← Chapters

ချန်လင်ဟို အိမ်တော်၏သခင်ငယ်လေး။

Vol. 1 Ch. 3

ချန်လင်ဟို အိမ်တော်၏သခင်ငယ်လေး။

Vol. 1 Ch. 3

''စနစ်ရေ။ကမ္ဘာငယ်လေးထဲက ဂိုဏ်းဌာနဆိုတာဘာလဲကွ? မင်းငါ့ကို ဂိုဏ်းတစ်ခုပေးတော့မှာများလား?'' ဝမ်ဖုန်းက တိုးညင်းစွာမေးလိုက်သည်။

''အမှန်ပါပဲ၊ပိုင်ရှင်။ ဂိုဏ်းဌာနမှာ ဂိုဏ်းအတွက်လိုအပ်တဲ့အဆောက်အအုံ ပါရှိပါတယ်။အဲ့ဒါက စနစ်ပြုလုပ်ပေးထားတဲ့ ကမ္ဘာငယ်လေးထဲမှာတည်ရှိတာပါ။ ကမ္ဘာငယ်လေးကို ရှန်းလန်တိုက်ကြီးနဲ့ချိတ်ဆက်ပေးနေပါပြီ။ ကျေးဇူးပြုပြီးရွေးချယ်ပေးပါ။ ကမ္ဘာငယ်လေးရဲ့မုခ်ဝကိုရွေးချယ်ပေးပါ။''

ကြားလိုက်ရသည့်စကားကြောင့် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၏။စနစ်ဆိုတဲ့အတိုင်းပါပဲ။တကယ့်ကို မိမိုက်နေတာပဲ။သူ့ဂိုဏ်းနေရာက စုတ်ပြတ်နေလို့ သူစိုးရိမ်နေခဲ့တာ။ခုတော့ စနစ်ကဂိုဏ်းဌာနတစ်ခုပို့လိုက်ပြီတဲ့ကွ!

''ကောင်းပြီ။အဲ့ဒါကို သက်ကယ်အိမ်လေးနဲ့ချိတ်ဆက်လိုက်ပါ!'' ဝမ်ဖုန်းက မေးစေ့လေးကိုပွတ်သပ်ကာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

ဒီသက်ကယ်အိမ်လေးကို သူကိုယ်တိုင်တည်ဆောက်ထားတာ ဖြစ်သည်။ဒီအိမ်လေးက စုတ်ပြတ်သတ်နေပေမယ့် ဒီကမ္ဘာကိုဘာမှန်းမသိရောက်လာရသည့် ဝမ်ဖုန်း၏စိတ်ခံစားချက်လေးများနှင့် ဆက်စပ်နေပါသည်။ဒါ့အပြင် အနှီသက်ကယ်အိမ်လေးမှာ ရိုးရှင်းပြီး၊အပိုစာသားမပါ။ သူ၏နှိမ့်နှိမ့်ချချနေတတ်သော စရိုက်နှင့်လည်း ကိုက်ညီနေ၏။

ဂိုဏ်းဌာန ဝင်ပေါက်ကို သတ်မှတ်ပြီးနောက်ဝမ်ဖုန်းက ဖေးဝူဘက်ကိုလှည့်ကာ မေးလိုက်သည်။

''ခု မင်းရဲ့ကိစ္စကို ပြောပြပါဦး။''

အခုအချိန်မှာ ဖေးဝူက သူ့အမတဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ဖြစ်လာပေပြီ။ထို့အတွက်ကြောင့် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူသည် သူမ၏အခက်အခဲများကို ဂရုစိုက်ပေးရပေမည်။ ဒီလိုမှမဟုတ်ရင် ဂိုဏ်းသားများ သွေးအေးသွားနိုင်သည်။

''ဟုတ်ကဲ့။ဂိုဏ်းချုပ်'' ဒါကိုကြားတော့ ဖေးဝူက ဝမ်ဖုန်းကို ရိုရိုသေသေဦးညွှတ်လိုက်ပြီး အံ့ကိုတင်းတင်ကြိတ်ကာ ဒေါသတကြီး စကားဆိုလိုက်သည်။

