← Chapters

အကုန်သေ

Vol. 32 Ch. 471

အကုန်သေ

Vol. 32 Ch. 471

ဆူဇီမို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။

ရစ်ခွေနဂါးချိတ်စည်း၏ စွမ်းအားက သူ့မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေ၏။

၎င်းမှ ထွက်ပေါ်လာသော စွမ်းအားက အစောပိုင်း-ရွှေအမြုတေအဆင့်တစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်လေသည်။

ဆူဇီမိုက ရှေ့သို့ မျှော်ကြည့်ပြီး ကျေနပ်နေ၏။

ထိုအချိန်တွင် ကျောက်သားတံခါးက ကျွီကနဲ မြည်သွားပြီး ကျိယောင်ရွှယ်က အထဲကနေ ထွက်လာလေသည်။

သူတို့၏ မျက်လုံးများက ဆုံမိသွားကြ၏။

ဆူဇီမိုက စိတ်ချပါဆိုသော အမူအယာနှင့် ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

ချက်ချင်းပင် ကျိယောင်ရွှယ်က ရှက်သွေးဖြာသွားပြီး ပြန်လှန်ပြုံးပြလိုက်၏။

ဆူဇီမိုက ရစ်ခွေနဂါးချိတ်စည်းကို အသာအယာ ပြန်ခေါ်လိုက်၏။ ချိတ်စည်းကြီးက တဖြည်းဖြည်း ကျုံ့ဝင်သေးငယ်သွားပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းကာ သူ့သိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွား၏။

သူက ဥမင်၏ ထွက်ပေါက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး သူ့လက်ကောက်ဝတ်ကို လှုပ်ခါကာ သွေးသောက်သူကို ပြန်ဆင့်ခေါ်ယူလိုက်၏။

ဖြစ်စဉ်တစ်လျှောက်တွင် အဖြူရောင်ဝတ်ကျင့်ကြံသူ၊ ကျွင်းဟောက်နှင့် စစ်ယုထန်တို့သည် အသက်တောင် ရဲရဲမရှူရဲဘဲ မလှုပ်မယှက် ငြိမ်သက်ကြောက်ရွံ့စွာ ရပ်နေကြ၏။

ဆူဇီမို၏ လှုပ်ရှားမှုတိုင်းနှင့် အကြည့်တစ်ချက်ချင်းစီက သူတို့သုံးယောက်စလုံးအတွက် သိပ်သည်းလေးလံသည့် ဖိအားကို ပေးစွမ်းနေလေသည်။ သူတို့၏ နှလုံးများက သူတို့အချိန်မရွေး သေသွားတော့မည်ကဲ့သို့ အရူးအမူး ပြင်းထန်စွာ ခုန်နေကြ၏။

အဲ့ဒါက တစ်ကယ့်ပြိုင်ဘက်ကင်းအော်ရာပင်။

သူတို့၏ အကြည့်များက ဂနာမငြိမ် ဖြစ်နေပြီး သူတို့စိတ်ထဲမှာ တူညီသော အတွေးတစ်ခုကသာ ဝဲခိုနေကြ၏။

သူတို့ဘယ်လိုများ ထွက်ပြေးရမလဲဆိုတာပင်။

ရစ်ခွေနဂါးချိတ်စည်းက တိုက်ပွဲဝင်အလောင်းကောင်ကို ဖိနှိမ်ခဲ့ရုံသာမက သူတို့သုံးယောက်၏ ခုခံတိုက်ခိုက်လိုသော နောက်ဆုံးစိတ်ဓါတ်လေးကိုပါ ချေမွဖျက်ဆီးပစ်လိုက်လေသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူက ပထမဆုံး စကားစပြောလိုက်၏။ သူ၏ သွေးပျက်ထိတ်လန့်နေသော မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခုကို မပီမသ ဖျစ်ညှစ်ထုတ်လိုက်ပြီး လက်သီးဆုပ်လေးစားဟန် ပြလိုက်၏။

“တာအိုရောင်းရင်း.. ခင်ဗျားက တစ်ကယ်ကို သန်မာတာပဲဗျာ.. ကျုပ်တော်တော်လေး လေးစားမိသွားပြီ”

“ငါက မင်းနဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး.. မင်းက နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားကိုတောင် ဖိနှိမ်နိုင်တဲ့သူမလား” ဆူဇီမိုက ပြုံးစစနှင့် အဖြူရောင်ဝတ်ကျင့်ကြံသူကို ကြည့်နေလိုက်၏။

