← Chapters

(အမတဂိုဏ်းအရှင်)

Vol. 1 Ch. 1

(အမတဂိုဏ်းအရှင်)

Vol. 1 Ch. 1

ရှန်းလန်တိုက်မကြီး၊တောက်ပနေမင်း အင်ပါယာ။ရှင်းယောင် တောင်တန်းနယ်မြေတွင်...

ဤနေရာသည် တောက်ပနေမင်းအင်ပါယာ၏အကျယ်ဝန်းဆုံးသော တောင်တန်းကြီးဖြစ်သည်နှင့်အညီ ရှင်းယောင်တောင်တန်းနယ်မြေတစ်ခွင်တွင် အမျိုးစုံသော မကောင်းဆိုးဝါးများရှိကြပါသည်။ ဒါ့အပြင်လူအများကို မူးမေ့သွားစေလောက်သည့် တန်ဖိုးကြီးဆေးပင်ဝါးပင်များလည်း ရှိနေသည်။ ဤနေရာသည် မရေမတွက်နိုင်သော ကျင့်ကြံသူများအား ရတနာပစ္စည်းများ လာရောက်အမဲလိုက်ဖို့သွေးဆောင်နေလေသည်။

ကောလဟာလများအရ တောင်တန်းအတွင်းပိုင်းတွင် မရေမတွက်နိုင်သော ရှေးဟောင်းလျို့ဝှက်နယ်မြေများလည်း ရှိကြသည်ဟု ဆိုသည်။

''လူငယ်လေး၊ မင်းရဲ့အရိုးတည်ဆောက်ပုံက ငါ့ကိုတောင် အံ့သြသွားစေတယ်။မင်းက တုဖက်မပြိုင်နိုင်တဲ့ ကျင့်ကြံရေးပါရမီရှင်ပဲ။ မင်းသာ ငါ့ရဲ့အမတဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင် ဂိုဏ်းရဲ့အထောက်အပံ့ကြောင့် မင်းရဲ့အနာဂတ်လမ်းစဥ်ဟာ အကန့်အသတ်မဲ့လိမ့်မယ်။''

ရှင်းယောင်တောင်တန်းကြီး၏ တောင်ကြားလေးတစ်နေရာတွင် ဝမ်ဖုန်းသည် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်ကို ပြုံးလျက် စကားဆိုနေသည်။သူ၏ ရုပ်ရည်သွင်ပြင်ဟာ သာမန်မဟုတ်ထူးခြားလှ၏။ သူ၏မျက်နှာအသွင်အပြင်ဟာလည်း ဓါးတစ်ချောင်းအလား ထက်မြက်လှ၏။ မိန်းမပျိုတစ်ယောက်ကသာ ဝမ်ဖုန်းကိုတွေ့လိုက်ရလျှင် အံ့အားတသင့်ထအော်မိပေလိမ့်မည်!

''ခင်ဗျား ကျုပ်ငွေတွေကို လိမ်ယူမလို့ ကြိုးစားနေတာလား?'' ဝက်ပုပ် လီချင်းသည် သူ့အိတ်ကိုခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။သူသည် ဝမ်ဖုန်းကို သတိထားနေသောအမူအရာဖြင့်ကြည့်ကာ မေးလိုက်ခြင်းဖြစ်ပါသည်။

''လူငယ်လေး၊ ဒီဂိုဏ်းချုပ်ကို မစော်ကားပါနဲ့။ ဒီလိုဂုဏ်သရေရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းအနေနဲ့ ဘယ်မှာပိုက်ဆံကို ဂရုစိုက်မှာလဲ?''

ဒီစကားကိုကြားသည့်အခါမှ လီချင်း၏အမူအရာများ ပြေလျော့သွားသည်။သူသည် တစ်ကိုယ်တည်းတွေးလိုက်မိသည်။ဂိုဏ်းကြီးရဲ့ဂိုဏ်းချုပ်။ သူက ငါ့ကိုဘာလို့ ငွေလိမ်ရမှာလဲ!?

