မင်းအသက်နဲ့ စမ်းကြည့်လိုက်
Vol. 32 Ch. 469
“ဟမ့်”
ကျွင်းဟောက်နှင့် စစ်ယုထန်တို့ နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးစွာနှင့် မျက်မှောင်ကြုတ်လိုက်ကြ၏။
ထိုအသံက အတော်လေး ရင်းနှီးနေပုံရသော်လည်း သူတို့နှစ်ယောက်သည် သိပ်မသေချာပေ။
ပြောရမည်ဆိုလျှင် ထိုလူက သေနှင့်နေလောက်လေပြီ။
သူက ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲကို စွန့်စားသွားလာပြီး အသက်ရှင်လျက် ပြန်လာနိုင်မှာတဲ့လား။
“အဲ့ဒါ ဘယ်သူလဲဟေ့”
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးက အနည်းငယ် ရွေ့သွားပြီး သတ်ဖြတ်လိုစိတ်နှင့်အတူ သူ့အမူအယာက ခက်ထန်ထာ၏။
ထို့နောက် သူ့မျက်လုံးများက ဇဝေဇဝါ ဖြစ်လာ၏။
ထိုအသံက လိုဏ်ဂူခန်းဝါထဲကနေ ထွက်ပေါ်လာခြင်းမဟုတ်။ အသံနေအသံထားအရ အဲ့ဒါသည် ငါးကီလိုမီတာ အဝေးလောက်ကနေ ထွက်ပေါ်လာခြင်း ဖြစ်ပုံရလေသည်။
အဲ့ဒါက သူ့အတွက် စဉ်းစားရကျပ်စေသောအပိုင်း ဖြစ်လေသည်။
ထိုသူက ငါးကီလိုမီတာ အဝေးကဆိုလျှင် လိုဏ်ဂူခန်းဝါထဲမှာ သူတို့ပြောနေကြသည့် စကားသံကို ဘယ်လိုလုပ်ပြီး ကြားနိုင်တာလဲ။
သူ့အကြားအာရုံက အဲ့လောက်တောင် အားကောင်းတာလား။
ကမ္ဘာပေါ်မှာ အကြားအမြင်ရခြင်းဆိုတာ တစ်ကယ်ပဲ ရှိတာလား။
ရုတ်တရက်..
အဝတ်စလေတိုးသံများက တဖျပ်ဖျပ် မြည်လာပြီး ပုံရိပ်တစ်ခုက အဝေးကနေ အလွန်တရာ လျှင်မြန်စွာနှင့် ချဉ်းကပ်လာနေ၏။ အဲ့ဒါက လိုဏ်ဂူခန်းဝါ၏ ဝင်ပေါက်ဝသို့ နောက်ခဏ၌ ရောက်ရှိလာတော့မည်ကဲ့သို့ပင်။
“ဘယ်လောက်တောင် မြန်လိုက်တဲ့ လှုပ်ရှားမှု နည်းစနစ်လဲကွာ”
အဖြူရောင်ဝတ် ကျင့်ကြံသူ၏ နှလုံးက ဒုတ်ကနဲ တစ်ချက်ခုန်သွားပြီး ဥမင်လမ်းကြောင်းဆီသို့ လှည့်ကြည့်လိုက်၏။
ကျွင်းဟောက်နှင့် စစ်ယုထန်တိုသည့်လည်း ထို့နည်းတူစွာ ပြုမူလိုက်ကြ၏။ ရောက်ရှိလာသူက ဘယ်သူဆိုတာကို သူတို့နှစ်ယောက်စလုံး သိချင်ကြလေသည်။
သိပ်မကြာမီ ဥမင်ထဲတွင် အစိမ်းရောင်ပုံရိပ်တစ်ခုက ပေါ်လာပြီး တည်ငြိမ်သောခြေလှမ်းများဖြင့် လျှောက်လှမ်းလာနေ၏။ သူ့ပုံစံက တည်ကြည်နေသော်လည်း သူ့ပတ်လည်မှာ ဖော်မပြတတ်သော အော်ရာတစ်မျိုးက ရှိနေလေသည်။
ကျူးကျော်ဝင်ရောက်လာသူက ကြော့ရှင်းရည်မွန်သောသွင်ပြင်နှင့် စာပေသမားတစ်ယောက်ပုံစံမျိုးဖြစ်၏။ သူက ရွှမ်ထျန်းမြို့ကနေ အပြင်းနှင်ချလာသော ဆူဇီမိုပင် ဖြစ်လေသည်။
