ဘယ်သူမှ ငါ့မျက်စိအောက်ကနေ ခိုးချလို့ မရဘူး
Vol. 39 Ch. 573
အစီအရင်၏ နည်းလမ်းများက အလွန်အမင်း ဆန်းကြယ်လှသည်။ အသေးငယ်ဆုံး ပြောင်းလဲမှု တစ်ခုကပင် သက်ရောက်မှု များစွာကို ဖြစ်စေနိုင်သဖြင့် အလွန်အမင် ရှုပ်ထွေးလှသည်ဟု ဆိုရပေမည်။ မည်သည့် သာမန်လူမဆို သူတို့၏ ဘဝသက်တမ်း တစ်ခုလုံး လေ့လာမှ အပေါ်ယံလောက်ကိုသာ သိနိုင်ပေလိမ့်မည်။
အလယ်အလတ် အစီအရင်များသည် အခြေခံ အစီအရင်များထက် ပို၍ အားကောင်းသည်။
အခြေခံအဆင့်တွင် ရဲ့လင်းချန်သည် အနီး ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို အကျယ်အဝန်း အကန့်အသတ်ဖြင့်သာ စုပ်ယူရန် အသုံးပြုနိုင်ခဲ့သည်။ သို့သော် အလယ်အလတ်အဆင့်၌ စုပ်ယူနိုင်သော စိတ်ဝိညာဉ် စွမ်းအင် အရည်အသွေးနှင့် အကျယ်အဝန်းက ပို၍ မြင့်တက်လာပြီး ထိုနေရာ၏ ဖုန်းရွှေကိုပါ ပြောင်းလဲရန် လုံလောက်လာသည်။
ထို့အပြင် ရဲ့လင်းချန်၏ အစီအရင်သည် ထောင်ချောက် အရည်အသွေးပါ ပါဝင်လာသည်။ သူသည် အခြားသူများကို ချုပ်နှောင်ရန် သို့မဟုတ် နေရာတစ်ခုအား ဝင်ရောက်ခြင်းမှ တားဆီးရန် အစီအရင် ပြုလုပ်နိုင်လာ၏။
၎င်း၏ လက်တွေ့ကျမှုက အဆင့်များစွာ ရှိလာသည်။ ၎င်းသည် အခြေအနေအားလုံးအတွက် အသုံးပြုရန် သင့်လျော်ပေသည်။
*ငါ ကျွန်းတစ်ကျွန်း ပိုင်သွားတာကို စနစ်က သိနေလို့ ငါ့ကို ဒီလို အသုံးတည့်တဲ့ စွမ်းရည်မျိုး ဆုချလာတာ ဖြစ်မယ်*
အလယ်အလတ်အဆင့် စွမ်းရည် နှစ်မျိုး ရရှိပြီးနောက် ယခုတစ်ခေါက် ကံစမ်းမဲနှိုက်ခြင်းကို ရဲ့လင်းချန် အလွန်အမင်း ကျေနပ်သွားသည်။
*နောက်တစ်ခုက အဓိကပဲ … အဆင့်မြင့်အဆင့် စွမ်းရည်အဖြစ် အဆင့်မြှင့်မယ်*
ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း (အလယ်အလတ်အဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အလယ်အလတ် အဆင့်) ၊ အစီအရင် (အလယ်အလတ်အဆင့်)၊ သစ်သားဝိညာဉ် ခန္ဓာကိုယ် (အလယ်အလတ်အဆင့်)။
*သားရဲ ယဉ်ပါးခြင်း စွမ်းရည်ကလွဲရင် ကျန်တဲ့ စွမ်းရည်လေးခုက လိုချင်စရာပဲ၊ ဒီလိုမဂဏန်းနဲ့ဆိုရင် သားရဲ ယဉ်ပါးခြင်း စွမ်းရည်ကို ကျလိမ့်မယ်လို့ ငါ မယုံဘူး*
[ရေပန်းစားမှုအမှတ် ဆယ်သန်းကို အသုံးပြုလိုက်၍ အဆင့်မြင့်အဆင့် စွမ်းရည် မြှင့်တင်ခြင်း စတင်ပါပြီ]