''ဒါပေမယ့်လည်း ဂိုဏ်းဝင်ကြေးကတော့ မနည်းလှဘူး!'' လီချင်းတစ်ယောက် ဝင်ရနိုးနိုး၊မဝင်ရနိုးနိုး တွေးနေစဥ်မှာပဲ အသံတစ်သံက သူ့နားထဲပဲ့တင်ထပ်သွား၏။

''ခင်ဗျားပြောတော့ ကျုပ်ကို ငွေမလိမ်ဘူးဆို။'' လီချင်း၏မျက်လုံးများ ပြူးကျယ်သွားကာ ဝမ်ဖုန်းကို သတိထားစောင့်ကြည့်လိုက်ပြန်သည်။ဝမ်ဖုန်းသာ သူ့ငွေတွေကို ထိရဲရင် အသက်နဲ့အရှက်..အဲလေအသက်နဲ့ ပိုက်ဆံလဲပလိုက်မယ်ကွ!

''ငါမင်းကို မေးမယ်။မင်း ရှင်းယောင် တောင်တန်းထဲဝင်လာတာ ဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်မလို့မလား?'' ဝမ်ဖုန်းက လီချင်း၏စူးရဲရဲအကြည့်များကို လျစ်လျူရှုလျက် စကားဆက်လိုက်သည်။

''ဟုတ်တယ်။ကျုပ်အမေက ကျုပ်ကျင့်ကြံမှသာ အနာဂတ်ကောင်းနဲ့ ဇနီးမယားတစ်ယောက် ပိုင်ဆိုင်နိုင်မှာလို့ပြောလိုက်တယ်!''

''အဲ့သလိုလား? မင်းမှာသာ သန်မာတဲ့ကျင့်ကြံမှုရှိမယ်ဆိုရင် မိန်းမတစ်ယောက်လောက်ကို စကားထဲတောင်ထည့်ပြောစရာ လိုတော့မှာ မဟုတ်ဘူး။ ကောင်းပြီ။ဒီဂိုဏ်းတော်ကြီးက ခုမင်းရှေ့မှာရပ်ပြီ။ဂိုဏ်းချုပ်ကြီးကိုယ်တိုင် မင်းကိုလူတွေ့ လာခေါ်တာနော်။ မင်းဘာတွေ တုန့်ဆိုင်းနေသေးတာလဲ? ငွေဆိုတာ ပြင်ပအရာတစ်ခုပါကွာ။ပြီးတော့ မိန်းမတစ်ယောက်ရှာဖို့က အရေးကြီးလား? ကျင့်ကြံရင်း ပိုစွမ်းအားကြီးလာဖို့က အရေးကြီးလား?'' ဝမ်ဖုန်းက လက်ခုပ်တီးလိုက်သည်။သူသည် သံကစတီးဖြစ်မလာနိုင်ဘူးဆိုသည့်အထာနှင့် ပြောနေသည်။

ဒီကိုယ်နေဟန်ထား။ ယင်းပြောနေပုံက -မင်းသာ ဒီဂိုဏ်းကိုမဝင်ဘူးဆိုရင် ကြီးကြီးမားမားဆုံးရှုံးရလိမ့်မယ်!

''ဒါက...ခင်ဗျားရဲ့ဂိုဏ်းအကြောင်း အရင်ပြောပြလို့ရမလား?'' လီချင်းက လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။

သာမန်အခြေအနေသာဆိုပါက ဂိုဏ်းတစ်ဂိုဏ်းက သူ့ကို လက်ခံချင်နေတယ်ဆိုရင် လီချင်းတစ်ယောက် ပါးစပ်နားရွက်ချိတ်မတက် ပြုံးရယ်မိပေလိမ့်မည်။ဘာပဲဖြစ်ဖြစ်၊သူက သေမျိုးတစ်ယောက်ပဲလေ။ဒါပေမယ့့် သူ့ရှေ့က လူကတော့ထူးဆန်းနေသည်။ ဒီလိုကိစ္စရပ်မျိုးက လီချင်းအတွက်တော့ အိပ်မက်ထဲမှာသာ ထည့်မက်နိုင်သည့် အခြေအနေမျိုးဖြစ်သည်!

