။ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာ။
Vol. 1 Ch. 5
ဝမ်ဖုန်းသည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ တိုးညှင်းစွာမေးလိုက်သည်။
'' ဂိုဏ်းအမှတ်တွေက ဘယ်လိုလုပ်ရင် ရတာလဲကွ?''
ပိုမိုသာလွန်တဲ့စွမ်းအားရှင်များကို ဆင့်ခေါ်ရန်၊ ဂိုဏ်းကိုချဲ့ထွင်ရန် သူသည် ဂိုဏ်းအမှတ်များရဖို့ လိုအပ်သည်။ဝမ်ဖုန်းသည် တစ်နေ့မှာ သူ၏ အမတဂိုဏ်းကြီးသည် ကျင့်ကြံရေးလောကတစ်ခွင် ထိပ်တန်းဂိုဏ်းကြီးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါသည်။ ကမ္ဘာတစ်လွှားက ဂိုဏ်းများအားလုံးထက် မြင့်မြတ်တဲ့ဂိုဏ်းတော်ကြီးပေါ့!
''ဒင်။ ဂိုဏ်းအမှတ်ရဖို့ ပထမဆုံးနည်းလမ်းက စနစ်ကသတ်မှတ်ပေးထားတဲ့ တာဝန်တွေကိုအောင်မြင်အောင် ဆောင်ရွက်တာပါ။ ဤနည်းအားဖြင့် သင်ဟာ ဂိုဏ်းရမှတ်များကို ကျပန်းရမှာဖြစ်ပါတယ်။ တာဝန်ကပိုခက်လေလေ၊ ဂိုဏ်းအမှတ်ပိုများများ ရလေလေပါပဲ!''
''ဒုတိယနည်းလမ်းကတော့ ရန်သူတွေကို သုတ်သင်ခြင်းပါ။ သင်သတ်လိုက်တဲ့ရန်သူ ပိုစွမ်းအားကြီးလေလေ၊ဂိုဏ်းအမှတ် ပိုရလေလေပါ!''
''တတိယနည်းလမ်းကတော့ ထိပ်တန်းပါရမီရှင်တွေနဲ့ ၊အထူးစွမ်းအားပိုင်ရှင် စွမ်းအားရှင်ကြီးတွေကို ဂိုဏ်းထဲဝင်လာစေခြင်းပါပဲ။ဒီနည်းလမ်းနဲ့လည်း ဂိုဏ်းအမှတ်များ ရနိုင်ပါတယ်!''
အေးစက်သောအသံက ဝမ်ဖုန်း၏စိတ်ထဲ တစ်ဖန်မြည်ဟည်းလာပြီး၊ရှင်းပြပေးလိုက်သည်။ ဂိုဏ်းအမှတ်တွေရဖို့ နည်းလမ်းဟာ အနည်းငယ်သာရှိလိမ့်မယ်လို့ သူ ထင်မထားခဲ့ပါ။
''ဒါ မဟုတ်သေးဘူးနော်၊စနစ်။ လင်းဖေးဝူက အသက် ၁၈၊၁၉ အရွယ်လောက်နဲ့တင် ဝိညာဥ် အဆင့်ရဲ့အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာနော်။သူမကိုရော ထိပ်တန်းပါရမီရှင်လို့ သတ်မှတ်လို့ မရဘူးလား?'' ရုတ်တရက်ပဲ ဝမ်ဖုန်းသည် တစ်ခုခုကို သတိထားမိသွားကာ မေးလိုက်သည်။
ဝမ်ဖုန်းသည် ဒီကမ္ဘာကြီးထဲ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရောက်လာတာကြောင့် ကျင့်ကြံရေးအကြောင်း နကန်းတစ်လုံးမှ မသိသော်လည်း၊ အသက် ၁၈ ၁၉ အရွယ်လောက်နှင့် ဝိညာဥ်အထွတ်အထိပ်အဆင့်ထိရောက်အောင် ကျင့်ကြံဖို့က အင်မတန်မှ ခက်ခဲကြောင်းသိပါသေးသည်!