ရွှေရောင်ရင့်ရင့် အလင်းတန်းက ကလစ်ဟူသော အသံနှင့်အတူ စွမ်းရည် ငါးမျိုးပေါ်သို့ လျင်မြန်သော နှုန်းဖြင့် ဖြတ်ပြေးနေသည်။ ယခုတစ်ခေါက်၌ ရဲ့လင်းချန် ယုံကြည်ချက် အပြည့်အဝ ရှိနေသည်။ မည်မျှ အစွမ်းထက်သော စွမ်းရည်မျိုးကို သူ ရရှိလာမလဲဟုပင် စဉ်းစားကြည့်နေလေသည်။
တဖြည်းဖြည်းနှင့် အလင်းတန်း၏ အရှိန်က နှေးလာပြီး သူ၏ မျက်ခုံးများက တဆတ်ဆတ် လှုပ်လာ၏။
*လခွမ်း*
*ဒီနှုန်းနဲ့ဆိုရင် ငါ တကယ်ကြီး သားရဲ ယဉ်ပါးခြင်းကို ရတော့မှာလား၊ မင်း အဲ့လောက် ရက်စက်ဖို့ လိုလို့လားကွာ*
*သောက်ကျိုးနည်း*
ရဲ့လင်းချန် ဒေါသထွက်လွန်း၍ ကီးဘုတ်ကို ရိုက်ချိုးမိလုနီးပါး ဖြစ်နေသည်။ အဆင့်မြင့်အဆင့် စွမ်းရည် မြှင့်တင်ခြင်းက စိတ်ဝင်စားစရာ မကောင်းတော့ချေ။
[သားရဲ ယဉ်ပါးခြင်း (အဆင့်မြင့်အဆင့်): ရာချီတဲ့ သားရဲတွေရဲ့ လူသားဘုရင် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် လူငယ်လေး]
*မင်းဖင်ကြီးကို ရာချီတဲ့ သားရဲတွေ လုပ်နေလိုက်၊ ဒီစကားကြီးက ဘာလဲ၊ မင်း ငါ့ကို သရော်ချင်နေတာလား*
ရဲ့လင်းချန် ကံဆိုးသလို ခံစားလိုက်ရသည်။ သို့သော် အခြေအနေက ဖြစ်ပြီးသွားပြီ ဖြစ်သဖြင့် သူသည် စိတ်တည်ငြိမ်စေရန် အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်း ရှူလိုက်သည်။
*အနည်းဆုံးတော့ နောက်တစ်ခါ ငါ အဆင့်မြင့်အဆင့် စွမ်းရည်ကို အဆင့်မြှင့်ချင်ရင် ငါ လိုချင်တာတွေပဲ ရတော့မှာပါ*
သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် ရဲ့လင်းချန်သည် သားရဲ ယဉ်ပါးခြင်း စွမ်းရည်နှင့် ရင်းနှီးရန် စတင် လေ့လာ လိုက်သည်။
သားရဲ ယဉ်ပါးခြင်းစွမ်းရည်ကို အဆင့်မြင့်အဆင့်သို့ မြှင့်တင်ပြီးနော်က ရဲ့လင်းချန်၏ တိရစ္ဆာန်များအပေါ် ထိန်းချုပ်မျုက ပို၍ အားကောင်းလာသည်။ ယင်းက ကျားတစ်ကောင်က သားရဲဘုရင် ရာထူးကို ပေးလိုက် သလိုပင်။ သူ့ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက အခြားသားရဲများအား သူ့အပေါ် လေးစားလာအောင် ပြုလုပ်နိုင်လောက်သည်။
ထို့အပြင် သားရဲ ယဉ်ပါးခြင်း နည်းလမ်းများစွာက သူ့အတွေးထဲ ပေါ်လာပြီး သူသည် သားရဲများကို စိတ်ဝိညာဉ် သားရဲများ ဖြစ်အောင် လေ့ကျင့်ပေးနိုင်လာသလို အသိဉာဏ်ရအောင်လည်း လေ့ကျင့်ပေးလာနိုင်သည်။ ယင်းက သူ့အတွက် သားရဲများကို စိတ်ဝိညာဉ် နိုးထလာအောင် လုပ်နိုင်သည့် စွမ်းရည်ကို ရလိုက်သလိုပင်။
*လခွမ်း၊ ငါ သားရဲအချို့ကို အချိန်ပေးပြီး လေ့ကျင့်ပေးလိုက်ရင် ငါ မိစ္ဆာတွေကို ဖန်တီးသလို ဖြစ်မနေဘူးလား*
