← Chapters

ဝိုး.. ဟုတ်လှချေလားဟ

Vol. 32 Ch. 468

ဝိုး.. ဟုတ်လှချေလားဟ

Vol. 32 Ch. 468

အဲ့ဒါက ကျင့်ကြံသူ ဘယ်ဟုတ်ပါ့မလဲ..

တိတိပပပြောရလျှင် အဲ့ဒါက သက်ရှိတစ်ကောင်တောင် မဟုတ်ပေ။

ထိုမွန်းစတားမှ ပုပ်အက်အက်အနံ့က ထွက်နေပြီး သူ့အသားအရေက မည်းနက်နေလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက တစ်ရစ်ဖောင်းကြနေပြီး သံမဏိရည်ဖြင့် သုတ်လိမ်းထားသလို မာကြောပြောင်လက်နေလေသည်။

လက်သည်းငါးချောင်းက ဓါးများကဲ့သို့ စိမ်းဖန့်ဖန့်အရောင်ဖြင့် ထက်ရှတောက်ပနေပြီး သူတို့က အဆိပ်ရှိသည်မှာ သိသာလေသည်။

သူ့မျက်လုံးများထဲတွင် သူငယ်အိမ်လုံးဝ မရှိဘဲ လုံးဝဖြူဆွတ်နေကာ ကြည့်ရသည်မှာ အလွန်တရာ ကြောက်စရာကောင်းနေ၏။

ထိုမွန်းစတားက ဟိန်းဟောက်လိုက်သောအခါ သူ၏ လည်ပင်းနှင့် မျက်နှာပေါ်ရှိ အစိမ်းရောင်သွေးကြောများက ထောင်ထလာပြီး မြေသေးသေးလေးများက ရစ်ပတ်တွားသွားနေသလို ထင်ရလေသည်။ သူ့မှာ သွေးသံရဲရဲ အစွယ်နှစ်ချောင်းကလည်း ရှိနေပြီး သူ့မျက်နှာက ထိတ်လန့်သွေးပျက်ရလောက်အောင် ကြောက်စရာကောင်းနေ၏။

အဲ့ဒါက ဖုတ်ဝင်နေသော အလောင်းကောင်ကြီးပင်။

လက်ရှိသူတို့ထဲ မည်သူကမှ ထိုကဲ့သို့သော နည်းလမ်းမျိုးကို မမြင်ဖူးခဲ့ကြပေ။ အလောင်းကောင်က အသက်ပြန်ဝင်လာရုံသာမက.. သူ့ကို တစ်စုံတစ်ယောက်က ထိန်းချုပ်ပြီး ဤမျှ ကြောက်စရာကောင်းသည့်အော်ရာကို ထုတ်ပေးနေလေသည်။

သူမသည် မဟာကျိုး၏ မင်းသမီးတစ်ပါး ဖြစ်သော်လည်း ကျိယောင်ရွှယ်သည် လွန်မင်းစွာ ထိတ်လန့်၍ သူမ၏ မျက်နှာက ဖြူလျော့သွား၏။

ဖုန်း.. ဖုန်း.. ဖုန်း..

အလောင်းကောင်က ခြေလှမ်းကျဲကြီးဖြင့် တိုက်ပွဲမြေသို့ ဝင်ရောက်လာ၏။

အခြေအနေမဟန်တော့တာကို သိနားလည်လိုက်ပြီး ကျွင်းဟောက်နှင့် စစ်ယုထန်သည် တိုက်ပွဲထဲကနေ ခုန်ထွက်သွားသည်မှာ ကြာပြီဖြစ်၏။

“သွား”

မဟာကျိုးအစောင့်တစ်ယောက်က သူ၏ဓါးပျံကို ဆင့်ခေါ်လိုက်ပြီး အခြားတစ်ယောက်ကတော့ လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်၍ တလက်လက်တောက်နေသော မီးလုံးကြီးကို ဖြစ်ပေါ်စေကာ အလောင်းကောင်ကြီးဆီသို့ ပစ်လွှတ်လိုက်၏။

သူတို့ကို မမြင်သည့်အလား အလောင်းကောင်က လုံးဝအရှိန်မလျှော့ချပေ။

ထိုသည်ကို မြင်သောအခါ မဟာကျိုးအစောင့်နှစ်ယောက်က အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏။

ချွမ်း..