''ဒီတပည့်နာမည်က လင်းဖေးဝူပါ။ကျွန်မက ယောင်ရီအင်ပါယာ၊ယောင်ဖုန်းမြို့တော်က လင်းမိသားစုရဲ့ အငယ်ဆုံး သခင်မလေးပါ။ ကျွန်မအပြင်ထွက်လည်နေတုန်း ယောင်ရီအင်ပါယာ ချန်လင်ဟိုအိမ်တော်ရဲ့ မြို့စားငယ် လင်ယွင်ရီနဲ့တွေ့ခဲ့ရပါတယ်။ မြို့စားငယ် လင်ယွင်ရီက ငယ်ရွယ်ချောမောတဲ့အမျိုးကောင်းသားတစ်ယောက် ဖြစ်လိမ့်မယ်လို့ကျွန်မ ထင်ခဲ့တာ။ဒါပေမယ့် သူက ကျွန်မရဲ့အလှအပကိုမက်မောပြီး မတော်တရော်လုပ်ဖို့ကြိုးစားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါကြောင့်မလို့ သူ့လက်ကလွတ်အောင် ကျွန်မကြိုးစားပြေးခဲ့ရပါတယ်!''

''အိမ်ပြန်ရောက်တော့ ဒီကိစ္စပြီးသွားပြီလို့ထင်ခဲ့ပေမယ့် နောက်တစ်ရက်မှာ လင်ယွင်ရီက ချန်လင်ဟို အိမ်တော်ကလူတွေကိုခေါ်ပြီး ကျွန်မတို့လင်းအိမ်တော်ဆီရောက်လာခဲ့ပါတယ်။ဒီတပည့်က သူတို့ရဲ့စကားကို မလိုက်နာလိုတာကြောင့် ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ ကျွန်မအဖေက ကျွန်မကို ကာကွယ်ပေးခဲ့တာကြောင့် ကျွန်မလွတ်မြောက်လာခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ တပည့်မလွတ်မြောက်နိုင်တော့မှာကို စိုးရိမ်မိပါတယ်။ ခုချိန်ထိ လင်ယွင်ရီရဲ့လူတွေက တပည့်ကိုဖမ်းဖို့ မိုင်ထောင်နဲ့ချီ လိုက်နေကြတုန်းပါ!''

''ဒါ့အပြင် လင်းအိမ်တော်ရဲ့ လူရာချီကလည်း တစ်ယောက်မှ မရှင်သန်နိုင်ခဲ့ပါဘူး။ဒီတပည့်က ဂိုဏ်းချုပ်ကို လက်စားချေပေးဖို့မတောင်းဆိုပါဘူး။ ဂိုဏ်းချုပ်က တပည့်ကို ဒီလူယုတ်မာတွေလက်က ကာကွယ်ပေးဖို့ပဲမျှော်လင့်ပါတယ်။ တတ်နိုင်ရင် အနာဂတ်မှာ ဒီတပည့်က သွေးကြွေးကို ကိုယ်တိုင် လက်စားချေမှာပါ!''

''မစိုးရိမ်ပါနဲ့။မင်းက ငါ့အမတဂိုဏ်းရဲ့ဂိုဏ်းသားဖြစ်နေပြီပဲ။ ဒီဂိုဏ်းတည်ရှိနေသေးသရွေ့၊ ဘယ်သူကမှ မင်းကိုခေါ်မသွားနိုင်ပါဘူး။'' ဝမ်ဖုန်း၏အသံက သိမ်မွေ့သော်လည်း တစ်ချိန်တည်းမှာပဲ တင်းမာနေ၏။

အခုချိန်မှာ ဝမ်ဖုန်း၏နှလုံးသားတစ်ခုလုံး ဒေါသများဖြင့်ပြည့်နေလေပြီ။ ဒီလိုကျင့်ကြံရေးလောကကြီးမှာ အဲ့လိုထင်ရာစိုင်း လုပ်တတ်သည့် ဆန်ကုန်မြေလေးကောင်များ ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့။ ချန်လင်ဟိုအိမ်တော်ရဲ့ သခင်လေးဆိုသော လင်ယွင်ရီကတော့ ဝမ်ဖုန်း၏နှလုံးသားထဲတွင် သေလူဖြစ်နေပေပြီ!

