ်းကပ်သွားပြီး အကြိမ်ပေါင်းများစွာ ဝါးမျိုခံသည်။ သူသည် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီး အမျိုးအစားစုံလင်သော ပစ္စည်းများကို ဖန်တီးခဲ့သည်။ ထိုအထဲတွင် သေမျိုးပစ္စည်းများပင် ပါရှိသည်။ သို့သော်လည်း သူတို့တစ်ခုကိုမှ အသုံးမပြုနိုင်ပေ။ သူတို့အားလုံးသည် အနက်ရောင်အရည်သို့ ပြောင်းလဲသွားသည်။
ရွှီချင်းသည်လည်း အကြိမ်ရေအနည်းငယ် ကြိုးစားခဲ့သည်။ သို့သော် ရလဒ်သည် အတူတူသာ ဖြစ်သည်။
သို့သော် စမ်းသပ်မှုများစွာကို ပြုလုပ်ပြီးနောက် သူတို့နှစ်ယောက်သည် လက်မောင်းပြတ်၏ နောက်ထပ်အသုံးဝင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ဝါးမျိုခံရပြီးနောက် အကယ်၍ သူတို့သာ ပစ္စည်းများကို မဖန်တီးလျှင် ၎င်းကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုနိုင်လိမ့်မည်။
၎င်း၏ မာကျောမှုသည် ဖော်မပြနိုင်အောင် အံ့ဖွယ်ကောင်းသည်။ သူတို့နှစ်ယောက်သည် အကြိမ်ကြိမ် စမ်းသပ်လေ့လာပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်မှုတစ်ခုကို ချမှတ်နိုင်ခဲ့သည်။
“ ဒီဟာရဲ့ မာကျောမှုက ဗလာနတ္ထိအဆင့်ရှိတယ် ”
ခေါင်းဆောင်သည် နောက်တစ်ခါ ကိုက်ကြည့်ပြီး အလွန်သေချာသော မျက်နှာဖြင့် ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ဒီဟာရဲ့ ကုန်ကြမ်းပစ္စည်းတွေက အသွေးအသားတွေ မဟုတ်ဘူး… အဲ့ဒါကို ထူးခြားတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်မယ်… အဲ့ဒါကို ဒိုင်းကာတစ်ခုလို အသုံးပြုနိုင်တယ် ”
ခေါင်းဆောင်၏ မျက်လုံးသည် နောက်တစ်ကြိမ် ဝင်းလက်သွားသည်။ နောက်ဆုံးတွင် သူ၏ စိတ်အခြေအနေသည် အနည်းငယ် ပိုကောင်းမွန်လာသည်။ ဤတစ်ကြိမ်တွင် သူသည် မည်သည့်ဆုံးရှုံးမှုမှ မတွေ့ကြုံခဲ့ကြောင်း ခံစားမိသွားသည်။
“ ဟား ဟား ဒီပစ္စည်းက ငါတို့ရဲ့ ဒိုင်းကာဖြစ်လာမယ် နင်ယန်က တူဖြစ်လာမယ်… ဟား ဟား လုံးဝပြည့်စုံတယ် ”
“ သွားကြစို့ ဂျူနီယာညီလေး… ဒီလက်မောင်းပြတ်ကို ငါတို့သယ်သွားပြီး တခြားနန်းတော်တွေဆီ တစ်ချက်သွားကြည့်ရအောင် ”
ဤလက်မောင်းပြတ်ကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုပြီး သူတို့၏ ဖုံးကွယ်ခြင်းနည်းလမ်းများဖြင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ၎င်းသည် ဤနေရာအတွက် အမှန်တကယ် အသုံးဝင်လိမ့်မည်ဟု ရွှီချင်းသည်လည်း ခံစားမိသည်။
ရလဒ်အနေဖြင့် အင်မော်တယ်တားမြစ်နယ်မြေ၏ မြူခိုးထဲတွင် ပေတစ်ထောင်ခန့်ရှိသော လက်မောင်းပြတ်သည် မြေကြီးပေါ်တွင် အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။
