ထိပ်တန်းကျောင်းသားဆိုတာ ဒါပဲ ထင်တယ်
Vol. 39 Ch. 574
လူတိုင်း၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်ကို ရဲ့လင်းချန် အတိုင်းသား မြင်နေရသည်။ သူတို့အားလုံး ဆိုးရွားသော အမူအရာများ ဖြစ်ပေါ်နေလေသည်။
ယေဘူယျအားဖြင့် တက္ကသိုလ်၌ စာမေးပွဲခန်းစောင့် ဆရာမများသည် ထိုမျှ မတင်းကြပ်ပေ။ သူတို့ ခိုးချချင်လျင် တောင်မှ ခိုးချနိုင်သည့် အခွင့်အရေး ရှိပေသေးသည်။ သို့သော် ဤဆရာမသည် ပြက်ချော်ချော် သွားလုပ်၍ မရသည့် လူတစ်ယောက်ပင်။
“ချီးပဲကွာ … ဒီအမျိုးသမိီးက သွေးဆုံးချိန်ကို ရောက်နေတာပဲ ဖြစ်မယ်”
ရှောင်ကမ်းသည် စာရွက်များကို ဝေရင်း မကျေမနပ် ပြောဆိုလေသည်။ ဤသို့သော စာမေးပွဲခန်းစောင့် ဆရာမနှင့် ကြုံရသဖြင့် သူ့ကံကိုသာ အပြစ်တင်နိုင်တော့သည်။
ရဲ့လင်းချန်သည် လက်ထဲသို့ စာရွက် ရောက်လာသောအခါ အလျင်စလို မဖြေချေ။ ထိုအစား သူသည် အနီးအနားမှ ကျောင်းသား ကျောင်းသူများကို ဝေ့ကြည့်၍ သူတို့၏ ပညာများကို ထုတ်ပြသည်ကို ကြည့်နေလိုက်သည်။
စာမေးပွဲခန်းစောင့် ဆရာမများ၏ ဖိအားအောက်၌ သူတို့၌ မိုက်ခရို မှတ်စုများ ရှိလျင်တောင်မှ အလွန်အမင်း သတိထားပြီး ဆရာမ၏ လှုပ်ရှားမှုများကို အချိန်နှင့်အမျှ စောင့်ကြည့်နေရပေမည်။ ယင်းက အန္တရာယ်များသော စစ်ပွဲ တစ်ပွဲလိုပင်။
သို့သော် နိုင်ငံရေး ဘာသာရပ်၌ အကြောင်းအရာမျိုးစုံ ပါဝင်ပြီး ရှုပ်ထွေးလွန်းသဖြင့် မေးခွန်းတစ်ခုတည်း အတွက်ပင် သူတို့ မှတ်စုပေါင်းများစွာမှ အဖြေများ ချရေးရန် လိုအပ်နေသည်။ ၎င်းက ကစားပွဲ၏ ခက်ခဲမှုကို ပို၍ တိုးလာစေသည်။ ကျောင်းသား အများစုသည် စိုးရိမ်စိတ်ကြောင့် မျက်နှာများ နီရဲလာပြီး အဖြေကို ကြိုးစား၍ စဉ်းစားနေကြသည်။
ဤသို့သော အခြေအနေ၌ သူတို့သည် အဖြေရရန် အချင်းချင်း လှမ်းကြည့်သောအခါ အခြားသူဆီမှာ ကူကယ်ရာမဲ့၍ အူကြောင်ကြောင် ဖြစ်နေသော အမူအရာကိုသာ တွေ့လိုက်ရလေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်သည် ခေါင်းခါလိုက်မိပြီး ရယ်ချင်သွားလေသည်။ ထိုလူများသည် မှတ်စုများကို ကြိုလုပ်ထားသော်လည်း ဖတ်ထားပုံ မရချေ။ အကယ်၍ သူတို့ ခိုးမချခင် ရင်းနှီးအောင် ဖတ်ထားခဲ့ပါက သူတို့၏ အားထုတ်မှုက ပို၍ မြင့်မားလောက်သည်။ အနည်းဆုံး သူတို့ အဓိကအချက်ကို ရှာမတွေ့ဘဲ ဖြစ်နေမည် မဟုတ်ပါ။
