။မဟာနတ်ဆိုး ရွှမ်ရှ။
Vol. 1 Ch. 6
လင်းဖေးဝူ အဆင့်တက်တာကို စောင့်နေတုန်း ဝမ်ဖုန်းသည် စနစ်ကိုပြောလိုက်သည်။
''စနစ်၊ ဂိုဏ်းအမှတ်တစ်ထောင်နဲ့ ထီလက်မှတ်တစ်စောင်ဝယ်မယ်!''
လင်းဖေးဝူသည် လင်ယွင်အပါအဝင် တခြားလူခုနှစ်ယောက်ကို သတ်ခဲ့တာကြောင့် သူဂိုဏ်းအမှတ် ၁၂၀၀ရခဲ့သည်။ လီချင်းကိုစစ်ဆေးဖို့ ဂိုဏ်းအမှတ်တစ်ရာ သုံးခဲ့ရသည်။သူ့တွင် အမှတ် ၁၁၀၀ရှိတာကြောင့် ထီလက်မှတ်တစ်စောင် ဝယ်နိုင်ပေသည်!
ဒီကနေ့အထိ သူ့အမတဂိုဏ်းဟာ အားနည်းနေသေးသည်။ဂိုဏ်းတွင် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် စွမ်းအားရှင် ယဲ့ကူချန်ရှိနေသော်လည်း၊ သူ့တစ်ယောက်တည်းကို ပြုံပြီးမှီခိုနေလို့လည်း မရသေး။ ငါ ထီလက်မှတ်တစ်စောင်ပဲ သုံးခွင့်ရှိတာ။ဘာရတနာတွေ၊ ဘယ်လိုသိုင်းကျမ်းတွေရဦးမလဲ ကြည့်ရအောင်ဟေ့!
''ဒင်၊ ပိုင်ရှင်သည် ဂိုဏ်းအမှတ်တစ်ထောင်နဲ့ ထီလက်မှတ်တစ်စောင်ကို လဲလှယ်လိုက်ပါပြီ။ ပိုင်ရှင်အား ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ် ရရှိသည့်အတွက် ဂုဏ်ပြုပါတယ်!''
အေးစက်စက်အသံကိုကြားတော့ ဝမ်ဖုန်းသည် တဒင်္ဂကြောင်အသွားသည်။ထို့နောက် သူ့မျက်နှာပေါ်တွင် အပျော်ရိပ်များ ပေါ်ပေါက်လာသည်။သူ ဆင့်ခေါ်ခွင့်တစ်ကြိမ်ထီပေါက်တာ အရမ်းကံကောင်းတာပဲ။သူ ချက်ချင်းပြောလိုက်သည်။
''စနစ်၊ ဆင့်ခေါ်ခွင့်ကို သုံးလိုက်!''
''ဓါးနတ်ဘုရား ချီမိန်ချွေရွှယ်ကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်! ချီမိန်ချွေရွှယ်ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးပါမည်လား?''
''စစ်ဆေးလ်ိုက်!''
အေးစက်စက်အသံတစ်ဖန်ပြန်ထွက်ပေါ်လာသည်။ ဝမ်ဖုန်းသည် အံ့အားသင့်ဝမ်းမြောက်သွားသည်။သူသည် ယဲ့ကူချန်၏တစ်ဦးတည်းသောပြိုင်ဘက် ချီမိန်ချွေရွှယ်ကို ဆင့်ခေါ်မိလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပါ။ ယဲ့ကူချန်ကို ဓါးတို့၏ဘုရင်ဟုတင်စားရလျှင်၊ ချီမိန်ချွေရွှယ်ကိုမူ သက်ရှိဓါးတစ်ချောင်းဟု တင်စားရပါမည်။ သူတို့နှစ်ဦးစလုံးဟာ ဓါးကိုအသေအလဲ မြတ်နိုးကြပြီး၊ သူတို့နှလုံးသားထဲတွင် ဓါးသာရှိတော့သည်အထိ ဓါးကိုရူးသွပ်ကြသူများပင်တည်း။
စနစ်၏ဖိနှိပ်မှုနှင့်ဒီကမ္ဘာကြီး၏မျှခြေ စည်းမျည်းများကြောင့်သာ မဟုတ်လျှင် ခန်းဒိုဆရာသခင်နှစ်ပါးဖြစ်သော ယဲ့ကူချန်နှင့်ချီမိန်ချွေရွှယ်တို့၏ခွန်အားက ဤမျှသာရှိနေမှာ မဟုတ်ပေ။ ဒီလူနှစ်ယောက်၏အလားအလာများဆက်လက်တိုးတက်နိုင်ဦးမယ်လို့ ဝမ်ဖုန်းမျှော်လင့်ထားပါသည်။အနှီလူနှစ်ယောက်ဟာ နတ်ဝိဇ္ဇာများဖြစ်ခဲ့ကြသည်။သူတို့ အခုရော ဘယ်လောက်အထိ တာသွားနိုင်ဦးမည်နည်း?