လက်မောင်းပြတ်၏ လက်ငါးချောင်းသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ ခွန်အားအပြည့်ကြောင့် ကွေးညွတ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ၎င်းကို မမြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချခဲ့သည်။ နောက်ဆုံးတွင် လက်ငါးချောင်းသည် လက်သီးဆုပ်သွားသည်။
လက်မောင်းပြတ်က သူတို့နှစ်ယောက်အား ဖုံးကွယ်သွားသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်သည် အတိုင်းအတာတစ်ခုထိ ဘေးကင်းလုံခြုံမှုကို ခံစားသွားရသည်။
ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ သူတို့နှစ်ယောက်က အခွင့်အရေးများကို ဆက်လက်ရှာဖွေနေစဉ် လေးရက်မြောက်နေ့သို့ ရောက်ရှိလာ၏။
ဤနေရာမှ လူသားစစ်တပ်သည် လွတ်မြောက်အခွင့်အလမ်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ယင်းက အတင်းအကျပ်မဟုတ်ဘဲ စိတ်ဆန္ဒအလျောက် ဖြစ်သည်။
တချို့သည် ထွက်ခွာသွားကြသည်။ တချို့သည် ဤနေရာတွင် ဆက်လက်နေထိုင်ပြီး စူးစမ်းရှာဖွေရန် ရွေးချယ်ခဲ့ကြသည်။ လေးရက်မြောက်နေ့ညတွင် လူသားစစ်တပ်၏ ဒုတိယအသုတ်သည် အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ရောက်ရှိလာသည်။
ဒုတိယအသုတ်တွင် များသောအားဖြင့် နန်းမြို့တော်မှ စစ်သည်တော်များသာ ပါရှိကြသည်။ သူတို့ထဲတွင် ဝတ်ရုံနက်လူများပင် အများကြီး ပါရှိသည်။ သူတို့သည် ရောက်ရှိလာပြီးနောက် အလျှင်အမြန် လူစုခွဲသွားပြီး အင်မော်တယ်တားမြစ်နယ်မြေ၏ အမည်မသိဧရိယာထဲသို့ ဝင်ရောက်သွားကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် လူသားမျိုးနွယ်၏ ဘေးကင်းဇုန်နှင့် (၂၅၀)ကီလိုမီတာအကွာသို့ ရောက်ရှိနေသောကြောင့် ထိုအရာများကို မမြင်နိုင်ပေ။
သို့သော်လည်း သူတို့သည် အဝေးကြီးသို့ ရောက်နေကြခြင်း မဟုတ်ပေ။ ယင်းကို သူတို့၏ မျက်စိဖြင့် မမြင်နိုင်သော်လည်း ဘေးကင်းဇုန်တွင် တည်ဆောက်ထားသော အချက်ပြမျှော်စင်များကြောင့် သေချာသော နယ်နိမိတ်တစ်ခုအတွင်းမှာ အမိန့်တော်ဓားများဆီသို့ သတိပေးမှုတချို့ကို ပို့လွှတ်နိုင်သေးသည်။
ဤအခိုက်အတန့်မှာ အမိန့်တော်ဓားက တုန်ခါလာသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်သည် ဒုတိယအသုတ်၏ ရောက်ရှိလာမှုကို သိရှိသွားကြသည်။ ထို့အပြင် နောက်သုံးရက်ကြာပြီးနောက် တတိယအသုတ် ဆင်းသက်လာမည့် အကြောင်းကိုလည်း သူတို့သိခဲ့ရသည်။
ထိုညတွင် ထူးဆန်းသော အနီရောင်အလင်းသည် အင်မော်တယ်တားမြစ်နယ်မြေ၏ ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာသည်။
ယင်းသည် နှေးကွေးစွာ ပျံ့နှံ့သွားသည်။
ပြင်းထန်သော စိုးရိမ်စိတ်သည် ရွှီချင်း၏ နှလုံးသားထဲတွင် မြင့်တတ်လာသည်။
သူ၏ အသိစိတ်ပင်လယ်ထဲမှ ကောင်းကင်ဘုံတာအိုသည်လည်း သတိပေးမှုတစ်ခုကို အသံပို့လွှတ်လာသည်။
