အသားပျော့ဖတ်
Vol. 32 Ch. 470
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ခွန်အားလဲကွာ..
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုက ပေါ်လာ၏။
ချက်ချင်းပင် သူသည် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချပြီး လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်ကာ သူ့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်လိုက်၏။ သူ့လျှာကို အသာကိုက်၍ သွေးအဆီအနှစ်ကို ထုတ်ဖော်ကာ အလောင်းကောင်၏ ဒဏ်ရာပေါ်သို့ ထွေးထုတ်လိုက်၏။
“ပြန်ကုစားစမ်း”
အဖြူရောင်ဝတ်ကျင့်ကြံသူက ခပ်အုပ်အုပ် အော်လိုက်၏။
ချက်ချင်းပင် တိုက်ပွဲဝင်အလောင်းကောင်ပေါ်ရှိ ကြောက်စရာကောင်းသည့် ဒဏ်ရာကြီးက မြင်နိုင်သောနှုန်းဖြင့် သက်သာပျောက်ကင်းလာနေ၏။ စိမ်းဖန့်ဖန့် အနက်ရောင်အသားများက ကြီးထွားလာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားလေသည်။
တိုက်ပွဲဝင်အလောင်းကောင်က ဒေါသတကြီး မာန်ဖီဟိန်းဟောက်လိုက်၏။
တစ်ချိန်တည်းမှာပင် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ အော်ရာက အလွန်တရာ အားနည်းသွားပြီး သူ့အကြည့်က မှိန်ကျသွားလေသည်။ သူသည် ဘေးဘက်သို့ ယိမ်းထိုးသွားပြီး ပစ်လဲကျတော့လုမတတ် ဖြစ်သွား၏။
သူသည် သိုလှောင်အိတ်ထဲကနေ ဆေးတစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်၏။ ထိုအခါမှသာ အသက်ဓါတ်တချို့က ပြန်ရလာလေသည်။
အဲ့ဒါက သွေးစတေးထွက်ပြေးခြင်းလိုမျိုး လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်မှာ သိသာလေသည်။
သူ့ခန္ဓာကိုယ်မှ အသက်ဓါတ်ကို စွန့်လွှတ်ပြီး အလောင်းကောင်၏ ဒဏ်ရာကို ပြုပြင်ကာ ၎င်း၏ တိုက်ခိုက်ရည်ကို ပိုမိုကြီးထွားလာအောင် အဆင့်မြှင့်တင်ပေးလိုက်ခြင်း ဖြစ်၏။
တိုက်ပွဲဝင်အလောင်းက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ သွေးသောက်သူ၏ ဓါးသွားကို ဖမ်းဆွဲလုလိုက်၏။
သွေးသောက်သူသည် အလောင်းကောင်မှ ညှီစို့စို့သွေးများဖြင့် စွန်းထင်းသွားပြီး ဓါးသွားပေါ်ရှိ အလင်းက တဖြည်းဖြည်းမှိန်ကျလာလေသည်။
ဆူဇီမိုက အေးစက်စွာ နှာတစ်ချက်မှုတ်၍ ခွန်အားကိုထုတ်ကာ သူ့ဆေဘာကို ဆွဲနုတ်၏။
အလောင်းကောင်က ဖမ်းဆုပ်ထားတာကို လွှတ်မပေးဘဲ သူ့လက်ဖဝါးကိုသာ ဓါးအရှခံလေသည်။ ထို့အပြင် သူက ရှေ့သို့ အဟုန်ဖြင့် ခုန်တက်ပြီး အလွန်တရာ ပုပ်အက်ညှီတီသော ခပ်စေးစေး အစိမ်းရောင်မီးခိုးများကို ထွေးထုတ်လိုက်၏။
“သတိထား”
ကျိယောင်ရွှယ်သည် ကျောက်သားအခန်းထဲကနေ လှမ်းသတိပေးလိုက်၏။
စောစောကတင် အလောင်းကောင်၏ မီးခိုးများကြောင့် သူမ၏ ထိပ်တန်းအဆင့်ဓါးပျံက ပျက်စီးခဲ့ရလေသည်။