သို့သော် ထိုသို့သောအချိန်၌ စက္ကူလုံးများစွာက ရဲ့လင်းချန်ဆီသို့ ဘေးပတ်လည်မှ ပြိုင်တူ ကျရောက်လာသည်။
“ဘုတ် … ဘုတ်”
တစ်ခုပြီးတစ်ခု ရဲ့လင်းချန်၏ စားပွဲပေါ် ကျလာသည်။ တစ်ချို့စက္ကူများဆိုလျင် စာမေးပွဲခန်း၏ ခပ်လှမ်းလှမ်း ထောင့်မှ ကျလာခြင်း ဖြစ်သည်။
*မြတ်စွာဘုရား သူတို့ ဘာတွေ လုပ်နေတာလဲ*
ရဲ့လင်းချန် ရင်တုန်သွားသည်။ တစ်ချိန်တည်းမှာပင် အစောပိုင်းက ပျင်းရိနေသော ဆရာမသည် ငါးနံ့ရလိုက်သော ကြောင်တစ်ကောင်ကဲ့သို့ သတိအနေအထား ဖြစ်သွားသည်ကို သူ သတိပြုလိုက်မိသည်။ ဆရာမက ရုတ်တရက် ခေါင်းကိုမော့လာပြီး မျက်မှန်ကို ပင့်တင်၍ ရဲ့လင်းချန်အား ခပ်စူးစူး စိုက်ကြည့်လေသည်။
*အရူးတွေ*
ရဲ့လင်းချန် အင်တင်တင် ပြုံးလိုက်မိသည်။
ထို့နောက် သူသည် အလွန် လျင်မြန်သော အရှိန်ဖြင့် စက္ကူလုံးများအားလုံးကို လက်ဖြင့် ရှင်းထုတ်လိုက်သည်။
ရဲ့လင်းချန်ထံသို့ စက္ကူလုံးများ ပစ်ပေးသော ရှောင်ကမ်း၊ အာလူးလေး၊ ရှန်းနှင့် အခြား ကျောင်းသားများအားလုံး အံ့ဩသွားကြသည်။ ပေးသူ အများစုမှာ မိန်းကလေးများ ဖြစ်ကြသည်။
ရဲ့လင်းချန်သည် လူတိုင်း၏ စိတ်ဝင်စားစရာ ဖြစ်နေ၏။ ထို့ကြောင့်ပင် သူတို့အများစုက သူ့ကို ကူညီလိုကြခြင်း ဖြစ်သည်။ ရဲ့လင်းချန်က ဘာမှမလုပ်ဘဲ ခေါင်းခါနေသည်ကို မြင်ပြီး သူတို့က ရဲ့လင်းချန် လက်လျှော့လိုက် တော့မည်ဟု ထင်မှတ်သွားခဲ့သည်။ ထို့ကြောင့်ပင် သူတို့က သူ့ထံသို့ အဖြေများ လှမ်းပစ်ပေးကြခြင်း ဖြစ်သည်။ ယင်းက သူ့အတွက် ဒုက္ခဖြစ်သွားစေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူတို့ တိတ်ဆိတ်စွာ ခေါင်းငုံ့သွားကြပြီး နောင်တရနေလေသည်။
“ဒေါက် ဒေါက် ဒေါက်”
ဒေါက်ဖိနပ်သံက သူတို့၏ တံခါးကို လာခေါက်သည့် သေမင်း၏ အသံနှင့် ဆင်တူနေလေသည်။ သူမသည် တစ္ဆေကဲ့သို့ ရဲ့လင်းချန်အနား၌ လျင်မြန်စွာ ပေါ်လာသည်။
“နင်လား”
ဆရာမက ရဲ့လင်းချန်ကို သိပုံရသည်။ ရဲ့လင်းချန်က ဖော်ရွေသော အပြုံးမျိုး မနည်း ပြုံးပြလိုက်ရသည်။
“မင်္ဂလာပါ ဆရာမ”
“နင်က အနုပညာရှင် ဖြစ်နေလဲ ဘာမှ မထူးဘူး၊ ထုတ်ပေးစမ်း”
ဆရာမက လက်ဝါးကို ဖြန့်၍ ယုံကြည်ချက်အပြည့်နှင့် စောင့်နေသည်။
“ဆရာမ ဘာပြောချင်တာလဲ မသိဘူး”
