← Chapters

အမတဂိုဏ်းကို ဝင်ခွင့်ရတာ နောင်တရစရာမရှိတော့ဘူး!

Vol. 1 Ch. 4

အမတဂိုဏ်းကို ဝင်ခွင့်ရတာ နောင်တရစရာမရှိတော့ဘူး!

Vol. 1 Ch. 4

လင်ယွင်ရီတစ်ယောက် တုန်လှုပ်သွားသည်။သူနှင့်သူ့လက်အောက်ငယ်သားများအားလုံးတို့သည် မကြုံစဖူးသော ဧရာမဖိအားကြီးကို ခံစားလိုက်ရချေသည်။သူတို့ရှေ့၌ မတုန်မလှုပ်မတ်တပ်ရပ်နေသော နှင်းဖြူရောင်ဝတ်ရုံရှည်နှင့် လူကိုငေးကြည့်ရင်း သူတို့သည်အတိုင်းအဆမဲ့သော ဖိအားများကိုခံစားနေရကာ အသက်ရှုဖို့တောင် မေ့လျော့နေကြတော့သည်။

''နေ..နေပါဦး။အကိုကြီးရယ်....ဒီညီငယ်လေးက အကိုကြီးကို ရန်စမိဖို့မရည်ရွယ်ခဲ့ပါဘူး။ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!''လင်ယွင်ရီသည် တကယ့်ကို ကြောက်လန့်နေပါပြီ။ ကြောက်စရာဖိအားကြီးက သူ့တစ်ကိုယ်လုံးကို တုန်ယင်လာစေသည်။သူ့ဘဝတစ်သက်တာလုံးတွင် ဤမျှလောက် ထိတ်လန့်စရာကောင်းသော အခြေအနေမျိုး မတွေ့ကြုံဖူးခဲ့ပါ။

အတိတ်မှာ သူ့အဖေ၏နာမည်ကို ထုတ်ပြောလိုက်တိုင်း သူအရာအားလုံးကို ထင်ရာစိုင်းလုပ်နိုင်ခဲ့သည်။ဒီတစ်ကြိမ်မှာတော့ အနှီပုဂ္ဂိုလ်၏ရှေ့တွင် သူ့ဖခင်၏ဂုဏ်သတင်းကလည်း အသုံးမဝင်တော့သယောင်။

''ဖေးဝူ၊ဒီကိုလာခဲ့။'' ဝမ်ဖုန်းက လင်ယွင်ရီကို ထူးမခြားနား ဝေ့ကြည့်လိုက်ကာ လျစ်လျူရှုလိုက်ပြီး၊ ဖေးဝူကို လက်ယက်ခေါ်လိုက်သည်။

''လင်ယွင်ရီက မင်းတို့လင်းမိသားစုကို ဖျက်စီးခဲ့တာဆိုတော့ ဒီကိစ္စကို မင်းကိုယ်တိုင်ကိုင်တွယ်သင့်တယ်။မင်းကိုယ်မင်း သန်မာလာအောင်အရင်ဆုံး ကြိုးစားရဦးမယ်။ဒီဂိုဏ်းက အနာဂတ်မှာ ချန်လင်ဟိုအိမ်တော်ဆီသွားပြီး၊ မင်းအတွက် တရားမျှတမှုရှာပေးမှာပါ။''

ဝမ်ဖုန်း၏စကားများကိုကြားတော့ လင်းဖေးဝူ၏မျက်လုံးများ နီရဲစိုစွတ်လာသည်။သူမ၏တစ်ကိုယ်လုံးမှာ ဆတ်ဆတ်တုန်နေပြီး သူမသည် လင်ယွင်ရီနှင့်သူ့လူများဘက် လှည့်ကြည့်လိုက်သည်။

သူမမိသားစုတစ်ခုလုံးကို သုတ်သင်ခဲ့သည့်ရန်ငြိုးမှာ သမုဒ္ဒရာတစ်မျှ နက်ရှိုင်းပါပေသည်။ဒီရန်ငြိုးကိုမှ လက်စားမချေနိုင်လျှင် သူမကိုယ်သူမ လင်းမိသားစု၏သခင်မလေးဟု သတ်မှတ်၍ရပါမည်လော?

