← Chapters

မွန်းစတား

Vol. 32 Ch. 467

မွန်းစတား

Vol. 32 Ch. 467

သူမသည် ကျောက်သားအခန်း၏ ဝင်္ကပါနောက်မှာ ရှိနေသော်လည်း ရောက်ရှိလာသော မွန်းကျပ်ဖွယ်ရာဖိအားကို ခံစားမိနေလေသည်။

အဲ့ဒါသည် ထိပ်တန်းအဆင့် မွန်းစတားတစ်ကောင်က လျှင်မြန်စွာ ချည်းကပ်လာသလိုပင်။

ကျွင်းဟောက်၏ အမူအယာက ညိုမည်း၍ သူ့အကြည့်က အေးစက်လာ၏။

“ဆူဇီမို ချန်ထားရစ်ခဲ့တဲ့ တစ်စုံတစ်ရာကို ငါက မကိုင်တွယ်နိုင်ဘူး ဟုတ်လား ယောင်ရွှယ်.. အိတ်ကပ်ထဲမှာ ဝှက်ဖဲရှိတာ သူတစ်ယောက်ထဲလို့ နင်ထင်နေတာလား”

ကျွင်းဟောက်ထံမှ ခွာပြဲသည့်စကားများ ထွက်လာပြီးနောက် နှစ်ဖက်စလုံးက တိုက်ခိုက်ကြတော့မည့်ဆဲဆဲသို့ ရောက်ရှိလာလေသည်။

မဟာကျိုးအစောင့်နှစ်ယောက်ကလည်း သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်၍ တိုက်ခိုက်ဖို့ အဆင့်သင့်ပြင်ထားလိုက်ကြ၏။

စစ်ယုထန်၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နေ၏။ သူသည် အခြေအနေက တစ်ခုခု လွဲမှားနေပြီဆိုတာကို နားလည်လိုက်ပြီး အသာနောက်ဆုတ်၍ အခွင့်ရတာနှင့် ထွက်ပြေးဖို့ ပြင်ဆင်ထားလိုက်၏။

တစ်ဖက်မှာက မဟာကျိုးအင်ပါယာ၏ တတိယမင်းသမီးဖြစ်ပြီး သူလုံးဝ အာခံလို့မရသောသူ ဖြစ်လေသည်။

အခြားတစ်ဖက်မှာတော့ တစ်ဖက်အဖွဲ့က အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဟု ထင်ရသော်လည်း သူ၏ နောက်ခံက ထင်သလောက် ရိုးရှင်းပုံမရပေ။

ပို၍ အရေးကြီးသည်မှာ ကျွင်းဟောက်သည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်ဖြစ်ပြီး စစ်ယုထန်သည် သူ့ကိုလည်း အာမခံရဲပေ။

ဘယ်လောက်တောင် ကံဆိုးလိုက်လဲကွာ..

သူသည် စိတ်ထဲကနေ ကျိတ်ပြီးကျိန်ဆဲလိုက်၏။

ကျွင်းဟောက်၏ အကြည့်က စစ်ယုထန်ဆီသို့ ရွေ့သွားပြီး အေးစက်စက်အလင်းနှင့် ခက်ထန်စွာ မေးလိုက်၏။

“စစ်ယုထန်.. မင်းက ဘယ်ဘက်က နေမှာလဲ”

စစ်ယုထန်သည် ထွက်ပြေးဖို့ အခွင့်အရေး မရတော့ပေ။

စစ်ယုထန်သည် ကျွင်းဟောက်ဘက်မှာနေပါက ဤကိစ္စက ပေါက်ကြားသွားတာနှင့် မဟာကျိုးအင်ပါယာသို့ ပြန်ရောက်လျှင် သူက အမဲလိုက်သတ်ဖြတ်ခံရပေမည်။

သို့သော် ကျိယောင်ရွှယ်၏ ဘက်မှာ နေပြန်လျှင်လည်း အခုလောလောဆယ်မှာပင် သူက ပြင်းထန်ရက်စက်သည့်တိုက်ပွဲနှင့် ရင်ဆိုင်ရပေတော့မည်။

သူတို့က အရေအတွက်အားဖြင့် သာသော်လည်း သူတို့အားလုံးက မရီးဒါန်ခြောက်ခု အခြေတည်အဆင့်များသာ ဖြစ်ကြလေသည်။ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ဖြစ်သော ကျွင်းဟောက်ကိုနိုင်ဖို့ အခွင့်အရေး သူတို့မှာ နည်းနည်းလေးသာ ရှိလေသည်။