*အဟမ်း အဟမ်း … ငါ မြေခွေးတစ်ကောင် ဖမ်းကြည့်ရင် ကောင်းမလား*
ရဲ့လင်းချန်သည် ယင်းက အသေးအဖွဲ ကိစ္စလေးသာ ဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက်များ မလုပ်ရန် သူ့ကိုယ်သူ ကတိပေးနေ၏။
စွမ်းရည်က အလွန်အမင်း မဆိုးလှချေ။ သူ့အတွက် အိမ်မွေး တိရစ္ဆာန်အချို့ မွေးရန် အချိန်ကျနေပုံ ရသည်။ ကျွန်းက ကြီးမားလွန်းပြီး စောင့်ကြပ်ပေးမည့် သားရဲအချို့ လိုအပ်ပေလိမ့်မည်။
ဤကံစမ်းမဲနှိုက်ခြင်း အပြီး၌ သူ၏ ရေပန်းစားမှုအမှတ်သည် ၃.၆ သန်းသို့ ကျဆင်းသွားလေသည်။ ၎င်းတို့ကို စုဆောင်းရန် သူ အတော်လေး ကြိုးစားခဲ့ရသော်လည်း ၎င်းတို့အားလုံးကို အချိန်တိုလေးအတွင်း သူ သုံးပစ် လိုက်သည်။
*ဒါက စနစ်ဆီမှာ ခေါင်းပုံဖြတ်ခံနေရတာမျိုးပဲ*
ရဲ့လင်းချန် မကျေမနပ် ရေရွတ်ပြီးနောက် ကံစမ်းမဲနှိုက်ခြင်း၌ စိတ်မပါတော့ဘဲ စနစ် မီနူးထဲမှ ထွက်လိုသည်။
သူသည် နောက်ရက်များ၌ အေးအေးလူလူ နေနေလိုက်သည်။
သက်တောင့်သက်သာ လေ့ကျင့်ရသော နေ့များဟု ဆိုရပေမည်. သူသည် မကြာခဏ ရေထဲသို့ ဆင်းစိမ်၍ ရေစီးကြောင်းကို ခံစားလေသည်။ သူသည် မကြာခဏ သစ်ပင်လည်း တက်ပြီး သူတို့၏ အသံများကို နားထောင်သည်။ တစ်ချိန်တည်းမှာပင် သူသည် ပုရွက်ဆိတ်များအား နေရာပြောင်းခြင်း၌ ကူညီပေးပြီး ငှက်ကျား တစ်ကောင်အား အောင်မြင်စွာ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ပြီး ၎င်းက သူ့အား နေ့တိုင်း တံခါးဝ၌ နှုတ်ဆက် လေသည်။
ယနေ့တွင် ရဲ့လင်းချန်သည် မနက်စောစော နိုးလာပြီး ပီကင်း တက္ကသိုလ်သို့ ဦးတည်လိုက်သည်။ သူသည် အတန်းများကို မတက်သော်လည်း စာမေးပွဲကို ရှောင်ပြေးမည် မဟုတ်ပါ။
ရဲ့လင်းချန်က စာမေးပွဲအတွက် ပေါ်လာသည်ကို မြင်ပြီး တစ်ခန်းလုံး ဆူညံ ပွက်လောရိုက်သွားသည်။
လူတော်တော်များများက သူတို့၏ ဖုန်းကိုထုတ်၍ ဗွီဒီယိုရိုက်ကာ အွန်လိုင်းပေါ် တင်ကြသည်။
[ငါက ရဲ့နတ်ဘုရားနဲ့ စာမေးပွဲခန်း အတူတူ ကျတာပဲ၊ အား … ငါ့အတွေးထဲ ဗလာ ဖြစ်ကုန်ပြီ၊ ငါ စာမေးပွဲကို ဘယ်လို ဖြေရမှာလဲ၊ အဖြေကို အသည်းအသန် စောင့်နေပါတယ်နော်]
[အပေါ်ကလူ၊ မင်းက လာကြွားနေတာပဲ၊ မင်း စဉ်းစားဖို့ လိုသေးလို့လား၊ တိုက်ရိုက် ထုတ်လွှင့်နေတုန်း သူ့ဆီ အပြေးသွားပြီး ဒူးထောက်လိုက်လေ]
[ဟေ့လူ၊ မင်း နောက်နေတာလို့ ငါ သံသယ ရှိတယ်]