သူတို့၏ အတွေးမဆုံးသေးခင်မှာပင် ဓါးပျံက အလောင်းကောင်၏ ရင်အုပ်ကို ထိသွား၏။ သို့သော် သတ္တုချင်းထိခတ်သံကသာလျှင် ထွက်ပေါ်လာလေသည်။

ဓါးပျံက ပြန်ကန်လွင့်လာလေသည်။

မီးလုံးက အလောင်းကောင်ပေါ်သို့ ကျရောက်သွားပြီးနောက် အသက်နှစ်ရှိုက်စာလောက်ပဲခံကာ ငြိမ်းသေသွားလေသည်။

အူထွက်လာသော မီးခိုးများထဲတွင် အလောင်းကောင်က အဆင်ပြေရုံသာမက ပို၍ပင် ကြမ်းကြတ်ပြင်းထန်လာ၏။

သူတို့နှစ်ယောက်သည် မျက်လုံးများ ပြူးကျယ်၍ ကြက်သေသေသွားကြ၏။

တစ်ချိန်တည်းမှာပင်..

ကျိယောင်ရွှယ်၏ ဓါးပျံကလည်း ဆင်းသက်လာ၏။ စိတ်ဝိညာဉ်အင်းကွက်လေးခုနှင့် တောက်ပနေသော ဓါးပျံက အလောင်းကောင်၏ ဦးခေါင်းကို ထိုးစိုက်လိုက်လေသည်။

ချွမ်း..

နောက်ထပ် ကျွတ်ဆတ်ဆတ်အသံက ထွက်ပေါ်လာပြီး မီးပွားများနှင့်အတူ ထိုဓါးပျံကလည်း လွင့်ကန်ထွက်သွားလေသည်။

အလောင်းကောင်၏ နဖူးတွင် ဖြူသဲ့သဲ့ ခြစ်ရာတစ်ခုမျှသာ ဖြစ်ပေါ်လာပြီး သူ၏ အရေပြားကတောင် ပေါက်ပြဲမသွားပေ။

ကျိယောင်ရွှယ်သည် အလွန်အမင်း တုန်လှုပ်သွား၏။

သူမသည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ စွမ်းအားအပြည့်နှင့် တိုက်ခိုက်တာတောင် အလောင်းကောင်၏ အရေပြားပေါ်တွင် ခြစ်ရာတစ်ခုတောင် ရအောင် မစွမ်းနိုင်ပေ။

လက်နက်များနှင့် မထိုးဖောက်နိုင်၊ ရေမီးများနှင့်လည်း မပျက်စီးနိုင်သော ဤဖုတ်ကောင်ကို သူမသည် ဘယ်လိုများ တိုက်ခိုက်ရပါမည်လဲ။

သူမ၏ အတွေး မဆုံးသေးခင်မှာပင် ခြေလှမ်းအနည်းငယ်မျှနှင့် ဖုတ်ကောင်က မဟာကျိုးအစောင့်နှစ်ယောက်၏ ရှေ့သို့ ရောက်ချလာ၏။ သူ၏ လက်ကြီးနှစ်ဖက်ကို ထုတ်၍ သူတို့နှစ်ယောက်၏ ဦးခေါင်းကို ချက်ချင်း ဖိချေချလိုက်လေသည်။

အစောင့်နှစ်ယောက်သည် ပြန်လှန်တိုက်ခိုက်ဖို့ပင် အခွင့်အရေး မရလိုက်ပေ။

ရွှစ်..

