← Chapters

။ချီမိန်ချွေရွှယ်၏ဓါး ။

Vol. 1 Ch. 7

။ချီမိန်ချွေရွှယ်၏ဓါး ။

Vol. 1 Ch. 7

လီချင်း၏ဆဲဆိုခြင်းကို ခံလိုက်ရသော်လည်း မဟာနတ်ဆိုး ရွှမ်ရှက စိတ်ဆိုးသွားခြင်းမရှိဘဲ၊လီချင်းကိုသာ ပြီတီတီလှည့်ကြည့်လိုက်သည်။သူသည် ချိပ်ပိတ်ခံလိုက်ရတာကြာလှနေပြီဖြစ်သည်။ ပုရွက်ဆိတ်တွေကို တတိတတိချင်းစားတာကလည်း အရသာရှိလှပေသည်။

မဟာနတ်ဆိုးရွှမ်ရှ၏ ပြန်ပြောစကားများကိုကြားတော့ လီချင်း၏ခြေထောက်များ ပိုမိုပျော့ခွေသွားကာ ဆတ်ဆတ်တုန်လာသည်။လီချင်းမှာ သူ့ပါးသူသာ ပြန်ရိုက်လိုက်ချင်တော့သည်။ပြောချင်ဦးဟ ဒီပါးစပ်!

''မဟာနတ်ဆိုးရွှမ်ရှ၊ဒီဂိုဏ်းချုပ်က မင်း အေးဆေးထွက်သွားတာကောင်းလိမ့်မယ်လို့ပြောချင်တယ်။ချိပ်စည်းကို ချိုးဖျက်ရတာလည်း မလွယ်လှဘူးမလား? အတိုက်အခံ မလုပ်သင့်သူကို အတိုက်အခံမလုပ်ရဘူးကွ!'' ဝမ်ဖုန်းသည် လီချင်းကိုလျစ်လျူရှုလိုက်ကာ သူ့မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး မဟာနတ်ဆိုး ရွှမ်ရှကို စေ့စေ့ကြည့်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။

''အိုး မင်းက ဒီနတ်ဆိုးကို သိတယ်လား?''

ဝမ်ဖုန်း၏စကားများက မဟာနတ်ဆိုးရွှမ်ရှကို ချက်ချင်းဆွဲဆောင်သွားသည်။ ရွှမ်ရှသည် အံအားသင့်နေသော မျက်နှာအမူအရာဖြင့် ရွှတ်နောက်နောက်ပြောလိုက်သည်။ နှစ်ပေါင်းတစ်ထောင်လောက် ချိပ်ပိတ်ခံလိုက်ရပြီးတာတောင် သူ့ကို မှတ်မိနေသေးသည့်လူများ ရှိနေလိမ့်ဦးမည်ဟု သူထင်မထားခဲ့။

''ယောင်ရီအင်ပါယာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်က ကယောက်ကယက်ဖြစ်အောင် လုပ်ခဲ့တဲ့ မဟာနတ်ဆိုးရွှမ်ရှ။ ဒီဂိုဏ်းချုပ်က ဘယ်လိုလုပ် မသိဘဲ နေမတုန်း?'' ဝမ်ဖုန်းက ခပ်ယောင်ယောင်ပြုံးလိုက်ကာ မထူးခြားနားသော ဟန်ပန်ဖြင့်ဆိုသည်။ဝမ်ဖုန်း၏တည်ငြိမ်သော သဘောထားက မဟာနတ်ဆိုးရွှမ်ရှကို တစ်မျိုးတစ်မည် ခံစားလာရစေသည်။

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် တပြိုင်နက် လီချင်းကိုဆွဲထားပေးသော လင်းဖေးဝူ၏ ခန္ဓာကိုယ်လေးဟာ ထိတ်လန့်တကြား တုန်လှုပ်သွားသည်။ သူမ၏မျက်ဝန်းများသည် ထိတ်လန့်မှုကို ဖော်ပြနေသည်။သူမသည် မဟာနတ်ဆိုးရွှမ်ရှကို မသိဘဲ အဘယ်မှာနေမည်နည်း? ယောင်ရီအင်ပါယာတစ်ခုလုံးတွင် နတ်ဆိုးကြီးရွှမ်ရှ၏ဂုဏ်သတင်းကို မကြားဖူးမသိဖူးသည့် ကျင့်ကြံသူဟူ၍ မရှိပေ။