ထိုအချိန်မှာပင် ဥမင်ထဲကနေ ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းလာ၏။ သူခြေထောက်က မြေကြီးနှင့် ထိသည်ဟု မထင်ရဘဲ တစ္ဆေတစ်ကောင်နှင့် တူနေလေသည်။

စစ်ယုထန်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုလူ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဆုတ်နေပြီး သူ့အသားအရေကလည်း ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ သူ့မျက်လုံးနှစ်ဖက်ကလည်း ငါးသေကောင်၏ မျက်လုံးများလို အသက်မဲ့၍ အလွန်တရာ ကြောက်ဖို့ကောင်းနေ၏။

ဖုန်း.. ဖုန်း.. ဖုန်း..

လေးလံသည့် ခြေသံများက ချဉ်းကပ်လာ၏။

ငွားငွားစွင့်စွင့်နှင့် စွမ်းအားကြီးသည့် လူကြီးတစ်ယောက်က ရောက်ချလာလေသည်။ အရပ်က ဆယ်ပေအပြည့်ရှိပြီး စကားတစ်ခွန်းမှ မပြောပေ။ ခေါင်းခြုံပါသော အနက်ရောင်ဝတ်ရုံကြီးကို တစ်ကိုယ်လုံးအပြည့် တင်းကျပ်အောင် ခြုံဝတ်ထားလေသည်။ ထိုသူက ငရဲမှ တက်လာသော ငရဲသားတစ်ယောက်နှင့် တူနေလေသည်။

မဟာကျိုးအစောင့်နှစ်ယောက်၏ အမူအယာက ပြောင်းလဲသွားပြီး တံတွေးများကို အလိုလို မျိုချကာ ဣန္ဒြေရအောင် ထိန်းလိုက်ရ၏။

အနက်ရောင်ဝတ်ရုံခြုံထားသော ကျင့်ကြံသူရှေ့တွင် သူတို့နှစ်ယောက်က ကလေးများကဲ့သို့ ဖြစ်နေလေသည်။

သူတို့နှစ်ယောက်က အာရုံစိုက်ကြည့်လိုက်ကြ၏။

အနက်ရောင်ဝတ်ရုံခြုံထားသောသူ၏ မျက်နှာက ခေါင်းခြုံစနှင့် ကွယ်နေပြီး မေးစေ့သာ ပေါ်နေကာ သူ၏ ရုပ်ရည်သွင်ပြင်ကို ဖမ်းမိဖို့ ခက်ခဲလေသည်။

အစတုန်းကတော့ စစ်ယုထန်သည် တွန့်ဆုတ်နေဆဲဖြစ်၏။

သို့သော်လည်း အနက်ရောင်ဝတ်ရုံခြုံထားသော ကျင့်ကြံသူပေါ်လာပြီးနောက် သူက ဆုံးဖြတ်ချက်ချလိုက်ပြီး ရုတ်တရက် ပြောလိုက်လေသည်။

“စီနီယာအစ်ကိုကျွင်း.. ကျုပ်က သေချာပေါက် ခင်ဗျားဘက်ကပေါ့ဗျ”

ကျွင်းဟောက်၏ မျက်လုံးက လှောင်ပြောင်လိုရိပ်နှင့် တဖျပ်ဖျပ်လက်သွားပြီး ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်ကွာ.. အနဲဆုံးတော့ မင်းက အခြေအနေကို အကဲဖြတ်တတ်သားပဲ”

စစ်ယုထန်သည် စိတ်သက်သာရကာ သက်ပြင်းချလိုက်၏။

ထိုသို့ သူဆုံးဖြတ်ချက် ချလိုက်ရသည့်အကြောင်းမှာ အနက်ရောင်ဝတ်ကျင့်ကြံသူထံမှ ဖြာထွက်နေသော အန္တရာယ်အငွေ့အသက်ကို သူခံစားမိနေသောကြောင့် ဖြစ်လေသည်။

ကျွင်းဟောက်ဘက်တွင် ရပ်လိုက်ခြင်းဖြင့် သူသည် မဟာကျိုးအင်ပါယာ၏ အမဲလိုက်သတ်ဖြတ်ခြင်းကို ခံရပေတော့မည်။

သို့သော်လည်း အခုချိန်မှာ သူသည် ကျိယောင်ရွှယ်ဘက်မှာနေဖို့ ရွေးချယ်လျှင် အခုချက်ချင်းပင် သေရဖို့ ရှိလေသည်။