လင်ယွင်ရီနှင့်အခြားလူများသည်တော့ ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည့်အခါ မျက်နှာများဖြူဖျော့သွားကြသည်။သူတို့၏ခန္ဓာကိုယ်များမှာလည်း တဆတ်ဆတ်တုန်လာကာ အကြောက်တရားများဖြင့်ပြည့်နှက်လာကြသည်။

ဤဖိအားမှာ အလွန်ပင်ပြင်းထန်လှချေသည်။

''လင်ယွင်ရီ၊ရှင်ဟာ ကျွန်မရဲ့လင်းမိသားစုကို ဖျက်စီးခဲ့တယ်။ဒီနေ့လိုနေ့မျိုးရောက်လာလိမ့်မယ်လို့ ရှင်တွေးမိခဲ့ဖူးလား?''

''ရှင်ဟာ ရှင့်ကိုယ်ရှင်အထင်ကြီး သွေးနားထင်ရောက်နေခဲ့တယ်။ ချန်လင်ဟိုအိမ်တော်ရဲ့မြို့စားငယ်ဆိုတဲ့ ရာထူးကိုအသုံးပြုပြီး ကောင်းကင်ကိုလက်တစ်ဖက်နဲ့ဖုံးကာနိုင်လိမ့်မယ်လို့ ရှင်ထင်နေခဲ့တယ်။ ဒီနေ့ရောက်လာမယ်ဆိုတာ ရှင်ကြိုတွေးဖူးလား?''

လင်းဖေးဝူသည် ဟစ်အော်ပြောလိုက်သည်။သူမ၏ မူလက ညင်သာသိမ်မွေ့သောလေသံလေးဟာ ယခုအခါမှာတော့ ပြင်းပြခက်ထန်နေ၏။သူမတစ်ကိုယ်လုံးမှလည်း ထိတ်လန့်ဖွယ်သတ်ဖြတ်ငွေ့များ ထွက်ပေါ်နေလေသည်။

လင်ယွင်ရီက သူမကို စနောက်နှိပ်စက်ချင်ခဲ့လို့သာမဟုတ်ရင် ဒီကနေ့အချိန်အထိ သူမ အဘယ်မှာထွက်ပြေးလွတ်မြောက်နိုင်အံ့နည်း? လင်ယွင်ရီ၏ဖမ်းဆီးခြင်းကို ယခင်ကတည်းကပင် ခံခဲ့ရပြီးဖြစ်နေလိမ့်မည်။

ယခုတော့ အခြေအနေဟာ ပြောင်းပြန်လည်သွားပေပြီ။ ဒါဟာ မုဆိုးမှသားကောင်ဖြစ်သွားရခြင်းဟု ဆိုရမည်လား?

လင်းဖေးဝူသည် မြေပြင်ထက်မှ ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး လင်ယွင်ရီ၏နှလုံးသားတည့်တည့်ကို အဖန်ဖန်အခါခါ ထိုးစိုက်ပစ်လိုက်သည်! သွေးများဖြာထွက်သွားကာ လင်ယွင်ရီ၏ဝတ်ရုံတစ်ထည်လုံးကို နီစွေးသွားစေပါ၏။

ဒီတစ်ခဏမှာတော့ လင်းဖေးဝူတွင် မိန်းမပျိုတစ်ဦး၏ ကျက်သရေ၊သိမ်မွေ့ညင်သာမှုမျိုး ရှိမနေတော့။ထိုအစား သူမဟာ လက်ထဲကဓားကိုသာ အကြိမ်ကြိမ်အခါခါလွှဲရမ်းရင်း သူမနှလုံးသားထဲက ဒေါသများကိုဖြေဖျောက်နေလေသည်။