''ဒင်၊ချီမိန်ချွေရွှယ်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။
အမည်: ချီမိန်ချွေရွှယ်။
ကျင့်ကြံရေး: လောကငယ် အလယ်အလတ်အဆင့်။
အထူးသိုင်းကွက်; ဟွာကွမ်းခန်းဒို။(အင်ပါယာအဆင့်၏အထွတ်အထိပ်)
ရွှမ်ပင်း: ဝူဆောင်(အင်ပါယာအထွတ်အထိပ်!)''
ချီမိန်ချွေရွှယ်၏ စွမ်းရည်ဇယားကိုမြင်တော့ ဝမ်ဖုန်းဆွံ့အသွားပါသည်။သူ့အမြင်တွင် ချီမိန်ချွေရွှယ်နှင့်ယဲ့ကူချန်ဟာ အဆင့်တူသာဖြစ်သည်။ပြောရရင် ယဲ့ကူချန်ကတောင် ချီမိန်ချွေရွှယ်ထက် သာပါသေးသည်။ တားမြစ်မြို့တော်အထက်တွင် အဆုံးအဖြတ်တိုက်ပွဲကြီးဖြစ်စဥ်တစ်လျှောက်လုံး ယဲ့ကူချန်၏ပျံသန်းနေသော အမတအရှင်သိုင်းကွက်သည် ချီမိန်ချွေရွှယ်ကို သတ်ပစ်လိုက်နိုင်၏။
ယဲ့ကူချန် သေသွားရသည့်အကြောင်းမှာ သူဟာ သေဆုံးဖို့အစောတည်းက ဆန္ဒရှိနေခဲ့ပြီး၊သူ၏ခန်းဒိုဂုဏ်သတင်းကိုလည်း ချီမိန်ချွေရွှယ်အား အပ်နှင်းချင်ခဲ့တာကြောင့်သာ ဖြစ်သည်။လပြည့်ညတစ်ည ၊တားမြစ်မြို့တော်အထက်တွင် ဓါးတစ်ချောင်းဟာ ယဲ့ကူချန်၏နှလုံးသားထက်ဆီသို့.....
ဝမ်ဖုန်းသည် ပဟေဠိဖြစ်နေသော အမူအရာဖြင့်မေးလိုက်သည်။
''စနစ်၊ ယဲ့ကူချန်က ချီမိန်ချွေရွှယ်ထက် ပိုသန်မာရမှာ မဟုတ်ဘူးလား?''
''ဒင်၊ဒီတစ်ကြိမ်ဆင့်ခေါ်ခဲ့တဲ့ ချီမိန်ချွေရွှယ်က တားမြစ်မြို့တော်အထက်က အဆုံးအဖြတ်တိုက်ပွဲအပြီးမှာ ဓါးပညာကို အောင်မြင်ပြီးသွားတဲ့ချီမိန်ချွေရွှယ်ဖြစ်ပါတယ်!''
