← Chapters

။ဂိုဏ်း၏အသန်မာဆုံးဝှက်ဖဲ။

Vol. 1 Ch. 12

။ဂိုဏ်း၏အသန်မာဆုံးဝှက်ဖဲ။

Vol. 1 Ch. 12

''စနစ် ထီဆယ်ကြိမ်မဲဖောက်ဖို့ ဂိုဏ်းအမှတ်တစ်သောင်းသုံးမယ်!''

ရှန်ရှန့်ကျုံဂိုဏ်းကြီ၏၏ ပင်မခန်းမကြီးထဲတွင် ဝမ်ဖုန်းသည် ဂိုဏ်းချုပ်ပုလ္လင်ပေါ်၌ ထိုင်နေကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ဒီကနေ့တွင် သူ့ထံ၌ ဂိုဏ်းအမှတ် ၁၁၀၀၀ ရှိနေသည်။သူသည် ဂိုဏ်းအမှတ်တစ်ထောင်သာ ချန်ရစ်ခဲ့ကာ၊ အမှတ်တစ်သောင်းလုံးကိုသုံး၍ ထီလက်မှတ်ဆယ်စောင်ဝယ်လျက် ဆက်တိုက်မဲဖောက်ခိုင်းလိုက်သည်။

''ဒင်၊ ယောင်ယွဲ့၏ကျင့်ကြံမှုစုစုပေါင်းမှ ဆယ်ပုံတစ်ပုံရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်!''

''ဒင်၊ ယဲ့ကူချန်ကိုယ်တိုင် ဖန်တီးထားသည့် ဖေးဝူဖေးရှန့်ဓါးသိုင်းကို ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်!''

'' ဒင်၊ ချီမိန်ချွေရွှယ် ၏ အထူးကျွမ်းကျင်မှု ဟွာကွမ်းခန်းဒိုကိုရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်!''

(ခန်းဒိုဆိုတာ ဂျပန်ဓါးသိုင်းတစ်မျိုးပါတဲ့)

''ဒင်၊ပိုင်ရှင်သည် ယောင်ယွဲ့၏စုစုပေါင်းကျင့်ကြံမှုမှ ဆယ်ပုံနှစ်ပုံကို ရရှိပါသည်။ဂုဏ်ယူပါတယ်!''

''ဒင်၊ လမင်းဆင့်ခေါ်ခြင်း အထူးပညာရပ် မင်ယွီကုန်းကိုရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်!''

''ဒင်.....''

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် စနစ်၏အေးစက်စက်အသံများသည် တရစပ်ထွက်ပေါ်လာသည်။ဝမ်ဖုန်းမျက်နှာပေါ်က အပြုံးမှာ တစ်စတစ်စကြီးထွားလာတော့သည်။

ဤကံစမ်းခြင်းဆယ်ကြိမ်တွင် ဒုတိယ၊စတုတ္ထနှင့်ဆဌမ ဆုလာဒ်များမှာ ဆင့်ခေါ်ခံသုံးယောက်၏အထူးစွမ်းရည် ပညာရပ်များဖြစ်ပြီး၊ကျန်ဆုများအားလုံးကတော့ သူတို့၏ကျင့်ကြံရေးများဖြစ်ကြသည်။

ဝမ်ဖုန်းသည် သူ၏ကျင့်ကြံရေးမှာ နိမ့်ကျနေသည်ဟု အစဉ်အမြဲ ခံစားခဲ့ရသည်။အခုတော့ သူသည် အနည်းဆုံး တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံသူသုံးယောက်၏ ကျင့်ကြံမှု ရာခိုင်နှုန်းများကို ဆုမဲပေါက်ခဲ့ပြီဖြစ်ရာ သူ၏ကျင့်ကြံမှုမှာလည်း အကြီးအကျယ်တိုးတက်လာတော့ပေမည်။ ရှင်းရှင်းပြောရလျှင် ဂိုဏ်းအမှတ်တစ်သောင်း အသုံးပြုခဲ့ခြင်းမှာ တန်ခဲ့ပါသည်!

''စနစ်ရေ၊ ကျင့်ကြံမှုတွေကို ဟောဒီက ပိုင်ရှင်ဆီ လွှဲပေးလိုက်ပါတော့!''