ကျိယောင်ရွှယ်သည် သူမ၏ ဓါးပျံကို တစ်ဖန်ပြန်ဆင့်ခေါ်လိုက်၏။ သည်တစ်ကြိမ်တွင်တော့ ဓါးပျံက အလောင်းကောင်၏ မျက်လုံးကို ချိတ်ရွယ်လေသည်။

သူတို့က ဘယ်လိုပင် သန်မာပါစေ အရာရာတိုင်းမှာ အားနည်းချက်တော့ ရှိရမည်ဟု သူမ ယုံကြည်လေသည်။

ရုတ်တရက်.. ဖုတ်ကောင်က ဝင်ရောက်လာနေသော ဓါးပျံကို စူးစိုက်ကြည့်ပြီး လက်ကို ဆန့်ထုတ်လိုက်၏။ သူက ဓါးပျံကို ဖမ်းဆုပ်ကိုင်၍ သူ့ပါးစပ်ဝရှေ့မှာ ထားကာ ဆီရောင်သန်းနေသော စိမ်းဖန့်ရောင်မီးခိုးများနှင့် အဲ့ဒါကို မှုတ်ထုတ်လိုက်၏။

မီးခိုးများက ဓါးသွားကို ထိတွေ့ချိန်တွင် ထိပ်တန်းအ ဆင့်ဓါးပျံပေါ်ရှိ စိတ်ဝိညာဉ်အလင်းက မှိန်ကျသွားလေသည်။

ကျိယောင်ရွှယ်၏ အမူအယာက ပြောင်းလဲသွားပြီး ထိပ်တန်းအဆင့်ဓါးပျံနှင့် သူမ၏ ဆက်သွယ်ချက်က ပြတ်တောက်သွားလေသည်။

မဟန်တော့ဘူး..

သူမဘာသာသူမ တွေးလိုက်၏။ သူမသည် ကျောက်သားအခန်းထဲသို့ ပြန်ဝင်ဖို့ လှည့်လိုက်စဉ်မှာပင် အနက်ရောင်အရိပ်က သူမ၏ ရှေ့သို့ ရောက်ချလာလေသည်။

ရွှစ်..

ဆိုးယုတ်သော လေများက ပွတ်တိုက်လာပြီး သူမကို မွန်းကျပ်လာစေလေသည်။

သူမ၏ ရင်အုပ်က လေးလံ၍ သူမ၏ ဦးခေါင်းက ချာချာလည်လာသည်ကို ကျိယောင်ရွှယ် ခံစားလိုက်ရ၏။

ဖုတ်ကောင်က နဖူးမှ ခြေဖျားထိ အဆိပ်များနှင့် ပြည့်နေပြီး ပုပ်အက်အက်အနံ့ကို ထုတ်ပေးနေ၏။ ကြိုတင်သတိထားမိခြင်း မရှိဘဲနှင့် ထိုပုပ်အက်အက်အနံ့ကို ရှုရှိုက်မိသည့် မည်သူမဆို ၎င်း၏ အကျိုးသက်ရောက်ခြင်းကို ခံရပေမည်။

ဖုတ်ကောင်က သူ၏ ကြီးမားသည့် လက်ကြီးနှစ်ဖက်ကို ဆန့်၍ ကျိယောင်ရွှယ်၏ ပုခုံးကို အုပ်မိုးကာ အရှင်ဖမ်းဖို့ ကြိုးစားလိုက်၏။

ရုတ်တရက်..

သူမ ဝတ်ဆင်ထားသော အဝါဖျော့ဖျော့ ဝတ်စုံက ဝင်းလက်သော စိတ်ဝိညာဉ်အင်းကွက်လေးခုနှင့် တောက်ပလာလေသည်။

ရုန်းကန်ထွက်လာသောအားနှင့် ဖုတ်ကောင်သည် ကျိယောင်ရွှယ်ကို မဖမ်းဆုပ်နိုင်ဘဲ လွတ်ထွက်သွား၏။

သူမသည် ချက်ချင်း သတိဝင်သွားပြီး ကပျာကယာနောက်ဆုတ်၍ ကျောက်သားအခန်းထဲသို့ ဖျတ်ကနဲ ပြေးဝင်ကာ ကျောက်တံခါးကို ပိတ်ချလိုက်လေသည်။

“ဂါး”

ဖုတ်ကောင်က ဒေါသူပုန်ထ၍ ဟိန်းဟောက်ပြီး ကျောက်တံခါးကို ပြင်းထန်စွာ ထုရိုက်လိုက်၏။

ဘုန်း..