အိုးတိုးအမ်းတမ်းအမူအယာနှင့် အဖြူရောင်ဝတ်ကျင့်ကြံသူက ခြောက်ကပ်ကပ် လုပ်ရယ်လိုက်၏။

“တာအိုရောင်းရင်းကလဲ လာနောက်နေပြန်ပါပြီ.. အဟမ်းဟမ်း.. ခင်ဗျားရဲ့ အစွမ်းအစနဲ့ဆို ခင်ဗျားပဲ အဲ့ဒီပြန်ဝင်စားမွန်းစတားကို ဖိနှိမ်နိုင်မှာပေါ့.. ကျုပ်က အများကြီး နိမ့်ကျပါသေးတယ်ဗျာ”

ဆူဇီမိုက ဘာမှ ပြောမနေတော့ဘဲ သူ့ဆေဘာကို ဝေ့ရမ်းလိုက်၏။ ချက်ချင်းပင် သွေးသောက်သူထံမှ သွေးရောင်အလင်းက နောက်တစ်ကြိမ် ပျံ့သန်းလာ၏။

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး အဖြူရောင်ဝတ်ကျင့်ကြံသူ၏ နှလုံးက ဒိန်းကနဲ ခုန်သွားကာ ကပျာကယာ ပြောလိုက်၏။

“ခင်ဗျား ကျုပ်ကို သတ်လို့ မရဘူးနော်”

“အို့”

ဆူဇီမိုက ခေါင်းတောင် မော့မကြည့်ပေ။

အဖြူရောင်ဝတ်ကျင့်ကြံသူက သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး အလေးအနက် ပြောလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အလောင်းသန့်စင်ဂိုဏ်းက ဘယ်လိုအဆင့်အတန်းရှိလဲဆိုတာ မင်းလဲသိမှာပေါ့.. မင်းငါ့ကို သတ်ရင် ငါ့ဂိုဏ်းကလဲ မင်းနောက်ကို အမဲလိုက်မှာပဲ”

“ဟဟ မင်းကို ငါသတ်လိုက်တာကို.. ဘယ်သူက ပြန်သိမှာမို့လဲ”

ဆူဇီမိုက ပေါ့ပါးစွာ ပြုံးလိုက်၏။

အဖြူရောင်ဝတ်ကျင့်ကြံသူသည် ပြောစရာ စကားမဲ့သွားရ၏။

တစ်ဖက်မှာတော့ ကျွင်းဟောက်နှင့် စစ်ယုထန်တို့သည် ကြက်သီးမွေးညင်းများ ထလာကြ၏။

ဆူဇီမို၏ စကားအရဆို သူက အားလုံးကို နှုတ်ပိတ်သတ်ဖြတ်တော့မှာပင်။

သူတို့သုံးယောက်စလုံးကို သတ်ပြီးလျှင် ဤသတင်းက ပေါက်ကြားနိုင်တော့မည် မဟုတ်ပေ။

ရွှမ်း..

ဓါးသွားက တုန်ယင်သွားပြီး ရင်သပ်ရှုမောဖွယ်ရာ သွေးအလင်းတန်းက ဖျတ်ကနဲ လက်သွား၏။

ဆူဇီမို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သောအခါ သူ့လက်ထဲရှိ ဧရာမဓါးသွားကြီးက အလွန်တရာ ပေါ့ပါးနေသည်ဟု ထင်ရ၏။ သူ့ခုတ်ချက်က ရှေ့သို့ထွက်သွားပြီး လေထုထဲတွင် ဝဲဂယက်လေးများကို ဖြစ်ပေါ်လာစေ၏။

အဖြူရောင်ဝတ်ကျင့်ကြံသူ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

ထိုခုတ်ချက်က မြန်သည်ဟု မထင်ရသော်လည်း ထွက်ပြေးလို့မရနိုင်ဟူသော ခံစားချက်ကို ပေးနေလေသည်။

အလောင်းသန့်စင်ဂိုဏ်းမှ ကျင့်ကြံသူများအတွက် သူတို့၏ တိုက်ပွဲဝင်အလောင်းကောင်ကို ဆုံးရှုံးရခြင်းက သူတို့၏ တိုက်ခိုက်ရည်ထက်ဝက်ကို ဆုံးရှုံးလိုက်ရသလိုပင်။