''ယင်းတိုက်ပွဲအပြီးမှာ ချီမိန်ချွေရွှယ်ရဲ့ဓါးလမ်းစဥ်ဟာ နောက်အဆင့်သစ်တစ်ခုကို ရောက်သွားခဲ့ပါပြီ။သူဟာ နှလုံးသားထဲမှာ ဓါးမရှိတော့တဲ့အဆင့်ကို ရောက်သွားပါပြီ။လူများဟာ ဓါးများဖြစ်သည်။ လူသာရှိသရွေ့ ဓါးလည်းရှိမည်! လောကကြီးထဲက အရာရာဟာ ဓါးများဖြစ်ကြသည်! ဒါက ခန်းဒိုရဲ့အထွတ်အထိပ်ပါ!''
စနစ်၏ရှင်းပြချက်ကိုကြားမှ ဝမ်ဖုန်းသည် ဒီလိုကိုးဟု သဘောပေါက်သွားတော့သည်။
မဆိုးပါဘူး! နောက်ဆုံးတော့ သူ့အမတဂိုဏ်းကြီးမှာ လောကငယ်အဆင့် ဆရာသခင်တစ်ပါးရှိလာပြီ!
ဝမ်ဖုန်းသည် ကျေနပ်အားရစွာ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။ လောကငယ်အဆင့် ဆရာသခင်များသည် ယောင်ရီအင်ပါယာတစ်ခုလုံးမှာ အဆင့်အမြင့်ဆုံးဖြစ်ကြသည်။ယောင်ရီအင်ပါယာ၏တော်ဝင်မိသားစုမှ လွဲ၍ ကျန် လောကငယ်အဆင့်ဆရာသခင်များဟာ လက်တစ်ဆုပ်စာသာ ရှိကြသည်။
''ဝှီး''
ဒီအချိန်မှာပဲ သက်ကယ်တဲအထက်က အံ့ဖွယ်မြင်ကွင်းများသည် တဖြည်းဖြည်းငြိမ်သက်သွားသည်။ယင်းနောက် သက်ကယ်တဲအပေါ်က ဧရာမလေဝဲကြီးကလည်း တဲအတွင်းစီးဝင်သွားလေသည်။သက်ကယ်တဲ အတွင်းမှ အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသည်!
ဆန်းကြယ်အကြီးအကဲအဆင့်၏အရှိန်အဝါများကို ခံစားလိုက်ရတော့ ဝမ်ဖုန်းသည် ကျေနပ်အားရ ခေါင်းညိမ့်လိုက်သည်။ယင်းအရှိန်အဝါမှတစ်ဆင့် လင်းဖေးဝူ၏အခြေခံ မည်မျှသန်မာကြောင်း သူသိနိုင်လေသည်!
''ဒင်၊ပိုင်ရှင်၏ဂိုဏ်းသား လင်းဖေးဝူ ဆန်းကြယ်အကြီးအကဲအဆင့်တက်ရောက်သွားတာကို ဂုဏ်ပြုပါတယ်။ဂိုဏ်းအမှတ်တစ်ထောင်ကို ဆုချလိုက်ပါပြီ!''
မဆိုးဘူး။မဆိုးဘူး။
သူ့စိတ်ထဲထွက်ပေါ်လာသည့် အသံကြောင့် ဝမ်ဖုန်းပိုလို့တောင် ပြုံးပျော်လာတော့သည်။
ဝမ်ဖုန်း စိတ်လှုပ်ရှားနေတုန်းမှာပဲ၊ ယဲ့ကူချန်နှင့် လင်းဖေးဝူတို့ ပြန်ထွက်လာကြသည်။လင်းဖေးဝူသည်လည်း အရမ်းစိတ်လှုပ်ရှားနေပါသည်။သူမက ဝမ်ဖုန်းကို တရိုတသေဦးညွှတ်လိုက်ကာ ပြောလိုက်သည်။
''ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!''
ဝမ်ဖုန်းသာမရှိရင်၊ ယဲ့ကူချန်သာ မရှိရင်၊ရှန်ရှန့်ကျုံဂိုဏ်းကြီးသာမရှိရင် သူမခုချိန်ထိ အသက်ရှင်နေဦးမှာ မဟုတ်ပါ။သူမ ခုလိုအဆင့်ထိရော ရောက်နိုင်ဦးမှာလား? လင်းဖေးဝူ၏နှလုံးသားထဲတွင် ရှန်ရှန့်ကျုံဂိုဏ်းကြီးကို သူမ၏အိမ်အဖြစ် မှတ်ယူထားပြီးလေပြီ။သူမဘဝတစ်လျှောက်လုံး ဒီဂိုဏ်းကြီးမှာသာ အရိုးထုတ်တော့မည်!