ဒီမြင်ကွင်းကြောင့် ဝမ်ဖုန်းနောက်မှာမတ်တပ်ရပ်နေသော လီချင်းတစ်ယောက် ထိတ်လန့်သွားသည်။ ဒီလိုနတ်သမီးတစ်မျှ ချောမောတဲ့ ဂိုဏ်းတူညီမငယ်လေးမှာ ကြောက်စရာဘက်ခြမ်းမျိုး ရှိနေလိမ့်မယ်လို့ သူထင်မထားခဲ့ပါ။

''ထားလိုက်ပါ။သူမကို ပေါက်ကွဲပါစေ'' အနှီမြင်ကွင်းကိုငေးကြည့်ရင်း ဝမ်ဖုန်းသည် သက်ပြင်းချလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။

တဖြည်းဖြည်းနှင့်လင်ယွင်ရီ၏မျက်လုံးများဟာ အသက်မဲ့လာပြီး၊သူ့ခန္ဓာကိုယ်လည်း ပြိုလဲသွားတော့သည်။

လင်းဖေးဝူသည် လင်ယွင်ရီလက်အောက်ငယ်သားများ၏ တုန်လှုပ်နေသောအကြည့်များအောက်မှာပဲ ဓါးကိုတဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်!

ဤသည်က တောက်ပနေမင်းအင်ပါယာတွင် မြို့ကြီးများစွာကို အုပ်စိုးနိုင်လောက်သော စွမ်းအားရှင်တစ်ယောက်ဖြစ်ပါသည်။သို့သော် ဒီတစ်ခဏမှာ အနှီစွမ်းအားရှင်ဟာ ပုရွက်ဆိတ်တစ်ကောင်လို သတ်ဖြတ်ခံလိုက်ရချေပြီ။

လင်ယွင်ရီနှင့်သူ့လူများအားလုံးကို သတ်ဖြတ်ပြီးနောက် လင်းဖေးဝူဟာလည်း စိတ်ပြန်ငြိမ်လာသည်။သူမသည် ဝမ်ဖုန်းရှေ့သွားကာ ဒူးထောက်ချလိုက်ပြီး လေးလေးနက်နက်ပြောကြားလိုက်သည်။

''ဖေးဝူကို လက်စားချေဖို့ ကူညီပေးတဲ့အတွက် ဂိုဏ်းချုပ်နဲ့ဆရာသခင်ယဲ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီအမတဂိုဏ်းကို ဝင်ရတဲ့အတွက် နောင်တမရှိတော့ပါဘူး။ကျွန်မရဲ့အသက်ဟာလည်း ဒီဂိုဏ်းအတွက်၊ဝိညာဥ်ဟာလည်း ဒီဂိုဏ်းအတွက်သာ ဖြစ်စေရပါမယ်!''

အစက လင်းဖေးဝူသည် လွတ်မြောက်ဖို့ အသက်နဲ့လောင်းကြေးထပ်ဖို့အထိ တွေးတောခဲ့မိသည်။ ဒီလိုလက်စားချေဖို့အထိတော့ သူမမှာ မျှော်လင့်ချက်မရှိခဲ့ပါ။ ဒါပေမယ့် သူမ ဒီအမတဂိုဏ်းထဲဝင်ပြီးတာနဲ့ ဂိုဏ်းချုပ်ကချက်ချင်း လက်စားချေဖို့ကူညီပေးခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?

သူမယုံကြည်ပါသည်။သူမသာ ဒီအမတဂိုဏ်းတော်ကြီးမှာ သေသေချာချာကြိုးစားလေ့ကျင့်လျှင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ချန်လင်မြို့စား၏ သွေးနှင့် လင်းမိသားစု၏သွေးကြွေးကို ပြန်ဆပ်နိုင်ပါလိမ့်မည်!

မြို့စားငယ်လေးလင်ယွင်ရီက ဆိုးရွားသောသခင်ငယ်လေးတစ်ယောက်ဖြစ်ပေမယ့် ချန်လင်ဟိုဖူ၏ညွှန်ကြားချက်မပါဘဲ လင်းမိသားစုအိမ်ကို လွယ်လင့်တကူဖျက်စီးရဲမည်လော?