ထိုမျှနှင့် ရပ်မသွားဘဲ အလောင်းကောင်က သူ့ပါးစပ်ကို ဖြဲ၍ သူ၏ သွေးသံရဲရဲ အစွယ်များကို ထုတ်ကာ တောရိုင်းကောင်တစ်ကောင်ကဲ့သို့ ဆူဇီမို၏ လည်ပင်းကို လှမ်းကိုက်လိုက်၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ သွေးသောက်သူကို လက်လွှတ်ကာ နောက်ဆုတ်လိုက်၏။
သူသည် ထိုမီးခိုးများနှင့် အစွယ်များကို ကြောက်ရွံ့သောကြောင့်တော့ မဟုတ်ပေ။ အလောင်းကောင်က အလွန်ကို မသတီစရာကောင်းနေ၍ ဆူဇီမိုက သူ့လက်များနှင့် မထိချင်သောကြောင့်သာ ဖြစ်လေသည်။
ဆူဇီမိုက နောက်ဆုတ်လိုက်ချိန်တွင် ဥမင်ထဲမှာ လမ်းကြောင်းတစ်ခုက ဟသွားလေသည်။
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများက ဝင်းလဲ့သွား၏။
တစ်ကယ်တော့ စောစောက ခုတ်ချက်နှင့်အတူ ဆူဇီမို တိုက်ခိုက်လိုက်ကတည်းက သူက နောက်ဆုတ်ထွက်ပြေးဖို့ စဉ်းစားနေပြီးဖြစ်၏။
ထိုတိုက်ခိုက်မှုက အလောင်းကောင်ပေါ်သို့ မဟုတ်ဘဲ သူ့အပေါ် ကျရောက်လာလျှင် သူ့မှာ အသက်ဆယ်ချောင်းရှိလျှင်တောင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
သူထွက်မပြေးရသေးသည့် အကြောင်းမှာ သူထွက်ရမည့်လမ်းကြောင်းမှာ ဆူဇီမိုက ပိတ်ရပ်နေသောကြောင့် ဖြစ်လေသည်။
အခု ဆူဇီမိုက ဘေးဘက်သို့ ဆုတ်၍ ရှောင်လိုက်သည်ကို တွေ့သောအခါ အဖြူရောင်ဝတ်ကျင့်ကြံသူက ဆက်လက်တိုက်ခိုက်လိုခြင်း မရှိတော့ဘဲ ဥမင်ဆီသို့ လှစ်ကနဲ ပြေးထွက်လိုက်၏။
ထိုသည်ကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။
သူသည် သိုလှောင်အိတ်ထဲကနေ လေးထောင့်စပ်စပ်ကုဗတုံးပုံစံ ဧရာမ ချိတ်စည်းကြီးကို ဆွဲလိုက်၏။
မူလစိတ်ဝိညာဉ်လက်နက်.. ရစ်ခွေနဂါးချိတ်စည်း!
“သွား”
ရစ်ခွေနဂါးချိတ်စည်းကို အပေါ်သို့ မြှောက်၍ သူသည် လက်ညိုးထိုးလိုက်သောအခါ စိတ်ဝိညာဉ်စီးကြောင်းတစ်ခုက သူ့လက်ညိုးမှတစ်ဆင့် အဆိုပါချိတ်စည်းထဲသို့ ဝင်ရောက်သွား၏။
ရစ်ခွေနဂါးချိတ်စည်းက လျှင်မြန်စွာ ပြန့်ကားသွားပြီး ရွှေရောင်ခြည်များနှင့် တောက်ပလာ၏။ လေထဲတွင် ရစ်ခိုနေပြီး ခြစ်ခြစ်တောက် ပူနေသော နေတစ်စင်းလို တဖျတ်ဖျတ်တလက်လက် တောက်ပ၍ အဆုံးမဲ့စွမ်းအားနှင့် ကြောက်မက်ဖွယ်ရာအော်ရာကို ထုတ်ပေးလာလေသည်။
ရစ်ခွေနဂါးချိတ်စည်းနှင့် ရင်ဆိုင်အတွေ့တွင် ဒေါသူပုန်ထနေသော တိုက်ပွဲဝင်အလောင်းကောင်က ရုတ်တရက် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သနားစဖွယ် ဖြစ်သွားလေသည်။
ရစ်ခွေနဂါးချိတ်စည်းက လျှင်မြန်စွာ ကျဆင်းလာ၏။
ဘုန်း..
အဲ့ဒါက အလောင်းကောင်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။
ဂျွတ်.. ဂျွတ်.. ဂျွတ်..