''ဒီဂိုဏ်းရဲ့နာမတော်က ရှန်ရှန့်ကျုံလို့ခေါ်တယ်။ ဒီဂိုဏ်းရဲ့အမည်နာမအတိုင်းပဲ မင်းသာဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ဂိုဏ်းကမင်းကိုအဆက်မပြတ်ပံ့ပိုးပေးပြီး၊ မင်းဟာလည်း နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မယ်! ''လီချင်း၏စကားကိုကြားတော့ ဝမ်ဖုန်းသည် ရုတ်ချည်းစိတ်လှုပ်ရှားလာပြီး အပြုံးတစ်ပွင့်နှင့်ပြောလိုက်ပါသည်။

(ရှန်ရှန့်ကျုံက အသွင်ပြောင်းလဲခြင်း။ထာဝရရှင်သန်သူလို့အဓိပ္ပါယ်ရပါတယ်)

''တကယ်ကြီလား?''

လီချင်းသည် ဝမ်ဖုန်းကို သံသယမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။သူသည် သာမန်လူတစ်ယောက်သာဖြစ်သော်လည်း ကျင့်ကြံရေးက မလွယ်ကူးဘူးဆိုတာကို သိပါသည်။သူကတော့ ဘယ်လိုတောင် လွယ်လွယ်ကလေးပြောရက်ရတာလဲ!?

''ဒါက တကယ့်အမှန်ပဲ။မင်းသာ နတ်ဘုရားတစ်ပါးဖြစ်မလာဘူးဆိုရင် ဒီဂိုဏ်းက မင်းပိုက်ဆံတွေကိုနှစ်ဆပြန်လျော်မယ်။ ဂိုဏ်းကလည်း ထွက်ခွာခွင့်ပေးပြီး နောက်တစ်ဂိုဏ်းရှာခွင့်ပေးမယ်။ ဘယ်လိုလဲ?'' ဝမ်ဖုန်းက သူ့ရင်ဘက်ကို သူပုတ်ကာ စစ်မှန်သောအပြုံးဖြင့် မေးလိုက်သည်။

''ဒါဆိုကောင်းပြီ!''

ဝမ်ဖုန်း၏စကားကိုကြားတော့ လီချင်းသည်သူ့မှာဆုံးရှုံးစရာ ဘာမှမရှိဘူးလို့ ခံစားလိုက်ရသည်။ဒါကြောင့် သူ ဒီအမတဂိုဏ်းကို စမ်းဝင်ကြည့်သင့်သည်!

''ဒင်! ပထမဆုံးဂိုဏ်းသားတစ်ယောက်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အသန်မာဆုံးဂိုဏ်းတော်ကြီး စနစ်စတင်သက်ဝင်ပါပြီ။ ဆင့်ခေါ်ခွင့်တစ်ကြိမ်နှင့် ထီလက်မှတ်တစ်စောင်ရရှိပါသည်!''

လီချင်း၏စကားဆုံးသည်နှင့် ဝမ်ဖုန်း၏စိတ်သန္တာန်အတွင်းတွင် အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။အနှီအေးတိအေးစက်အသံက ဝမ်ဖုန်း၏စိတ်ထဲက ဧရာမဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချနိုင်စေခဲ့သည်။

အနှီအရူးစနစ်က သူ့ကိုဒီကမ္ဘာကြီးထဲ ခေါ်သွင်းလာခဲ့ခြင်းဖြစ်သည်။ သူ့ကို ပြိုင်ဘက်ကင်း ကျင့်ကြံရေးအစွမ်းတွေမပေးရင်လည်းထားပါတော့။ ဒါပေမယ့် ဒီစနစ်ကတော့သူ့ကို အချိန်သုံးရက်သာပေးပြီး စနစ်ကိုအသက်သွင်းဖို့ ဂိုဏ်းသားတစ်ယောက် ရှာဖွေခိုင်းနေသည်။သုံးရက်ပြည့်လို့မှ ဂိုဏ်းသားမရရင် ၎င်းစနစ်ကြီးက အလိုအလျောက်ပျက်စီးသွားပါ့မယ်တဲ့!

