ခရမ်းရွှမ်အထွတ်အမြတ်သက်စောင့်မီးအိမ်(ခ)
Vol. 48 Ch. 736
အသွေးအသားမြို့နံရံကြီးပေါ်တွင် အရိပ်လေး၏ ကျန်ရှိနေသော အပိုင်းအစသည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီး ရွှီချင်း၏ ဘေးသို့ တုန်တုန်ယင်ယင်ဖြင့် ပြန်ရောက်လာသည်။ ၎င်းသည် အလွန်တရာ ကြောက်လန့်နေသည်မှာ ထင်ရှားသည်။
“ အထဲမဝင်နိုင်ဘူးလား ”
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အမူအရာတွင် ထူးဆန်းသော အရိပ်အယောင်ဖြင့် ပြည့်နှက်နေသည်။ သူက အသွေးအသားနံရံကြီးဖြင့် ဝိုင်းရံထားသော ခြံဝန်းကို သေချာစူးစိုက်ကြည့်နေသည်။ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ခံစားချက်လှိုင်းတစ်ခုသည် သူ၏ ရင်ဘက်ထဲမှာ ပေါ်လျှိုးလာသည်။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက အတိုင်းသား ထွက်ပေါ်နေ၏။
ခေါင်းဆောင်၏ အသက်ရှူသံသည် လေးလံလာသည်။
“ ဂျူနီယာညီလေး အဲ့ဒါက နည်းနည်းပြဿနာရှိတဲ့ပုံပဲ… အတိတ်တုန်းက ဒီမှာ ဘယ်သူနေခဲ့လဲ ငါသိချင်မိသား… အဲ့ဒါက တကယ်ပဲ ငါ့ကို ဝင်လို့မရအောင် ကန့်သတ်ထားတယ်… အထူးသဖြင့် စောစောတုန်းက ဟိုခရမ်းရောင်အလင်းပဲ… ”
ခေါင်းဆောင်၏ စကားမဆုံးခင် ရွှီချင်းသည် ရုတ်တရက် ကြားဖြတ်ပြောသည်။
“ စီနီယာအကိုကြီး… ဒီနေရာက နည်းနည်းရင်းနှီးတယ်လို့ ငါခံစားမိနေတယ်… ပြီးတော့ စောစောက အသံကို မင်းကြားလိုက်လား ”
ခေါင်းဆောင်သည် အံ့ဩသွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ရင်းနှီးတယ်ဟုတ်လား… ပြီးတော့ ဘာသံကိုကြားတာလဲ ”
“ စောစောတုန်းက ခရမ်းရောင်အလင်းက သက်ပြင်းချသွားခဲ့တယ် ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ရွှီချင်း၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီး တည်ကြည်စွာ ပြောသည်။
“ ဂျူနီယာညီလေး ဒီလောကမှာ ငါတို့နားမလည်နိုင်တဲ့ တခြားမျိုးနွယ်စုတွေ ရှိတယ်… နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးတဲ့နောက် အမျိုးအမည်မသိတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေအများကြီး ပေါ်ထွက်လာကြတယ်… နတ်ဘုရားတွေဆိုတာ အဲ့ဒါတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိတာ… ပြီးတော့ အံ့ဩဖွယ်ကောင်းတဲ့ တခြားတည်ရှိမှုတွေလည်း ရှိသေးတယ်… ငါ့ကို ရူးသွပ်တယ်လို့ မင်းမထင်လိုက်နဲ့… တကယ်တော့ ငါမင်းကို ကိစ္စကြီးတွေလုပ်ဆောင်ဖို့ ခေါ်မသွားခင် သေချာတဲ့ သတင်းအချက်အလက်တွေနဲ့ ပြင်ဆင်မှုတွေကို ကြိုလုပ်ဆောင်ထားခဲ့တာ… ဒါပေမဲ့ ဒီအင်မော်တယ်တားမြစ်နယ်မြေကတော့ မတူဘူးကွ ”