ရဲ့လင်းချန်၌ အကောင်းဆုံး သရုပ်ဆောင် စွမ်းရည်များ ရှိလေသည်။ သူသည် ဆရာမအား အပြစ်ကင်းမဲ့စွာ မော့ကြည့်နေပြီး သူ့မျက်လုံးများ ဖြူစင်ပုံ နေလေသည်။
“ခုနက အသံက စက္ကူလုံးတွေပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား၊ တော်တော်လေး များလောက်တယ်၊ နင် အဲ့ဒါတွေကို မဝှက်နိုင်ပါဘူး၊ ငါ နင့်ကိုယ်ကို စစ်ရအောင် ဖိအား လာမပေးနဲ့”
ဆရာမက ခြိမ်းခြောက်လာသည်။
“စက္ကူလုံးလား”
ရဲ့လင်းချန်က အံ့ဩဟန်ဆောင်လိုက်ပြီးမှ ခေါင်းခါပြလိုက်သည်။
“ကျွန်တော့်မှာ တကယ် မရှိပါဘူး၊ ဆရာမ ဘာပြောချင်နေတာလဲ ဆိုတာကို ကျွန်တော် နားမလည်ဘူး”
ထို့နောက် သူက မတ်တပ်ထရပ်၍ ဘောင်းဘီအိတ်ကပ်များကို နှိုက်ထုတ်ပြလေသည်။ ပြီးနောက် သူသည် လက်ကို ဆန့်၍ အကြိမ် အနည်းမျှ ခုန်ပြသည်။ မည်သည့် စက္ကူလုံးမျှ ရှာမတွေ့ချေ။
စာမေးပွဲခန်းစောင့် ဆရာမက ရဲ့လင်းချန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ သူသည် အဖြူရောင် လက်တို အင်္ကျီကို ဝတ်ဆင်ထားသည်။ သူ၏ ဘောင်းဘီ အိတ်ကပ် နှစ်ခုလုံးက ဗလာ ဖြစ်နေသဖြင့် သူ့တွင် စက္ကူကို ဝှက်စရာ အခြား နေရာ မရှိချေ။ ထို့နောက် သူမသည် သူ့စားပွဲနား၌ အကြိမ် အနည်းငယ်မျှ ပတ်ကြည့်နေပြီး စက္ကူတစ်စောင်မှ ရှာမတွေ့ပေ။
*ဒီလောက် အချိန်တိုလေးအတွင်းမှာ စက္ကူတွေက ဘယ်ကို ရောက်သွားတာလဲ၊ ဒီကောင်က မှော်ပညာများ တတ်နေတာလား*
စာမေးပွဲခန်းစောင့် ဆရာမက ရဲ့လင်းချန်ကို မယုံသင်္ကာစွာ ကြည့်နေသည်။ သို့သော် သူ၏ အပြစ်ကင်းစင်ပြီး ချောမောသော မျက်နှာကို မြင်သောအခါ သူမ နောင်တရသွားသည်။
*ငါ အမှားလုပ်မိသွားတာ ထင်တယ်*
ထို့နောက် သူမက ရဲ့လင်းချန်၏ အဖြေ စာရွက်ကို ကြည့်ပြီး ရယ်လေသည်။
“ဗလာ ဖြစ်နေပါလား”
ချက်ချင်းဆိုသလိုပင် သူမက ရက်စက် ကြမ်းကြုတ်သော အမူအရာဖြင့် ရဲ့လင်းချန်ဘေးနား၌ ထိုင်ချလိုက်သည်။
“အဖြေတွေ ရေးလေ၊ နင် ရေးမပြီးမချင်း ငါ မသွားဘူး”
ချက်ချင်းဆိုသလိုပင် ကျောင်းသားအားလုံးက ရဲ့လင်းချန်အား သနားသလို ကြည့်လာကြသည်။
ရဲ့လင်းချန်က ဂရုမစိုက်သလို ပခုံးတွန့်လိုက်ပြီးနောက် အဖြေများကို အေးအေးလူလူ စဖြေလိုက်သည်။