နှစ်တစ်ထောင်အလွန်က မဟာနတ်ဆိုးကြီးရွှမ်ရှသည် ယောင်ရီအင်ပါယာကို အဖျက်အစီးများဖြစ်စေခဲ့ပြီး၊အင်ပါယာတစ်ခုလုံး နှစ်အတော်ကြာအောင် ဒုက္ခရောက်ခဲ့ရသည်။ အင်ပါယာရှင် ယောင်ရီသာ သူ့ကို ကိုယ်တိုင်ထွက်ပြီး ချိပ်မပိတ်ခဲ့ရင် ဒီကနေ့အချိန်ထိ ယောင်ရီအင်ပါယာကြီး ရှိနေနိုင်တော့မှာ မဟုတ်ပါ။

ဒီနတ်ဆိုးကြီးက နောက်ဆုံးမှာ ချိပ်စည်းကိုတောင် ချိုးဖျက်နိုင်သွားပြီး၊သူမတို့ဂိုဏ်းဆီတောင် ရောက်လာလိမ့်မယ်လို့ လင်းဖေးဝူ ထင်မထားခဲ့ပါ။သူမသည် ယဲ့ကူချန်ကို တင်းကြပ်နေသော နှလုံးသားတစ်စုံဖြင့် စိုးရိမ်တကြီးလှမ်းကြည့်လိုက်ပါသည်။သူမဆရာ ဒီမကောင်းဆိုးဝါးကောင်ကို တားဆီးနိုင်ပါ့မလား? သူမလည်း မသိတော့ချေ။

မဟာနတ်ဆိုးကြီးရွှမ်ရှမှာ လောကငယ်အဆင့်၏အထွတ်အထိပ်တွင်ရှိနေတယ်လို့ လင်းဖေးဝူ ကြားဖူးပါသည်။(ယခင်အပိုင်းမှာ ရွှမ်ဟွမ်လို့ရေးမိခဲ့တယ်ထင်တယ်။ရွှမ်ဟွမ်က လောကငယ်အဆင့်ပါပဲ။) ဤသည်က သူမဆရာထက် အဆင့်ကြီးတစ်ဆင့် ပိုမြင့်ပါသည်။သူသည် ချိပ်ပိတ်ခံလိုက်ရလို့ အင်အားများယုတ်လျော့သွားလျှင်တောင် သာမန်တော်ဝင်မင်းသားအဆင့်များ ယှဥ်ပြိုင်နိုင်မည့်လူ မဟုတ်ပါ။

''မင်းက ဒီနတ်ဆိုးကိုသိတယ်ဆိုတော့ ကြောက်ရောမကြောက်ဘူးလား?''

မဟာနတ်ဆိုးရွှမ်ရှက စစ်မှန်စွာပြုံးလိုက်သည်။အပြုံးကြောင့် သူ့မျက်နှာပေါ်က အင်းကွက်များတုန်ခါသွားသည်မို့ သူ၏အသွင်က ပိုလို့တောင် ကျောချမ်းစရာကောင်းလာတော့သည်။

''ဒီဂိုဏ်းချုပ်က ဘာလို့ကြောက်ရမတုန်း? မင်းသာ ဒီဂိုဏ်းချုပ်ကို လာရှုပ်ရဲရင် နောက်တစ်ခါ ရှုံနိမ့်ခြင်းရဲ့အရသာကို ခံစားသွားစေရမယ်!'' ဝမ်ဖုန်းသည် သွားပေါ်သည်အထိပြုံးလိုက်ပြီး အကြောက်တရားမဲ့စွာ ပြောလိုက်သည်။

''ဟားဟားဟား၊ ရယ်စရာကောင်းလိုက်တာ။ ရယ်စရာကောင်းလိုက်တာ! ပုရွက်ဆိတ်လေးတွေက ကောင်းကင်ကြီး ဘယ်လောက်မြင့်လဲမသိဘူးပဲ။မောက်မာချက်က မိုးလောက်မြင့်နေပါ့လား? ဒီနတ်ဆိုးက မိုးလောက်မြင့်တဲ့စွမ်းအားဆိုတာ ဘာကိုပြောမှန်း မင်းတို့ကို ပြရသေးတာပေါ့ကွာ!''