ဝမ်ဖုန်းက တီးတိုးပြောလိုက်သည်။သူသည် ဤကျင့်ကြံရေးဆုလာဒ်များကို လင်းဖေးဝူနှင့်လီချင်းတို့အပေါ် အသုံးပြုပေးရန် အစီအစဉ်မရှိသေးပါပေ။သူ့တွင် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် လုံလောက်သော သန်မာမှုမရှိသေးပါ။ ဒီကျင့်ကြံရေးတွေကို သူ ဘယ်လိုလုပ် တခြားသူတွေအပေါ် အသုံးပြုပေးလို့ ရဦးမှာလဲ? ဂိုဏ်းအရှင်ဖြစ်တဲ့ သူ၊ လုံလောက်အောင်သန်မာလာမှသာ ကျင့်ကြံမှုတို့ကို ဂိုဏ်းသားများဆီ အသုံးပြုပေးတော့မည်။

ဂိုဏ်းအရှင်ဆိုသည်ကား ဂိုဏ်းကြီးတစ်ခုလုံး၏ အကြီးမားဆုံး ဝှက်ဖဲပင်မဟုတ်ပါလော?

ဘုန်း!

ဝမ်ဖုန်း၏စကား ဆုံးသည်နှင့်တပြိုင်နက် ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ရပ်သည် လေထုအတွင်း ဘွားခနဲဖြစ်တည်လာပြီး၊ ဝမ်ဖုန်း၏ကိုယ်ခန္ဓာအတွင်းသို့ တိုးဝင်သွားသည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးကြောမျှင်လေးများ တစ်မျှင် မကျန်သည်အထိ နေရာမလပ် တုန်ခါသွားပါ၏။ စွမ်းအားများက ဝမ်ဖုန်း၏သွေးကြောများအတွင်း လှည့်ပတ်နေပြီး ဝမ်ဖုန်းနှင့် ပေါင်းစည်းသွားကြသည်!

''ဒင်၊ ပိုင်ရှင်၏ကျင့်ကြံမှု တော်ဝင်မင်းသားအဆင့်ကို ရောက်ရှိသွားသည့်အတွက် ဂုဏ်ပြုပါတယ်။ဂိုဏ်းအမှတ်တစ်ထောင် ဆုချလိုက်ပါတယ်!''

''ဒင်၊ ပိုင်ရှင်၏ကျင့်ကြံမှု၊ ဆန်းကြယ်အင်ပါယာ(လောကငယ်)အဆင့် စဦးပိုင်းသို့ရောက်ရှိသွားသည့်အတွက် ဂုဏ်ပြုပါတယ်! ဂိုဏ်းအမှတ် ငါးထောင်ဆုချလိုက်သည်!''

အေးစက်စက်အသံသည် နှစ်ကြိမ်တိုင် အကြားအလပ်မရှိထွက်ပေါ်လာသည်။ ဝမ်ဖုန်း၏အရှိန်အဝါများမှာ ပြောင်းလဲသွားချေသည်။သူ၏သွေးကြောများအတွင်း၌ အင်ပါယာတစ်ပါး၏အရှိန်အဝါများ ပုန်းခိုနေလေပြီ!

''မဆိုးဘူး! ဒီဂိုဏ်းချုပ်လည်း နောက်ဆုံးမှာ ဆန်းကြယ်အင်ပါယာအဆင့်ကို ရောက်လာပြီပေါ့ကွာ!'' သူ့ခန္ဓာကိုယ်အတွင်း လှည့်လည်နေသော မြင့်မြတ်သောအရှိန်အဝါများကို ခံစားလိုက်ရတော့ ဝမ်ဖုန်းသည် ကျေနပ်အားရစွာ ဟစ်ကြွေးလိုက်ပါသည်!