အဖေ၊အမေ၊ဦးလေး၊ဒေါ်လေးများအားလုံး ဖေးဝူဟာ ကံကောင်းထောက်မလို့ အရှင်ဝမ်ဖုန်းနဲ့တွေ့ခဲ့ရပါပြီ! ရှန်ရှန့်ကျုံဂိုဏ်းတော်ကြီးကိုလည်း ဝင်ခွင့်ရခဲ့ပါပြီ။ အဖေတို့အမေတို့ရဲ့ ဝိညာဥ်တွေက သမီးကိုစောင့်ကြည့်ပေးပြီး၊ ဒီသွေးကြွေးကို လက်စားပြန်ချေနိုင်အောင် ကူညီစောင့်ရှောက်ပေးပါ!

ဖေးဝူ ဒူးထောက်နေတာမြင်တော့ ဝမ်ဖုန်းသည် သက်ပြင်းဖွဖွချလိုက်ကာ သူမကို ဖေးထူပေးလိုက်သည်။ ဒီမိန်းကလေးဟာ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အငြိုးတရားများကို သယ်ဆောင်ထားရပေသည်။သူမကို သူဘယ်လိုများ မျက်ကွယ်ပြုနိုင်မည်နည်း?

''ဒင်၊ ဂိုဏ်းသားလင်းဖေးဝူဟာ ဆန်းကြယ်သောအကြီးအကဲအဆင့် ရန်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၃၀၀ ဆုရပါတယ်!''

''ဒင်......''

လင်းဖေးဝူ၏သတ်ဖြတ်မှုအပြီးမှာ အေးစက်စက်အသံတစ်သံကို ဝမ်ဖုန်းကြားလိုက်ရသည်။ သို့သော် ဝမ်ဖုန်းသည် ထိုအသံကိုလျစ်လျူရှုထားလိုက်ပြီး၊လင်းဖေးဝူကို လေးနက်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။

''ဒီဂိုဏ်းက မင်းကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်တယ်။ကြီးမြတ်တဲ့စွမ်းအားရှင် ဖြစ်မဖြစ်ကတော့ မင်းအပေါ်သာမူတည်တယ်။ မှတ်ထားပါ။မင်း ငါတို့အမတဂိုဏ်းကိုဝင်လာပြီဆိုကတည်းက မင်းရဲ့နောက်ခံဟာ ဒီဂိုဏ်းဖြစ်သွားပြီ။ မင်းဟာ ဒီအမတဂိုဏ်းကို နောက်ခံပြုထားတယ်။အေး ငါရဲ့အမတဂိုဏ်းက ဘာကိုမှ မကြောက်ဘူး။ ဘယ်လိုရန်သူမျိုးဖြစ်ဖြစ်၊စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် ငါရဲ့အမတဂိုဏ်းဟာ လုံးလုံးမကြောက်ဘူး!''

ဝမ်ဖုန်း၏စကားကိုကြားတော့ ဖေးဝူ၏နှလုံးသားလေး နွေးထွေးလာပါသည်။ သူမ ဒီဂိုဏ်းကိုဝင်လာတာ နာရီဝက်သာသာလောက်သာ ရှိသေးသော်လည်း ခုမှသိလာရတဲ့ဒီဂိုဏ်းချုပ်ကတော့ သူမကို နွေးထွေးစွာဆက်ဆံပေးသည်!

''မင်း ဓါးလမ်းစဥ်ကို လျှောက်လမ်းရမယ်''

ဒီအချိန်မှာပဲ ရေခဲတောင်ကြီးလို အစဥ်အေးစင်နေသည့်ယဲ့ကူချန်သည် ဖေးဝူကို စေ့စေ့စိုက်ကြည့်ကာ ပြောလိုက်သည်။

''ဟုတ်ကဲ့ပါ၊အကြီးအကဲ ယဲ့!'' လင်းဖေးဝူသည် မနာခံဘဲမနေရဲပါ။သူမသည် ချက်ချင်းပဲပြန်ဖြေလိုက်သည်။ညင်သာနူးညံ့သော ဝမ်ဖုန်းနှင့်ယှဥ်လျှင် မောက်မာခက်ထန်သော ယဲ့ကူချန်ကို သူမအနည်းငယ်ကြောက်မိသည်။ ကြောက်တာထက် လေးစားတာကတော့ ပိုပေသည်။ယဲ့ကူချန်၏အကူအညီကြောင့်သာ မဟုတ်လျှင် လင်ယွင်ရီနှင့်သူ့လူများကို သူမ ဒီလောက်လွယ်လွယ်နဲ့သတ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

''မင်း ငါ့ကို ဆရာအဖြစ် ဂါရဝပြုချင်လား?''