သူသိသည်။ကျင့်ကြံရေးလောကကြီးသည် ရက်စက်မှုများပြည့်နှက်နေပြီး သန်မာသူက အားနည်းသူကို အနိုင်ကျင့်ကြ၏။ သူမသာ သူ့ကိုမတွေ့ခဲ့ဘူးဆိုလျှင် သူသည်လည်း သူတစ်ပါးကိစ္စ ဝင်ရှုပ်မှာမဟုတ်ပါ။သို့သော်လည်း သူမသည် သူဆိုသည့်ဝမ်ဖုန်းနှင့်ဆုံခဲ့ရရုံသာမက သူ့ဂိုဏ်း၏ဂိုဏ်းသားတစ်ယောက်တောင် ဖြစ်လာပေပြီ။ ထို့ကြောင့် သူဝင်မပါဘဲ နေလို့မရတော့ပါ။ဒီလိုမှမဟုတ်ရင် သူ ဘယ်လိုမျက်နှာနဲ့ ဂိုဏ်းသခင်ဆက်လုပ်ရတော့မလဲ?

ယခင်ကတော့ သေမျိုးတစ်ယောက်အနေနှင့် သူ ဘာမှမစွမ်းဆောင်နိုင်ခဲ့။ အခုတော့ သူ့မှာစနစ်ရှိနေပြီဖြစ်သည်။သူသည် နှိမ့်နှိမ့်ချချ နေဖို့ဆန္ဒရှိသော်လည်း ယင်းဆန္ဒဆိုသည်ကလည်း အခြေအနေနှင့်အချိန်အခါပေါ် မူတည်ပါ၏။

ဝမ်ဖုန်း၏စကားကိုကြားတော့ လင်းဖေးဝူသည် သက်ပြင်းပုန်းချလိုက်မိသည်။ချန်လင်မြို့စားငယ် ဆိုသည့်စကားကိုကြားပြီး ဝမ်ဖုန်းကြောက်လန့်သွားမှာကို အစက သူမစိုးရိမ်နေခဲ့မိသည်။ အခုတော့ ဝမ်ဖုန်း၏သဘောထားကြောင့် သူမ စိတ်အေးသွားပေပြီ။

သို့သော်လည်း လင်းဖေးဝူ မသိခဲ့သည့်အချက်ကတော့ သူမပြောခဲ့သည့် ယောင်ရီအင်ပါယာ၊ချန်လင်မြို့စားငယ်ဆိုတာကို ဝမ်ဖုန်းက ဘာမှန်းတောင် မသိဘူးဆိုတာပင်။

''ဟားဟား ဟား ဟား ဟား!''

မကြာမီတွင် လေပြင်းတိုက်သံများကို ကြားလိုက်ကြရပြီး တစ်ဆက်တည်းမှာပဲ အားရပါးရရယ်လိုက်သံကိုလည်း ကြားလိုက်ရသည်။

''ဖေးဝူ၊ ဒီအရှင်ရဲလက်က မင်းပြေးလွတ်မယ် ထင်နေတာလား? ဒီအရှင်နဲ့ပြန်လိုက်ခဲ့။ မင်းရဲ့အသက်ကို ညှာတာပေးမယ်!''

တစ်ဆက်တည်းမှာပဲ စွမ်းအားကြီး အရှိန်အဝါများထုတ်လွှတ်နေသော လူခုနှစ်ယောက်သည် တောင်ကြားလေးထဲ ဆင်းသက်လာကြသည်။လင်းဖေးဝူ၏ မျက်လုံးများကတော့ စိတ်ပျက်အားလျော့နေပါ၏။

''လင်ယွင်ရီ! ငါ အမတဂိုဏ်းတစ်ခုကို ဝင်ထားပြီပြီ။ဂိုဏ်းချုပ်ကလည်း နင့်အရှေ့မှာရှိတယ်! ဘယ်လိုလုပ် မောက်မာရဲရတာလဲ!?'' လင်းဖေးဝူက ရှေ့တစ်လှမ်းတိုးကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။သူမ၏မျက်ဝန်းများက အမုန်းတရားတို့ဖြင့် ပြည့်နေလေသည်!

ဒီလူ့ကြောင့်သာ မဟုတ်လျှင် သူမဟာ လင်းမိသားစု၏သခင်မလေးအဖြစ်သာ ဆက်ရှိနေဦးမှာဖြစ်သည်။သူမ အဖေအမေရဲ့ မျက်ရှုရတနာလေးအဖြစ် ရှိနေဦးမှာဖြစ်ပြီး ဒီအခြေအနေထိ အဘယ်ကြောင့် နိမ့်ကျသွားရမည်နည်း?