လင်းမိသားစုပြိုကွဲအပြီးမှာ သူမ၏နှလုံးသား သေဆုံးသွားခဲ့သော်လည်း၊ ဝမ်ဖုန်း၊သူမဆရာယဲ့ကူချန်နှင့် ရှန်ရှန်ကျုံဂိုဏ်းကြီးတို့ကြောင့် သူမ၏နှလုံးသား တစ်ဖန်ပြန်ရှင်သန်လာခဲ့ရသည်။သူမသည် အနာဂတ်အတွက် မျှော်လင့်ခြင်းများလည်း တွေ့မြင်နေရလေသည်။
''အကြီးအကဲယဲ့စကားကို သေချာနားထောင်။ အနာဂတ်မှာ ရှန်ရှန်ကျုံရဲ့ဂုဏ်သတင်းတိုးတက်အောင် မင်း ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ဒီဂိုဏ်းချုပ် မျှော်လင့်တယ်။''လင်းဖေးဝူ၏သဘောထားကိုမြင်တော့ ဝမ်ဖုန်းက ကျေနပ်အားရစွာ ခေါင်းညိမ့်ရင်း ပြောလိုက်သည်။
''ဟုတ်ကဲ့ပါ၊ဂိုဏ်းချုပ်!''
''ကူချန်၊ခဏနေရင် မင်းရဲ့မိတ်ဆွေဟောင်းကြီးတစ်ယောက် ရောက်လာလိမ့်မယ်။''ဝမ်ဖုန်းက ယဲ့ကူချန်ကို နက်ရှိုင်းသောအဓိပ္ပါယ်များပါဝင်သော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ကာပြောလိုက်သည်။
ဟမ်!
ဝမ်ဖုန်း၏စကားများကိုကြားတော့ အစောက မောက်မာအေးစက်နေသော ယဲ့ကူချန်၏မျက်ဝန်းများ တောက်ပသွားသည်။သူ ကိုင်ဆောင်ထားသော ဓါးရှည်သည်လည်း တုန်ခါလာပြီး တိုက်ပွဲဝင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။
''ကျစ်ကျစ်၊အစကငါ ဆန်းကြယ်အကြီးအကဲအဆင့် အစာလေးတစ်ခုပဲရှိမယ်ထင်ထားတာ။ နောက်ထပ်ပုရွက်ဆိတ်လေးတွေ ထပ်ရှိနေဦးမယ်ထင်မထားဘူး။ကောင်းတယ်! ပိုများများစားရတာပေါ့ကွာ!''
ဒီအချိန်မှာပဲ မောက်မာခက်ထန်သော အသံတစ်သံက တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ကာ အနီးအနားကို ဝေ့ဝဲကြည့်လိုက်သည်။ယဲ့ကူချန်သည်လည်း သူ့ဓါးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
ဝမ်ဖုန်းနှင့်အခြားလူများ၏ အကြည့်များအောက်မှာပဲ သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တောင်ကြားအထက်မှ ထွက်ပေါ်လာသည်။ထိုလူ၏အမူအရာက ကြမ်းကြုတ်ခက်ထန်လှသည်။ထိုလူ့ထံမှ မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေသော်လည်း၊ ဝမ်ဖုန်းသည် ထိုလူ့ဆီမှကြောက်လန့်ဖွယ် ဖိအားကြီးတစ်ခုကို ခံစားနေရသေးသည်။
ထို့လူ့တွင်ကြောက်မက်ဖွယ်စွမ်းအားများရှိနေသည်။ ထိုစွမ်းအားများသာ ထွက်ပေါ်လာပါက ဝမ်ဖုန်းသည် သူ့ကိုထိုလူက သိုင်းတစ်ကွက်တည်းနဲ့အသားပြားဖြစ်အောင် ရိုက်နိုင်လိမ့်မည်ဟုတောင် ခံစားနေရသည်။ဝမ်ဖုန်း အနည်းငယ် တုန်လှုပ်သွားသည်။
''စနစ်၊ဒီလူ့ကို စစ်ဆေးလိုက်!''