ဝမ်ဖုန်း၏စကားများကိုကြားတော့ မဟာနတ်ဆိုးရွှမ်ရှက ကောင်းကင်ကိုမော့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။သူ၏တုန်လှုပ်ခြောက်ခြားဖွယ် ရယ်မောသံကြီးက တောင်ကြားတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။သူဟာ ဝမ်ဖုန်းကို တစ်ဖန်ပြန်စိုက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းများသည် စူးရှနေသည်။ ကြောက်စရာစွမ်းအားကြီးတစ်ခုသည် ထက်ဝန်းကျင််တစ်ခွင် ပျံနှံ့သွားသည်။သားရဲကြီး နိုးထလာချေပြီ!

ဘုန်း

မဟာနတ်ဆိုးရွှမ်ရှ၏ကိုယ်မှ ရုတ်ချည်းထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကြီးမှာ ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့သယောင်။ ကြောက်စရာ စွမ်းအင်မုန်တိုင်းကြီးက အနီးဝန်းကျင်တစ်ခွင်က သစ်ပင်များကို တစ်စစီ ကွဲပျက်ကျိုးကျေသွားစေခဲ့ကာ ဝန်းကျင်တစ်ခုလုံး မီးခိုးငွေ့၊ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားသည်။ကြီးမားသော ဖိအားကြီးတစ်ခုက ဝမ်ဖုန်းတို့လူတစ်စုဆီ သက်ဆင်းလာတော့သည်။

ဝုန်း!

ကြောင်မက်ဖွယ်ဖိအားကြီးက ဝမ်ဖုန်းတို့အပေါ် ကျရောက်လုဆဲဆဲတွင် ယဲ့ကူချန်၏ပုံရိပ်က ဝမ်ဖုန်း၏အရှေ့တွင် ရုတ်ချည်းထွက်ပေါ်လာပါသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ ထိတ်လန့်ဖွယ်စွမ်းအားကြီးမှာ ထက်ပိုင်းဖြတ်ခံလိုက်ရပြီး၊စူးရှ တောက်ပသော ဓါးဆန္ဓအလင်းတန်းက မဟာနတ်ဆိုးရွှမ်ရှ၏ မျက်လုံးသူငယ်အိမ်များကို တုန်ခါသွားစေခဲ့သည်။

''တော်ဝင်မင်းသား အထွတ်အထိပ်!''

မဟာနတ်ဆိုးရွှမ်ရှ၏ နှလုံးသားက ဤအချိန်တွင် တုန်လှုပ်သွားသည်။သူသည် တော်ဝင်မင်းသားအဆင့် အထွတ်အထိပ်တွင်ရှိသော သန်မာသောလူတစ်ယောက်က ဒီတောင်ကြားလေးထဲတွင် ပုန်းအောင်းနေခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပါ။ခြင်္သေ့တစ်ကောင် ပေါ်ထွက်လာပေပြီ။

ဒါ့အပြင် မဟာနတ်ဆိုးရွှမ်ရှသည် ယဲ့ကူချန်မှာ သာမန်တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် တစ်ယောက် မဟုတ်ဘူးလို့ ခံစားနေရသည်။ယဲ့ကူချန်၏ ထက်မြစူးရှသော ကြောက်မက်ဖွယ်ဓါးဆန္ဒက သူ့ကိုတောင် အနည်းငယ် ထိတ်လန့်စေခဲ့သည်။

''ဒီလောက်လေးနဲ့တော့ ဟော့ဒီကနတ်ဆိုးကို မတားနိုင်သေးဘူးကွ! ဒါပေမယ့် မင်းတို့ဂိုဏ်းသေးသေးလေးရဲ့ ခွန်အားက ဒီနတ်ဆိုးကို အံ့အားသင့်စေခဲ့တာပဲ!'' မဟာနတ်ဆိုးရွှမ်ရှက တုန်လှုပ်မှုများကို ဖိနှိပ်ရင်း ဝမ်ဖုန်းကို လှမ်းကြည့်ကာ ခနဲ့တဲ့တဲ့ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူသည် တစ်ချိန်တစ်ခါက လောကငယ်အဆင့်၏အထွတ်အထိပ်တွင် ရှိခဲ့သည်။သူသည် လက်ရှိမှာ အင်အားအတော်အတန်ယုတ်လျော့သွားသော်လည်း ယဲ့ကူချန်လို တော်ဝင်မင်းသားအထွတ်အထိပ်ကလူတစ်ယောက်ကို ဘောက်မဲ့ကြောင့် ကြောက်ရအံ့နည်း?

ဘုန်း!