ဒီကမ္ဘာကြီးတွင် လူအများစုဟာ အသက်ဆယ်နှစ်အရွယ်မှစပြီး အခြေခံတည်ဆောက်ကြရသည်။လင်းဖေးဝူဟာ လင်းမိသားစု၏အငယ်ဆုံး သခင်မလေးဖြစ်ခဲ့သော်ငြား၊ သူမ၏ ကျင့်ကြံရေးအရှိန်က အတော့်ကိုအံ့အားသင့်စရာပင်! ဝိညာဥ်အဆင့်အထွတ်အထိပ်ဆိုသည်က ပါရမီရှင်များကြားမှ ပါရမီရှင်သာဖြစ်သည်!
''ဒင် လင်းဖေးဝူရဲ့စွမ်းဆောင်ရည်က ကောင်းမွန်ပေမယ့် သူမမှာ ဘယ်ရုပ်ခန္ဓာ၊ ဘယ်ထိုးထွင်းသိမြင်ဥာဏ်မှ မရှိပါဘူး။သူမကို ထိပ်တန်းပါရမီရှင်လို့ သတ်မှတ်လို့မရပါဘူး။''
သူ့စိတ်ထဲ တစ်ဖန်မြည်းဟည်းလာသည့် အေးစက်စက်အသံကြောင့် ဝမ်ဖုန်းပင် အံံ့အားသင့်သွားသည်။လင်းဖေးဝူကိုတောင် ထိပ်တန်းပါရမီရှင်လို့ မသတ်မှတ်ဘူးလား? သေစမ်း! စနစ်ရဲ့အကဲဖြတ်မှုကြီးက စံနှုန်းမမြင့်လွန်းဘူးလား!?
''စနစ်၊ ကြည့်စမ်း ကြည့်စမ်း။ဒီပိုင်ရှင်ကရော ထိပ်တန်းပါရမီရှင် ဟုတ်သလားဆိုတာ။'' ဝမ်ဖုန်းဟာ ပိုင်ရှင်ဆိုသည့်စကားကို ဖိပြောလိုက်သည်။သူကလည်း အသက်နှစ်ဆယ်အရွယ်၊ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူပါနော်။ဒီအသက်အရွယ်နဲ့ ဘာပြောကောင်းမတုန်း။သူဟာ ထိပ်တန်းထဲကမှ ထိပ်တန်းပါရမီရှင်တောင် ဖြစ်နိုင်သည်! သူ့ရဲ့စွမ်းအားတွေက စနစ်က ပေးထားတာဆိုပေမယ့်ပေါ့။
''အဲ့တာက...''
''ဟုတ်လား၊မဟုတ်ဘူးလား? အဲ့တာက ဘာဖြစ်တုန်း?'' ဝမ်ဖုန်း၏လေသံက အနည်းငယ်ပြောင်းလဲသွားသော်လည်း၊သူဟာ မျက်နှာသေဖြင့်ပဲ မေးလိုက်သည်။
''ပိုင်ရှင်ရဲ့ မူလစွမ်းဆောင်ရည်တွေက သာမန်ပါပဲ။ ဒါပေမယ့် သူက စနစ်ရဲ့သခင်ဖြစ်နေတာကြောင့် အကြောင်းမဲ့မောက်မာနိုင်စွမ်းရှိကြောင်းပါ!''
ဒါကိုကြားတော့ ဝမ်ဖုန်း၏မျက်နှာကြီးတစ်ခုလုံး မဲမှောင်သွားသည်။ နေစမ်းပါဦး?သူငါ့ကို ရွဲ့ပြောနေတာလား?.
တစ်ခဏတွေးတောအပြီးမှာ ဝမ်ဖုန်းက ထပ်မေးလိုက်သည်။
''လီချင်းရဲ့အရည်အချင်းကရော?''
လက်ရှိမှာ လီချင်းက သေမျိုးတစ်ဖြစ်လဲ သာမန်လူသားသာဖြစ်သော်လည်း၊သူက ဂိုဏ်း၏ပထမဆုံး တပည့်ဖြစ်သည်။ဒါဟာ သူ့အမတဂိုဏ်းကြီး၏ မျက်နှာနှင့်ပတ်သက်နေသည်။ ဒါကြောင့် လီချင်းကို ပိုသန်မာလာအောင် လုပ်ပေးရအောင် သူတိတိပပသိဖို့ လိုပါသည်။ အကြီးဆုံးအကိုကြီးက အပြင်ဘက်က တခြားဂိုဏ်းတွေရဲ့တပည့်တွေလောက်တောင် မသန်မာဘူးဆိုရင် ဘယ်လိုမျက်နှာနဲ့ သူ့ဂိုဏ်းကိုသူ ကမ္ဘာ့နံပါတ်တစ်ဂိုဏ်းလို့ ကြေညာရမလဲ?