ကျွင်းဟောက်၏ မျက်လုံးက အေးစက်စက် သတ်ဖြတ်လိုစိတ်နှင့် ကျဉ်းမြောင်းသွားပြီး မုန်းတီးစွာ ပြောလိုက်၏။
“တစ်ကယ်ပဲ မင်းကိုး”
“မင်းက မသေသေးဘူးလား”
စစ်ယုထန်၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး သူတို့နှစ်ယောက်ကို မရပ်နားဘဲ ဖြတ်ကြည့်သွား၏။
ထို့နောက် သူသည် ကျောက်သားအခန်းကို တဝုန်းဝုန်း ထုရိုက်နေသော အလောင်းကောင်ကိုကြည့်ပြီး သူ့မျက်လုံးက ဖျတ်ကနဲလက်သွား၏။ သူသည် မျက်ခုံးပင့်တင်၍ တစ်ခုခုကို အမှတ်ရသွားပုံ ရလေသည်။
သူသည် ခဏမျှ ရပ်တန့်ပြီးနောက် သူ့အကြည့်က အဖြူရောင်ဝတ်ကျင့်ကြံသူအပေါ်သို့ ကျရောက်သွားလေသည်။
လိုဏ်ဂူခန်းဝါထဲသို့ ဝင်လာပြီးနောက် ဆူဇီမိုသည် မည်သည့်စကားမှ မပြောဘဲ သူ၏ ဘေးပတ်လည်ကိုသာ လှည့်ပတ်ကြည့်ရှုစစ်ဆေးနေ၏။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. ထိုရိုးရှင်းသော အပြုအမူကပင် အဖြူရောင်ဝတ်ကျင့်ကြံသူအား မကြုံစဖူး ဖိအားကို ပေးစွမ်းနေလေသည်။
ဆူဇီမို၏ မျက်လုံးနှစ်ဖက်က တောက်ပပြီး နက်ရှိုင်းနေ၏။ သူ့အကြည့်က မထီတရီနှင့် အကြည့်တစ်ချက်နဲ့တင် အရာအားလုံးကို ထိန်းချုပ်နိုင်သည့်အလားပင်။
ဘာစကားမှ မပြောဘဲနှင့်တောင် သူထံမှ အရာအားလုံးကို ဖိနှိမ်နိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းက ထွက်ပေါ်နေလေသည်။
အဲ့ဒါက ဟန်ဆောင်နေခြင်း မဟုတ်သော အော်ရာတစ်ခုပင်။
အဲ့ဒါက များစွာသော ပြိုင်စံရှားများ၏ အလောင်းများနှင့် သွေးများကို ဖြတ်ကျော်ပြီးမှ ဖြစ်ပေါ်လာသော အရာဖြစ်လေသည်။
အဖြူရောင်ဝတ်ကျင့်ကြံသူက မှင်သေသေရှိနေသော်လည်း သူသည် မသက်မသာ ခံစားနေရ၏။ ရုတ်တရက် သူက ခြေတစ်လှမ်းနှစ်လှမ်း နောက်ဆုတ်၍ ခပ်အုပ်အုပ် အော်လိုက်၏။
“ပြန်လာခဲ့”
အလောင်းကောင်က ရုတ်တရက် လုပ်လက်စကို ရပ်တန့်၍ ခဏနေပြီးနောက် အဖြူရောင်ဝတ်ကျင့်ကြံသူဆီသို့ လျှောက်လှမ်းသွားလေသည်။ သူက အဖြူရောင်ဝတ်လူ၏ ဘေးမှာ ရပ်လိုက်ပြီး ဆူဇီမိုကို ရန်လိုစိတ်ဖြင့် စိုက်ကြည့်နေ၏။
ယခုအခါ သတ်ဖြတ်ခြင်းဝင်္ကပါကြောင့် ဖြစ်ပေါ်လာသော သူ၏ ဒဏ်ရာများက အနာကျက်သွားပြီဖြစ်ပြီး သွေးထွက်ခြင်း မရှိတော့ပေ။
“စီနီယာအစ်ကိုလီ.. အဲ့ဒါ ဆူဇီမိုပဲ”