ကျွင်းဟောက်သည် သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီးနေပြီးဖြစ်၏။ အဖြူရောင်ဝတ်ကျင့်ကြံသူရောက်လာသောအခါ သူက တလေးတစား ဦးညွှတ်လိုက်၏။

“ရောက်လာပေးတာ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလီ.. ကျုပ် အားတော့နာပါတယ်.. ဒီဝင်္ကပါကို ဖျက်ဖို့ အစ်ကို့ကိုပဲ အားကိုးရတော့မှာပဲ”

“အင်း”

အဖြူရောင်ဝတ်လူက သူ့ခေါင်းကို အနည်းငယ် မော့လိုက်၏။

စစ်ယုထန်၏ အကြည့်က တဖျပ်ဖျပ်လက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိလေသည်။

တစ်ခုခု ထူးခြားနေတာကို သူသတိထားမိလိုက်၏။

ကျွင်းဟောက်က အဖြူရောင်ဝတ်ကျင့်ကြံသူကိုသာ နှုတ်ဆက်၍ နောက်ဘက်ရှိ အနက်ရောင်ဝတ်ရုံခြုံထားသော ကျင့်ကြံသူကိုတော့ လျစ်လျူရှုထားလေသည်။

သို့သော်လည်း အနက်ရောင်ဝတ်ရုံခြုံထားသော ကျင့်ကြံသူက ပို၍ ကြောက်စရာကောင်းတာကို စစ်ယုထန်သည် ရှင်းလင်းစွာ ခံစားမိနေလေသည်။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..

ကျွင်းဟောက်က သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်ထားတော့ဘဲ မဟာကျိုးအင်ပါယာအစောင့်နှစ်ယောက်ဘက်သို့ လှည့်ကာ စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“စစ်ယုထန်.. မင်းအစွမ်းအစကို ထုတ်ပြဖို့ အချိန်ပဲ”

“ကောင်းပါပြီ”

အခြားထွက်လမ်းမရှိတာကြောင့် စစ်ယုထန်သည် ကျွင်းဟောက်စကားကို နာခံဖို့သာ ရှိတော့လေသည်။

“သွား”

စစ်ယုထန်က သူ့သိုလှောင်အိတ်ကို ပုတ်၍ ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို ထုတ်ယူလိုက်၏။

ဓါးအလင်းက တဖျပ်ဖျပ် လင်းလက်၍ ထွက်ပေါ်လာ၏။

မဟာကျိုးအစောင့်နှစ်ယောက်ကလည်း သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် လှည့်ပတ်၍ ခုခံတိုက်ခိုက်လိုက်ကြ၏။ စိတ်ဝိညာဉ်မရီးဒါန်ခြောက်ခုစီက ပေါ်လာပြီး သူတို့၏ ဓါးပျံများကို ဆင့်ခေါ်ကာ စစ်ယုထန်နှင့် တိုက်ခိုက်လိုက်ကြ၏။

ချွင်.. ချွမ်း..

လေထဲမှာ ဓါးပျံသုံးလက်က ထပ်ကာထပ်ကာ ရိုက်ခတ်၍ မီးပွားများက လွင့်ပျံထွက်လာ၏။

ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခွင့်ရခဲ့သော အစောင့်များကို မဟာကျိုးမြို့တော်ကနေ သေချာစိစစ်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။

သူတို့သုံးယောက်စလုံးက မရီးဒါန်ခြောက်ခု အခြေတည်အဆင့်များ ဖြစ်ကြသောကြောင့် နှစ်ယောက်တစ်ယောက် အနေအထားတွင် စစ်ယုထန်က မည်သို့မျှ အသာမရနိုင်ဘဲ တဖြည်းဖြည်းနှင့် အရေးနိမ့်လာလေသည်။

“ဟမ့်”

ကျွင်းဟောက်က သူ့ဝတ်ရုံစကို လှုပ်ခါ၍ အဇူရာစိမ်းရောင်ချီတစ်ခုကို ထုတ်ဖော်ကာ ဧရာမလက်ဝါးကြီးကို လေထဲမှာ စုဖွဲ့လိုက်လေသည်။

တိုက်ပွဲမြေတွင် အပူချိန်က ချက်ချင်းကျဆင်းလာလေသည်။

မဟာကျိုးအစောင့်နှစ်ယောက်သည် တုန်လှုပ်သွားကြ၏။

မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကနေ အင်အားအပြည့် ထုတ်ဖော်လိုက်သော စိတ်ဝိညာဉ်တိုက်ကွက်ကို သူတို့နှစ်ယောက် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