ဒီဝက်ပုပ်ကောင်သာ အရမ်းတုံးနေလို့မဟုတ်ရင် သူ အောင်တောင်အောင်မြင်ပါ့မလားမသိဘူး။

ဝမ်ဖုန်း၏ရင်ထဲတွင် အမြစ်တွယ်နေသော အကြောက်တရားအချို့ရှိနေသေးသည်။ဒီအလွယ်တကူ ပျက်စီးသွားနိုင်သည့်အရူးစနစ်က ရွှေလက်ချောင်းတစ်ချောင်းမှာ ပိုင်ဆိုင်သင့်သည့် အရည်အသွေးမျိုးလည်းမရှိပါပေ။

''ဂိုဏ်းချုပ်။ဒီမှာပါ။ ဒါက ကျုပ်ရဲ့ပိုင်ဆိုင်မှုအကုန်ပဲ!'' လီချင်းက စိတ်ပျက်လက်ပျက် ပြောလိုက်ရင်း ခပ်တင်းတင်းပိုက်ထားသော အိတ်ကလေးကို ဝမ်ဖုန်းအား မပေးချင် ပေးချင်နှင့် ပေးလိုက်သည်။

''ကောင်းပြီ။စိတ်မပူပါနဲ့။ ဒီဂိုဏ်းက မင်းကို ဒီကမ္ဘာပေါ်မှာ အတောက်ပဆုံးပါရမီရှင်တစ်ယောက်ဖြစ်လာအောင် သေချာပေါက်ပျိုးထောင်ပေးမှာပါ! ''ဝမ်ဖုန်းက လီချင်း၏အိတ်ကို အပြုံးတစ်ပွင့်ဖြင့်လက်ခံလိုက်ကာ ညင်ညင်သာသာပြောလိုက်သည်။

''ဒါဆို....ဂိုဏ်းချုပ် ကျုပ်တို့ဂိုဏ်းက ဘယ်မှာရှိတာလဲဟင်?'' လီချင်းသည် မျှော်လင့်ချက်အပြည့်ဖြင့်မေးလိုက်သည်။အာ...ကျင့်ကြံရေးဂိုဏ်းကြီး။ သူ ကျင့်ကြံရေးဂိုဏ်းကြီးကို ဒီလောက်လွယ်လွယ်နဲ့ ဝင်ခွင့်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!

ရှန်းလန်တိုက်ကြီးတွင် ကျင့်ကြံသူများစွာရှိနေသော်လည်း အရေအတွက်အားဖြင့် သေမျိုးများထက် အဆမတန်နည်းပါးပါ၏။ သေမျိုးတိုင်းဟာ ကျင့်ကြံသူတစ်ယောက်ဖြစ်လိုသော စိတ်ဆန္ဒ ရှိကြပါ၏။သို့သော် ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ဆိုတာက အဘယ်မှာလွယ်ကူအံ့နည်း? ဒီလိုမှမဟုတ်ရင် လီချင်းသည်လည်း ပိုင်ဆိုင်သမျှအားလုံးကိုထုတ်ပိုး၍ မဟာတာအိုကိုရှာဖွေရန် ရှင်းယောင်တောင်တန်းထဲ ခရီးထွက်လာခဲ့မှာမဟုတ်ပါ။

''ဒီအရှင်နဲ့လိုက်ခဲ့!''

ဝမ်ဖုန်းက လက်ကိုဝှေ့ရမ်း၍ ကျယ်လောင်စွာပြောလိုက်ပြီး တောင်ကြားလေးထဲလှည့်ဝင်သွားတော့သည်။ဤသည်ကိုမြင်တော့ လီချင်းလည်း လျင်မြန်စွာလိုက်ပါသွားခဲ့လေသည်။

''ဂိုဏ်းချုပ်၊ဒါက ကျုပ်တို့ဂိုဏ်းရဲ့တည်နေရာလား?'' လီချင်းသည် သူ့ရှေ့က သက်ကယ်အိမ်လေးကို မျက်လုံးကြီးပြူးကြည့်ကာ မေးလိုက်သည်။သူ ဆွံအသွားသည်။သူလိမ်ခံလိုက်ရသလို ခံစားနေရတယ်နော်။ ဟင့်အင်း မဟုတ်ဘူး။သူတကယ်ပဲ အလိမ်ခံလိုက်ရတာ!