ကျွင်းဟောက်က အလောတကြီး ဝင်ပြောလိုက်၏။
“အစ်ကိုရဲ့ တိုက်ပွဲဝင်အလောင်းကောင်ကို ဒဏ်ရာရအောင်လုပ်တာ သူပေါ့.. ကျောက်သားအခန်းရဲ့ အပြင်ဘက်က သတ်ဖြတ်ခြင်းဝင်္ကပါက သူကိုယ်တိုင် ခင်းကျင်းထားတာပဲ”
အဖြူရောင်ဝတ်ကျင့်ကြံသူက ဘာမှ ပြန်မပြောဘဲ တင်းမာခက်ထန်သော အမူအယာနှင့်သာ ဆူဇီမိုကို စိုက်ကြည့်နေ၏။
ဆူဇီမိုက မထီတရီပုံစံနှင့် ပြောလိုက်၏။
“မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲကတစ်ခု.. အလောင်းသန့်စင်ဂိုဏ်း”
ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ထန်ယုနှင့် အခြားသူများ၏ ကျေးဇူးဖြင့် ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ အမျိုးမျိုးသော အဖွဲ့အစည်းများအကြောင်းကို သိရှိလာခဲ့လေသည်။ ထိုသို့ဖြင့် သူသည် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ နောက်ခံကို ချက်ချင်းမှတ်မိလိုက်၏။
အလောင်းသန့်စင်ဂိုဏ်းမှ ကျင့်ကြံသူများကို အလွယ်တကူ မှတ်မိခွဲခြားနိုင်၏။ သူတို့နှင့်အတူ တိုက်ပွဲဝင်အလောင်းကောင်က အမြဲတမ်းပါလာတတ်ပြီး သူတို့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကိုသုံး၍ သူတို့ကိုယ်စား တိုက်ခိုက်ခိုင်းပေလိမ့်မည်။
အဖြူရောင်ဝတ်ကျင့်ကြံသူကိုကြည့်ပြီး ဆူဇီမိုက ပြုံးစစနှင့် မေးလိုက်၏။
“စောစောက မင်းဘယ်လောက်သန်မာကြောင်း ဟောင်ဖွာဟောင်ဖွာနဲ့ ပြောနေတာ ငါကြားလိုက်ပါတယ်.. အဲ့လောက် တော်နေရင်လဲ လူသားဧကရာဇ်နန်းတော်အောက်မှာ နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားနဲ့ ဘာလို့သွားပြီး မတိုက်ရတာလဲ”
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ပျက်စီးသွားလေသည်။
တစ်ကယ်ဆို လူသားဧကရာဇ်နန်းတော် ပေါ်လာချိန်တွင် လူသားဧကရာဇ်၏ အမွေအနှစ်အတွက် သူလည်း ဝင်ရောက်တိုက်ခိုက်ချင်ခဲ့လေသည်။
သူ၏ တိုက်ပွဲဝင်အလောင်းကောင်က လက်နက်များပီးပြီး ရေမီးများကိုလည်း မမှုပေ။ ခွန်အားအရာမှာဆို သူက မရီးဒါန်ရှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူများအောက် အားမနည်းပေ။
သို့သော်လည်း အလောင်းသန့်စင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ ကြီးမားသည့် အားနည်းချက်တစ်ရပ် ရှိ၏။