''ဒင်၊ကျင့်ကြံရေး အဆင့်ကိုသာ စုံစမ်းစစ်ဆေးမည်ဆိုပါက ဂိုဏ်းအမှတ်၁၀မှတ်၊ ဇစ်မြစ်အပြည့်အစုံဆိုပါက ဂိုဏ်းအမှတ်၁၀၀ ကျသင့်ပါမည်!''
အေးစက်စက် စက်ရုပ်သံကြောင့် ဝမ်ဖုန်းသည် တဒင်္ဂတွေဝေသွားသော်လည်း တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။
''ဂိုဏ်းအမှတ် ၁၀၀ သုံးပြီး၊ဇစ်မြစ်အစအဆုံးကို စစ်ဆေးမယ်!''
ရန်သူ၏အကြောင်းကိုသိထားလျှင် အကြင်သူသည် စစ်ပွဲတစ်ရာအောင်နိုင်သည်ဟုပင် ဆိုရိုးရှိသည် မဟုတ်လော? ဒီလူက သူ့အပေါ် ဖိအားကြီးကြီးမားမား ခံစားရစေတာကြောင့် ဝမ်ဖုန်းသည် လျစ်လျူရှုမထားရဲပါပေ။ယဲ့ကူချန်တောင် ထိုလူ့ကို မနိုင်နိုင်ဘူးလို့ သူ ခံစားနေရသည်။ထို့ကြောင့် သူ့အကြောင်း အလုံးစုံသိထားသည်က ပိုကောင်းပါလိမ့်မည်။
''ဒင်၊အဲ့ဒီလူက ယောင်ရီအင်ပါယာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ယောက်ယက်ခက်သွားစေတဲ့ မဟာနတ်ဆိုးရွှမ်ရှ ဖြစ်ပါတယ်။ သူ့ကျင့်ကြံရေးမှာ ရွှမ်ဟွမ်အထွတ်အထိပ်အဆင့်ဖြစ်တယ်။ ဒါပေမယ့်လည်း သူဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က ယောင်ရီအင်ပါယာနဲ့တိုက်ခိုက်ရာမှာ အင်ပါယာကိုရှုံးနိမ့်ခဲ့တယ်။ မသေပေမယ့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး၊ ယောင်ရီအင်ပါယာရဲ့ ကြီးမြတ်သောအင်ပါယာရှင်ရဲ့ ချိပ်ပိတ်ခံခဲ့ရတယ်! ချိပ်တံဆိပ်ဟာ ခုလေးတင် ကျိုးပျက်သွားတာဖြစ်ပြီး၊လက်ရှိ သူ့ရဲ့ကျင့်ကြံရေးအဆင့်ဟာ တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်သာ ကျန်ရစ်တော့တယ်!''
အေးစက်သောအသံကြောင့် ဝမ်ဖုန်းသည် ချွေးအေးများထွက်လာသည်။သူ့ရန်သူက ဒီလိုကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီးလို့ သူထင်မထားခဲ့ဘူး။ကံကောင်းတာက သူ့ရဲ့အထွတ်အထိပ် အခြေအနေမှာ ရှိမနေတော့တာပဲ။ဒီလိုမှမဟုတ်ရင် ချီမိန်ချွေရွှယ်တောင် သူ့ကို မတားဆီးနိုင်မှာ ငါကြောက်မိတယ်။ ဤတောက်ပနေမင်းအင်ပါယာကြီးတွင် ဒီနတ်ဆိုး၏အဆင့်က အထွတ်အထိပ်တစ်နေရာတွင် ရှိနေသည်!