လင်းဖေးဝူ၏အော်ပြောသံကိုကြားတော့ လူခုနှစ်ယောက်သည် ဝမ်ဖုန်းတို့သုံးယောက် ရှိနေတာကို သတိထားမိသွားကြသည်။သူတို့ဟာ တစ်ချက်သာ ဝေ့ကြည့်လိုက်ကြပြီး အထင်အမြင်သေးသော မျက်လုံးများဖြင့်အကြည့်လွှဲသွားကြသည်။ ဝမ်ဖုန်းတို့သုံးယောက်သားတွင် ကျင့်ကြံသူတို့၏အရှိန်အဝါများ ရှိမနေပါပေ။

''မင်းက ရုပ်လဲချောသလို လှည့်လည်း လှည့်စားတတ်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီပုရွက်ဆိတ်လေး သုံးကောင်လောက်နဲ့ ငါ့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလားကွာ? မင်းငါ့ကို အထင်သေးနေတာလား?'' လက်ယွင်ရီက လှောင်ရယ်လိုက်သည်။

တခြားတစ်ယောက်သာဆိုလျှင်တော့ လင်းဖေးဝူကြောင်အသွားပေလိမ့်မည်။ဒါပေမယ့် သူက ဘယ်သူလဲ?သူက ချန်လင်ဟိုအိမ်တော်ရဲ့ မြို့စားငယ်လေးဖြစ်သည်။ယောင်ရီ အင်ပါယာတစ်ခုလုံးတွင် သူသည် ကောင်းကင်ကိုလက်တစ်ဖက်ဖြင့် ဖုံးအုပ်နိုင်စွမ်းရှိသူ၊အထွတ်အထိပ် တည်ရှိမှုကြီးတစ်ခုဖြစ်ပါသည်။

လင်ယွင်ရီသည် လူတိုင်းကို ထင်ရာစိုင်းရန်စခဲ့ခြင်းမဟုတ်ပါ။ သူ့လူများကို သေချာစူးစမ်းကြည့်ဖို့ အမိန့်ပေးပြီးသားဖြစ်သည်။အနှီလူသုံးယောက်တွင် ချီစွမ်းအင်အငွေ့အသက်များ ရှိမနေပါပေ။ထိုလူများက လင်းဖေးဝူဘယ်က ရှာလာမှန်းမသိသည့် သေမျိုးပုရွက်ဆိတ်များသာဖြစ်သည်!

''ဒီပုရွက်ဆိတ်သုံးကောင်ကို မင်းကြောင့်နဲ့ မသေစေချင်ဘူးဆိုရင် ဒီမြို့စားနဲ့ပြန်လိုက်လာပြီး ဖျေဖျော်ပေးစမ်း။မြို့စားက မင်းကို ကြင်ယာတော်အဖြစ် ချီးမြှောက်မှာပေါ့ကွာ။'' လင်ယွင်ရီက လင်းဖေးဝူကို ငုံ့ကြည့်လိုက်သည်။သူ့မျက်နှာဟာ ခက်ထန်နေပါ၏။

ဒါကိုမြင်တော့ လင်းဖေးဝူသည် ဝမ်ဖုန်းကိုမျှော်လင့်ချက် မျက်ဝန်းများဖြင့်လှည့်ကြည့်လိုက်သည်။သူမသည် ဝမ်ဖုန်းဘယ်လောက်သန်မာလဲဆိုတာကို မသိပါ။ဝမ်ဖုန်းက လင်ယွင်ရီကို တားရောတားနိုင်ပါ့မလား? ဘာပဲဖြစ်ဖြစ်၊လက်ရှိမှာ သူကသာ သူမရဲ့အားကိုးရာဖြစ်ပါသည်!

