ခရမ်းရွှမ်အထွတ်အမြတ်သက်စောင့်မီးအိမ်(က)
Vol. 48 Ch. 735
ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အသံပို့လွှတ်မှုကိုကြားသောအခါ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးမှ နန်းတော်ဆီသို့ ကြည့်လိုက်သည်။ သူက နက်နဲစွာ တွေးတောလိုက်သည်။ ထို့နောက် သူသည် ခေါင်းလှည့်လိုက်ပြီး ခေါင်းဆောင်ကိုကြည့်လိုက်လေရာ သူ၏ မျက်နှာပေါ်နှင့် မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေကြောင်း သတိပြုမိသွားသည်။ သူက သွားရေကျတော့မည်ဟန်ပင် ရှိသည်။
ဤသည်မှာ အတိတ်တွင် ရတနာပစ္စည်းများကို သူမြင်သည့်အခါ ဖြစ်ပေါ်လာတတ်သော ရူးသွပ်မှုဖြင့် ခြားနားသည်။
‘ ဟိုတစ်ခေါက်က ဝိညာဉ်သခင်မယုံကျင်းရဲ့ လှိုင်ဂူထဲမှာလည်း စီနီယာအကိုကြီးက ဒီလိုအမူအရာကို ထုတ်ဖော်ခဲ့တယ်… သူ့ကြည့်ရတာ အမျိုးသမီးကျင့်ကြံသူတွေရဲ့ ပစ္စည်းတွေကို လုယက်ရတာကို အတော်လေး သဘောကျတဲ့ပုံပဲ ’
ရွှီချင်းသည် အံ့ဩသွားသည်။ ထို့ကြောင့် သူသည် မမေးဘဲ မနေနိုင်ပေ။
ရွှီချင်း၏ အမေးကိုကြားသောအခါ ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
“ မင်းနားမလည်ပါဘူးကွာ… ငါမင်းကို ပြောပြမယ် ချင်းလေး… အဲ့ဒါက ငါ့ရဲ့အတွေ့အကြုံပဲကွ… အမျိုးသမီးကျင့်ကြံသူတွေက သူတို့နားမှာ အဖိုးတန်ဆုံးရတနာတွေကို ထားလေ့ရှိတယ်… အမျိုးသမီးတွေက ပိုလှပြီး ပိုထူးချွန်လေ တန်ဖိုးကြီးပစ္စည်းတွေကို သူတို့က ပိုသဘောကျလေပဲ… မရေမတွက်နိုင်တဲ့ လူတွေအများကြီးက သူတို့ကို လက်ဆောင်ပေးဖို့အတွက် တန်းစီရလိမ့်မယ်… ငါ့အရင်ဘဝတွေမှာ အဲ့လိုဟာတွေကို အများကြီး မြင်ဖူးတယ် ”
“ ဝိညာဉ်သခင်မယုံကျင်းရဲ့ ဗိမာန်ကိုပဲကြည့်လေ… ငါပြောသလို မဟုတ်ဘူးလား… အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိတယ်လေ ”
ဝိညာဉ်သခင်မယုံကျင်း၏ လှိုင်ဂူဗိမာန်ထဲမှ မရေမတွက်နိုင်သော ရတနာများသည် ရွှီချင်း၏ စိတ်ထဲတွင် ပြန်ပေါ်လာသည်။ ထို့ကြောင့် သူသည် လေးလေးနက်နက် သဘောတူလိုက်သည်။
“ အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေကို လက်ဆောင်ပေးပြီး သူတို့စိတ်ကျေနပ်အောင် ကြိုးစားတာကို ငါကတော့ ရှက်စရာကောင်းတယ်လို့ထင်တယ်… ဒါကြောင့် အတိတ်မှာ သူတို့ကို ကူညီပြီး လက်ဆောင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားပေးဖို့ ငါတိတ်တခိုး သန္နိဌာန်ချခဲ့တယ် ”
“ ချင်းလေး လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးဆုံးအရာက ဘာလဲသိလား… အဲ့ဒါ ကြင်နာမှုနဲ့ တခြားလူတွေကို ကူညီပေးတတ်တာပဲ… ဒါကြောင့် ငါတို့ရဲ့ လုပ်ဆောင်မှုတွေက ကြင်နာမှုရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ရမယ် ”