ယဲ့ကူချန်၏အသံဟာ တစ်ဖန်ထွက်ပေါ်လာသည်။ လင်းဖေးဝူသာမက ဝမ်ဖုန်းပါ ကြောင်အသွားလေသည်။

ယဲ့ကူချန်ကို ဆင့်ခေါ်အပြီးမှာ ဝမ်ဖုန်းသည် ဝမ်းမြောက်ပါသော်လည်း၊ ဂိုဏ်းတပည့်များကို ကျင့်ကြံသင်ကြားပေးရာမှာ ယဲ့ကူချန် အကူအညီပေးလိမ့်မည်ဟုတော့ ဝမ်ဖုန်း ထင်မထားခဲ့။ ပြောရလျှင် ယဲ့ကူချန်၏ထောင်လွှားမောက်မာမှုက ကျော်ကြားသည်လေ။

ဒါပေမယ့်အခုတော့ မောက်မာခက်ထန်တဲ့ ယဲ့ကူချန်က တပည့်တစ်ယောက်ကို သူ့ဘက်က စခေါ်နေတာလား?

ကြောင်အနေသေးသော ဖေးဝူကိုတွေ့တော့ ဝမ်ဖုန်းက အလျင်စလို လှမ်းပြောလိုက်သည်။

''မင်းဘာကို တုန့်ဆိုင်းနေသေးတာလဲ?''

ယဲ့ကူချန်လိုလူမျိုးက တပည့်စခေါ်သည်မှာ ရှားမှရှားသည့် ဖြစ်ရပ်ကြီးပင်။ ဒီမိန်းကလေးကတော့လေ... ထုံအနေသေးတယ်...

''ဆရာ!''

ဝမ်ဖုန်း၏လှမ်းအော်သံကိုကြားတော့ လင်းဖေးဝူသည် ချက်ချင်းဒူးထောက်ချလိုက်ပြီး တပည့်တစ်ယောက်က အရိုအသေပေးသလို ဂါရဝပြုလိုက်သည်။ ယဲ့ကူချန် ငြင်းပယ်သွားမှာကို သူမစိုးရိမ်နေလေသည်။

ယဲ့ကူချန်က ခေါင်းညိမ့်ပြီး လက်ဝှေ့ရမ်းလိုက်သည့်အခါ ညင်သာသောစွမ်းအားတစ်ခုက လင်းဖေးဝူကို ထူမပေးလိုက်သည်။

ဒီမြင်ကွင်းကြောင့် ဝမ်ဖုန်းနောက်မှာ ရပ်နေသော လီချင်းသည် မနာလိုဖြစ်လာတော့သည်။ ယဲ့ကူချန်၏စွမ်းအားကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရသည်မဟုတ်လော?

လင်ယွင်ရီနှင့်သူ့လူများ၏ ဆန်းကြယ်သောအကြီးအကဲအဆင့်ဟူသော ကျင့်ကြံရေးအဆင့်က ဘာမှန်း သူ မသိသော်လည်း၊ ကျင့်ကြံသူခုနှစ်ယောက်ကို တပြိုင်နက်တည်း ဖိနှိပ်ပစ်လိုက်သည့် မြင်ကွင်းက သေမျိုးကလေး လီချင်း၏အမြင်မှာတော့ စွမ်းအားကြီးလှပေသည်။

ဒီမိန်းမက သူ့နောက်မှလည်း ဂိုဏ်းထဲဝင်သေးတယ်။ဒါတောင် စွမ်းအားကြီး ဆရာတစ်ယောက်ရသွားတာကို သူ ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲနေနိုင်မှာလဲ?