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ မတ်တပ်ရပ်နေသည်။သူ့မျက်ဝန်းများဟာ ဖက်မပြိုင်နိုင်အောင် နက်ရှိုင်းလှ၏။သူသည် စိုးစဥ်းမျှ မလှုပ်ရှားခဲ့ပါ။ဝမ်ဖုန်းသည် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့် စွမ်းအားကိုစမ်းသပ်ရန် ဒီကောင်တွေကို သူကိုယ်တိုင် ဖြေရှင်းလိုက်သင့်လား?ယဲ့ကူချန်ကိုပဲ လက်လွှဲလိုက်သင့်လား စဥ်းစားနေခြင်းဖြစ်ပါသည်။

ဒီလူခုနှစ်ယောက်လုံးဟာ ဆန်းကြယ်သောအကြီးအကဲအဆင့်ကို ရောက်ရှိပြီးဖြစ်ကြသည်။အသန်မာဆုံးလူကတော့ ဆန်းကြယ်သောအကြီးအကဲအဆင့်၏ အထွတ်အထိပ်တွင်ရှိသည်။သူသည် မကြာသေးခင်ကမှ သေမျိုးခန္ဓာကိုယ်မှ စနစ်ကြောင့်အဆင့်တက်ထားခြင်း ဖြစ်သည်။ စနစ်က ဘေးထွက်ဆိုးကျိုးများ မရှိပါဘူးလို့အတိအပ ပြောထားသော်လည်း သူ့မှာ အတွေ့အကြုံလည်း မရှိပါ။ အဆင့်တက်ထားတာတောင် ငါ့ရဲ့ကျင့်ကြံရေးအစွမ်းကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးဘူး!

လင်းဖေးဝူနှင့်တခြားလူများသာ မရှိလျှင် ဝမ်ဖုန်းသည် ယဲ့ကူချန်ကို ဘေးဖယ်ခိုင်းထားပြီး ဒီလူခုနှစ်ယောက်နှင့် စိတ်လိုလက်ရ လေ့ကျင့်ရေးဆင်းမှာ ဖြစ်သည်။သို့သော် သူ ခုလေးတင် လက်ခံထားသော ဂိုဏ်းသားနှစ်ယောက်က ဘေးမှာရပ်ကြည့်နေကြသည်။ သူက ဂိုဏ်းသခင်ကြီးဖြစ်သည်။သူသာ ဒီလိုပေါက်လွတ်ပဲစား ဓားပြသာသာကောင်များနှင့် ဖက်ပြိုင်တိုက်ခိုက်နေရင်....ဒါက အဓိပ္ပါယ်မမဲ့ပေဘူးလား?

ဝမ်ဖုန်းမလှုပ်မယှက် ရှိနေတာကြောင့် လင်ယွင်ရီသည် ဝမ်ဖုန်းတို့သုံးယောက်ဟာ လင်းဖေးဝူအမှတ်မတင်ရှာတွေ့ထားသော သေမျိုးပုရွက်ဆိတ်လေးများသာဖြစ်ကြောင်း ပိုမိုတွေးထင်သွား၏။

''ပုရွက်ဆိတ်လေး တချို့ပါလား။ထျန်းဝေ့ အကုန်လုံးကို သတ်ပြီးလင်းဖေးဝူကို ဖမ်းခေါ်လာခဲ့!'' လင်ယွင်ရီက အမူအရာမဲ့စွာ အမိန့်ပေးလိုက်သည်။သူ့စကားလုံးများဟာ သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးသွားပေပြီ။သူသည် လသ်းဖေးဝူနှင့် ကြောင်နှင့်ကြွက်လို ပြေးတိုင်းလိုက်တိုင်း ကစားရတာကိုငြီးငွေ့နေပေပြီ!

''အာမခံသင့်သူကို အာခံလိုက်မိတာကိုး! နောက်ဘဝမှာ မျက်လုံးအမြင်ကောင်းပြီး မှုန်ဝါးမနေဖို့ဆုတောင်းထား! ''လင်ယွင်ရီ၏နောက်ကျောမှာ မတ်တပ်ရပ်နေသော လူတစ်ယောက်က ချက်ချင်းရှေ့ကိုပြေးထွက်လာကာ ဝမ်ဖုန်းတို့ရှေ့၌ မတ်တပ်ရပ်လျက်ကြုံးဝါးလိုက်သည်။

''ဒီနေ့မှာ မင်းတို့အားလုံးကို စစ်မှန်တဲ့စွမ်းအားကို ပြမယ်ကွ!''