ကျောက်သားတံခါးက ပြင်းထန်စွာ တုန်ခါသွားသော်လည်း ပွင်တော့မသွားပေ။

ဇီ..

တစ်ချိန်တည်းမှာပင် တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား.. ကျောက်သားအခန်း၏ ဝင်ပေါက်ဝမြေပြင်ပေါ်မှာ ဝင်္ကပါအလင်းများက အတန်းလိုက် ပေါ်လာလေသည်။

ကျောက်သားအခန်း၏ ဝင်ပေါက်ဝ၌ နောက်ထပ်ဝင်္ကပါတစ်ခုက အသက်ဝင်လာပြီး ဖုတ်ကောင်ကို ပိတ်ညှပ်လိုက်လေသည်။

ဓါးချီများက မရပ်မနား တဝီဝီ မြည်လာ၏။

ဝင်္ကပါအတွင်းမှ ထက်ရှသော ဓါးချီများက ပစ်ထွက်လာပြီး အဘက်ဘက်ကနေ ပြိုးပြိုးပြက်ပြက်လင်း၍ ဖုတ်ကောင်ကို အဆက်မပြတ် ထိုးနှက်လိုက်လေသည်။

ဝင်္ကပါထဲမှာ ပိတ်မိသွားပြီး ဖုတ်ကောင်က သူ၏ လက်နှစ်ဖက်ကို လွှဲရမ်း၍ ပတ်ချာလည်မှ ဓါးချီများကို ဒေါသတကြီး အန်တုထုရိုက်နေ၏။

ဓါးချီများ၏ အညှာတာမဲ့ တိုက်ခိုက်မှုကြောင့် သိပ်မကြာမီ အနက်ရောင်ဖုတ်ကောင်၏ အရေပြားက စုတ်ပြဲလာပြီး ဒဏ်ရာများက ဖြစ်ပေါ်လာကာ အလွန်တရာညှီစို့သော စေးကပ်ကပ်သွေးများက ထွက်လာ၏။

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်းဝင်္ကပါလဲကွာ”

ထိုသည်ကို မြင်ပြီး ကျွင်းဟောက်သည် ကြောက်ရွံ့ထိတ်လန့်၍ ချွေးအေးများက ထွက်လာလေသည်။

အဲ့ဒါက ဆူဇီမို ချန်ထားရစ်ခဲ့သော ဝှက်ဖဲပင်..

ခုခံရေးဝင်္ကပါတစ်ခုအပြင် အဲ့ဒီမှာ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုလည်း ရှိသေးလေသည်။

“ဆူဇီမို.. မင်းတော်တော်ရက်စက်တဲ့ကောင်ပဲ”

ကျွင်းဟောက်သည် အံကိုကြိတ်လိုက်ပြီး သူ့မျက်လုံးများထဲမှ အမုန်းတရားက ကြီးထွားလာလေသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူသည် ဓါးချီကြောင့် ပျက်ဆီးသွားသော အလောင်းကောင်ပေါ်က ဒဏ်ရာများကို ကြည့်ပြီး အနည်းငယ် နာကျင်ပုံပေါက်သော်လည်း သူက သိပ်ပြီး စိုးရိမ်မနေပေ။

ထိုသတ်ဖြတ်ခြင်းဝင်္ကပါက ကြောက်စရာကောင်းပြီး မရီးဒါန်ရှစ်ခုအခြေတည်အဆင့်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ကောင်းလောက်၏။ သို့သော်လည်း အဲ့ဒါက အလောင်းကောင်၏ အခြေခံအုတ်မြစ်ကို မဖျက်ဆီးနိုင်ဘဲ အပေါ်ယံဒဏ်ရာများကိုသာ ဖြစ်ပေါ်စေနိုင်လေသည်။