[ချီးပဲ၊ ငါ မနာလိုလိုက်တာ၊ စာမေးပွဲကို ခေါက်ထားလိုက်တော့၊ သူ့လက်မှတ်ကို သွားတောင်းလေ]
[ငါ့ယောက်ျားလို့ မပြောရဘူး သိပ်ကြိုးစားတာပဲ၊ စာမေးပွဲမှာ အကောင်းဆုံးလုပ်နော်၊ အာဘွား …]
[ငါ မေ့တော့မလို့၊ ရဲ့နတ်ဘုရားက ဘတ်စကက်ဘောပဲ တော်တာ မဟုတ်ဘူး၊ သူက ပီကင်း တက္ကသိုလ်ရဲ့ ထိပ်တန်း ကျောင်းသားပဲ၊ သူက ပညာရေးအဆင့် အမြင့်ဆုံးနဲ့ အနုပညာရှင် ဖြစ်လောက်တယ်၊ အထူးသဖြင့် သူက တော်တော်ချောတာ]
…
မမျှော်လင့်ဘဲ ထိုဓာတ်ပုံက အွန်လိုင်းပေါ်၌ အပူတပြင်း ပြောဆိုမှု ဖြစ်လာစေသည်။ ယင်းက အသေးစား စိတ်ဝင်စားမှုကိုသာလျင် ရရှိခဲ့သော်လည်း ဘာမှမရတာထက်စာလျင် ရဲ့လင်းချန်အား ရေပန်းစားမှုအမှတ် အချို့ ပေးလေသည်။
“ရှောင်ရဲ့၊ မင်းက အနုပညာရှင် ဖြစ်နေပြီပဲကို၊ ဘာလို့ စာမေးပွဲအတွက် လာနေသေးတာလဲ”
အာလူးလေးက ပြောလာသည်။
“မင်း အဲ့လောက် တက်ကြွနေဖို့ လိုလို့လား”
“အရေးမပါလိုက်တာ၊ ငါ စာမေးပွဲအတွက် မလာရင် ငါ ဘယ်တော့မှ ဘွဲ့မရသလို ဖြစ်မသွားဘူးလား”
ရဲ့လင်းချန်က စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲလိုက်သည်။
“တကယ်တော့၊ အခု စာမေးပွဲကို ဝင်ဖြေမယ်ဆိုရင် မင်းအတွက် အရမ်း နောက်ကျသွားပြီ”
ရှန်းက သနားဟန်ဖြင့် ရဲ့လင်းချန်အား ပခုံးပုတ်ပြီး ညည်းတွားလေသည်။
“ဒီနောက်ဆုံး စာမေးပွဲက ဘယ်လောက် ရူးချင်စရာ ကောင်းလဲ မင်း မသိပါဘူးကွာ၊ ဒီတစ်ခေါက်က နိုင်ငံရေးကို စစ်မှာကွ၊ မင်း လုပ်နိုင်လို့လား”
“ဟုတ်တယ်၊ မာတ်စ်ဝါဒနဲ့ အခြား ဒဿနိက အတွေးအခေါ်တွေလေ၊ အဲ့ဒါတွေက အရမ်း ကြောက်ဖို့ ကောင်းတယ်၊ အဲ့ဒါတွေ အားလုံးကို မှတ်မိဖို့က မဖြစ်နိုင်ဘူး”
ရှောင်ကမ်းက အတူတကွ ခေါင်းညိတ် ထောက်ခံလေသည်။
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်သည်။
သူ ဘာမှမပြောနိုင်ခင်မှာပင် သူတို့သုံးယောက်က ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလာကြပြီး သူတို့၏ အင်္ကျီကို ဟပြလေသည်။
“ဒန်တန့်တန်”
“ဒီမှာ ဘာရှိလဲ ကြည့်လိုက်”
သူတို့၏ အင်္ကျီအတွင်းဘက်တွင် မှတ်စုမိတ္တူပေါင်းများစွာ ရှိနေသည်။ အများစုအား အင်္ကျီလက်ထဲတွင် ဝှက်ထားပြီး တစ်ချို့အား ကော်လံနား၌ ကပ်ထားလေသည်။ ရာသီဥတုက အလွန် မအေးနေတာတောင်မှ သူတို့အားလုံး အနွေးထည် ဝတ်ထားသည်က မထူးဆန်းတော့ချေ။
ထိုမိုက်ခရိုမှတ်စုများအား စာမေးပွဲကာလအတွင်း ကျောင်းဆိုင်များ၌ အမြဲတမ်း ရောင်းလေ့ရှိပြီး ၎င်းတို့သည် အစားအသောက်အဖွယ် အမြဲ ရောင်းကောင်းလေသည်။