လီချင်း၏တအံတသြ အော်ပြောသံကိုကြားတော့ ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။သူ ဒီကမ္ဘာကိုရောက်တာတစ်ရက်ပဲရှိသေးသလို စနစ်၏ဂိုဏ်းသားလက်ခံဖို့ တွန်းအားပေးခြင်းကိုလည်း ခံခဲ့ရသည်။ငါ့ဂိုဏ်းရဲ့တည်ရှိမှုကိုပြဖို့ ငါလည်းသက်ကယ်မိုးအိမ်ပဲ ဆောက်နိုင်သေးတယ်ကွ!

ဒီရက်တွေထဲမှာ ရှင်းယောင်တောင်တန်းထဲလာရောက်သည့် သေမျိုးများစွာနှင့် သူဆုံခဲ့ရပါသေးသည်။သို့သော်လည်း လူတော်တော်များများက ဂိုဏ်းနေရာကို တွေ့တာနှင့်တပြိုင်နက် ပေးထားသမျှပိုက်ဆံအားလုံးပြန်ယူပြီး တချိုးတည်းလှည့်ပြေးတော့သည်။ လီချင်းကတော့ ဒီလိုသက်ကယ်အိမ်ကိုမြင်တာတောင် ချက်ချင်းလှည့်ထွက်မပြေးတဲ့ ပထမဆုံးလူပဲ!

''ဒါက သစ်တောထဲမှာ ဖုံးကွယ်ထားတာပဲ။ဖက်တီး။ အပေါ်ယံကိုပဲ မကြည့်နဲ့ကွ!'' ဝမ်ဖုန်းက လက်နှစ်ဖက်ကိုနောက်ပစ်လျက် မပြောင်းလဲသောအမူအရာဖြင့် ခပ်တည်တည်ပြောဆိုလိုက်သည်။

''ဒီဂိုဏ်းကမင်းကို ကျင့်ကြံရေးသင်ပေးနိုင်ရင် တော်ပြီပေါ့။ဘယ်လိုနေရာမှာ နေလဲဆိုတာကို ဘာလို့ဂရုစိုက်နေဦးမှာလဲ?''

''ဟုတ်ကဲ့! ကျုပ် ဂိုဏ်းချုပ်ကြီးကို ယုံပါတယ်!'' ဝမ်ဖုန်း၏စကားများကိုကြားတော့ လီချင်းကတုံးအအ အမူအရာလေးဖြင့် ခေါင်းညိမ့်ထောက်ခံလိုက်သည်။

သေစမ်း။ဝတဲ့လူတွေက တကာ်ပဲအရူးလုပ်ဖို့ လွယ်သဟ!

လီချင်းယုံသွားတာကိုမြင်တော့ ဝမ်ဖုန်းသည် အနည်းငယ် စိတ်မကောင်းသလိုခံစားလိုက်ရသည်။သူကိုယ်တိုင်ကလည်း သေမျိုးတစ်ယောက်သာ ဖြစ်နေသေးသည်။သူတောင် ဘယ်လိုကျင့်ကြံရမလဲမသိတာ ဘယ်လိုသင်ပေးရမတုန်း?

''ရှင်းယောင်တောင်တန်းကိုလာရတာ မင်းအတွက်လည်း လွယ်မှာမဟုတ်ဘူး။သွားသွား အနားယူချေဦး။'' ဝမ်ဖုန်းသည် လီချင်းကိုအရူးလုပ်ရတာ စိတ်မကောင်းဖြစ်လာတာကြောင့် သူ့လက်ကိုဝှေ့ရမ်းရင်း ပြောလိုက်သည်။

''ဟုတ်ကဲ့ပါ၊ဂိုဏ်းချုပ်!''