“ ဒီဟာနဲ့ပတ်သက်ပြီး ငါ့မှာ သတင်းအချက်အလက်အများကြီး မရှိဘူး… ဒါပေမဲ့ ယေဘုယျပြောရရင် မင်းတစ်ယောက်တည်းပဲကြားနိုင်ပြီး တခြားလူတွေမကြားနိုင်တဲ့ တစ်စုံတစ်ခုနဲ့ တွေ့ဆုံတဲ့အခါ အဲ့ဒါက အရမ်းအန္တရာယ်များတယ်လို့ ဖော်ပြလိုက်တာပဲ… အထူးသဖြင့် ငါ့လို ထူးခြားတဲ့ လူမျိုးတောင် မကြားနိုင်တဲ့အရာဆိုတော့ ဒီနေရာရဲ့ ပြဿနာက သေးသေးမွှားမွှားမဟုတ်ဘူးပဲ ”
ခေါင်းဆောင်၏ အမူအရာသည် တည်ကြည်လေးနက်နေသည်။
“ ငါတို့ အခုလောလောဆယ်တော့ ဒီထဲကို မဝင်သေးဘူး… နတ်ဘုရားသေသွားပြီးတဲ့အချိန်ကျမှ ငါတို့တွေ အခြေအနေကိုကြည့်ပြီး လှုပ်ရှားကြမယ် ”
ခေါင်းဆောင်က ထိုသို့ပြောသည်မှာ အလွန်ရှားပါးသည်။
ခေါင်းဆောင်ကဲ့သို့သော လူမျိုးကို ဆူဖြိုးသောအသားတုံးအား အချိန်တစ်ခုကြာအောင် လက်လျော့သွားစေသည်မှာ ဤနေရာက မည်မျှထူးခြားကြောင်း သွယ်ဝိုက်ဖော်ပြနေလေ၏။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက ခေါင်းဆောင်နှင့် ထွက်သွားတော့မည့်အချိန် သူ၏ အကြည့်က ထိုနေရာကို ဖြတ်ကျော်သွားပြီး ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ အသွေးအသားဖြင့် လွှမ်းခြုံထားသော ခြံဝန်းထဲတွင် ပုံရိပ်တစ်ခုသည် ခရမ်းရောင်အလင်းထဲ၌ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
ပုံရိပ်သည် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေရာ မှုန်ဝါးဝါးအလင်းရောင်အောက်တွင် ဖူးပွင့်နေသော ခရမ်းပန်းလေးတစ်ပွင့်နှင့် ဆင်တူသည်။ တစ်ချိန်တည်းမှာ သူက ထိုနေရာတွင် တစ်ယောက်တည်း ရပ်နေပြီး ရွှီချင်းကို တိတ်တခိုး လှမ်းကြည့်နေသည်။
ထိုရင်းနှီးသော အကြည့်သည် ရွှီချင်း၏ နှလုံးသားထဲမှာ ကြီးမားသော ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။
“ ဂျူနီယာညီလေး ”
ရွှီချင်းသည် မိန်းမောတွေဝေနေကြောင်း ခေါင်းဆောင်အာရုံခံမိသည်။ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ရွှီချင်းကို အတင်းအကျပ် ဆွဲခေါ်သွားသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းလှည့်လိုက်ပြီး ရင်းနှီးသောပုံရိပ်၏ ဦးတည်ရာကို ကြည့်လိုက်သည်။ ထိုနေရာတွင် မည်သည့်အရာမှ မရှိတော့ပေ။ စောစောက ခရမ်းရောင်ပုံရိပ်သည် ပျောက်ကွယ်သွားသည်။
အသွေးအသားနံရံကြီးဖြင့် ဖုံးလွှမ်းထားသော ဧရိယာတစ်ခုလုံးပင် စတင်ဝေဝါးလာသည်။ ၎င်းသည် ယိုယွင်းပျက်စီးလာပြီး ပျောက်ကွယ်သွားတော့မည်ကို ဝိုးတိုးဝါးတား သူမြင်နေရသည်။
ထိုမြင်ကွင်းသည် ချွင်းချက်မဟုတ်ပေ။ အမှန်မှာတော့ ဤနေရာတစ်ခုတည်း ထိုသို့ဖြစ်ပျက်ခြင်း မဟုတ်ပေ။ ဤနေရာသို့မရောက်မီ သူတို့၏ ခရီးစဉ်တစ်လျှောက်တွင် ထိုသို့မြင်ကွင်းများကို ရွှီချင်းနှင့် ခေါင်းဆောင်သည် တစ်ကြိမ်ထက်မနည်း မြင်တွေ့ခဲ့သည်။