ထို့နောက် အရိုးကျိုးပဲ့သံများကို ဆက်တိုက်ကြားလိုက်ရလေသည်။
ရစ်ခွေနဂါးချိတ်စည်းက ခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်လက်ကျဆင်းသွား၏။
ဝုန်းကနဲ မြည်သံနှင့်အတူ ဆယ်ပေအပြည့်မြင့်သော အလောင်းကောင်ကြီးက စိစိညက်ညက် ကျိုးကြေသွားပြီး ပုပ်အက်အက် အသားပျော့ဖတ်ကြီးအဖြစ် ပြောင်းလဲသွားကာ ရစ်ခွေနဂါးချိတ်စည်းကြီး၏ ဘေးအဘက်ဘက်သို့ ထိုအသားပျော့ဖတ်စများက ပြန့်ကျဲလွင့်စင်ထွက်သွားကာ အလောင်းတောင် မကျန်ခဲ့တော့ပေ။
အဖြူရောင်ဝတ်ကျင့်ကြံသူက ဥမင်ထဲသို့ ပြေးထွက်တော့မည့်ဆဲဆဲမှာပင် မျက်စိကျိန်းလောက်အောင် တောက်ပလင်းလက်နေသော ချိတ်စည်းကြီးက ပြုတ်ကျလာပြီး ထွက်ပေါက်ကို ပိတ်ဆို့သွားလေသည်။
ကပျာကယာ သူလှည့်ကြည့်လိုက်သောအခါ အသားပျော့ဖတ်စတစ်စက သူ့မျက်နှာကို လာစင်လေသည်။
အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးများက ပြူးကျယ်သွားကာ စိတ်စိတ်က ဗလာကျင်းသွားပြီး သွေးပျက်ကာ ရူးသွပ်လုနီးပါး ဖြစ်သွားလေသည်။
အဖြူရောင်ဝတ်ကျင့်ကြံသူသည် ဆယ်စုနှစ်အချို့ကြာအောင် ကျင့်ကြံလာခဲ့ပြီး အမျိုးမျိုးသော ပြိုင်စံရှားများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ တိုက်ခိုက်ခဲ့ဖူး၏။ သို့သော်လည်း ဆူဇီမိုကဲ့သို့ ကြမ်းကြုတ်ပြင်းထန်သည့်သူမျိုးနှင့်တော့ တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
ဆူဇီမိုက အလောင်းကောင်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ရုံသာမက ပထမခုတ်ချက်မှာပင် ၎င်းကို နှစ်ပိုင်းပြတ်ထွက်လုနီးပါး ခုတ်ပိုင်းလှီးဖြတ်ခဲ့၏။
ထို့နောက် သူ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် တိုက်ပွဲဝင်အလောင်းကောင်က အသားပျော့ဖတ်ပုံကြီးအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ရ၏။
ကိစ္စက ဒီလိုနဲ့ပဲ အဆုံးသတ်သွားရတာလား။
အဖြူရောင်ဝတ်ကျင့်ကြံသူသည် ခဏကြာသည့်အထိ ငူငိုင်နေ၏။
ပတ်ဝန်းကျင်က သေလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်ကျသွား၏။
အစတုန်းကတော့ ကျွင်းဟောက်နှင့် စစ်ယုထန်သည် တိုက်ပွဲဝင်အလောင်းကောင်နှင့်အတူ ဆူဇီမိုကို တိုက်ခိုက်ချင်ခဲ့၏။ သို့သော်လည်း အခုအခါမှာတော့ သူတို့သည် နေရာမှာတင် ရူးကြောင်ကြောင်နှင့် မတ်တပ်ရပ်နေမိပြီး သူတို့၏ မျက်လုံးထောင့်များက တဆတ်ဆတ်လှုပ်ကာ သူတို့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေ၏။
အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုပင်။
ဆူဇီမိုဆင့်ခေါ်လိုက်သော ရွှေရောင်ချိတ်စည်းကြီးက စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုနှင့် တောက်ပလင်းလက်နေသည်ကို သူတို့ရှင်းလင်းစွာ မြင်နေရ၏။ အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုဆိုတာ သိသာထင်ရှားလေသည်။
တိုက်ပွဲဝင်အလောင်းကောင်၏ အသားအတွင်းရှိ ကြောက်စရာကောင်းသော အဆိပ်ချီများက ဆိုးယုတ်ညစ်ပေနေပြီး စိတ်ဝိညာဉ်လက်နက်များကို ဖျက်ဆီးနိုင်လေသည်။
ကျိယောင်ရွှယ်၏ ထိပ်တန်းအဆင့်ဓါးပျံတောင်မှ မလွတ်မြောက်နိုင်ဘဲ ဖျက်ဆီးခံလိုက်ရ၏။
သို့သော် အခုအခါ တိုက်ပွဲဝင်အလောင်းကောင်၏ သွေးများ၊ အသားများနှင့် စွန်းထင်းပေကျံသွားပြီးနောက် ရွှေရောင်ချိတ်စည်းကြီးပေါ်ရှိ အလင်းရောင်က လုံးဝပျက်ပြယ်မလာပေ။ တစ်ကယ်ဆို အဲ့ဒါက ပိုလို့တောင် သိပ်သည်းစွာ တောက်ပလာပြီး တစ်ကမ္ဘာလုံးကိုပင် အထက်စီးကနေ ကြည့်နိုင်သော ဧကရာဇ်တစ်ပါး၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းက ဖြာထွက်နေလေသည်။
ကျွင်းဟောက်၏ မျက်လုံးထဲတွင် မနာလိုအားကျမှုက နက်ရှိုင်းစွာ ပေါ်လာ၏။
အဲ့ဒီရတနာကိုသာ ရလိုက်ရင် ငါက အကုန်လုံးကို လွှမ်းမိုးခြယ်လှယ်နိုင်တော့မှာ မဟုတ်ပါလား..