သူသည် ယဲ့ကူချန်နှင့်တခြားသူများကို ဆင့်ခေါ်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ခဲ့သော်လည်း သူ၏ကိုယ်ပိုင်ကျင့်ကြံမှုမှာ နိမ့်ကျနေသည့်အတွက် စိတ်ထဲ မသက်မသာ ခံစားခဲ့ရသည်။

အခုတော့ သူသည် ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအရှင်တစ်ပါးဖြစ်လာချေပြီ။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းအရှင်ရာထူးဖြင့်လည်း ထိုက််တန်သွားလေပြီ။

''စနစ်၊ ရရှိထားတဲ့အထူးစွမ်းရည်တွေကိုလည်း ဒီပိုင်ရှင်ဆီ လွှဲပေးပါဦး!'' ဝမ်ဖုန်းက နောက်တစ်ကြိမ် ပြောလိုက်သည်။

လက်ရှိမှာ ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားရှင်တစ်ဦးဖြစ်လာပြီ ဖြစ်သော်လည်း သူ့ကို ဆန်းကြယ်အင်ပါယာအဆင့်တွင် အားအနည်းဆုံးဟုတောင် မှတ်ယူနိုင်ပေသည်။ ယဲ့ကူချန်နှင့်အခြားသော သူများ၏ လျို့ဝှက်ဆန်းပြားသော စွမ်းရည်ပညာရပ်များကို ရရှိသွားလျှင်တော့ ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာဆိုသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်သွားပေလိမ့်မည်။

ဘုန်း!

စကားဆုံးသည်နှင့်တပြိုင်နက် များလှစွာသော မှတ်ဉာဏ်အပိုင်းအစများက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း ထင်ဟပ်လာသည်။ သန်မာသော မှတ်ဉာဏ်များကြောင့် သူ၏ခန္ဓာတစ်ခုလုံး တုန်ရင်နေပြီး၊ မှတ်ဉာဏ်များသည် တဖြည်းဖြည်း အနည်ကျလာ၏။ ဖျော့တော့သော ဓါးဆန္ဒတစ်ခု။

ဒီအချိန်တွင် ဝမ်ဖုန်း၏စိတ်အတွင်း၌ 'ကောင်းကင်ယံအပြင်ဘက် ပျံသန်းနေသော အမတအရှင်' သိုင်းကွက်ကို ယဲ့ကူချန်ဖန်တီးနေသည့် ပုံရိပ်များ၊ ဟွာကွမ်းခန်းဒို ပညာရပ်ကို ချီမိန်ချွေရွှယ် ဓါးတစ်လက်ဖြင့်လေ့ကျင့်နေပုံများ၊ မင်ယွီကုန်းနည်းစနစ်ကို အသုံးပြုနေသော ယောင်ယွဲ့၏ပုံရိပ်လေးများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ရုပ်ရှင်ပြသကဲ့သို့ ထပ်ဖန်တလဲဖြစ်နေသော ပုံရိပ်သုံးခုက ဝမ်ဖုန်း၏စိတ်အာရုံပေါ်သို့ ကြမ်းကြုတ်စွာ တံဆိပ်ခတ်နှိပ်ခြင်းခံလိုက်ရသည်။ ဝမ်ဖုန်းသည် မခံမရပ်နိုင်အောင် ခေါင်းကိုက်လာလေသည်။

လက်ရှိတွင် ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအဆင့်သို့ရောက်နေပြီ ဖြစ်သော်ငြား၊ အနှီမှတ်ဉာဏ်ကြီးသုံးခုကို အတင်းအကျပ်သွတ်သွင်းခြင်း ခံလိုက်ရသည့် နာကျင်မှုကိုတော့ သည်းမခံနိုင်ခဲ့ပါ။

ဖေးဝူဖေးရှန်း(ကောင်းကင်ယံအပြင်ဘက် ပျံသန်းနေသောအမတအရှင်) ပင်ဖြစ်စေ၊ ဟွာကွမ်းခန်းဒိုပင်ဖြစ်စေ၊ မင်ယွီကုန်းပင်ဖြစ်စေ....အနှီပညာရပ်ကြီးသုံးခု၏အဆင့်မှာ အင်ပါယာနှောင်းပိုင်းအဆင့်သို့ ရောက်နှင့်ပြီးဖြစ်သည်။ အင်ပါယာအထွတ်အထိပ်အဆင့်ရှိသော ပညာရပ်ကြီးသုံးခုကို တပြိုင်နက် အတင်းအကျပ်သင်ယူခြင်း။ နာကျင်မှုသည်ကား နှိုင်းဆစရာ မရှိပြီ။

ဤသို့ဖြစ်ရခြင်းမှာ ဝမ်ဖုန်းသည် ကျင့်ကြံရေးအကြောင်းလုံလောက်အောင် မသိထားတာကြောင့်လည်းပါသည်။ သူ၏ကျင့်ကြံမှုမှာ ရုတ်ချည်းမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ ဒီလိုမှန်းသိရင် ပညာရပ်သုံးခုကို သူတပြိုင်တည်း မသင်ခဲ့ပါဘူး!