''စနစ်။ဂိုဏ်းရဲ့ စွမ်းရည်ဇယားကိုဆင့်ခေါ်မယ်!'' လီချင်း၏ကျောပြင်ကို စိုက်ကြည့်ရင်း ဝမ်ဖုန်းက တိတ်တဆိတ်ပြောလိုက်သည်။

''ဒင်... ပိုင်ဆိုင်မှုဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

ပိုင်ရှင်: ဝမ်ဖုန်း။

ပြန်လည်ပြင်ဆင်မှု: မရှိ။

ရုပ်ခန္ဓာ :မရှိ။

သွေးမျိုးဆက်: မရှိ။

ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ပါ: ရှန်းရှန့်ကျုံ။

ဂိုဏ်းသား: လီချင်း! ''

စွမ်းရည်ဇယားကိုကြည့်ရင်း ဝမ်ဖုန်းသည် မရှိဆိုသည့် နေရာသုံးခုကိုတွေ့လိုက်ရသည်။ ဘာမှမရှိဘဲနဲ့ သူ့ကိုယ်သူ တည်ထောင်သူဘိုးဘေးလို့ ဘယ်လိုခေါ်ရမလဲဟင်?

''ဒင်~ တာဝန်အောင်မြင်သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ဂိုဏ်းသားဆယ်ယောက် စုဆောင်းပြီးရင် သင်ဟာ ဆင့်ခေါ်ခွင့်ငါးကြိမ်နဲ့ထီလက်မှတ်ငါးဆောင် ရရှိမှာဖြစ်ပါတယ်!''

အေးစက်စက်အသံကိုကြားတော့ ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားသည်။သူ တုံ့ဆိုင်းသွားပါသည်။ဂိုဏ်းသားတစ်ယောက်တောင် မနည်းရအောင်ခေါ်ခဲ့ရတာ။ဆယ်ယောက်ဆိုရင် ဘယ်နှနှစ် ဘယ်နှလကြာမှာလဲကွာ?

''ဒါနဲ့စနစ်ရေ။ဆင့်ခေါ်ခွင့်တွေနဲ့ ထီလက်မှတ်တွေက ဘာလုပ်ရတာလဲကွ?'' ဂိုဏ်းသားတစ်ယောက် လက်ခံလို့ရခဲ့သည့် ဆုလာဒ်များကိုတွေးမိသွားရင်း ဝမ်ဖုန်းက မေးလိုက်ပါသည်။

ဒီ့မတိုင်ခင်က စနစ်စတင်ပေါ်ပေါက်လာခဲ့သော်လည်း ထိုပစ္စည်းတွေရဲ့လုပ်ဆောင်မှုကို မပြောပြခဲ့ပါ။ယင်းက သူ့ကို ဂိုဏ်းတစ်ခုတည်ထောင်ဖို့နှင့် စနစ်ကိုသက်ဝင်စေဖို့ ဂိုဏ်းသားတစ်ယောက်လက်ခံဖို့သာ ပြောခဲ့သည်။

''ဆင့်ခေါ်ခြင်း အခွင့်အလမ်း: သင်ဟာ ကောင်းကင်ဘုံရဲ့ စွမ်းအားရှင်များကို ဆင့်ခေါ်နိုင်ပါတယ်။ သူတို့ဟာ ပိုင်ရှင်တည်ထောင်ထားတဲ့ဂိုဏ်းရဲ့ လူတွေဖြစ်လာမှာဖြစ်ပြီး ဂိုဏ်းသားတွေကို သင်ကြားပေးဖို့ ပိုင်ရှင်ကို ကူညီပေးပါလိမ့်မယ်! ထီလက်မှတ်တစ်စောင်ကတော့ ပိုင်ရှင်ကို ထီကံစမ်းခွင့်တစ်ကြိမ် ရစေပါတယ်။သင်သာ ထီဆုတစ်ခုပေါက်သွားရင် ဂိုဏ်းသားတွေအပေါ် အသုံးပြုပေးလို့ရသလို ပိုင်ရှင်ကိုယ်တိုင်လည်း သုံးနိုင်ပါတယ်!''