ခေါင်းဆောင်သည် စိတ်အားထက်သန်စွာ ပြောသည်။
ရွှီချင်းသည် တစ်ခဏ ဆွံ့အသွားသည်။ သူသည် ခေါင်းဆောင်နှင့်ပတ်သက်ပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေမိသော်လည်း သူ၏ လေသံ သို့မဟုတ် အမူအရာဖြစ်စေ အမှန်တိုင်းပြောနေသည့်ပုံပေါ်သည်။ ခေါင်းဆောင်၏ စကားက အဓိပ္ပာယ်ရှိဟန် ရသည်။
“ မင်းက အရမ်းငယ်သေးတယ်… ငါ့စကားနားထောင်လို့ မင်းဘယ်တော့မှ လမ်းမှားမရောက်ဘူး… ငါက မင်းရဲ့စီနီယာအကိုကြီးလေ… ဘယ်လိုလုပ် မင်းကို လိမ်ညာမှာလဲ ”
ခေါင်းဆောင်သည် ရွှီချင်း၏ ပခုံးကိုပုတ်လိုက်သည်။
“ သွားကြစို့… ငါတို့မှာ အချိန်သုံးရက်ရသေးတယ်… တတိယအသုတ် ဆင်းသက်လာပြီးရင် အနီရောင်လက နိုးထလာတော့မယ်… ငါတို့ ဒီသုံးရက်အတောအတွင်း ပစ္စည်းကောင်းတွေကို ကြိုးစားရှာဖွေရမယ်… သွားကြစို့ အဲ့ဒီနန်းဆောင်တွေထဲမှာ ဘယ်လိုရတနာတွေရှိလဲ အရင်ဆုံး သွားကြည့်ကြမယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး ရွှီချင်းကို ခေါ်လိုက်သည်။ သူတို့နှစ်ယောက်သည် လက်မောင်းပြတ်နှင့်အတူ ဖီးနစ်နန်းဆောင်များဆီသို့ မြန်မြန်ဆန်ဆန် ချဉ်းကပ်သွားကြသည်။
အနီရောင်လက အချိန်မရွေး နိုးထလာနိုင်သောကြောင့် ရွှီချင်းသည် နောက်ထပ်ဆက်မမေးတော့ဘဲ အလျင်ကုန်သုံး၍ ရွေ့လျားသွားသည်။
ထိုသို့ဖြင့် လက်မောင်းပြတ်သည် မြေပြင်ပေါ်မှ အသွေးအသားများပေါ်မှာ မြန်ဆန်စွာ ရွေ့လျားသွားနေပြီး ဖီနစ်နန်းဆောင်များနှင့် နီးကပ်သထက် နီးကပ်လာသည်။ တစ်ခဏအကြာမှာ လက်မောင်းပြတ်သည် ရုတ်တရက် ရပ်တန့်သွားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့အရှေ့မှ တိုးထွက်လာနေသော အန္တရာယ်အငွေ့အသက်ကို တစ်ချိန်တည်း ခံစားမိသွားကြသည်။
လက်မောင်းပြတ်၏ လက်ချောင်းများကြားရှိ အဟလေးမှတဆင့် သူတို့သည် အသွေးအသားမြို့နံရံကြီးတစ်ခုကို မြင်သွားကြသည်။ ယင်းက အတွင်းနှင့်အပြင်ကို အလယ်မှ ပိုင်းခြားထားသည်။
အသွေးအသားမြို့နံရံကြီး၏ အကျယ်အဝန်းသည် မသေးပေ။ အထဲတွင် ဖီးနစ်နန်းဆောင်ကိုးခု ရှိသည်။
ဤနေရာတွင် မည်သည့်အစောင့်အကြပ်ရုပ်တုမှ မရှိပေ။ သန္ဓေပြောင်းသားရဲများ၏ ဟိန်းသံများကိုပင် သူတို့မကြားမိကြချေ။
“ အရမ်းတိတ်ဆိတ်လွန်းတယ် ”
ရွှီချင်းသည် တိုးညင်းစွာ ပြောသည်။
“ တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး ”
ခေါင်းဆောင်သည် ခေါင်းညိတ်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရွှီချင်းသည် အရိပ်လေးကို ချက်ချင်း အမိန့်ပေးလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အောက်မှ အရိပ်လေးသည် စုံစမ်းစစ်ဆေးရန် အရှေ့သို့ ဖြန့်ကားသွားသည်။ ခေါင်းဆောင်သည်တော့ လက်ကိုမြှောက်လိုက်ပြီး လက်တစ်ချောင်းကို တိုက်ရိုက် ကိုက်လိုက်သည်။