''ဒင်! လီချင်း၏ အရည်အချင်းများကို စစ်ဆေးဖို့ ဂိုဏ်းအမှတ်တစ်ရာ ကျသင့်ပါမည်။ ပိုင်ရှင်၊ ပြုလုပ်ပါမည်လား? ''
ဟမ့်၊ အဓိပ္ပါယ်မရှိလိုက်တာ! သေမျိုးတစ်ယောက်ကို စစ်ဆေးဖို့၊ အမှတ်တစ်ရာတောင်လိုတာလား?
''စစ်ဆေးလိုက်!'' ဝမ်ဖုန်းသည် နာကျည်းမှုကိုမြိုသိပ်ရင်း ပြောလိုက်ပါသည်။
''ဒင်၊ဂိုဏ်းသားလီချင်းဟာ နတ်ဆိုးဝိညာဥ်များအကြား ထိပ်တန်းပါ!''
နေစမ်းပါဦး!
သူနားကြားများ မှားတာလား?
အဲ့ကောင် ဖက်တီးကလေ? လမ်းလျှောက်ရင်တောင် ဟောဟဲလိုက်နေတဲ့ကောင်က နတ်ဆိုးဝိညာဥ်တွေကြား အဆင့်ချိတ်တယ်လား?''
အေးစက်စက်အသံကိုကြားတော့ ဝမ်ဖုန်း၏မျက်နှာဟာ မယုံနိုင်ခြင်းများနှင့် ပြည့်နှက်လာသည်။သူ အရမ်းထိတ်လန့်သွားတာကြောင့် ထတောင်ဆဲလိုက်မိသည်!
''စနစ်က အမှားမရှိပါဘူး။ ဂိုဏ်းသားလီချင်းမှာ ရွှမ်လင်းလိပ်၊ မသေမျိုးရုပ်ခန္ဓာရှိပါတယ်။ ဒါပေမယ့် ခုထိ မနိုးထသေးပါဘူး!''
ဒါကိုကြားတော့ ဝမ်ဖုန်းသည် ကြောင်အသွားသည်။လူလိုချင်လို့ ကြုံရာဆွဲကောက်လိုက်တဲ့ ပထမဆုံးတပည့်ကြီးက တကယ်တော့ ရတနာကြီးလားဟ?
'' ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာက ဘာကြီးလဲ?''
''ရွှမ်လင်း လိပ်နတ်မင်းရဲ့ခန္ဓာကိုယ်ဟာ ကမ္ဘာ့ထိပ်တန်း ရုပ်ခန္ဓာတစ်ခုဖြစ်ပြီး၊အကြွင်းမဲ့ ခံစစ်နဲ့အကြွင်းမဲ့ သက်တမ်းဆိုတဲ့ ထူးခြားစွမ်းရည်ကြီးနှစ်ခုကို ပိုင်ဆိုင်ထားတယ်။''
''ရွှမ်လင်းလိပ်ကြီးနဲ့ နတ်မင်းတာ့ချန်ကိုသာ မသတ်နိုင်သေးသရွေ့၊ ကမ္ဘာကြီးအိုဟောင်းသွားရင်တောင် သူဟာ မအိုမင်းဘူး! အရာအားလုံးပျက်စီးသွားသော်လည်း သူဟာ အဆုံးမဲ့။သူ၏သက်တမ်းဟာ အကန့်အသတ်မဲ့ပြီး၊သူ့ ခံစစ်က အလွန်အမင်း သန်မာတယ်! ကမ္ဘာကြီးပျက်သုန်းသွားရင်တောင် သူကတော့ ရှင်သန်နိုင်လိမ့်မယ်!''
ဟူး...