အချိန်မည်မျှကြာမှန်းမသိ ကြာသွားခဲ့သည်။ဝမ်ဖုန်းသည် တဖြည်းဖြည်း တည်ငြိမ်စပြုလာသည်။ ဤအချိန်တွင် အပြည့်အဝဖွဲ့စည်းပြီးသော ဓါးဆန္ဒတစ်ခုက ဝမ်ဖုန်း၏ ခန္ဓာကိုယ်ကို အခရာထားလှည့်ပတ်နေသည်။ စနစ်၏အကာအကွယ်ကြောင့်သာ မဟုတ်ပါက ဓားဆန္ဒ၏စွမ်းအားများမှာ အဘက်ဘက်သို့ ပျံနှံ့သွားမှာဖြစ်ပြီး၊ ယဲ့ကူချန်တို့တတွေအားလုံး သတိပြုမိသွားကြမှာဖြစ်သည်။

''အားလားလား! စနစ်ရေ ငါ သေတော့မလို့ကွ!'' ဝမ်ဖုန်းသည် စိတ်သက်သာရာရသွားပြီး၊တစ်ဆက်တည်းမှာပဲ ဒေါသတရားများလည်း ပေါက်ဖွားလာရတော့သည်။စောနက နာကျင်မှုကို ပြန်တွေးမိရုံနဲ့တင် သူ့ကျောရိုးများ ပျော့ခွေသွားသည်။

''အရမ်းတော့နာကျင်ရပေမယ့် တန်ပါတယ်လေ!''

ဝမ်ဖုန်းသည် နှစ်ထောင်းအားရစွာ ခေါင်းညိမ့်လိုက်သည်။ အခု သူ၏စိတ်အာရုံအတွင်း၌ ထိုပညာရပ်သုံးခုလုံးကို နက်ရှိုင်းစွာ တံဆိပ်ခတ်နှိပ်ပြီးဖြစ်သည်။ ဒီပညာရပ်အားလုံးကို သူ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးသလို ခံစားနေရသည်။သူသည် ထိုပညာရပ်များကို အသုံးပြုနိုင်ရုံသာမက ယင်းတို့၏ အနှစ်သာရကိုပါ ဖမ်းဆုပ်မိသွားပြီဖြစ်သည်!

ဒီပညာရပ်တွေ၊ လက်ရှိကျင့်ကြံဆင့်တွေ။ သူ၏အခြေခံမှာ အလွန်ပင် ခိုင်ခန့်နေပြီဟု ဆိုနိုင်သည်။ ဝမ်ဖုန်းသည် လက်ရှိတွင် သူဟာ ဆန်းကြယ်အင်ပါယာ အလယ်အလတ်အဆင့် ပုဂ္ဂိုလ်နှင့်တောင် ရင်ဆိုင်နိုင်ပြီဖြစ်ကြောင်း ယုံကြည်နေမိသည်!

ယင်းနောက် ဝမ်ဖုန်းသည် ဒုံးကျည်စီးသလိုအမြန်နှုန်းဖြင့် မြင့်တက်လာခဲ့သော ကျင့်ကြံမှုနှင့် အသားကျအောင် နာရီပေါင်းများစွာ အချိန်ယူလိုက်ရသည်။ ထို့နောက် သူသည် ယောင်ယွဲ့နှင့်မဟာနတ်ဆိုး ရွှမ်ရှကို ဆင့်ခေါ်လိုက်သည်။

မဟာနတ်ဆိုးရွှမ်ရှအတွက် ဂိုဏ်းချုပ်၏ခန်းမအတွင်း ဝင်ရောက်ဖူးသည်မှာ ဒါပထမဆုံးဖြစ်သည်။ ပုလ္လင်ပေါ်တွင် တင်ပုလ္လင်ခွေထိုင်နေသော ဝမ်ဖုန်းကိုမော်ကြည့်ရင်း မဟာနတ်ဆိုးရွှမ်ရှ၏ ရင်အတွင်း၌ လေးစားစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။