စကားဆုံးသည်နှင့် မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာသည်။ ယင်းမြူခိုးများက ကြီးမားသောလက်သည်းကြီးပုံစံ စုဝေးသွားပြီး၊လျင်မြန်သောအဟုန်ဖြင့် ပြေးဝင်သွားကာ ယဲ့ကူချန်ကို ဆွဲကုပ်လိုက်သည်! လက်သည်းကြီးသည် ကောင်းကင်ကိုဖုံးကာထားသည်ကြောင့် တောင်ကြားတစ်ခုလုံး မဲမှောင်သွား၏။ ပြင်းထန်သောဖိအားကြီးကြောင့်လည်း ပတ်ဝန်းကျင်လေထုဟာ မျက်စိဖြင့်မြင်နိုင်လောက်သည်အထိ တုန်ခါသွားလေသည်!

ယဲ့ကူချန်၏ခွန်အားက သန်မာမှန်းသိသော်လည်း မဟာနတ်ဆိုးရွှမ်ရှက အကင်းစမ်းချင်သေးသည်။ ယဲ့ကူချန်၏စွမ်းအားကြောင့် သူသည် ဒီဂိုဏ်းလေးကို စိတ်ဝင်စားလာလေသည်။

ဘာပဲဖြစ်ဖြစ် သူသည် ယခုမှ ချိပ်ပိတ်စည်းက ထွက်လာနိုင်စဖြစ်သည်။သူသာ ရုတ်ရုတ်သဲသဲဖြစ်အောင် အရမ်းလုပ်လိုက်ပါက စွမ်းအားကြီး ရန်သူများကိုဆွဲဆောင်မိသွားမှာကိုလည်း စိုးရိမ်နေရသည်။

ဗြိ!

မဟာနတ်ဆိုးရွှမ်ရှ၏ လက်သည်းကြီးကိုရင်ဆိုင်နေရသော ယဲ့ကူချန်၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး၊ သူ့ခန္ဓာကိုယ်မှ ထက်မြသောဓါးတစ်လက်သည် ကောင်းကင်သို့ပြေးတက်သွားသည်။

သူသည် သက်တံဓါးသွားကို ညင်သာစွာဖော်ထုတ်လိုက်သည်။ ရှည်သွယ်သောသက်တံကြီးတစ်ခုလို သူ၏ဓါးအလင်းဟာ ကောင်းကင်ယံတွင် ကန်လန့်ဖြတ်ဖြစ်ပေါ်လာသည်။သူသည် လက်သည်းကြီးကို ခုတ်ဖြတ်လိုက်လေသည်။ဓါးသွား၏အစွန်းဟာ ညင်သာထက်မြနေပြီး၊ လက်သည်းကြီး၏တစ်စွန်းတစ်စနှင့် ထိတိုက်သွားသည်။

ဘုန်း!

လင်းဖေးဝူနှင့်လီချင်းတို့၏ ထိတ်လန့်တကြားအကြည့်များအောက်တွင် အင်အားကြီးစွမ်းအားနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံသွားလေသည်။ ပြင်းထန်သောအင်အားလှိုင်းကြီးတစ်ခုက ထက်ဝန်းကျင်ယံ ပျံလွင်သွားပြီး၊ တောင်ကြားတစ်ခုလုံးရှိ အရာအားလုံးကိုချေမွသွားကာ တောင်များကိုတောင် တိုက်ရိုက်ဖြတ်တောက်လိုက်ချေသည်။

တစ်ခုတည်းသော မပျက်မစီးကျန်ရစ်ခဲ့သည့် အရာဆိုလို့ ဝမ်ဖုန်းကိုယ်တိုင်တည်ဆောက်ထားသည့် သက်ကယ်တဲလေးသာရှိတော့သည်။ အနှီတဲလေးဟာ သာမန်ဖြစ်ပုံရသော်လည်း ဂိုဏ်းဌာနရှိနေသည့် ကမ္ဘာငယ်လေးနှင့်ချိတ်ဆက်အပြီးမှာ ယင်းသည် ကမ္ဘာငယ်လေး၏ကာကွယ်မှုအောက်သို့ ရောက်ရှိသွားတာဖြစ်သည်။

တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်နှစ်ယောက်၏ တိုက်ပွဲပင်မဆိုထားဘိ။ ပိုစွမ်းအားကြီးသော မဟာတန်ခိုးရှင်များကတောင် ဤတဲလေးကို တုန်ခါအောင် စွမ်းနိုင်မည်မဟုတ်ပါ။