လက်ချောင်းကို ထွေးထုတ်ပြီးနောက် သူ၏ လက်ချောင်းသည် သလင်းကျောက်တီကောင်သို့ ပြောင်းလဲသွားပြီး အရှေ့သို့ မြန်ဆန်စွာ တွားသွားသည်။
ရွှီချင်းသည် ယင်းကို မအံ့ဩပေ။ လမ်းတစ်လျှောက်တွင် ခေါင်းဆောင်က ထိုသို့လုပ်ဆောင်သည်ကို မကြာခဏ သူမြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။
ဤသည်မှာ သူတို့၏ သက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးနည်းများ ဖြစ်ကြသည်။ ထိုသို့ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နေရာအတော်များများမှ အန္တရာယ်ဇစ်မြစ်ကို သူတို့ရှာဖွေနိုင်ခဲ့ပြီး ရှောင်ရှားနိုင်ခဲ့ကြသည်။
ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ရွှီချင်း၏ အရိပ်လေးက ဖီးနစ်နန်းဆောင်များ၏ အပြင်ဘက် မြို့နံရံကြီးနှင့် နီးကပ်သွားသောအခါ ခေါင်းဆောင်၏ လက်ချောင်းသည် တခြားဦးတည်ရာမှ အသွေးအသားမြို့နံရံကြီးဆီသို့ ရောက်ရှိသွားသည်။
၎င်းသည် ခုန်လိုက်သည်။ သို့သော်လည်း လျှပ်တစ်ပြက်အတွင်းမှာ ခရမ်းရောင်အလင်း တောက်ပသွားသည်။
သလင်းကျောက်တီကောင်၏ ခန္ဓာကိုယ်သည် လေထဲတွင် ရပ်တန့်သွားပြီး ၎င်းသည် မမြင်နိုင်သော ဓားထက်ထက်တစ်ချောင်းဖြင့် အကြိမ်ကြိမ် ခုတ်ပိုင်းခံလိုက်ရသည့်ပမာ အပိုင်းပိုင်းအစိတ်စိတ် ဖြတ်တောက်ခံလိုက်ရသည်။
ဤတီကောင်၏ အသက်စွမ်းအင်သည် အတော်လေး သန်မာသည်။ ၎င်းသည် အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည့်တိုင် သီးခြားအစိတ်အပိုင်းများသို့ အလျှင်အမြန် ပြောင်းလဲလိုက်ပြီး အရှေ့သို့ ဆက်လက် တိုးသွားသည်။ သို့သော်လည်း ဤနေရာမှ အဟန့်အတားများသည် သာမန်မဟုတ်ပေ။ မကြာမီ ကန့်သတ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး တီကောင်၏ အစိတ်အပိုင်းများကို ချက်ချင်း ပြာမှုန်ဖြစ်သွားစေသည်။
ထို့နောက် ပြာမှုန်သည် ကန့်သတ်စွမ်းအားကြောင့် လွင့်ပြယ်သွားသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ခေါင်းဆောင်၏ တီကောင်က ပြာမှုန်သို့ ပြောင်းလဲသွားပြီးနောက် ချိပ်ပိတ်ခြင်းစွမ်းအားတစ်ခုသည် ထိုနေရာတွင် ပေါ်လျှိုးလာပြီး တီကောင်ပျောက်ကွယ်သွားသော နေရာကို တိုက်ရိုက်လွှမ်းခြုံသွား၏။
ဟင်းလင်းပြင်သည် တွန့်လိမ်သွားပြီး မျက်လုံးတစ်လုံး ဖြစ်တည်လာသည်။ ချက်ချင်းဆိုသလို မျက်လုံးသည် ဖိနှိပ်ခံလိုက်ရပြီး တိုက်ရိုက်အက်ကွဲသွားသည်။
ခေါင်းဆောင်သည် ညည်းညူလိုက်ပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။