ဒီအချိန်တွင် ဝမ်ဖုန်း၏အသက်ရှုသံက သာမန်ဆန်သော်လည်း၊ သူ့ခန္ဓာကိုယ်မှ နားမလည်နိုင်သော အရှိန်အဝါများ ထုတ်လွှင့်နေသည်။ ရွှေရောင်တဖိတ်ဖိတ်တောက်နေသော နန်းပုလ္လင်ကြီးနှင့် တွဲစပ်မိလိုက်သည့်အခါ ဝမ်ဖုန်းသည် မြင့်မြတ်သော နတ်ဘုရင်တစ်ပါးအလား နန်းဆန်နေပေသည်! ကြီးမြတ်သော အသွင်သဏ္ဌာန်၊အနှိုင်းမဲ့စွမ်းအား။

မဟာနတ်ဆိုးရွှမ်ရှ အတွေးနယ်မချဲ့ဘဲ မနေနိုင်ခဲ့။ဤသည်က စွမ်းအားကြီးလျို့ဝှက်ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ဂိုဏ်းအကြီးအကဲများကတောင် ဆန်းကြယ်အင်ပါယာအဆင့်မှာရှိနေကြပြီး အလွန်အမင်းသန်မာနေပေရာ၊ ဂိုဏ်းချုပ်ဆိုလျှင် အဘယ်မျှလောက်အထိ စွမ်းအားကြီးပေလိမ့်မနည်း? အဘယ်သို့သော တည်ရှိမှုကြီးဖြစ်ပါအံ့?

ဂိုဏ်းချုပ်က ငယ်ရွယ်ပုံပေါ်ပေမယ့် သူကပဲ ဂိုဏ်းတစ်ခုလုံးရဲ့ အသန်မာဆုံးဝှက်ဖဲဖြစ်နေမှာ ငါကြောက်တယ်။

''ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!'' ဒါကိုတွေးမိတော့ မဟာနတ်ဆိုးရွှမ်ရှသည် မနေသာတော့ဘဲ ဝမ်ဖုန်းအား လေးလေးနက်နက် ဂါရဝပြုလိုက်တော့သည်။

''ယဉ်ကျေးလွန်းနေပါပြီ။ထိုင်ကြပါဦး!'' မဟာနတ်ဆိုးရွှမ်ရှ၏ စိတ်သဘောကိုမြင်တော့ ဝမ်ဖုန်းသည် ကျေနပ်စွာ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်ပြီး၊ အောက်ဘက်က ထိုင်ခုံများကို ညွှန်ပြကာ ပြောလိုက်သည်။

''ကျေးဇူးတင်ပါတယ်။ဂိုဏ်းချုပ်! ''ဒါကိုကြားတော့ မဟာနတ်ဆိုးရွှမ်ရှက ယဉ်ကျေးမနေတော့ဘဲ တွေ့ရာခုံ တစ်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူသည် ဝမ်ဖုန်းကိုလေးစားသော်လည်း၊ တစ်ချိန်က ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ခဲ့ဖူးရာ မောက်မာသော သေဘာထားကတော့ ရှိနေဆဲပင်။

ဟမ်?

မဟာနတ်ဆိုးကြီးရွှမ်ရှ ထိုင်လိုက်အပြီးမှာပဲ၊ ယောင်ယွဲ့၏ပုံရိပ်ကလေးမှာ လေဟုန်စီး၍ ပျံသန်းဝင်ရောက်လာသည်။ မဟာနတ်ဆိုးရွှမ်ရှ ကြက်သီးမွှေးညှင်းများထလာကာ တုန်လှုပ်သွားသည်။ သူဟာ ယောင်ယွဲ့ကိုတစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်သည်။သူ့မျက်နှာတစ်ခုလုံးမှာ အကြောက်တရားများ ပေါ်လွင်နေသည်။

တစ်ချက်ကလေးကြည့်ရုံနဲ့ မဟာနတ်ဆိုးရွှမ်ရှ သိလိုက်သည်။ ဒီနတ်သမီးတစ်မျှချောမောလှပသည့် အလှပဂေးလေးမှာ သူ့ကိုလက်ဝါးတစ်ဖက်တည်းဖြင့် ရိုက်ထုတ်ခဲ့သော လူပဲဖြစ်သည်။