အဘယ်ကြောင့် သူ ထိုသို့ လုပ်ရသနည်း။ အခြားကျောင်းသားများအတွက် အာရုံလွှဲပေးချင်၍ ဖြစ်လေသည်။ ယခု စာမေးပွဲခန်းစောင့် ဆရာမ၏ အာရုံက သူ့ထံသို့ ကျရောက်နေသဖြင့် အခြားသူများ ဖိအား လျော့သွားသည်။ သူသည် သူတို့ လုပ်စရာ ရှိသည်များ လုပ်နိုင်ရန် ပိုကောင်းသော အခြေအနေတစ်ခုကို ကူ၍ ဖန်တီးပေးခြင်း ဖြစ်သည်။
ပထမဆုံး မေးခွန်းမှာ အဖြေတစ်ခုတည်း ရွေးရသည့် multiple-choice မေးခွန်းများ ဖြစ်ပြီး၊ နောက်တစ်ခုမှ အဖြေများကို ရွေးရသည့် multiple-choice မေးခွန်းများ ဖြစ်ကာ နောက်ဆုံး၌ အကျဉ်းချုပ် မေးခွန်း ဖြစ်သည်။
အဖြေများကို ရွေးရသည့် multiple-choice မေးခွန်းများမှာ အခက်ဆုံး ဖြစ်ပြီး အဖြေတစ်ခု ကျန်ခဲ့ပါက သို့မဟုတ် အဖြေ တစ်ခု မှားရွေးမိပါက အမှတ် တစ်မှတ်မှ ရမှာမဟုတ်သောကြောင့်ပင်။ ဘယ်နှစ်ခု ရွေးပြီး ဖြေရမလဲ ဆိုသည်ကို ခန့်မှန်း၍ မလုပ်နိုင်ပေ။
အကျဉ်းချုပ် မေးခွန်းများက ပိုလွယ်သည်။ ၎င်းတို့သည် နိုင်ငံရေး ဘာသာရပ် ဖတ်စာအုပ်ထဲမှ ရေးထားသည်ကို ချရေးရန်သာ လိုပေသည်။ ယင်းကလည်း အကြောင်းအရာကို မှတ်မိဦးမှပင်။
အစက စာမေးပွဲခန်းစောင့် ဆရာမသည် ခက်ထန်သော မျက်နှာထားနှင့် ရဲ့လင်းချန် အရှက်ကွဲမည်ကို စောင့်နေခဲ့သည်။ သို့သော် ရဲ့လင်းချန် မေးခွန်းများကို စဖြေသည်နှင့် သူမ၏ အမူအရာများက အချိန်နှင့်အမျှ ပြောင်းလဲလာ၏။ နောက်ဆုံး၌ သူမမျက်နှာတွင် ထိတ်လန့်သော အမူအရာက အစားထိုး နေရာယူလာ၏။
သူမသည် ဘွဲ့ရကျောင်းသားအဆင့်နှင့် နိုင်ငံရေး ဘာသာရပ် ဆရာမတစ်ယောက် ဖြစ်သည်။ ထိုမေးခွန်းများနှင့် သူမ ရင်းနှီးပေသည်။ မေးခွန်း အစမှ အဆုံးထိ ရဲ့လင်းချန်က အဖြေမှန်များအားလုံးကို ရွေးချယ်ခဲ့သည်။
၎င်းသည် ခန့်မှန်းရုံနှင့် မရနိုင်သော အရာတစ်ခုပင်။
အကျဉ်းချုပ် မေးခွန်းသို့ ရောက်သည်အထိ ရဲ့လင်းချန်က အဖြေများအားလုံးကို ချောမွေ့စွာ ချရေးခဲ့လေသည်။ အဓိက အချက်များအားလုံးကို ရှင်းလင်းစွာ ရေးသားထားသည်။ ပထမအချက်၊ ဒုတိယအချက်၊ ထို့နောက် သူတို့၏ ရှင်းလင်းချက်များကို ရေးထားသည်။ ထို့အပြင် သူ့အဖြေများက ဖတ်စာအုပ်များမှ အကြောင်းအရာများကို အပြည့်အဝ ကူးထားသလိုပင်။
*သေလိုက်ပါတော့ … ဒီလူက ထိပ်တန်း ကျောင်းသားပဲ*
စာမေးပွဲခန်း ဆရာမ၏ အမူအရာက ဆက်တိုက် ပြောင်းလဲနေ၏။ နောက်ဆုံး၌ သူမ မနေနိုင်ဘဲ မေးလိုက်သည်။