အလောင်းကောင်ထံမှ မသတီစရာ သွေးများက မြေပြင်ပေါ်သို့ စီးကျသွားပြီးနောက် ဝင်္ကပါလမ်းကြောင်းများက တဖြည်းဖြည်း စွန်းထင်းသွားလေသည်။

သတ်ဖြတ်ခြင်းဝင်္ကပါ၏ စွမ်းအားကလည်း လျော့ကျလာ၏။

ဝင်္ကပါအလင်းကလည်း တဖြည်းဖြည်း မှိန်ကျလာလေသည်။

သိပ်မကြာမီ သတ်ဖြတ်ခြင်းဝင်္ကပါက လုံးဝပျက်ပြယ်သွားပြီး အလောင်းကောင်က လွတ်လပ်သွား၏။ ယခုအခါ သူသည် လုံးဝကို ရူးသွပ်နေပြီး ကျောက်သားအခန်ဆီသို့ ပြေးဝင်ချသွား၏။

ဘုန်း.. ဘုန်း.. ဘုန်း..

ခုခံရေးဝင်္ကပါ၏ အလင်းများက ထပ်တလဲလဲ တောက်ပ၍ အလောင်းကောင်၏ တိုက်ခိုက်မှုများကို ဆက်တိုက်ခုခံလိုက်လေသည်။

ကျောက်သားခန်းမအတွင်းမှာ နောက်ဆုတ်စရာ အခြားနေရာ မရှိသည့်နှင့် ကျိယောင်ရွှယ်သည် သူမကိုယ်သူက တည်ငြိမ်အောင် ထိန်းလိုက်၏။

ထိုဖုတ်ကောင်ထံမှ ထွက်ပေါ်လာသော စွမ်းအားက မရီးဒါန်ရှစ်ခုအခြေတည်အဆင့်တစ်ယောက်ထက် အောက်မကျကြောင်း သူမ သိထားလေသည်။ သူ၏ တိုက်စားဆွေးမြည့်အော်ရာ၊ အဆိပ်နှင့်သွေးတို့ ပေါင်းစပ်လိုက်ပါက ဝင်္ကပါက သိပ်ကြာကြာခံတော့မည် မဟုတ်ပေ။

ဝင်္ကပါက ပျက်ပြယ်သည်နှင့် သူမသည် ဒီနေရာမှာတင် မိမိကိုယ်မိမိ သတ်သေပေမည်။

မဟာကျိုးအင်ပါယာ၏ မင်းသမီးတစ်ယောက်အနေနှင့် သူမကို အခြားသူများက အရှက်ခွဲစော်ကားမှာကို ခွင့်မပြုနိုင်ပေ။

. . .

ပင်ပန်းနွမ်းလျမှု၏ အဓိပ္ပါယ်ကို မသိသည့်အလား အလောင်းကောင်က တစ်နေ့လုံး တစ်ညလုံး ရပ်နားခြင်းမရှိ တိုက်ခိုက်နေ၏။

ဝင်္ကပါအပေါ်ရှိ အလင်းကလည်း သိသိသာသာ မှိန်ဖျော့လာ၏။

ခုခံရေးဝင်္ကပါက အချိန်မရွေး ပြိုကွဲတော့မည်ကဲ့သို့ ဖြစ်လာ၏။

အခြေအနေက ဆုံးဖြတ်ပြီးသား ဖြစ်နေပြီး ကျိယောင်ရွှယ်မှာ ထွက်ပြေးစရာ လမ်းမရှိဘဲ မကြာမီ ကပ်ဘေးသင့်တော့ပေမည်။

စစ်ယုထန်က ကျွင်းဟောက်၏ ဘေးသို့ လျှောက်သွားပြီး ရယ်သွမ်းသွေးလိုက်၏။ သူ့အကြည့်က အဖြူရောင်ဝတ်လူဆီသို့ ရောက်သွားပြီး မေးလိုက်၏။