''ငါနဲ့လိုက်ပြီး၊ ကုသကြရအောင်''

ယဲ့ကူချန်က စုတ်ပြတ်နေသော လင်းဖေးဝူကိုကြည့်ကာ ပြောလိုက်သည်။ လင်းဖေးဝူ ပြန်ဖြေတာကိုတောင် မစောင့်ဘဲ သူသည် သက်ကယ်အိမ်လေးဘက် လှည့်ထွက်သွားတော့သည်!

ဒါကိုမြင်တော့ လင်းဖေးဝူဟာ ဝမ်ဖုန်းကို စောင်းငဲ့ကြည့်လိုက်သည်။ဝမ်ဖုန်း၏ 'လိုက်သွား'ဆိုသော အမူအရာကိုမြင်မှ သူမသည် နာကျင်နေသော ခန္ဓာကိုယ်ဖြင့် မာန်တင်းလျက် ယဲ့ကူချန်နောက် လိုက်သွားလေသည်။

ထွက်ခွာသွားသော လူနှစ်ယောက်၏ကျောပြင်ကိုကြည့်လျက် ဝမ်ဖုန်းသည် ခေါင်းတဆတ်ဆတ်ညိမ့်လိုက်မိသည်။ ဓါးနတ်ဘုရားကြီးယဲ့ကူချန်၏ သင်ကြားပေးမှုအောက်မှာ လင်းဖေးဝူတစ်ယောက် မည်မျှအထိ တာသွားနိုင်မလဲဆိုတာကို သူ စောင့်ကြည့်ချင်မိသည်!

''ဂိုဏ်းချုပ်၊ ကျွန်တော်ကရော ဘယ်သွားရမလဲ?''

တုံးအအ လေသံလေးတစ်သံက ဝမ်ဖုန်း၏အတွေးများကို နှောင့်ယှက်ပစ်လိုက်သည်။သူက လီချင်းကိုလှည့်ကြည့်ပြီး လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။

'' မင်း ကိုယ့်ကိုကိုယ် နှိမ့်ချရမယ်။ သွားသွား၊ သက်ကယ်အိမ်နားတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်လိုက်။ ဒါက ငါ့အမတဂိုဏ်းရဲ့ တည်ရှိမှုကြီးပဲ!''

''ဟုတ်ကဲ့!''

လီချင်း၏နှုတ်ခမ်းများ တွန့်လိမ်သွားကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ ဂိုဏ်းတူညီမလေး ရောက်လာလို့ သူဗိုလ်ကျရတော့မယ်လို့ အစက ထင်ထားခဲ့တာ။သူ့ကို ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လာခေါ်လို့ သူ့ကိုယ်သူ ရတနာမျက်ရှုလေးလို့ သူထင်ထားခဲ့တာလေ။အခုတော့ သူ့ကို တံမြက်စည်းလှည်းခိုင်းတာတဲ့လား....?

''စနစ်၊ဂိုဏ်းအမှတ်တွေက ဘာလုပ်ရတာလဲ?''

လီချင်းထွက်သွားအပြီးမှာ ဝမ်ဖုန်းက စိတ်ထဲမှမေးလိုက်သည်။သူ အစောတည်းက မေးချင်နေခဲ့တာဖြစ်သော်လည်း အခြေအနေမကောင်းသေးတာကြောင့် မမေးခဲ့ပေ။ခုတော့ သူ အရမ်းကိုသိချင်နေမိသည်။ဒီဂိုဏ်းအမှတ်တွေက သူ့အမတဂိုဏ်း တိုးတက်ဖို့အတွက် သော့ချက်တွေဖြစ်ရမယ်လို့ သူခံစားမိနေသည်!