''စွမ်းအားကြီးလိုက်တာကွာ!''

ဝမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။သူ့မျက်နှာတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး၊ ခန္ဓာကိုယ်ဟာလည်း တဆတ်ဆတ်တုန်နေခဲ့သည်။

ကောင်းလိုက်တာ။ ဆင့်ခေါ်လိုက်တဲ့ စွမ်းအားရှင်တွေကသာ အရမ်းသန်မာနေရင်။ထီဆုကသာ သွေးမျိုးဆက်တစ်ခုပေါက်သွားခဲ့ရင်...ကိုယ်ကိုယ်တိုင်လည်း သုံးနိုင်သလို ဂိုဏ်းသားတွေကိုလည်း လေ့ကျင့်ပေးနိုင်တယ်။ဒါက တကယ့်ကို အံ့အားသင့်စရာကြီးပါလား!?

''စနစ်ရေ။ မြန်မြန် ဒီပိုင်ရှင်အတွက် ဆင့်ခေါ်ပေးပါတော့။ ပြိုင်ဘက်ကင်း သန်မာတဲ့လူတစ်ယောက်ကို ဆင့်ခေါ်ပေးရင်တော့အကောင်းဆုံးပေါ့ကွာ! '' ဝမ်ဖုန်းသည် စိတ်မရှည်စွာပြောလိုက်သည်။သူသည် လက်သီးလက်မောင်းတန်းကာ ပြောဆိုနေပါသည်။

ရှင်းယောင်တောင်တန်းကြီးထဲ ရောက်စက သူဘယ်လောက်တောင် ကြောက်လန့်နေခဲ့သလဲဆိုတာ ဘုရားရှင်သာ သိပါလိမ့်မည်။ဒီနေရာက ရှင်းယောင်တောင်တန်းနယ်မြေရဲ့ အစွန်အဖျားဖြစ်နေလို့သာ မဟုတ်ရင်၊နတ်ဆိုးသားရဲတွေလည်း အများကြီးရှိမနေလို့သာ မဟုတ်ခဲ့ရင် သူဟာလည်း ဒီအချိန်ထိအသက်ရှင်နိုင်ခဲ့မှာ မဟုတ်ပါ။

သူ့ရဲ့သေမျိုးခန္ဓာလေးနှင့်ဆိုလျှင် အားအနည်းဆုံးနတ်ဆိုးသားရဲနဲ့တွေ့ရင်တောင် စားနပ်ရိက္ခာဖြစ်သွားမှာ သေချာနေပေသည်။

အခုတော့ နောက်ဆုံးမှာ ငါဟာ ဂိုဏ်းသားတစ်ယောက်လဲရခဲ့ပြီ။ အဲ့ဂိုဏ်းသားကလည်း..အရမ်း...အဲအဲ အရမ်းဥာဏ်ကောင်းတယ်! အခု ငါတို့ကို ကူညီပေးဖို့ စွမ်းအားရှင်တစ်ယောက်ယောက်ကို ဆင့်ခေါ်လိုက်ပါဦး!

''ဒင်။ ပိုင်ယွင်မြို့သခင် ယဲ့ကူချန်ကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။သူ့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးချင်ပါသလား?''

''စစ်လိုက်။စစ်လိုက်!'' ဝမ်ဖုန်းက လျင်မြန်စွာပြောလိုက်သည်။ သူ့မျက်လုံးများအတွင်း မျှော်လင့်ချက်တို့ ပြည့်လျှံနေပါ၏။ယဲ့ကူချန်လို ခန်းဒိုမာစတာတစ်ယောက်ကို သူမသိစရာလား? သူ့ကို ဆင့်ခေါ်မိတဲ့အထိအောင် ကံကောင်းလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး!

သို့သော်လည်း ဝမ်ဖုန်းသည် ယဲ့ကူချန်ဘယ်လောက်သန်မာသလဲ မသိပါပေ။ ဒီကမ္ဘာကြီးမှာ ဘယ်ကျင့်ကြံသူကိုမှ သူမမြင်ဖူးသေးပါ!