သူတို့၏ စွမ်းအားကြီးသော တိုက်ပွဲဝင်အလောင်းကောင်များနှင့် နှိုင်းယှဉ်လျှင် သူတို့က အားနည်းလေသည်။ သူတို့၏ တိုက်ပွဲဝင်အလောင်းကောင်၏ ကာကွယ်မှုမှ လွတ်ထွက်သွားမည်ဆိုလျှင် မရီးဒါန်ရှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ သူက သေရဖို့ များလေသည်။
လူသားဧကရာဇ်နန်းတော်၏ အောက်ခြေတွင် နေရာပေါင်းစုံမှ ပြိုင်စံများက စုဝေးနေကြ၏။
အဲ့ဒီမှာ အံ့မခန်း အဆင့်မြင့်မားပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင်။
ထိုကဲ့သို့ ပြင်းထန်အားကောင်း၍ ရောထွေးရှုပ်ယှက်ခတ်နေသည့် တိုက်ပွဲထဲတွင် သူ၏ တိုက်ပွဲဝင်အလောင်းကောင်က သူ့အပေါ် ကျရောက်လာမည့် တိုက်ခိုက်မှုမှန်သမျှကို ကာကွယ်ပေးဖို့ရာ ခက်ခဲပေလိမ့်မည်။
အတန်ကြာစဉ်းစားချင့်ချိန်ပြီးနောက် အဖြူရောင်ဝတ်ကျင့်ကြံသူသည် လူသားဧကရာဇ်နန်းတော်ကို လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့လေသည်။
နောက်ပိုင်းမှာ သူ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ကြောင်း အချက်အလက်အချို့ ထွက်ရှိလာခဲ့၏။
ပြောကြသည်မှာ လူသားဧကရာဇ်နန်းတော်အောက်တွင် သွေးသံရဲရဲ တိုက်ပွဲဆင်နွှဲခဲ့ကြသော ပြိုင်စံရှားတစ်ဝက်နီးပါးသည် သေဆုံးခဲ့ကြရပြီး ကျန်သူအများစုမှာလည်း ဒုက္ခိတများ ဖြစ်ကုန်ကြ၏။ အဲ့ဒါက အရမ်းကို ကြောက်စရာ ဝမ်းနည်းစရာ ကောင်းလေသည်။
အဖြူရောင်ဝတ်ကျင့်ကြံသူက အေးစက်စက် နှာမှုတ်လိုက်၏။
“အဲ့ဒါက လူသားဧကရာဇ်နန်းတော်အောက်က တစ်ကယ့်ကို ရှုပ်ထွေးပွေလီနေတဲ့ အဆင့်မြင့်တိုက်ပွဲကွ.. တစ်ယောက်တစ်ယောက်ချင်းသာ တိုက်ကြကြေးဆို အဲ့ဒီနတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားတောင် ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”
“အို့ အဲ့လိုလား”
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
“မင်းဘယ်သူလဲ.. ဘယ်ဂိုဏ်းကလဲ”
အဖြူရောင်ဝတ်ကျင့်ကြံသူက ပြန်လှန်မေးလိုက်၏။
ကျွင်းဟောက်က ကပျာကယာ ဝင်ရှင်းပြလိုက်၏။
“ဘာမှ မပူပါနဲ့ စီနီယာအစ်ကိုလီ.. သူက မဟာကျိုးအင်ပါယာရဲ့ ဂိုဏ်းငယ်လေးက တပည့်တစ်ယောက်ပါပဲ.. သူ့မှာ ဘာနောက်ခံမှ မရှိသလို လွန်ခဲ့တဲ့ နှစ်ဝက်လောက်က မရီးဒါန်လေးခု အခြေတည်အဆင့်ပဲ ရှိပါသေးတယ်”