(T:N. ယောင်ရီအင်ပါယာနဲ့တောက်ပနေမင်းအင်ပါယာက အတူတူပဲထင်ပါတယ်။ )
သို့သော်အခုတော့ ဝမ်ဖုန်းသည် အနည်းငယ် ထိတ်လန့်နေသေးသော်လည်း၊ ဆောက်တည်ရာမရတော့ မဖြစ်တော့ပါ။တော်ဝင်မင်းသား အထွတ်အထိပ်အဆင့်က သန်မာသော်လည်း ယဲ့ကူချန် ထိန်းပေးနိုင်ပါသေးသည်။ချီမိန်ချွေရွှယ်ပါ ရောက်လာရင်တော့ ဒီနတ်ဆိုးကို နံပြားဖြစ်အောင် ထောင်းလို့တောင်ရနိုင်သေးသည်။ ဒီလိုရှေးဘိုးဘေးနတ်ဆိုးကြီးကို ရိုက်နှက်ရမှာကို သူ စိတ်လှုပ်ရှားနေမိ၏။
''ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းနားမှာ လာဟောင်နေတာ ဘယ်ခွေးလဲကွ! မင်းဘာလို့ ထွက်မသွားသေးတာလဲ? ခုချက်ချင်း ထွက်မသွားသေးရင် ငါတို့ဂိုဏ်းက အကြီးအကဲယဲ့ထွက်လာပြီး သတ်လိုက်လို့၊မြေမြှပ်စရာ နေရာတောင် မရှိဘဲ ဖြစ်သွားမယ်!''
ဒီအချိန်မှာပဲ ဝမ်ဖုန်းနောက်မှာ ရပ်နေခဲ့သော လီချင်းက ရှေ့ထွက်လာကာ မဟာနတ်ဆိုးကြီးရွှမ်ရှကို အော်ငေါက်လိုက်သည်။ဒီအချိန်တွင် လီချင်း၏နှာခေါင်းက ကောင်းကင်ကို ထိတော့မတက် မိုးထိုးနေပြီး၊မဟာနတ်ဆိုး ရွှမ်ရှထက်တောင် မောက်မာနေသေးသည်။
မဟာနတ်ဆိုးရွှမ်ရှ ဘယ်လောက်စွမ်းအားကြီးသလဲ သူ မသိပါဘူး။သူ့အမြင်မှာတော့ ယဲ့ကူချန်သည် စွမ်းအားရှင်ခုနှစ်ယောက်ကိုတောင် သတ်နိုင်ခဲ့သေးရာ ဒီကောင့်ကိုလည်း သတ်နိုင်ပေလိမ့်မည်။ဒါ့ကြောင့် ဒီအချိန်က သူ မျက်နှာဝင်ယူဖို့ အချိန်ကောင်းပင်တည်း။
ဘာပဲဖြစ်ဖြစ်၊သူက ဂိုဏ်းရဲ့အကိုကြီးလေ။သူက ဂိုဏ်းတူညီမလေးလို မလှသလို၊စွမ်းအားလည်း မကြီးသေးပေမယ့်၊အော်ငေါက်တဲ့နေရာမှာတော့ ဆရာကြီးပါနော်!
သို့ပေမယ့် သူ့စကားသံဆုံးသွားသည်နှင့် ဂိုဏ်းချုပ်ကြီးဝမ်ဖုန်းတောင် ကြောင်အသွားမည်ဆိုတာ လီချင်းလေး မထင်ထားခဲ့။ ဝမ်ဖုန်းဟာ လီချင်းကို မယုံနိုင်ဘူးဆိုသည့်အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ပထမဆုံးအကြိမ် သူ ဂုဏ်ယူမိသွားသည်။သေမျိုးသာသာ အဆင့်သာရှိသေးပေမယ့် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် နတ်ဆိုးကို ဆဲဆိုရဲတာ...ဒီတပည့်က...တကယ့်ကို သတ္တိကောင်းလိုက်တာ!
ယဲ့ကူချန်တောင် အံ့အားသင့်သွားပြီး လီချင်းကိုလှည့်ကြည့်လိုက်မိသည်။
ဝမ်ဖုန်းနှင့်ယဲ့ကူချန်တို့၏အကြည့်များကို ခံစားလိုက်ရတော့ လီချင်းတစ်ယောက် ပိုလို့တောင် ဂုဏ်ဆာသွားတော့သည်။ သူ့အမြင်တွင် ဤသည်က ဂိုဏ်းချုပ်ကြီးနှင့်အကြီးအကဲယဲ့တို့၏ အသိအမှတ်ပြုသည့် အကြည့်များဖြစ်သည်။
''ဟိုလူကြီး။ ခုချက်ချင်း ဒူးထောက်ပြီး မတောင်းပန်သေးဘူးလား!?''