သို့သော်လည်း မဟာနတ်ဆိုးရွှမ်ရှမှာ ဤသေးငယ်သောတဲလေး၏ထူးခြားမှုကို သတိမမူမိလိုက်။သူ၏မျက်ဝန်းများက ဓါးအလင်းကိုသာ စူးစိုက်ကြည့်လိုက်ရင်း သူ့နှလုံးသားသည် တုန်လှုပ်သွား၏။

ဒီအချိန်တွင် ဓါးအလင်းက သူ၏တိုက်ကွက်ကို ချေဖျက်လိုက်ပြီး သူ့ဆီသို့ဆက်လက်တိုးဝင်လာသည်။ လက်သည်းကြီးကိုချေဖျက်အပြီးမှာ ဓါးအလင်းသည် အတော့်ကိုအားလျော့သွားတာကြောင့် မဟာနတ်ဆိုးရွှမ်ရှက ယင်းကို လွယ်လင့်တကူ ဖျက်စီးပစ်လိုက်ပါ၏။သို့သော်လည်း ဒါကပဲ မဟာနတ်ဆိုးရွှမ်ရှကို အံ့အားသင့်စေပြီးဖြစ်သည်။

စောနက သူ၏တိုက်ကွက်မှာ အားကုန်သုံးထားခြင်းမဟုတ်သော်လည်း သူ့ခွန်အား၏ ၈၀ ရာခိုင်နှုန်းခန့်ပါဝင်နေသည်။ ဤသို့သောစွမ်းအားမျိုးကို သာမန် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်တစ်ယောက်က ရင်ဆိုင်နိုင်မည် မဟုတ်ပါ။

သို့ပေသိ ယဲ့ကူချန်ကတော့ သူ့တိုက်ကွက်ကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည်။ ဆိုလိုသည်က ယဲ့ကူချန်၏ခွန်အားသည် အင်ပါယာအဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟူ၍။

(T/N: လောကငယ်အဆင့်ကိုပဲ အင်ပါယာလို့ခေါ်ကြတာပါ။)

''ဒီလိုတောင်ကြားလေးထဲမှာ ထူးချွန်သူတွေပုန်းခိုနေမယ်လို့ ငါမထင်ထားခဲ့ဘူး!'' မဟာနတ်ဆိုးရွှမ်ရှက ယဲ့ကူချန်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

သူ အားကုန်သုံးတိုက်ခိုက်လျှင် ယဲ့ကူချန်ကို ကျိန်းသေသတ်ပစ်နိုင်မည်မှာ ဧကန်ပင်။သို့သော်လည်း သူ ထိုသို့မလုပ်ရဲပါ။သူသာအားကုန်သုံးမိလိုက်လျှင် သူ လွတ်မြောက်လာပြီဖြစ်ကြောင်းကို ဟိုအဖိုးကြီးများသိသွားနိုင်သည်။အဲ့လိုဆိုပါက သူ ဒုက္ခရောက်သွားပေလိမ့်မည်။

အစားအစာလေးတချို့အတွက်နဲ့ တန်ဖိုးကြီးကြီးပေးဆပ်ရမှာ မတန်ဘူး!

ယဲ့ကူချန်သည် ဘာစကားမှမပြောဘဲ ဓါးကိုသာမြဲမြံစွာဆုပ်ကိုင်ထားရင်း မတ်တပ်ရပ်နေသည်။သူသည် လွန်စွာမောက်မာသောဟန်ပန်ရှိပြီး၊ လူ့ဘုံလောကအား ငုံ့ကြည့်နေသော ဓါးနတ်ဘုရားတစ်ပါးအလားပင်။

တစ်ဖက်မှာတော့ ယဲ့ကူချန်ဘေးမှာရှိနေသော ဝမ်ဖုန်းသည် တောက်ပလာသောမျက်ဝန်းတစ်စုံဖြင့် ယဲ့ကူချန်ကို တီးတိုးပြောလိုက်သည်။

''မင်း အဲ့ဒီနတ်ဆိုးကို ခဏလောက်ထိန်းထားပေးနိုင်မလား?''

မဟာနတ်ဆိုးရွှမ်ရှ၏စကားများမှတစ်ဆင့် ဝမ်ဖုန်းသည် သူ ပြန်ဆုတ်ခွာတော့မယ်ဆိုတာကို သိနေသည်။သို့ရာတွင် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှကို ဤသို့အလွတ်မပေးနိုင်ပါ။သူ လုပ်ချင်တိုင်းလုပ်ပြီး၊သွားချင်တိုင်း သွားလို့ ရမလားဟ?