ဤသည်မှာ ရှေးဟောင်းချိပ်တံဆိပ်က ပွင့်သွားပြီး အပြင်လောကမှ အရှိန်အဝါက အထဲသို့ ဒလဟော စီးဝင်သွားသကဲ့သို့ ဤအနီးနားတစ်ဝိုက်မှ ဘေးပတ်ဝန်းကျင်အပေါ် သက်ရောက်လာနေခြင်း ဖြစ်သည်။ အချိန်အတော်ကြာအောင် တည်ရှိမနေသင့်သော အရာအားလုံးသည် မူလအခြေအနေသို့ စတင်ပြန်ရောက်သွားပြီး နတ္ထိအဖြစ်သို့ ပြောင်းလဲသွားနေသည်။
ရွှီချင်း၏ အသိစိတ်သည် အနည်းငယ် ဟာလာဟင်းလင်းဖြစ်သွားသည်။ သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ စီနီယာအကိုကြီး မင်းသူ့ကို မြင်လိုက်လား ”
ရွှီချင်းကို ထိုသို့ပုံစံဖြင့် မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် စတင်စိုးရိမ်လာသည်။ သူသည် မည်သည့်အရာကိုမှ တကယ်မမြင်ခဲ့ပေ။
“ ဂျူနီယာညီလေး ငါတို့ နောက်ထပ်ဆက်မရှာတော့ဘူး… ပြန်ကြရအောင်… ငါတို့အခု ပြန်ကြမယ်… မင်းကြည့်ရတာ တစ်ခုခုမူမမှန်ဘူး ”
“ စီနီယာအကိုကြီး ငါအဆင်ပြေပါတယ် ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
ယိုယွင်းပျက်စီးနေပြီး တဖြည်းဖြည်း ဝေဝါးလာနေသော နေရာဆီသို့ သူကြည့်လိုက်သည်။ သူအာရုံခံမိခဲ့သော အရာအားလုံးနှင့် ကြားခဲ့သမျှ မြင်ခဲ့သမျှအားလုံးကို ပြန်တွေးတောလိုက်သည်။ ကောင်းကင်ဘုံတာအိုသည် ဤနေရာနှင့်ပတ်သက်ပြီး သူ့အား မည်သည့်သတိပေးမှုမှ မပေးပေ။ ထို့ကြောင့် သူက ရုတ်တရက် ပြောသည်။
“ စီနီယာအကိုကြီး ငါ့ကို တစ်ခုကူညီပေးပါ ”
“ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ ”
ခေါင်းဆောင်သည် ကြိုတင်ခန့်မှန်းပြီးသားဖြစ်သည်။ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။
“ ဒီနေရာက ယိုယွင်းပျက်စီးနေပြီး လွင့်ပြယ်တော့မယ်… နတ်ဘုရားသေသွားတဲ့အခါ ဒီနေရာက လုံးလုံးပျောက်ကွယ်သွားလိမ့်မယ်… ဒါကြောင့် အခု ငါအထဲဝင်ပြီး တစ်ချက်လောက် သွားကြည့်ချင်တယ်… ငါ့ကို အပြင်မှာ စောင့်နေပေးပါ ”
“ ငါသဘောမတူဘူး ”
ခေါင်းဆောင်သည် ခေါင်းခါလိုက်သည်။
“ တကယ်လို့ မင်းငါ့ကို အထဲသွားကြည့်ဖို့ ခွင့်မပြုဘူးဆိုရင် ငါ့နှလုံးသားထဲက သံသယက မပျောက်သွားဘဲ ဆက်ပြီးရှိနေလိမ့်မယ်… ပြီးတော့ ကောင်းကင်ဘုံတာအိုက ငါ့ကို သတိပေးတာမျိုးမရှိဘူး… ဒါကြောင့် ဘာအန္တရာယ်မှ မရှိလောက်ပါဘူး ”
ရွှီချင်းသည် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
“ အတူတူသွားကြတာပေါ့ ”
“ စီနီယာအကိုကြီး ဒီနေရာမှာ မင်းကိုကန့်သတ်ထားတဲ့ စွမ်းအားရှိတယ်… အဲ့ဒါက အခု လွင့်ပြယ်သွားနေတယ်ဆိုပေမဲ့ မင်းအပေါ်မှာ အချိန်တစ်ခုထိ သက်ရောက်နေဦးမှာ… ပြီးတော့ ငါတို့အတူတူ သွားကြမယ်ဆိုရင် ငါအထဲကို မဝင်နိုင်လောက်ဘူး ”