ယောင်ယွဲ့မှာ သူ့ကိုပင် အသက်ရှုမှားစေလောက်သော အလှနတ်သမီးလေးဖြစ်သော်ငြား၊ မဟာနတ်ဆိုးရွှမ်ရှမှာ နောက်တစ်ကြိမ် ထပ်မကြည့်ရဲပါ။ သူသိသည်။ဒီအလှနတ်သမီးက အရမ်းအေးစက်ပုံသာမက တကယ့်ကို ရက်စက်လှသည်။သူ ထပ်ခိုးနန်းဆောင်ထဲ ခြေတစ်လှမ်းတောင်မချရသေးဘူး လက်ဝါးနဲ့ဆော်ပလော်တီး တွန်းလွှတ်လိုက်တာ! သူတို့က တစ်ဂိုဏ်းတည်းသားချင်းတွေကိုလေ!

ဂိုဏ်းသားအချင်းချင်းတောင် ဒီလောက်အကြင်နာမဲ့လှတာ။ ဆက်ဆံရလည်း လွယ်မှာ မဟုတ်ဘူး။

''ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်!''

ယောင်ယွဲ့က တစ်ချက်ဦးညွှတ်လိုက်ပြီးနောက် ယဉ်ကျေးမနေတော့ဘဲ မဟာနတ်ဆိုးရွှမ်ရှ၏ ဆန့်ကျင်ဘက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

ယောင်ယွဲ့က သူ့ကိုအာရုံမထားမှန်း သိနေသော်လည်း မဟာနတ်ဆိုးရွှမ်ရှမှာ မသက်မသာခံစားနေရဆဲပင်။ ဒီအမျိုးသမီး၏အရှိန်အဝါက ပြင်းထန်လှသည်။

ဒီအမျိုးသမီး၏ကျင့်ကြံမှုမှာ ဆန်းကြယ်အင်ပါယာ အစောပိုင်းအဆင့်မှာပဲရှိသေးသည်ဆိုတာကို မဟာနတ်ဆိုးရွှမ်ရှ ခံစားမိသည်။သူ အထွတ်အထိပ်ကာလမှာ ရှိခဲ့စဉ်ထက် သူမက အားနည်းသည်။သူမ၏တိုက်ပွဲဝင်စွမ်းရည်က သာမန်ထက်ထူးခြားရင်တောင် သူအထွတ်အထိပ်အခြေအနေမှာဆိုလျှင် သူ့ကိုအနိုင်ယူနိုင်ဦးမှာ မဟုတ်ပါ။သို့သော်လည်း ဘာကြောင့်မှန်းမသိ သူ ဒီလှပသော အမျိုးသမီးကို ကြောက်လန့်နေမိသည်။

''မင်းတို့နှစ်ယောက်ကို ခေါ်လိုက်ရတာက ငါ ဂိုဏ်းအပြင်ထွက်ချင်လို့ပဲ!'' ယောင်ယွဲ့ထိုင်လိုက်အပြီးမှာ ဝမ်ဖုန်းက ကွေ့ပတ်မနေဘဲ တည့်တိုးပြောချလိုက်သည်။

သူ့မှာ ဂိုဏ်းတပည့်ဆယ်ယောက် စုဆောင်းရမည့် တာဝန်ရှိသေးကြောင်း ဝမ်ဖုန်း မေ့မသွားပါ။အခုထိ သူသည် ဂိုဏ်းတပည့်နှစ်ယောက်သာ စုဆောင်းရသေးပြီး၊ရှစ်ယောက် လိုနေသေးသည်။ ထို့အပြင် ဂိုဏ်းတစ်ဂိုဏ်း သက်ဝင်လှုပ်ရှားဖို့အတွက် တပည့်တွေဆိုတာ မရှိမဖြစ်ပဲလေ။

အခု လီချင်း၏ရုပ်ခန္ဓာ သက်ဝင်လာပြီးဖြစ်သည်။ လင်းဖေးဝူကလည်း အတော်လေးတော်ပြီး ယဲ့ကူချန်နှင့်ချီမိန်ချွေရွှယ်တို့လို ဓားသခင်နှစ်ပါးလည်း ဂိုဏ်းမှာ ကျန်ရစ်ခဲ့မှာကြောင့် သူစိတ်ဖြောင့်လက်ဖြောင့် တပည့်ရှာထွက်နိုင်သည်။

''ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!''