“အဇူရာနှင်းခဲလက်ဝါးလား”

ထိုအချိန်မှာပင် ကျောက်သားအခန်းတွင်းမှ အေးစက်စက် ရယ်သံက ထွက်ပေါ်လာ၏။

ကျောက်သားအခန်းက ပွင့်သွားပြီး ကျိယောင်ရွှယ်က လှမ်းထွက်လာ၏။ သူမ၏ ဝတ်ရုံစကို တူညီသောပုံစံနှင့် လှုပ်ခါ၍ လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်လိုက်သောအခါ အဇူရာနှင်းခဲချီတစ်ခုက ထွက်ပေါ်လာပြီး ကြီးမားသည့်လက်ဝါးကြီးကို ဖြစ်ပေါ်လာစေလေသည်။

လက်ဝါးနှစ်ဖက်က လေထဲမှာ ရိုက်ခတ်လိုက်ကြ၏။

ဘုန်း..

စိတ်ဝိညာဉ်ချီများက အညီအမျှ ပျက်ပြယ်သွားကြ၏။

“ဟမ့်.. မရီးဒါန်ခုနှစ်အခြေတည်အဆင့်လား”

ကျွင်းဟောက်၏ မျက်လုံးက ဝင်းလက်သွားပြီး မအောင့်အည်းနိုင်ဘဲ လက်ခုပ်တီး၍ ရယ်မောလိုက်၏။

“ကောင်းတယ်ကွာ ကောင်းတယ်.. နင်က နင့်ရဲ့ ခုနှစ်ခုမြောက်မရီးဒါန်ကိုတောင် ဖွင့်နိုင်ခဲ့ပြီပေါ့လေ ယောင်ရွှယ်.. ငါ့ရဲ့ ဂျူနီယာညီမလေးလို့ မပြောရဘူးဟေ့”

ကျိယောင်ရွှယ်က အဝါဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ သူမသည် ဒီအတိုင်း မတ်တပ်ရပ်နေသော်လည်း သူမထံမှ လွှမ်းမိုးခြယ်လှယ်နိုင်မှုအပြည့်နှင့် မြင့်မြတ်အော်ရာက ထွက်ပေါ်နေလေသည်။

“မင်းသမီး.. မြန်မြန်ပြန်သွားပါ.. ဒီမှာက အန္တရာယ်များလွန်းတယ်”

ကျိယောင်ရွှယ် ထွက်လာတာကို မြင်ပြီး မဟာကျိုးအစောင့်တစ်ယောက်က လောဆော်လိုက်၏။

“ယောင်ရွှယ်.. နောက်ဆုံးတော့ နင်ထွက်လာပြီပေါ့လေ”

ကျွင်းဟောက် သိုလှောင်အိတ်ထဲကနေ ဓါးပျံတစ်လက်ကို ထုတ်ယူပြီး ခေါင်းခါလိုက်၏။

“အဲ့ဒီကျောက်သားအခန်းထဲက နင်ထွက်လာပြီးရင်တော့ နောက်ထပ် ပြန်ဝင်လို့ မရတော့ဘူးဆိုတာ သိရဲ့လား”

“သွား”

ဓါးပျံက လေထုကို ဖြတ်သန်း၍ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ ချက်ချင်း ရောက်လာလေသည်။

ကျိယောင်ရွှယ်က လုံးဝထိတ်လန့်မသွားဘဲ သူမ၏ စိတ်ဝိညာဉ်ပင်လယ်ကို အင်အားအပြည့် လှည့်ပတ်လိုက်၏။ သူမ၏ မရီးဒါန်ခုနှစ်ခုထဲသို့ စိတ်ဝိညာဉ်ချီများက တိုးဝင်လာပြီး တူညီသော ဓါးပျံတစ်လက်ကို ထုတ်ယူကာ ကျွင်းဟောက်ကို တိုက်ခိုက်လိုက်၏။

သူတို့နှစ်ယောက်စလုံးက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်များဖြစ်ကြပြီး အဇူရာနှင်းမြူလွှာဂိုဏ်းမှာပင် ကျင့်ကြံခဲ့ကြတာကြောင့် သူတို့သည် တစ်ယောက်၏ လှုပ်ရှားမှုကိုတစ်ယောက် အတော်လေး ရင်းနှီးနေကြပြီးဖြစ်၏။