ရွှီချင်းက ခေါင်းဆောင်ကို သွေးဆောင်ပြောသည်။ နောက်ဆုံးတွင် ခေါင်းဆောင်သည် စိတ်မပါဘဲ ခေါင်းညိတ်လိုက်ရတော့သည်။ ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် လက်မောင်းပြတ်ထဲသို့ ပေါင်းစပ်လိုက်သည်။
ဤနေရာတွင် ကန်သတ်ချက်များ ရှိသည်။ ပုံမှန်အခြေအနေမှာဆိုလျှင် အထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရွှီချင်းသည် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်။ သူ၏ နည်းလမ်းအရ လက်မောင်းပြတ်၏ အတွင်းထဲသို့ သူ့ကိုယ်သူပေါင်းစပ်စေပြီး အပြင်ဘက်မှ ခေါင်းဆောင်က ထိုလက်မောင်းပြတ်ကို ပစ်လွှတ်လိမ့်မည် ဖြစ်သည်။
ထိုနည်းလမ်းဖြင့် ရွှီချင်းသည် အထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
အကယ်၍ ဤနေရာသာ မလွင့်ပြယ်နေလျှင် ရွှီချင်းသည် အထဲသို့ဝင်ရောက်ရန် နတ်ဘုရားသေဆုံးမည့်အချိန်ကို စောင့်ဆိုင်းရလိမ့်မည်။ သို့သော်လည်း ထိုအချိန်မှဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်။ ထို့အပြင် ယခု သူ၏ နှလုံးသားထဲမှ သံသယသည် အတော်လေး နက်ရှိုင်းနေသည်။
အဘယ်ကြောင့်ဆိုသော် စောစောက သူမြင်တွေ့ခဲ့သော ပုံရိပ်သည် ဤနေရာတွင်ရှိမနေသင့်သော နတ်မိမယ်ကျစ်ရွှမ်၏ ပုံရိပ်ဖြစ်နေသောကြောင့် ဖြစ်သည်။
ရွှိချင်းက လက်မောင်းပြတ်ထဲသို့ ပေါင်းစပ်သွားသည်ကို မြင်သောအခါ ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်ပြီး ၎င်းကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် အားကုန်သုံး၍ လက်မောင်းပြတ်ကို လွှဲယမ်းလိုက်ပြီး လွင့်ပြယ်နေသော အသွေးအသားမြို့နံရံကြီး၏ နယ်နိမိတ်ဆီသို့ ပစ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို လက်မောင်းပြတ်သည် တဝီဝီမြည်သွားပြီး အရှေ့သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
၎င်းက အသွေးအသားမြို့နံရံကြီး၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်သွားသောအခါ အကန့်အသတ်များသည် နောက်တစ်ကြိမ် ပေါ်ထွက်လာကြပြန်သည်။ သို့သော်လည်း လက်မောင်းပြတ်သည် လွန်စွာမှ မာကျောသည်။ ၎င်း၏ အရေပြားနှင့် အသွေးအသားသည် စုတ်ပြဲသွားပြီး နေရာတချို့မှ အရိုးများပင် ထွက်ပေါ်လာသည်။ သို့တိုင် ၎င်းသည် အကောင်းအတိုင်း ရှိနေသေးပေသည်။ ထို့နောက် လက်မောင်းပြတ်သည် ခြံဝန်းထဲသို့ ကျဆင်းသွားပြီး အလျှင််အမြန် ပြန်သက်သာလာသည်။
မကြာမီ လက်မောင်း၏ လက်ဖဝါးသည် ကျယ်ကျယ်ဝန်းဝန်း ပွင့်သွားပြီး ရွှီချင်းသည် ထွက်လျှောက်လာသည်။
သူသည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။