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ ပြင်းထန်သောအရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။မြေကြီးတောင် တုန်ခါသွားသယောင်။ သူ့ခန္ဓာကိုယ်သည် ရွေ့လျားသွားကာ ဝမ်ဖုန်း၏ရှေ့သို့ ရုတ်ချည်းရောက်သွားပြီး ငယ်ထိပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ဤရိုက်ချက်သာ ဝမ်ဖုန်းပေါ်ကျရောက်သွားပါက အသားများ အရိုးများ ကျိုးကျေကာ အသက်ဆုံးသွားနိုင်ပါ၏!

''ကူချန်!'' သူ့ရှေ့က ရန်သူ၏အရှိန်အဝါများ ပေါက်ကွဲထွက်လာတာမြင်သော်လည်း ဝမ်ဖုန်းကား တုပ်တုပ်မှမလှုပ်။သူသည် တိုက်ခိုက်လာသူကို မော့တောင် မကြည့်ခဲ့ပါ!

''ဝှစ်!''

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် ယဲ့ကူချန်လက်ထဲက ဓါးမှာ ရုတ်ချည်းတုန်ခါလာသည်။ယင်းနောက် ငွေရောင်အလင်းတစ်ချက် လက်သွားလေသည်။ ဤတောက်ပသော အလင်းတန်းဟာ စူးရှလွန်းတာကြောင့် လူတိုင်းသည်မျက်လုံးများ မှိတ်ချလိုက်ရသည်။

လင်ယွင်ရီနှင့်သူ့လူများ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူတို့သည် ဝမ်ဖုန်း၏ရှေ့မှာ မတ်တပ်ရပ်နေဆဲဖြစ်သော သူတို့၏လူကိုတွေ့လိုက်ရသည်။ ဝမ်ဖုန်းတို့အဖွဲ့ကလည်း ထူးမခြားနား ရှိနေဆဲသာ။လင်ယွင်ရီက မျက်မှောင်ကြီးကြုတ်ကာ အော်ငေါက်လိုက်သည်။

''မင်းဘာလုပ်နေတာလဲ! အဲ့ပုရွက်ဆိတ်ကို သတ်လိုက်တော့လေ!''

''ဘုန်း!''

လင်ယွင်ရီ၏အော်သံဆုံးသည်နှင့် လက်အောက်ငယ်သား၏ခန္ဓာကိုယ်မှာ တစ်စစီပြတ်ထွက်သွားသည်! သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြတ်ရှရာများမှာ သေသပ်လွန်းတာကြောင့် သွေးပင်တစ်စက်မှ မထွက်လိုက်ပါပေ။

''ဟား..''

သွေးပျက်ဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည့်အခါ လင်ယွင်ရီနှင့်သူ့လူများသည် အသက်ပြင်းပြင်းရှုမိလိုက်ကြသည်။သူတို့၏ ခြေထောက်များကတောင် တုန်ယင်နေပါ၏။

ဆန်းကြယ်သော အကြီးအကဲအဆင့် စွမ်းအားရှင်တစ်ယောက်ကို ဒီလောက်လွယ်လွယ်နဲ့ သတ်လိုက်တယ်!ဒီလိုနည်းလမ်းနဲ့? အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့်ကလူတောင် ဒီလို မသတ်နိုင်ဘူးမလား?

''ဖြစ်နိုင်တာက...တော်ဝင်မင်းသား....''လင်ယွင်ရီ၏နှဖူးပေါ်၌ ချွေးအေးများ စိုရွှဲလာသည်။သူ့တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေကာ သူသည် ဝမ်ဖုန်းကို ထိတ်လန့်တကြားကြည့်လိုက်သည်။

တော်ဝင်မင်းသားအဆင့်တစ်ယောက်ကသာ ဆန်းကြယ်သောအကြီးအကဲအဆင့်ကျင့်ကြံသူကို ခြေရာလက်ရာမကျန်ဘဲ လွယ်လင့်တကူ သတ်နိုင်သည်!ဒါပေမယ့် အဲ့တာက တော်ဝင်မင်းသားအဆင့်လေ? တောက်ပနေမင်းအင်ပါယာတစ်ခုလုံးမှာတောင်မှ တော်ဝင်မင်းသားများဟာ ပထမတန်းစားများဖြစ်ကြပါသည်! သူ့ဖခင် မြို့စား ချန်လင်တောင်မှ တော်ဝင်မင်းသားအဆင့်ပုဂ္ဂိုလ်ရှေ့၌ ဘာကောင်မှ မဟုတ်ပါ။