ဝမ်ဖုန်း၏စကားဆုံးတော့ မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့တို့သည် ပြိုင်တူပြောလိုက်ကြသည်။ယောင်ယွဲ့နှင့်အတူ ခရီးထွက်ရမှာကြောင့် မဟာနတ်ဆိုးရွှမ်ရှသည် စိတ်မသက်မသာဖြစ်နေမိသည်။

ယဲ့ကူချန်နှင့်ချီမိန်ချွေရွှယ်တို့ကလည်း အေးစက်မောက်မာပြီး သန်မာကြသော်ငြား၊မဟာနတ်ဆိုးရွှမ်ရှကိုတော့ မကြောက်လန့်စေပါ။ သို့သော်လည်း ချီမိန်ချွေရွှယ်ထက်တောင် သိသိသာသာအားနည်းသော ယောင်ယွဲ့ကတော့ သူ့ကို ထိတ်လန့်စေခဲ့သည်။

....

ဝမ်ဖုန်းသည် ယောင်ယွဲ့၊မဟာနတ်ဆိုးရွှမ်ရှတို့နှင့်အတူ ကမ္ဘာငယ်လေးထဲက ထွက်လာခဲ့ပြီး သက်ကယ်တဲအပြင်ဘက်တွင် ရုတ်တရက်ပေါ်လာခဲ့သည်။လင်းယွင်ဂိုဏ်း၏ မဟာအကြီးအကဲမှာလည်း သက်ကယ်တဲလေးရှိရာ တောင်ကြား၌ ပေါ်ထွက်လာခဲ့သည်။

''ဒီတောင်ကြားပဲ။ဟုတ်တယ်! ဆန်းကြယ်အကြီးအကဲ အစောပိုင်းအဆင့်ရဲ့အရှိန်အဝါတွေ ခုထိရှိနေသေးတယ်!''

လင်းယွင်ဂိုဏ်း မဟာအကြီးအကဲချိုးဝမ်ဖုန်းသည် ကျောက်တုံးတစ်တုံးပေါ်ဆင်းသက်လိုက်ပြီး၊ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။သူ့မျက်ဝန်းများက ရုတ်ချည်းတောက်ပလာသည်။

အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်၊ သန်မာသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် ရက်အနည်းငယ်ကုန်လွန်ပြီးတာတောင် ကြွင်းကျန်ရစ်သော အရှိန်အဝါများကို ခံစားသိရှိနိုင်ဆဲပင်။ ဟုတ်တာပေါ့။သူ့ကျင့်ကြံမှုထက်မြင့်တဲ့ တည်ရှိမှုတွေကိုတော့ သူ ဘယ်မှာ အာရုံခံနိုင်မှာလဲ?

''ဟမ်? တောင်ကြားထဲမှာ ဘယ်လိုလုပ် သက်ကယ်တဲလေးရှိနေတာလဲဟ?''

ချိုးဝမ်ဖုန်းသည် သက်ကယ်တဲလေးကို သတိထားမိသွားပြီး၊မျက်နှာအမူအရာမှာ အံ့အားသင့်သွားသည်။သူသည် သက်ကယ်တဲလေးရှေ့ကို ဆင်းသက်လိုက်ပြီး တဲတစ်ခုလုံးကို လှမ်းကြည့်လိုက်သည်။

''ရှန်ရှန့်ကျုံဂိုဏ်း?''

ချိုးဝမ်ဖုန်းသည် သက်ကယ်တဲအပေါ်မှာ ရှိနေသော ကြောင်ချီးကုတ်လက်ရေးဖြင့်ရေးသားထားသည့် စာသားကိုတွေ့လိုက်ရသည်။ သူလှောင်ပြုံးပြုံးလိုက်ပြီး ခေါင်းကိုသာ တွင်တွင်ရမ်းလိုက်တော့သည်။

''ဒီနေ့ခေတ်မှာ ခွေးတွေ ကြောင်တွေကတောင် ဂိုဏ်းလာထောင်ထားကြပါလား?တကယ့်ကို ရေတွင်းအောက်က ဖားသူငယ်ပဲ! ရူးကြောင်ကြောင်နဲ့ ရယ်စရာကောင်းလိုက်တာ!''

All Chapters