မိစ္ဆာဒိဋ္ဌိငါးဝါဒီလို ထိပ်သီးဂိုဏ်းကြီးများနှင့် နှိုင်းယှဉ်လျှင် ဆန်းကြယ်တောင်ထွတ်က တစ်ကယ်ကို ဂိုဏ်းငယ်လေးတစ်ဂိုဏ်းအဖြစ် သတ်မှတ်ရပေမည်။
ကျွင်းဟောက်၏ စကားကို ကြားသောအခါ အဖြူရောင်ဝတ်ကျင့်ကြံသူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ဒီငနဲက ပြီးခဲ့တဲ့နှစ်ဝက်လောက်က မရီးဒါန်လေးခုအခြေတည်အဆင့်ဆို သူ့မှာ ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့ ကျင့်ကြံမှုအမြန်နှုန်းရှိပြီး မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးထားမယ်ဆိုရင်တောင် သူက အခုနေ အလွန်ဆုံးရောက်လှ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ပေါ့။
အဲ့ထက် လွန်လှ ကျွံလှဖြစ်လို့.. သူက မရီးဒါန်ရှစ်ခုအခြေတည်အဆင့်ဆိုရင်ရော ဘာဖြစ်လဲ။
အဲ့ဒါက ဘာနောက်ခံမှ မရှိသော ဂိုဏ်းငယ်လေးက တစ်စုံတစ်ယောက်သာ ဖြစ်လေသည်။
ဂိုဏ်းငယ်လေးများ၏ အခြေခံအုတ်မြစ်က သိပ်ပြီးတောင့်တင်းလှသည် မဟုတ်ဘဲ သူတို့မှာရှိသော လျှို့ဝှက်ပညာရပ်များကလည်း အကန့်အသတ် ရှိလေသည်။ ဒီငနဲက ဘယ်လောက်ထိ သန်မာနိုင်မှာမလို့လဲ။
စောစောက သူ့ရဲ့ အကဲဖြတ်မှုက မှားသွားတာများလား။
တဖြည်းဖြည်းနှင့် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက အေးစက်လာပြီး လက်ထောင်ပြလိုက်၏။
“သွား.. ဒီက တာအိုရောင်းရင်းက ဘယ်လောက်ထိ စွမ်းလဲ သွားစမ်းကြည့်စမ်း”
အလောင်းကောင်က အသိအမှတ်ပြုသလို ဟိန်းဟောက်ပြ၍ မြောက်များလှစွာသော အော်ရာနှင့်အတူ ခြေလှမ်းကျဲကြီးဖြင့် ပြေးဝင်ချသွားလေသည်။
ငွားငွားစွင့်စွင့်နှင့် စွမ်းအားကြီးမားသော အလောင်းကောင်ကြီးနှင့် နှိုုင်းစာလျှင် ဆူဇီမိုက ပျော့တိပျော့ဖတ်လေးလို့ သတ်မှတ်လို့ ရလေသည်။ သူက အလောင်းကောင်၏ လက်ညိုးတစ်ချောင်းနှင့် ထိုးတာကိုပင် ခံနိုင်ရည်မရှိမည့်ပုံပင်။
သို့သော်လည်း ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားခြင်း မရှိဘဲ ဝင်ရောက်လာသော အလောင်းကောင်ကိုကြည့်ပြီး ပြုံးရုံသာပြုံးနေ၏။
ချွမ်း..
သွေးနီရောင်ဆေဘာတစ်လက်က သူ့လက်ထဲကို ရောက်လာ၏။
ဆေဘာက ကြွယ်ဝသော သွေးချီနှင့်အတူ တုန်ခါနေ၏။
“ငါ့အစွမ်းကို စမ်းကြည့်ချင်တာ ဟုတ်စ”
ဓါးသွားလို ထက်ရှသောအကြည့်နှင့် ဆူဇီမိုက အေးစက်စွာ ပြောလိုက်၏။
“မင်းအသက်နဲ့ရင်းပြီး စမ်းကြည့်လိုက်လေ”
ဝုန်း..