“စီနီယာအစ်ကိုကျွင်း.. ဒီက တာအိုရောင်းရင်းရဲ့နာမည်က ဘယ်သူတဲ့လဲဗျ”

“မင်းသိဖို့ အဆင့်မမီသေးဘူး”

ကျွင်းဟောက်က ပြန်ဖြေလိုက်၏။

“မင်းသိထားဖို့က သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ထိပ်သီးဂိုဏ်းကြီးတွေထဲက တစ်ဂိုဏ်းကပဲ.. သူက အခြေတည်အဆင့်တွေထဲမှာ အသန်မာဆုံး ပြိုင်စံရှားတစ်ယောက်ပဲ”

“ဟုတ် ဟုတ်ကဲ့”

စစ်ယုထန်က ထိတ်လန့်သွားသော အမူအယာနှင့် ခေါင်းအထပ်ထပ် ညိတ်လိုက်၏။

“စီနီယာအစ်ကိုလီရဲ့ တိုက်ခိုက်ရည်က အံ့မခန်းပဲ.. တစ်ကယ်ဆို သူက အခြေတည်အဆင့်ကျင့်ကြံသူတွေကြားထဲမှာ ပြိုင်ဘက်ကင်းနေပြီ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်လိုရန်သူကိုဖြစ်ဖြစ် သူက ဖိနှိမ်နိုင်တယ်.. ရှင်းရှင်းပြောရရင်ကွာ ရှေးခေတ်က ဧကရာဇ်တွေတောင် အခြေတည်အဆင့်မှာ ရှိတုန်းကဆို စီနီယာအစ်ကိုလီရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး”

ကျွင်းဟောက်သည် အရှက်မရှိ မျက်နှာပြောင်တိုက်၍ မြှောက်ပင့်ပြောဆိုလိုက်၏။

ကျွင်းဟောက်က သူ့ကို ဖား၍ ပြောဆိုနေသည်ကို သိသော်လည်း အဖြူရောင်ဝတ်လူက ကျေနပ်နေမိ၏။

ခဏမျှ ရပ်တန့်ပြီးနောက် အဖြူရောင်ဝတ်ကျင့်ကြံသူက ပြောလိုက်၏။

“အဲ့လိုတော့ သေချာပေါက် ပြောလို့မရဘူးပေါ့.. ပြီးခဲ့တဲ့ လအနည်းငယ်က လူသားဧကရာဇ်နန်းတော်မှာ နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားတစ်ယောက် ပေါ်လာသေးတယ်.. အဲ့လူကတော့ သွားနောက်လို့ မရဘူး”

ကျွင်းဟောက်က ကပျာကယာ ဝင်ပြောလိုက်၏။

“ဘာမှ နှိမ်ချနေစရာ မလိုပါဘူး အစ်ကိုလီရယ်.. တစ်ယောက်တစ်ယောက်ချင်း တိုက်ကြမယ်ဆို ဘယ်အခြေတည်အဆင့်မှ အစ်ကိုလီရဲ့ ပြိုင်ဘက်မဖြစ်နိုင်တာ ကျုပ်ယုံပြီးသားပါ"

“ဒါပေါ့”

အဖြူရောင်ဝတ်လူက ခေါင်းညိတ်ပြီး ဂုဏ်ယူစွာ ကြေညာလိုက်၏။

“တစ်ယောက်တစ်ယောက်ချင်း တိုက်ကြကြေးဆို ငါကိုယ်တိုင်တောင် ဘာမှ လုပ်စရာ မလိုဘူး.. ငါကျင့်ကြံထားတဲ့ ဒီသံမဏိအလောင်းကောင်က အဲ့ဒီနတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားကိုတောင် အသာလေး သတ်ပစ်လို့ရတယ်”

“ဝိုး.. မိုက်လှချေလားဟ”

ရုတ်တရက် ထေ့ငေါ့သလို လှောင်ပြောင်သလို အသံတစ်သံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာလေသည်။

All Chapters