''ဒင်၊ ဂိုဏ်းအမှတ်များနဲ့ ပိုင်ရှင်ဟာ ထီလက်မှတ်များကိုလဲလှယ်နိုင်ပါတယ်! ထီလက်မှတ်တစ်စောင်ကို ဂိုဏ်းအမှတ် တစ်ထောင်ပါ! ဒါ့အပြင် ဂိုဏ်းအမှတ်တွေနဲ့ စနစ်ကိုလည်း အဆင့်မြှင့်နိုင်ပြီး၊ဂိုဏ်းအမှတ်တစ်သောင်းက စနစ်ကို နောက်တစ်ဆင့်(ဒုတိယအဆင့်) တက်စေမှာပါ! စနစ်အဆင့်မြင့်လာတာနဲ့တပြိုင်နက် ဂိုဏ်းအဆင့်လည်း မြင့်တက်လာမှာဖြစ်ပါတယ်! ''

အေးစက်စက်အသံကိုကြားတော့ ဝမ်ဖုန်း ခေါင်းညိမ့်ကာ ပြောလိုက်သည်။

''စနစ်အဆင့်နဲ့၊ ဂိုဏ်းအဆင့်ကို မြှင့်ပေးရင် ဘာအကျိုးရလာမှာလဲ?''

''ဒင်! ပိုမြင့်တဲ့စနစ်က ပိုင်ရှင်ကို ပိုစွမ်းအားကြီးတဲ့ စွမ်းအားရှင်တွေနဲ့ နတ်လက်နက်တွေကို ဆင့်ခေါ်နိုင်စေမှာပါ။ဒါ့အပြင် ပိုမြင့်တဲ့ဂိုဏ်းအဆင့်ကလည်း ပိုများတဲ့တပည့်တွေကို လက်ခံနိုင်စေမှာဖြစ်တယ်။ ပိုင်ရှင်ဟာ စွမ်းရည်ဇယားကို စစ်ကြည့်နိုင်ပါတယ်!''

''ရှန်ရှန့်ကျုံရဲ့ စွမ်းရည်ဇယားကို စစ်ကြည့်လိုက်!''ဝမ်ဖုန်းလည်း တုံ့ဆိုင်းမနေဘဲ စနစ်ကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။ ရှန်ရှန့်ကျုံ စွမ်းရည်ဇယားလည်း ရှိနေလိမ့်မယ်လို့ သူ ထင်မထားခဲ့ပါ။

''ဒင်, ရှန်ရှန့်ကျုံ၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဂိုဏ်း, အမတဂိုဏ်း။

ဂိုဏ်းအဆင့်: ပထမအဆင့်။

အရှင်သခင်(တစ်ယောက်တည်းသာ) :ဝမ်ဖုန်း(အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်)။

အကြီးအကဲ(ငါးယောက်အထိ): ယဲ့ကူချန်(တော်ဝင်မင်းသားအဆင့် အထွတ်အထိပ်)။

ဂိုဏ်းတပည့်များ(ဆယ်ယောက်အထိ); လီချင်း(သေမျိုး)၊ လင်းဖေးဝူ( ဝိညာဥ်အဆင့် အထွတ်အထိပ်)။

ဂိုဏ်းဌာန: ကမ္ဘာငယ်လေး။''

''စနစ် ၊ဂိုဏ်းရဲ့အဆင့်ကို မမြှင့်ဘဲ ကန့်သတ်ချက်တွေကို ချိုးဖောက်လို့ရလား? '' ရှန်ရှန့်ကျုံ စွမ်းရည်ဇယားကိုကြည့်ရင်း ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်ပါသည်။

''မရပါဘူး။ ပိုင်ရှင်အနေနဲ့ ဂိုဏ်းအမှတ်တွေကို စုဆောင်းပြီး၊စနစ်နဲ့ ဂိုဏ်းအဆင့်တွေကို မြှင့်တင်ဖို့ကြိုးစားပါ!''

သူ့စိတ်အတွင်း ရိုက်ခတ်လာသော အေးစက်စက်အသံကြောင့် ဝမ်ဖုန်း၏မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများ ဖြစ်ပေါ်လာသည်။ ဒါဆို သူ ဂိုဏ်းအမှတ်တွေကို စုဆောင်းရဦးမှာပေါ့!?

All Chapters