ရှန်ရှန့်ကျုံနှင့်သူကိုယ်တိုင်အတွက်တော့ ဝမ်ဖုန်းက စိတ်မပူပါဘူး။သို့သော် ရှန်ရှန့်ကျုံဂိုဏ်းသားများ အပြင်ထွက်သည့်အခါ မဟာနတ်ဆိုးရွှမ်ရှက ရန်ပြုမည်ကို သူ စိုးရိမ်မိသည်။ပြဿနာကို အစတည်းက ရှင်းထားရမယ်!

ချီမိန်ချွေရွှယ်သာ ရောက်လာလျှင်၊ သူ၏ကျင့်ကြံရေးအဆင့် တိုက်ပွဲဝင်စွမ်းအားဖြင့်ဆိုပါက မဟာနတ်ဆိုးရွှမ်ရှကို ဖိနှိပ်ဖို့ ပြဿနာမရှိလောက်ပေ။

ဟမျ့!

ဝမ်ဖုန်း၏စကားများကို ယဲ့ကူချန်က ပြန်မဖြေသော်လည်း၊ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓါးစွမ်းအားများသည် ပိုမိုသန်မာကာ ကြမ်းကြုတ်လာတော့သည်။

ဘုန်း!

ယဲ့ကူချန်က မဟာနတ်ဆိုးရွှမ်ရှကို တားဆီးတော့မည့်အချိန်မှာပဲ ထက်မြစူးရှသော ဓါးစွမ်းအင်တစ်ခုက လေထုအတွင်းဘယ်ကမှန်းမသိ ထွက်ပေါ်လာသည်။

ဓါးချက်ဟာ မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်ဆီ တိုးဝင်သွားပြီး၊တစ်ချိန်တည်းမှာပဲ ရှေးဟောင်း အနက်ရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားကာ ရှည်လျားသောဓါးရှည်ကို လက်ဝယ်ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုက လေထုအတွင်းမှ ရုတ်ချည်းထွက်ပေါ်လာလေသည်။

သူသည် လေဟာနယ်ထဲမှာပဲ ဓါးစွမ်းအင်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။အနှီလူ၏ လက်ချောင်းထိပ်မှ သွေးတစ်စက်ဟာ တောက်ခနဲကျဆင်းသွားပြီး မြေကြီးထဲခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။ အနှီလူ၏ မျက်နှာသည် စက္ကူတစ်ရွက်လို ဖြူဖျော်နေပြီး၊ မျက်ဝန်းများအတွင်း၌မူ အဆုံးမဲ့အထီးကျန်ခြင်းများ တည်ရှိနေ၏။

ထိုလူပေါ်ပေါက်လာသည့်အခါ ယဲ့ကူချန်၏အသွေးထဲ အသားထဲမှ တိုက်ပွဲဝင်စိတ်ဓာတ်များ ရုန်းကြွလာသည်။သူ၏ ဓါးဟာလည်း တဆတ်ဆတ်တုန်ခါလာ၏။သူသည် အနှီပုဂ္ဂိုလ်အား မျက်ဝန်းတစ်စုံဖြင့် စူးစိုက်ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် ယဲ့ကူချန်၏မျက်လုံးများအတွင်း၌ ထိုပုဂ္ဂိုလ်မှတစ်ပါး အခြားမရှိတော့ပြီ။

''မင်း အင်ပါယာတစ်ပါးဖြစ်လာတဲ့အထိ စောင့်ပြီးရင် တိုက်ခိုက်ကြတာပေါ့ကွာ!''(လောကငယ်အဆင့်ရောက်သွားရင်)

ထိုပုဂ္ဂိုလ်သည် ယဲ့ကူချန်၏ဓါးဆန္ဒကို ခံစားလိုက်ရသည်။သူ၏ အထီးကျန်ဆန်သော မျက်ဝန်းများအတွင်း အလင်းတစ်ခု ဖျတ်ခနဲလက်သွားလေသည်။

စကားဆုံးသည်နှင့် ယဲ့ကူချန်၏ဓါးသည် တုန်ခါနေခြင်းမှ ရပ်တန့်သွားသည်။ရောက်လာသော ပုဂ္ဂိုလ်သည် ဝမ်ဖုန်းကို လှည့်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

''ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ချီမိန် နောက်ကျသွားတယ်။''

ယင်းနောက် ထိုလူက ဝမ်ဖုန်းရှေ့ရွေ့လျားလာကာ ဂါရဝပြုလိုက်လေသည်။

All Chapters