''ဒင်။ယဲ့ကူချန်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်:ယဲ့ကူချန်။

ကျင့်ကြံမှု: တော်ဝင်မင်းသားအဆင့်၏ အထွတ်အထိပ်။

အထူးကျွမ်းကျင်မှု: ကောင်းကင်ယံအပြင်ဘက် ပျံသန်းနေသော အမတအရှင်။(အထွတ်အထိပ် ကောင်းကင်)။

ရွှမ်ပင်:ဖေးဟုန်။( အထွတ်အထိပ်ကောင်းကင်)

သစ္စာစောင့်တည်မှု - သစ္စာဖောက်နိုင်ချေများပါတယ်။

''ကောင်းတယ်! ယဲ့ကူချန်ဆိုတဲ့ အတိုင်းပဲ!''ယဲ့ကူချန်၏ စွမ်းရည်ဇယားကိုကြည့်မိတော့ ဝမ်ဖုန်း၏စိတ်အခြေအနေကောင်းလာသည်။ တော်ဝင်မင်းသားအဆင့်ဆိုတာဘာမှန်း သူမသိသော်လည်း အနည်းဆုံးတော့ သူ့လိုသေမျိုးထက်တော့ ကောင်းပါသေးသည်။ ပြီးတော့ တော်ဝင်မင်းသားအဆင့်ဆိုတာကို မသိလည်းဘာဖြစ်တာမှတ်လို့။

''စနစ်။ယဲ့ကူချန်က ဘယ်မှာလဲ?'' ဝမ်ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း အားတက်သရောမေးလိုက်သည်။

''ယဲ့ကူချန် ချက်ချင်းရောက်လာပါမယ်! ပိုင်ရှင်ကို သတိပေးပါတယ်။ ပိုင်ရှင်နဲ့ဆင့်ခေါ်ခံစွမ်းအားရှင်များကြားမှာ သာမန်ဆက်ဆံရေးသာရှိပါတယ်။သာမန်အခြေအနေတွေအောက်မှာ သူတို့က ပိုင်ရှင်နဲ့ဂိုဏ်းကို သစ္စာဖောက်မှာမဟုတ်ပါဘူး။ဒါပေမယ့် ပိုင်ရှင်ကသူတို့ရဲ့ ကိုယ်ပိုင်ကိုယ်ကျင့်တရားသတ်မှတ်ချက်၊ခံယူချက်တွေနဲ့ မကိုက်ညီတဲ့ကိစ္စရပ်တွေကို အတင်းအကြပ်ခိုင်းစေမယ်ဆိုရင်တော့ ပိုင်ရှင်ကို သစ္စာဖောက်နိုင်ခြေများပါတယ်။ ပိုင်ရှင်ဂရုတစိုက်ကိုင်တွယ်ဖို့ မျှော်လင့်ပါတယ်!''

''ဆင့်ခေါ်ခံတိုင်းဟာ သက်ရှိများဖြစ်ပါတယ်။ပိုင်ရှင်အနေနဲ့ ကျေးဇူးပြုပြီး ကြင်ကြင်နာနာဆက်ဆံပေးပါ!''

''ပေါက်ကရတွေပြောမနေနဲ့။ ငါ့လို ကိုယ်ကျင့်တရားကောင်းတဲ့လူငယ်လေးတစ်ယောက်က အတင်းအကြပ်မခိုင်းပါဘူးကွ။ပြီးတော့ ငါ့ခန္ဓာကိုယ်သေးသေးလေးနဲ့ ယဲ့ကူချန်မလုပ်ချင်တဲ့ကိစ္စတွေကို အတင်းခိုင်းလို့ရမယ်လို့ မင်းထင်နေတာလားကွာ? ''ဝမ်ဖုန်းက မျက်လုံးလှိမ့်လိုက်ကာ ကြောင်အနေသောမျက်နှာဘေးဖြင့် ပြောလိုက်သည်။သူက အရူးမဟုတ်ပါဘူး!

All Chapters