စနစ်၏အသံကြောင့် ဝမ်ဖုန်းသည် အသက်ပြင်းပြင်းရှုထုတ်လိုက်ရသည်။သူ့မျက်လုံးများကလည်း ပြူးကျယ်နေသည်။အနှီဝတုတ်ကလေး လီချင်းမှာ ဤမျှလောက် ထိတ်လန့်ဖွယ် ရုပ်ခန္ဓာတစ်ခုရှိနေလိမ့်မယ်လို့ သူထင်မထားခဲ့ပါ။လီချင်းသာ ရွှမ်လင်းလိပ် မသေမျိုးခန္ဓာကို ကျင့်ကြံနေသရွေ့၊သူသည် တဖြည်းဖြည်းနှင့် နတ်ဝိဇ္ဇာတစ်ပါးနှင့်ယှဥ်နိုင်သော တည်ရှိမှုကြီးတစ်ခု ဖြစ်လာပါလိမ့်မည်!
တစ်ခုတည်းသော မကောင်းသည့်အချက်ကတော့ လီချင်းကို သတ်လို့ရနေခြင်းဖြစ်သည်။သို့သော်လည်း ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာတွင် ကြောက်လန့်ဖွယ် ခံစစ်စွမ်းအားရှိနေသည်ဖြစ်ရာ လုံခြုံမှုကို ပေးစွမ်းနိုင်ပေလိမ့်မည်။ တိုက်စစ်က အရမ်းမသန်မာဘူးဆိုပေမယ့်၊ သန်မာတဲ့ခံစစ်၊ အကန့်အသတ်မဲ့ သက်တမ်းနှင့်၊ တဖြည်းဖြည်းချင်း ကျင့်ကြံ၍ရနေလေရာ ရန်သူများကိုတော့ ကောင်းကောင်းခုခံနိုင်ပါလိမ့်မည်။
''စနစ်၊လီချင်းရဲ့ ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာကို ဘယ်လို နိုးထအောင်လုပ်ရမလဲကွ?'' ဝမ်ဖုန်းသည် စိတ်လှုပ်ရှားနေခြင်းကို ဖိနှိပ်၍ မေးလိုက်သည်။
ဝမ်ဖုန်းသည် ယခင်က လီချင်းဘယ်လိုပဲဖြစ်နေပါစေ၊သူ့ကို ကျင့်ကြံသင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ယခုအချိန် စနစ်၏စကားများကိုကြားလိုက်ရတော့ ဝမ်ဖုန်းဟာ မနီးမဝေးမှာ တံမြက်စည်းလှည်းနေသော လီချင်းကို စိတ်အားထက်သန်စွာ လှမ်းမကြည့်ဘဲ မနေနိုင်တော့ပါ။
''အရိုက်ခံရမယ်!''
''?????''
သူ့စိတ်ထဲမြည်ဟည်းလာသော ရိုးရှင်းသည့် အသံကြောင့် ဝမ်ဖုန်းဆွံ့အသွားပါသည်!
''ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာကို နိုးထစေဖို့ဆိုရင် အရိုက်ခံဖို့လိုပါတယ်။ ပြင်းထန်သော ပြင်ပထိုးနှက်အားများဖြင့်သာ သူ့ခန္ဓာကိုယ်ထဲက ရွှမ်လင်းလိပ် သွေးကြောများကို နှိုးဆွပေးနိုင်မှာဖြစ်တယ်။ နိုးဆွပေးခြင်းအားဖြင့် နိုးထလာစေမှာပါ။ဒီနည်းနဲ့ ရွှမ်လင်းလိပ် မသေမျိုးရုပ်ခန္ဓာကို အပြည့်အဝနိုးထစေနိုင်မှာပါ!''
စနစ်၏ရှင်းပြချက်အပြီးမှာ ဝမ်ဖုန်းသည် ချက်ချင်းကို အော်ရယ်လိုက်မိပါတော့သည်။လီချင်း၏ မသေမျိုးရုပ်ခန္ဓာကိုနှိုးဆွဖို့ တန်ဖိုးကြီးရတနာပစ္စည်းများလိုအပ်သည်ဆိုလျှင် ဝမ်ဖုန်းဟာ လက်တွေ့လုပ်ဆောင်နိုင်ဦးမှာ မဟုတ်ပါ။ဒါပေမယ့် အခုတော့ ရိုက်ပေးရုံပဲမလား?ဒါ မလွယ်လွန်းပေဘူးလား?