“ စီနီယာအကိုကြီး ငါတို့မြန်မြန်လုပ်ဆောင်ရမယ်… အနီရောင်လက နိုးထလာတော့မယ်လို့ ငါခံစားမိနေတယ်… အချိန်က သုံးရက်အတွင်း တတိယအသုတ် ရောက်ရှိလာမယ့်အချိန်ပဲ ”
ရွှီချင်းသည် လက်မောင်းပြတ်ပေါ်မှာ ထိုင်နေရင်း လေးနက်စွာ ပြောသည်။
ခေါင်းဆောင်သည် သူ၏ ဘေးတွင် ဆောင့်ကြောင့်ဝင်ထိုင်လိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် သူက အရှေ့သို့ လက်ညှိုးညွှန်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ဂျူနီယာညီလေး အဲ့ဒီကိုကြည့်စမ်း… စောစောတုန်းက အဲ့ဒါကို ငါအများကြီး အာရုံမစိုက်မိခဲ့ဘူး… အခု ငါသေချာကြည့်လိုက်တော့ ဒီလိုနေရာမျိုးမှာ အဲ့ဒါက တကယ်ကြီး ရှိနေတယ် ”
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး ကြည့်လိုက်လေရာ အသွေးအသားနံရံများဖြင့် ဝိုင်းရံခံထားရသော နန်းတော်အစုအပုံတစ်ခုကို မြင်သွားသည်။
“ အဲ့ဒီကိုကြည့်စမ်း နန်းတော်တွေက အကောင်းတိုင်း ရှိနေသေးတယ်… အဲ့ဒါတွေက စောစောတုန်းက ငါတို့မြင်တွေ့ခဲ့တဲ့ နန်းတော်တွေလို ပျက်စီးပြိုလဲနေတာမျိုး မရှိဘူး… အသွေးအသားတွေက အဲ့ဒါတွေကို ဖုံးလွှမ်းနေတယ်ဆိုပေမယ့် သူတို့ပုံစံက ဖီးနစ်တစ်ကောင်နဲ့ ဆင်တူတယ်… မဟုတ်မှ အဲ့ဒီနေရာက ရှေးဘုရင်ရွှမ်ယုံရဲ့ ကိုယ်လုပ်တော်တစ်ယောက်ရဲ့ နန်းဆောင်များဖြစ်နေမလား ”
“ အမျိုးသမီးကျင့်ကြံသူတွေက ရေချိုးတာကို သဘောကျတယ် သန့်ရှင်းတာကို နှစ်သက်တယ်… တကယ်လို့ အဲ့ဒါက တကယ်ပဲ ကိုယ်လုပ်တော်ရဲ့နန်းဆောင်ဆိုရင် အဲ့ဒီမှာ အင်မော်တယ်ရေကန်လိုဟာမျိုး ရှိလိမ့်မယ်လို့ မင်းထင်လား… အဲ့ဒီထဲမှာ ဝိညာဉ်သခင်မယုံကျင်းရဲ့ လှိုင်ဂူထဲကလိုမျိုး အဝတ်အစားတွေ အဆင်တန်ဆာပစ္စည်းတွေ ရှိနေလိမ့်မလား… ပြီးတော့ ရတနာတွေရောပဲ… ”
“ ပုံမှန်ဆိုရင် အမျိုးသမီးကျင့်ကြံသူတွေရဲ့ နန်းဆောင်တွေထဲမှာ လက်ဝတ်လက်စားတွေ ရှိလောက်တယ်… ဝိညာဉ်သခင်မယုံကျင်းကိုပဲ ကြည့်ပါလား… သူ့ဂူထဲမှာ ရတနာတွေအများကြီး ရှိတယ် ”
ခေါင်းဆောင်၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ မျက်လုံးသည် တောက်ပလာသည်။
“ ပြီးတော့ အဲ့ဒါက အရှေ့ပိုင်းဒေသထဲမှာဟ… ငါက စာပေတွေနဲ့ပတ်သက်ပြီး အများကြီး မလေ့လာဘူးဆိုတော့ အဲ့ဒီအကြောင်းကို သေသေချာချာ မသိဘူး… ဒါပေမဲ့ အရှေ့နန်းဆောင်မှာနေထိုင်တဲ့ အမျိုးသမီးတွေက လုံးဝသာမန်မဟုတ်ဘူးလို့ ငါခံစားမိတယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ အကြည့်သည်လည်း အေးခဲသွားလေသည်။ ဤအခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ခြောက်ကပ်ကပ် ချောင်းဟန့်သံသည် သူ၏ စိတ်ထဲမှာ မြည်ဟိန်းလာသည်။
“ ဆရာသခင်… အဟန့် ကျုပ်ဖတ်ဖူးတဲ့ နန်းတော်မှတ်တမ်းစုတွေထဲမှာတော့ အရှေ့နန်းဆောင်ဘက်မှာ နေထိုင်တဲ့ လူအများစုက ဧကရီတွေ၊ အိမ်ရှေ့စံတွေနဲ့ မင်းသမီးတွေဖြစ်ပါတယ် ”