လက်ရှိအချိန်မှာ လင်ယွင်ရီသည် သူ့ပါးသူပြန်ရိုက်လိုက်ချင်ပါသည်။ သူ့ဖခင်တောင် တော်ဝင်မင်းသားအဆင့်ပုဂ္ဂိုလ်တစ်ယောက်ကို လွယ်လင့်တကူ ရန်မစဝံ့ပါချေ။တော်ဝင်မင်းသားအဆင့်က ကျင့်ကြံသူနဲ့ထိပ်တိုက်ရင်ဆိုင်မိရလောက်အောင် သူကံဆိုးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!

''လေးစားရပါသော ဒီကအကိုကြီးရယ်။ဒီညီလေးက မျက်လုံးပါပေမယ့် တိုင်တောင်ကြီးကို မမြင်လိုက်မိဘူး။ ကျွန်တော် အိမ်ပြန်ရောက်ရင် ကျွန်တော့်အဖေ၊ယောင်ရီအင်ပါယာက မြို့စားချန်လင်ကို အကိုကြီးအတွက် အဖိုးတန်လက်ဆောင်တွေ ပြင်ပေးခိုင်းလိုက်ပါ့မယ်!'' လင်ယွင်ရီသည် ကိုးဆယ်ဒီဂရီခါးကိုင်းလိုက်ကာ တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။

လင်ယွင်ရီ၏ပြောင်းလဲသွားသော ပုံစံက လင်းဖေးဝူနှင့်လီချင်းတို့ကိုတောင် ကြောင်အသွားစေခဲ့သည်! ခုနလေးတင် သူက အရမ်းကိုမောက်မာနေခဲ့တာလေ! ဒီလူက တကယ်တော့ သူရဲဘောကြောင်လှချည်လား?

လင်းဖေးဝူကတော့ လင်ယွင်ရီ၏သဘောထား အပြောင်းအလဲအပေါ် အနည်းငယ်သာ အံ့အားသင့်မိပါသည်။လင်ယွင်ရီ ဘာလို့ပြောင်းလဲသွားရသလဲဆိုတာကို သူမ နားလည်နိုင်ပါသည်။ အခုအချိန်မှာ သူမ၏စိတ်ထဲတွင် ပြင်းထန်သော လှိုင်းလုံးတစ်လုံး ဖြစ်ပေါ်လာချေပြီ။

သူမသည် နောက်ဆုံးမျှော်လင့်ချက်လေးကို ဝမ်ဖုန်းအပေါ်ထားခဲ့ပေမယ့် ဝမ်ဖုန်းတစ်ယောက် လင်ယွင်ရီလက်အောက်က ဆန်းကြယ်သောအကြီးအကဲအဆင့်လူတစ်ယောက်ကို ဒီလိုကြီး သတ်ပစ်နိုင်လိမ့်မယ်လို့ တွေးမထားခဲ့ရိုးအမှန်ပါ!

အဲ့ဒါက ဆန်းကြယ်သောအကြီးအကဲအဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်! ဆန်းကြယ်သောအကြီးအကဲအဆင့်သည် ယောင်ရီအင်ပါယာ၏မြို့တော်တွင် ဘာမှမဟုတ်သော်လည်း အင်ပါယာတစ်ခုလုံးတွင်တော့ အလယ်အလတ်အဆင့်ရှိပါသည်!

''ခွန်အားက စွမ်းအားမဟုတ်ပါဘူး။ သို့သော်ငြား စိတ်ကတော့ စွမ်းပကား။ မထင်ရှားတဲ့ဒီဂိုဏ်းရဲ့ အရှင်က ပုရွက်ဆိတ်တဲ့လား?'' ဝမ်ဖုန်း၏မျက်ဝန်းများသည် ပြောင်းလဲခြင်းမရှိသော်လည်း သူ့စကားလုံးများကတော့ ထက်ရှလှ၏။ထို့နောက် ဝမ်ဖုန်းသည် ယဲ့ကူချန်ကို လက်ဝှေ့ရမ်းပြလိုက်ပြီး အနှီလူများကို ဖြေရှင်းခိုင်းလိုက်ပါ၏။

All Chapters