သေမျိုးတစ်ယောက်သာဖြစ်သော်ငြားလည်း လီချင်း၏လက်ရှိလေသံက အားမာန်ပြည့်ဝနေသည်!
''ဂိုဏ်းတူအကိုကြီး၊ ဒီလူရဲ့အရှိန်အဝါတွေက ဆရာ့ထက် မလျော့ဘူး'' လီချင်းဘေးမှာ မတ်တပ်ရပ်နေသော လင်းဖေးဝူက ကြည့်မနေနိုင်တော့ဘဲ လီချင်း၏အင်္ကျီစကို ခပ်ဖွဖွဆွဲလိုက်ကာ တီးတိုးပြောလိုက်သည်။
လက်ရှိတွင် လင်းဖေးဝူသည် ဆန်းကြယ်သောအကြီးအကဲအဆင့်သို့ ရောက်နေပြီဖြစ်သည်။သူမသည် မဟာနတ်ဆိုးရွှမ်ရှ၏စွမ်းအားများကို အပြည့်အဝမတိုင်းတာနိုင်သော်လည်း နှိုင်းယှဥ်ချိန်ဆနိုင်ပြီဖြစ်သည်။ထိုလူက သူမဆရာနဲ့လက်ရည်တူရှိကြောင်း သူမ ခံစားနေရသည်။
သူမဆရာသည် တော်ဝင်မင်းသား အထွတ်အထိပ်အဆင့်ဖြစ်သည်။ဒီလူသည်လည်း အနည်းဆုံးတော့ တော်ဝင်မင်းသားအဆင့်ဖြစ်ရမည်။ တော်ဝင်မင်းသား အထွတ်အထိပ်အဆင့်တောင် ဖြစ်နိုင်သေးသည်။ ဒီလူထွက်ပေါ်လာတုန်းက သူမဆရာ၏မျက်နှာအမူအရာ လေးနက်နေတာကို သူမတွေ့လိုက်ရသည်။ စွမ်းအားကြီးရန်သူများနဲ့ရင်ဆိုင်ရသည့်အခါ လေးနက်နေသလိုမျိုးပေါ့။
''အာ၊မင်းဘာပြောလိုက်တယ်?'' လီချင်းအနည်းငယ်ကြောင်အသွားကာ လှည့်ကြည့်ပြီး မေးလိုက်သည်။
''အဲ့ဒီလူရဲ့ ကျင့်ကြံဆင့်က တော်ဝင်မင်းသားအဆင့်လို့။ဆရာနဲ့ အဆင့်ချင်းတူတာတောင် ဖြစ်နိုင်တယ်။''
လင်းဖေးဝူ၏စကားများကိုကြားတော့ လီချင်း၏ခြေထောက်များ ပျော့ခွေသွားကာ လဲကျမလိုတောင် ဖြစ်သွားသည်။ လင်းဖေးဝူဆွဲထားလို့သာ မဟုတ်ရင် သူဒူးထောက်ချမိတော့မလို့။ အမေရေ! သူ ဆရာ့ဆရာ့ကြီးတစ်ယောက်ကို ဆဲမိသွားပြီလို့!
''ကျစ်ကျစ်၊ ရှန်ရှန့်ကျုံဂိုဏ်းဟုတ်လား? ဘယ်ချောင်ကထွက်လာတဲ့ဂိုဏ်းလဲကွ? ဒီနတ်ဆိုးက ကြားတောင် မကြားဖူးဘူး။မင်းက စိတ်ဝင်စားစရာတော့ ကောင်းသားပဲ။ပုရွက်ဆိတ်လေးဖြစ်နေတာတောင် ငါ့ကို ကျိန်ဆဲရဲသေးတယ်။ သတ္တိရှိတယ်ဟေ့! မင်းက ငါ အရသာခံဝါးစားဖို့ ထိုက်တန်သွားပြီ!''