အချိန်ခဏအတွင်းမှာ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အသာစီးရယူနိုင်ကြလိမ့်မည် မဟုတ်ပေ။

တစ်ဖက်မှာတော့ မဟာကျိုးအစောင့်နှစ်ယောက်သည် စစ်ယုထန်ထက် အရေအတွက် သာသော်လည်း ထိုသူကို ချက်ချင်းတော့ မသတ်ဖြတ်နိုင်ကြပေ။

သူတို့ငါးယောက်အကြား တိုက်ခိုက်မှုက လွန်ဆွဲနေသည့် အခြေအနေမှာပင်။

တိုက်ပွဲမြေတွင် စိတ်ဝိညာဉ်ချီများက ဒေါသတကြီး ရုန်းကြွလာပြီး ဓါးချီများက အညှာတာမဲ့စွာ သက်ရောက်နေကြ၏။ သို့သော် အနိုင်ရသူကို မဆုံးဖြတ်နိုင်သေးပေ။

ကျွင်းဟောက်သည် ပို၍ပို၍ မချင့်မရဲ ဖြစ်လာ၏။

ခဏမျှ စိတ်အာရုံပျက်ယွင်းသွားပြီး ကျိယောင်ရွှယ်၏ ဓါးပျံက သူ့လက်ကို ထိရှသွားကာ သွေးများက စီးကျလာ၏။

“အမှိုက်လိုကောင်တွေ”

အစက ဘေးကနေ မတ်တပ်ရပ်နေသော အဖြူရောင်ဝတ်ကျင့်ကြံသူသည် နောက်ဆုံးမှာတော့ စိတ်မရှည်နိုင် ဖြစ်လာလေသည်။ သူ့လက်ကို ညင်သာစွာ ဝေ့ရမ်း၍ အေးစက်စက်ပုံစံနှင့် အမိန့်ပေးလိုက်၏။

“သွား.. အဲ့ဒီမရီးဒါန်ခြောက်ခုအခြေတည်အဆင့်နှစ်ယောက်ကို သတ်ပြီး ဟိုအမျိုးသမီးကို အသက်ရှင်လျက် ဖမ်းလာခဲ့”

မူလက သူ့နောက်မှာ မလှုပ်မယှက် မတ်တပ်ရပ်နေသော အနက်ရောင်ဝတ်ကျင့်ကြံသူက ရှေ့သို့ လှမ်းထွက်လာ၏။

ဖုန်း..ဖုန်း.. ဖုန်း..

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လိုဏ်ဂူခန်းဝါက ကြောက်စရာကောင်းသည့်ပုံစံနှင့် ပြင်းထန်စွာ တုန်ခါလာ၏။

“ဟား”

တိုက်ပွဲမြေဆီသို့ ဝင်ချလာပြီးနောက် အနက်ရောင်ဝတ်ကျင့်ကြံသူက ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ဗြီး..

သူ၏ အနက်ရောင်ဝတ်ရုံစက စုတ်ပြဲသွားပြီး အပိုင်းပိုင်းအတစ်တစ် ပိတ်စလေးများအဖြစ် ပြောင်းလဲသွားကာ လေထဲမှာ ကခုန်နေလေသည်။

အနက်ရောင်ဝတ်ကျင့်ကြံသူက သူ၏ အစစ်အမှန်သွင်ပြင်ကို ပြသလာလေသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူကလွဲလျှင် လက်ရှိလူများအားလုံးသည် တုန်လှုပ်သွားပြီး သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွားကြလေသည်။ သူတို့သည် ခေါင်းမွေးများ ထောင်ထ၍ ခေါင်းနားပန်းကြီးသွားကြ၏။

“ဘယ်.. ဘယ်လို.. မွန်းစတားကြီးလဲဟ”

မဟာကျိုးအစောင့်တစ်ယောက်သည် တုန်ရီနေသောအသံနှင့် အာမေဋိတ်သံပြုပြီး သူ၏ ခြေလက်များက အေးစက်သွားလေသည်။

အနက်ရောင်ဝတ်ကျင့်ကြံသူက ဘာဆိုတာကို ကျွင်းဟောက်သည် အစကတည်းက သိထားသော်လည်း တစ်ကယ်တမ်း မြင်တွေ့ရသောအခါ သူသည် တုန်လှုပ်သွားမိဆဲဖြစ်ပြီး သူ၏ ဓါးပျံထိန်းချုပ်မှုကို လွတ်ထွက်လုနီးပါး ဖြစ်သွားရလေသည်။

All Chapters