ဝမ်ဖုန်းဟာ လီချင်းလေး၏မသေမျိုးရုပ်ခန္ဓာကို နှိုးဆွပေးဖို့ အစီအစဥ် တသီကြီးဆွဲပြီးဖြစ်သည်။ ဥပမာ လင်းဖေးဝူနဲ့လီချင်းကို တစ်ယောက်ချင်း တိုက်ခိုက်ခိုင်းတာမျိုး။နောက်တစ်ခုအနေနှင့် လီချင်းကို သူ၏ကိုယ်ပိုင် လေ့ကျင့်ရေး သဲအိတ်လေးအနေဖြင့်သုံးပြီး၊သူကိုယ်တိုင်လည်း ခွန်အားစမ်းနိုင်သေးသည်။ လီချင်းကိုသာ မသတ်သရွေ့၊သူ့ရဲ့ မသေမျိုးရုပ်ခန္ဓာကြီးနဲ့ဆိုလျှင် သူ အဆင်ပြေလောက်မှာပါ။ဟုတ်တယ်ဟုတ်?
သက်ကယ်တဲလေးရှေ့မှာ တံမြက်လှည်းနေသော လီချင်းဟာ သူ့အဝတ်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။အကြောင်းအရင်းတစ်ခုကြောင့် သူ ရုတ်တရက်ကြီး ကြက်သီးမွှေးညှင်းများ ထလာမိ၏။သူ ခေါင်းရမ်းလိုက်ပြီး၊ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားလုပ်ကာ အေးစက်စက် စိတ်ခံစားမှုကြီးကို ဖြေဖျောက်လိုက်လေသည်။
''မဆိုးဘူး!''
ဝမ်ဖုန်းသည် ခပ်လှမ်းလှမ်းက လီချင်းကို လှမ်းကြည့်ရင်း၊ ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။သူအစက လီချင်းသည် ရှန်ရှန့်ကျုံ ဂိုဏ်းသားအကိုကြီးတစ်ယောက်အနေဖြင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်မိခဲ့သည်။ကြည့်ရတာ သူ ဘာမှမဟုတ်ဘဲ အစိုးရိမ်လွန်နေခဲ့တာပဲ။
လီချင်း၏ ထိတ်လန့်ဖွယ်ရုပ်ခန္ဓာ၊သူ၏ ကောင်းမွန်စွာလေ့ကျင့်ပေးမှုများဖြင့်ဆိုလျှင်......
ဝမ်ဖုန်းသည် နောင်အနာဂတ်မှာ ရှန်းလန်တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် လီချင်းဆိုသော တည်ရှိမှုကြီးအကြောင်း တွေးဆနေမိတော့သည်...
''ဝုန်း!''
ဝမ်ဖုန်းတစ်ယောက် လီချင်းအကြောင်း ဝမ်သာအားရတွေးနေတုန်းမှာပဲ ပတ်ဝန်းကျင်လေထုဟာ အနည်းငယ်တုန်ခါသွား၏။ဝမ်ဖုန်းသည် သက်ကယ်တဲဘက် လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်လုံးများဟာ တောက်ပသွားလေသည်!
ကျင့်ကြံရေးအကြောင်း မသိသော်လည်း၊ သူသည် လက်ရှိမှာ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ရှိ ဆရာသခင်တစ်ယောက်ဖြစ်သည်။ အခုလက်ရှိ လေထုထူးဆန်းနေရသည့်အကြောင်းကို သူ ဘယ်လိုလုပ် မသိဘဲနေမတုန်း!
ယဲ့ကူချန်က လင်းဖေးဝူကို ကုသပေးနေတုန်းမှာပဲ လင်းဖေးဝူအဆင့်တက်သွားလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး!
ဝမ်ဖုန်းသည် သက်ကယ်တဲလေးကိုဗဟိုပြု၍ အနီးအနားက ကောင်းကင်နှင့်မြေကြီးကြားရှိ ချီစွမ်းအင်များဟာ အရူးအမူးလှည့်ပတ်နေတာကို မြင်လိုက်ရလေသည်။သက်ကယ်တဲလေး၏အပေါ်တွင် ဆန်းကြယ်သော လေဝဲတစ်ခုအသွင်ဖြစ်တည်နေပါ၏။
တဲလေးနားမှာ တံမြက်စည်းလှည်းနေခဲ့သော လီချင်းက ဝမ်ဖုန်းဆီ အလန့်တကြားပြေးလာပြီး မေးလိုက်သည်။
''ဂိုဏ်းချုပ်၊ခု ဘာတွေဖြစ်နေတာလဲ?''