“ ဘာလို့ ဒီနေရာမှာ ကန့်သတ်စွမ်းအား ရှိနေသေးတာလဲ… ချင်းလေး ဒီနေရာက မရိုးရှင်းဘူး ”
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ကင်းထောက်သည်လည်း အတားအဆီးတစ်ခုနှင့် တွေ့ကြုံနေရသည်။ အရိပ်လေးက အသွေးအသားမြို့နံရံကြီးကို ထိတွေ့လိုက်သောအခါ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်သံသည် အရိပ်လေးထံမှ မြည်ဟိန်းထွက်လာသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အမှန်တကယ် ထိခိုက်ဒဏ်ရာရသွားသည်။
သို့သော်လည်း အရိပ်လေးသည် အလျော့မပေးပေ။ ၎င်းသည် ဒဏ်ရာရသွားသည့်အခါ နံရံပေါ်တွင် ကျန်ရှိနေသေးသော ၎င်း၏ အစိတ်အပိုင်းကို ချက်ချင်း ဖောက်ခွဲပစ်လိုက်ပြီး အပိုင်းအစများစွာသို့ ခွဲထွက်သွားစေသည်။ ထိုအပိုင်းအစများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကြပြီး ဧရိယာကြီးတစ်ခုကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားသည်။
သို့သော်လည်း ထိုလုပ်ဆောင်မှုသည် ဤနေရာမှ ပိုပြီးအဆင့်မြင့်သော ကန့်သတ်စွမ်းအားကို လှုံ့ဆော်လိုက်ဟန် ရသည်။ နောက်အခိုက်အတန့်မှာ အသွေးအသားနံရံအတွင်းမှ ဘေးပတ်ဝန်းကျင်သည် စတင်ဝေဝါးလာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် အတွင်းထဲမှ ပျံ့လွင့်ထွက်လာသည်။ ထို့နောက် ပေါက်ကွဲသံတစ်သံ မြည်ဟိန်းလာသည်။
ထို့အပြင် အတွင်းဘက်ထဲမှ ခရမ်းရောင်အလင်း တောက်ပလာသည်။ ခရမ်းရောင်အလင်းဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို အပိုင်းအစများစွာသို့ ခွဲထုတ်ထားသော အရိပ်လေးသည် လုံးလုံးဖျက်ဆီးမခံလိုက်ရမီ အော်ဟစ်ညည်းညူလိုက်ရသည်။
အလင်းသည် အပြင်ဘက်သို့ ဆက်လက်ပြန့်ပွားလာပြီး အရိပ်လေး၏ ဇစ်မြစ်ကို လိုက်လံရှာဖွေသည်။
ခရမ်းရောင်အလင်းသည် ချက်ချင်း စတင်ထွန်းလင်းလာပြီး ပျံသန်းထွက်လာသည်။ အအေးဓာတ်သည် ခရမ်းရောင်အလင်းထက်ပင် ပို၍မြန်ဆန်စွာ ဘေးပတ်ဝန်းကျင်သို့ ကျူးကျော်ဝင်ရောက်လာသည်။
ခရမ်းရောင်အလင်းသည် သက်ဆင်းလာသည်။
ခရမ်းရောင်အလင်းက သူတို့၏ အရှေ့မှ အရာအားလုံးကို လွှမ်းခြုံသွားသောအခါ ကမ္ဘာသည် မည်းမှောင်သွားသည်။ ရွှီချင်းနှင့် ခေါင်းဆောင်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ အမှောင်ထုက သူတို့၏ အမြင်အာရုံကို ဝါးမျိုသွားပြီး မျက်ကန်းဘဝသို့ ယာယီရောက်သွားစေသည်။
သူတို့နှစ်ယောက်က ရှောင်တိမ်းတော့မည့်အချိန် ခရမ်းရောင်အလင်းသည် ရုတ်တရက် ရပ်တန့်သွားပြီး အကြောင်းအရင်းတချို့ကြောင့် နောက်ပြန်ဆုတ်သွားသည်။ ထိုအခါ အလင်းရောင်ပြန်ရလာသဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့၏ အရှေ့မှ လောကကို နောက်တစ်ကြိမ် ပြန်မြင်နိုင်သွားသည်။