“နင် အဖြေအားလံးကို သိနေပြီးတော့ ဘာလို့ ခုနက ဘာမှမရေးဘဲ ထားထားတာလဲ”
“ဪ ကျွန်တော် ဘဝလမ်းကြောင်းထဲမှ အတွေးလွန်နေလို့ပါ”
စာမေးပွဲခန်းစောင့် ဆရာမ ဆွံ့အသွားလေသည်။
သူမ ရှုံးသွားသလို ခံစားလိုက်ရသဖြင့် အနားမှခွာ၍ အခြား ကျောင်းသားများကို အာရုံလွှဲလိုက်သည်။ ရဲ့လင်းချန်ကို ဆက်၍ စောင့်ကြည့်နေစရာ အကြောင်း မရှိတော့ချေ။
ထိုအခါတွင်မှ ရဲ့လင်းချန်သည် သူ့ထံ ပစ်ပေးလိုက်သော စက္ကူလုံးများကို ကြည့်ချိန် ရသွားလေသည်။
“AABCD, CCABA, … ငါ ဖြေလို့ပြီးသွားတာနဲ့ အကျဉ်းချုပ် မေးခွန်း အဖြေတွေကို ပေးမယ်”
သူ ကြည်နူးသွားရသည်။
*ကောင်းလိုက်တဲ့ အတန်းဖော်တွေပါလား*
အဖြေမှန်က ငါးဆယ်ရာခိုင်နှုန်းထက် နည်းနေသည်က ဆိုးလှသည်။ ဤသို့သော အခြေအနေ၌ သူတို့ သူ့အတွက် စဉ်းစားပေးသည်က အံ့ဩစရာပင်။
အချို့သော စက္ကူလုံးများ၌ သူတို့ ရေးထားသည့် အားပေးစကားပင် ပါသေးသည်။
“တောင့်ထား၊ ငါ့အဖြေကို စောင့်နေ”
အခန်းဖော်များက အတော်လေး ဗျာများသော်လည်း သူတို့၏ ကောင်းမွန်သော စိတ်ထားအတွက် သူ ကျေးဇူး တင်မိပါသေးသည်။
သူ သက်ပြင်းရှည် ချလိုက်မိသည်။ သူ ကျေးဇူး ပြန်မဆပ်ပါက ရိုင်းရာကျပေမည်။
*မင်းတို့က ငါ့ကို စိတ်ရင်းအတိုင်း ဆက်ဆံမှတော့ ငါ ဘယ်လိုလုပ် မင်းတို့ကို စိတ်ပျက်အောင် လုပ်နိုင်ပါ့မလဲ*
ရဲ့လင်းချန်က သူ့အဖြေများကို ချက်ချင်း ကူးလိုက်သည်။ သူ့လက်ရေးက အလွန် လျင်မြန်ပြီး သပ်ရပ်သည်။ ပုံနှိပ်စက်မှ ထုတ်လိုက်သည်နှင့် သိပ်မကွာချေ။ သူသည် အဖြေကို ငါးစုံစာ လျင်မြန်စွာ ကူးရေးပြီးသွားသည်။
ထို့နောက် သူသည် ၎င်းတို့အား ရှောင်ကမ်းနှင့် အခြားသူများထံ ပစ်ပေးလိုက်သည်။ သူ၏ အပစ်ပညာက ကောင်းမွန်လှသည်။ ယင်းက သူတို့အရှေ့သို့ အတိအကျ ကျသွားရုံသာမက ဘာအသံမှလည်း မထွက်ပေ။
ထို့နောက် သူသည် ထရပ်၍ အဖြေလွှာပေးရန် အေးအေးလူလူ လျှောက်သွားလိုက်သည်။
သို့သော် သူ့အရှေ့၌ ထိုင်နေသော မိန်းကလေးဘေးနားမှ ဖြတ်သွားချိန်၌ ထိုမိန်းကလေး၏ စားပွဲပေါ်သို့ စက္ကူလုံး တစ်လုံးကို တိတ်တဆိတ် တင်လိုက်လေသည်။
*ဒါနဲ့ဆိုရင် အားလုံး ပြီးသွားပြီ*
ထိုအချိန်၌ အားလုံးက ရဲ့လင်းချန်၏ ကျောပြင်အား အလွန် လေးစားသော အကြည့်ဖြင့် ကြည့်နေကြသည်။
*မဟုတ်မှလွဲရင် ဒါက ထိပ်တန်းကျောင်းသားပဲ ထင်တယ်*