''မစိုးရိမ်ပါနဲ့၊မင်းရဲ့ ဂိုဏ်းတူညီမလေး ဖေးဝူက အဆင့်ချိုးဖျက်တက်ရောက်မှု ဖြစ်စဥ်ထဲရှိနေတာပါ။'' ဝမ်ဖုန်းက လက်ကိုဝှေ့ရမ်းပြောလိုက်ရင်း ရယ်မောလိုက်သည်။
ဤသည်ကိုကြားတော့ လီချင်းဟာ ဆက်လက်ထိတ်လန့်ခြင်းမဖြစ်တော့သော်လည်း သူ့မျက်လုံးများအတွင်း မနာလိုမှုတစ်စွန်းတစ်စ ဖြစ်ပေါ်လာပါ၏။ သူ့ဂိုဏ်းတူညီမလေးက အမတဂိုဏ်းထဲဝင်လာလာချင်း စွမ်းအားကြီးဆရာတစ်ယောက် ရလိုက်သလို၊ခုလည်း အဆင့်တက်နေပြန်ပြီလား? သူကတော့ ခုထိ သေမျိုးပဲဖြစ်နေတုန်း။
ဒါကိုတွေးမိသွားတော့ လီချင်း၏မျက်နှာကြီး သုန်မှုန်လာသည်။ဒီလိုသာဆက်သွားနေရင် အကြီးဆုံးဂိုဏ်းတူအကိုကြီးဆိုသည့် သူ၏ဂုဏ်ပုဒ် ပျက်စီးသွားလိမ့်မည်ဟု သူ ခံစားနေရသည်။
''မစိုးရိမ်ပါနဲ့ကွာ။မင်းလည်းပဲ မကျင့်ကြံနိုင်မှာမှ မဟုတ်ဘဲ။ အချိန်ကြာလာတာနဲ့အမျှ မင်းလည်း မင်းရဲ့ဂိုဏ်းတူညီမလေးထက် သာသွားနိုင်တာပဲလေ။မင်းသာ သည်းခံပြီး ဇွဲရှိရှိကျင့်ကြံနေသေးသရွေ့ပေါ့" ဝမ်ဖုန်းက လီချင်းကို နက်ရှိုင်းသော မျက်ဝန်းတစ်စုံဖြင့်စိုက်ကြည့်ရင်း ပြောလိုက်သည်။
'ကျေးဇူးတင်ပါတယ်၊ဂိုဏ်းချုပ်! မစိုးရိမ်ပါနဲ့! လီချင်း ကြိုးစားပါ့မယ်!'' ဝမ်ဖုန်း၏စကားများကိုကြားတော့ လီချင်း၏မျက်လုံးလေးများ အံ့အားတသင့် တောက်ပလာသည်။သူသည် သူ့ရင်ဘက်ကိုသူ လျင်မြန်စွာပုတ်ရင်း ပြောလိုက်သည်။
လီချင်း၏စိတ်နေသဘောထားကိုမြင်တော့ ဝမ်ဖုန်းသည် ပြုံးလိုက်ပြီး ဘာစကားမှ ဆက်မဆိုတော့။ သူသည် ရုတ်တရက်ဆိုသလိုပဲ လီချင်း၏အနာဂတ်လုပ်ဆောင်မှုများကို တွေ့ရဖို့ စိတ်အားထက်သန်လာပါတော့သည်။
ဝမ်ဖုန်းနှင့်လီချင်းတို့ စကားပြောနေတုန်းမှာပဲ သက်ကယ်တဲလေး အထက်က ချီစွမ်းအင်လေဝဲမှာ ပိုလို့တောင် ကြောက်စရာကောင်းလာကာ ပတ်ဝန်းကျင်လေထုကိုတောင် တုန်ခါသွားစေသည်။
ကျင့်ကြံရေးအကြောင်း မသိသော ဝမ်ဖုန်းအတွက်တော့ ဤမြင်ကွင်းဟာ အထူးအဆန်းတစ်ခု ဖြစ်နေပါတော့သည်။
ဝမ်ဖုန်းနှင့်လီချင်းတို့ လင်းဖေးဝူ အဆင့်တက်ပြီးမှာကို စောင့်ဆိုင်းနေဆဲမှာပဲ တောင်ကြားလေးနှင့် မိုင်ငါးရာလောက်အကွာမှာ မျက်ဝန်းတစ်စုံဟာ တောက်ပလာပါ၏။