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက ခြေလှမ်းကျဲကြီးကို လှမ်းလိုက်ပြီဖြစ်၏။
သူ့ခြေလှမ်းက ဆင်းသက်လာသောအခါ သူ့ခြေထောက်အောက် မြေပြင်တွင် နက်ရှိုင်းသည့် အက်ကွဲကြောင်းများက ပေါ်လာလေသည်။
ခဏလေးအတွင်း လိုဏ်ဂူခန်းဝါတစ်ခုလုံးက လှုပ်ခါလာလေသည်။ ဖုန်မှုန့်များက အဆက်မပြတ် ကျဆင်းလာပြီး လိုဏ်ဂူက အချိန်မရွေး ပြိုုကျတော့မည်ကဲ့သို့ပင်။
လက်ရှိလူတိုင်း ရင်ထိတ်သွားကြ၏။
ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သောအခါ သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်ပင်လယ်က တဝုန်းဝုန်း ထကြွလာပြီး ကြောက်စရာကောင်းသည့် လှိုင်းများကို ဖြစ်ပေါ်လာစေလေသည်။
သူ၏ အစိမ်းရောင်ဝတ်ရုံအောက်တွင် စိတ်ဝိညာဉ်မရီးဒါန်များက တစ်ခုပြီးတစ်ခု တောက်ပလာပြီး စိတ်ဝိညာဉ်စွမ်းအင်များက ထကြွသောင်းကျန်းလာလေသည်။
“မရီးဒါန်ရှစ်ခု အခြေတည်အဆင့်!”
ကျွင်းဟောက်နှင့် စစ်ယုထန်တို့သည် အလွန်အမင်း တုန်လှုပ်ကာ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ရွှစ်..
ဆူဇီမိုက ခုတ်ချက်ကို ထုတ်ဖော်လိုက်၍ သွေးရောင်အလင်းက ပြန့်ကားထွက်လာပြီး အလောင်းကောင်၏ ဦးခေါင်းပေါ်သို့ ခြစ်ခြစ်တောက်ပူနေသော နေတစ်စင်းလို ကျဆင်းလာလေသည်။
အလောင်းကောင်က အချိန်မီ မရှောင်နိုင်တော့ဘဲ သူ့ဦးခေါင်းကိုသာ ဘေးဘက်သို့ စောင်းငဲ့လိုက်နိုင်၏။
“ဗြိ..”
သွေးသောက်သူက အလောင်းကောင်၏ ပုခုံးပေါ် ကျဆင်းသွားပြီး အောက်သို့ ပြင်းထန်စွာ ဆက်လက်ထိုးခွဲသွား၏။
သတ္တုဆန်သော အရာတစ်ခုကို လှီးဖြတ်နေရသလို ဓါးသွားက ကြွက်သားနှင့် အရိုးများကို ပိုင်းဖြတ်သွားပြီး တဂျစ်ဂျစ် အသံများက ထွက်လာနေလေသည်။
ပုပ်အက်အက် စေးကပ်ကပ် သွေးများက ပန်းထွက်လာလေသည်။
သွေးသောက်သူက အလောင်းကောင်၏ ကိုယ်ထဲသို့ နစ်ဝင်သွားပြီး ရင်အုပ်ထဲသို့ ရောက်ရှိသွားပြီးမှသာ အရှိန်လျော့ကျသွား၏။
သွေးသောက်သူက သူ့ခန္ဓာကိုယ်ထဲမှာ ညှပ်နေပြီးနောက် အလောင်းကောင်က လှုပ်လီလှုပ်လဲ့နှင့် ရှေ့တိုးလာလေသည်။
ဆူဇီမိုက ပိန်ပိန်ပါးပါးနှင့် ပျော့တိပျော့ဖတ်ဟု ထင်ရသော်လည်း သူလှုပ်ရှားလိုက်သော သာမန်ခုတ်ချက်တစ်ချက်ကတောင် ကြောက်မက်ဖွယ်ရာစွမ်းအားကို ထွက်ပေါ်လာစေပြီး လက်နက်များကိုပီး၍ ရေမီးဒဏ်ကို မမှုပါဆိုသော အလောင်းကောင်တောင် ခံနိုင်ရည်မရှိတော့ပေ။
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်က ခဏမျှ ယိမ်းထိုးသွားလေသည်။