“ဒီကိုလဲ ကြည့်လိုက်ဦး”
ရှန်းက သူ့လက်ကို ဖွင့်ပြသောအခါ လက်ဝါးနှင့် လက်မောင်း၏ အခြားအစိတ်အပိုင်းများ၌ အလွယ်တကူ စစ်ဆေးနိုင်သည့် အချက်များဖြင့် ပြည့်နေလေသည်။
*ဒါကြီးက … တုံးလွန်းပါတယ်*
“ဟားဟားဟား … ငါတို့အားလုံးက ပြင်ဆင်ထားပြီးပြီ၊ မဖြစ်နိုင်တဲ့ တိုက်ပွဲကို တိုက်ဖို့ မတွေးထားဘူးကွ”
အာလူးလေးက မချိုမချဉ် ပြုံးနေပြီးနောက် ရက်ရက်ရောရော ကမ်းလှမ်းလေသည်။
“ရှောင်ရဲ့ မပူနဲ့၊ ငါတို့ ရှိတယ်၊ ငါတို့ မင်းကို စာမေးပွဲအချိန်အတွင်း မှတ်စုတွေ ခိုးပေးမယ်၊ အားလုံး အဆင်ပြေ သွားမှာ”
“ရှောင်ရဲ့ မလန့်နဲ့ကွ၊ ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ၊ ဒီလို အန္တရာယ်များတဲ့ အချိန်မှာ ငါတို့ သေအတူ ရှင်မကွာ နေဖို့လိုတယ်ကွ”
ရှောင်ကမ်းက စိတ်အားထက်သန်စွာ ထောက်ခံသည်။ ရဲ့လင်းချန်က ငြိမ်နေပြီး နှာခေါင်းကို အသာပွတ်၍ စာမေးပွဲခန်းထဲသို့ ဝင်လိုက်သည်။
လမ်းတစ်လျှောက်၌ ကျောင်းသားများက ဖြေးဖြေးချင်း လမ်းလျှောက်နေသော်လည်း အများစုက သူတို့ကိုယ်ပေါ်၌ မှတ်စုပုံစံများအား ယူဆောင်လာသည်ကို သူ အလွယ်တကူ သတိပြုမိသည်။
နိုင်ငံရေးဘာသာရပ်သည် အခြား ဘာသာရပ်များနှင့် မတူချေ။ သူတို့ မှတ်မိရန် လိုအပ်သည့် အကြောင်းအရာက များပြားလွန်းပြီး အများစုမှာ နိုင်ငံခြား အတွေးအခေါ် ပညာရပ်များ ဖြစ်သည်။ အထူးသဖြင့် ဘာသာရပ်က သူတို့ စိတ်ဝင်စားသော ဘာသာ မဟုတ်ပေ။ သူတို့အတွက် အရာအားလုံးကို မှတ်မိရန် ခက်ခဲလွန်းသည်။ ထို့အပြင် စစ်ဆေးသော အကြောင်းအရာက ကျယ်ပြန့်လွန်း၍ သူတို့အနေဖြင့် မှတ်စုများ ခိုးမကူးဘဲ အောင်ရန် မဖြစ်နိုင်ချေ။
“ဣန္ဒြေရရနေ၊ ဘယ်သူမှ ငါ့မျက်စိအောက်မှာ ခိုးချပြီး မအောင်နိုင်ဘူး၊ မင်းတို့ ဘာမှမကြိုးစားခင် သေသေချာချာ စဉ်းစားပါ”
စာမေးပွဲ ကြီးကြပ်သူ ဆရာမ သုံးယောက် ရှိသည်။ ခေါင်းဆောင် ကြီးကြပ်သူက လူလတ်ပိုင်းအရွယ် မျက်မှန်နှင့် ဆရာမ တစ်ယောက် ဖြစ်သည်။ သူမသည် ဩဇာကြီးပုံရပြီး သူမ စပြောလိုက်သည့် စကားနှင့်တင် ကြောက်လန့်အောင် လုပ်နိုင်ပြီး ကျောင်းသားများ ပို၍ စိတ်ဖိစီးသွားကြသည်။ အချို့ဆိုလျင် နဖူး၌ ချွေးပင် စို့လာ၏။
ထို့နောက် ဆရာမများက စာမေးပွဲအတွင်း သတိထားရမည့် အချက်များကို ပြောပြပြီး မေးခွန်းလွှာများကို စဝေပေး လေတော့သည်။