မျက်ဝန်းရှင်သည် တောင်ကုန်းလေးတစ်ခုပေါ် ဆင်းသက်လိုက်သည်။အဆိုပါလူဟာ သွေးနီရောင်ဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် ထူးခြားဆန်းပြားသော အင်းကွက်များရှိနေပြီး၊ဤသည်ကပဲ သူ့အသွင်အပြင်ကို ထိတ်လန့်ဖွယ်ကောင်းလာစေသည်။
''ကျစ်ကျစ်၊ နိုးထလာလာချင်းမှာပဲ ဆန်းကြယ်အကြီးအကဲအဆင့် အစားအသောက်ကိုတွေ့ရလိမ့်မယ်လို့ ဒီနတ်ဆိုးက ထင်မထားခဲ့ဘူး။ငါ အရသာရှိတဲ့အစားအသောက်တွေ မစားရတာ အတော်ကြာပြီပဲ။ တကယ့်ကို စိတ်လှုပ်ရှားနေပြီ!''
အမျိုးသား၏နှုတ်ခမ်းများဟာ ထိတ်လန့်ဖွယ် ကွေးတက်သွားသည်။သူသည် နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့သည်။သူနိုးနိုးချင်းမှာပဲ အစားအစာက တံခါးဝရောက်လာလေသည်။သူ တကယ့်ကို ကံကောင်းတာပဲ!
''သားကောင် အဆင့်တက်ပြီးတဲ့အထိ စောင့်လိုက်မယ်။ဒါမှ ပိုအရသာ ရှိလာမှာ။ဒီနတ်ဆိုးရဲ့ အစာဖြစ်လာမှာကို မင်းဂုဏ်ယူသင့်တယ်!'' သက်လတ်ပိုင်းအမျိုးသားက တောင်ကြားလေးရှိရာကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကာ ခပ်ဖွဖွပြုံးလိုက်သည်။
ဘုန်း!
စကားဆုံးဆုံးချင်းဆိုသလို သက်လတ်ပိုင်းအမျိုးသားသည် ခြေစောင့်လိုက်သည်နှင့်တပြိုင်နက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တောင်ကြားလေးဆီ ဦးတည်သွားတော့သည်။သူ့ခြေစောင့်ခဲ့သည့် တောင်ကုန်းလေးကတော့ ရုတ်ချည်းဆိုသလို ပေါက်ကွဲသွားကာ တစ်စီဖြစ်သွားတော့သည်။
သက်လတ်ပိုင်းအမျိုးသားမှာ အနည်းငယ်အဆင့်မြင့်သော နတ်ဆိုးတစ်ကောင်ဖြစ်လေသည်။သူဟာ အရသာရှိသော အစာလေးကိုစားဖို့ မစောင့်နိုင်တော့ပါ။သူသည် ကြီးမြတ်သောနတ်ဆိုးဖြစ်ပါ၏။
သွေးနီရောင်ဝတ်ရုံရှင် အမျိုးသား၏အမြင်မှာတော့ ဆန်းကြယ်အကြီးအကဲအဆင့်သို့ အဆင့်တက်ကာနီးလူမှာ သူ့ပါးစပ်ထဲက အစာသာဖြစ်သည်။ သူ့သားကောင်ကို ဘယ်ကောင်မှ သူ့ဆီက ယူမသွားနိုင်ဘူး။သူ့ကို ယူသွားမယ့်လူ မှန်သမျှ သေရမယ်!သူသည် တစ်ယောက်ယောက်က သူ့ကို လာတားဖို့တောင် မျှော်လင့်နေပါသေးသည်။ဒါဆိုရင် နောက်ထပ် အစာနည်းနည်း ပိုရတာပေါ့!