တည်ငြိမ်ပင်လယ်ကျမ်းမှ ဆေဘာဧကရာဇ်၏ ကြောက်စရာကောင်းသည့် ဆေဘာနည်းစနစ်ကို သူဘယ်လိုလုပ်ပြီး ကိုင်တွယ်နိုင်ပါမည်နည်း။ တစ်ချက်ကလေး အာရုံပျက်ယွင်းသွားပြီးနောက် သူ့လည်ပင်းက အေးစက်သွားသည်ဟု ခံစားလိုက်ရပြီး စပ်ဖျဉ်းဖျဉ်းနာကျင်မှုက နောက်ကနေလိုက်လာလေသည်။

သူ့လည်ပင်းတွင် အနီရောင်ဒဏ်ရာတစ်ခုက ပေါ်လာပြီးနောက် ကြီးမားသည့်ထက် ကြီးမားလာလေသည်။

နောက်ခဏ၌..

သွေးများက ပန်းထွက်လာ၏။

“အီ...”

အဖြူရောင်ဝတ်ကျင့်ကြံသူ၏ လည်မျိုထဲမှ ထူးဆန်းသည့်အသံများက ထွက်လာပြီး သူ့အမူအယာက မကျေမချမ်း ဖြစ်လာ၏။ သူသည် ရှေ့သို့ တောင့်တောင့်ကြီး ပစ်လဲကျသွားပြီးနောက် သူ့မျက်လုံးများက အရောင်မှိန်ကျကာ အသက်ဓါတ်လဲ မရှိတော့ပေ။

ခုတ်ချက်တစ်ချက်ထဲနှင့် သူ့လည်မျိုက ကွဲထွက်သွားခဲ့၏။

အလောင်းသန့်စင်ဂိုဏ်းမှ ကျင့်ကြံသူကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် တွေဝေခြင်းမရှိ.. ကျွင်းဟောက်နှင့် စစ်ယုထန်တို့ဆီသို့ လျှောက်လှမ်းသွား၏။

“အဲ့ဒါက ကျွင်းဟောက်နဲ့ တခြားသူတွေရဲ့ အကြံပါဗျာ.. ကျုပ် ကျုပ်နဲ့ ဘာမှ မပတ်သတ်ပါဘူး.. ကျုပ်က လမ်းမှားကို ရွေးမိသွားတာပါ”

အခြေအနေက မကောင်းတော့တာကို မြင်ရပြီးနောက် စစ်ယုထန်သည် မြေပြင်ပေါ်တွင် ဒုတ်ကနဲ ဒူးထောက်ချလိုက်၏။ သူတွင် ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာမာန်မာနတွေ တစ်စက်ကလေးမှ မရှိတော့ဘဲ မြေပြင်တွင် ပြားပြားဝပ်ထားပြီး သူ့လက်ကတော့ သိုလှောင်အိတ်ပေါ်မှာ မသိမသာ တင်ထား၏။

စစ်ယုထန်က တုန်ရီနေသော အသံနှင့် ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ.. ကျေး-ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေးလေး တစ်ခုလောက်များ...”

စစ်ယုထန်ရှေ့သို့ ရောက်လာပြီးနောက် ဆူဇီမိုက ငုံ့ကြည့်ပြီး မှင်သေသေနှင့် ပြောလိုက်၏။

“တစ်ခါတစ်ရံမှာ တချို့လမ်းမှားတွေက တစ်ခါရွေးချယ်ပြီးသွားတာနဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူးကွ”

ဆူဇီမို၏ ပြန်ဖြေလိုက်သောစကားတွင် စစ်ယုထန်၏ နောက်ဆုံးမျှော်လင့်ချက်က ကျိုးကြေမွသွားလေသည်။

သူ့လက်က သိုလှောင်အိတ်ပေါ်မှာ ရှိနေဆဲဖြစ်၏။

ယခုအခါ အေးစက်စက်အလင်းနှင့် ဓါးမြှောင်တစ်လက်က သူ့လက်ဖဝါးထဲသို့ ရုတ်တရက် ရောက်ရှိလာ၏။

စစ်ယုထန်၏ အမူအယာက လမ်းတစ်ဝက်မှာ ရပ်တန့်၍ ရုတ်ချည်းပြောင်းလဲသွား၏။ ငြိုးတေးသော အကြည့်နှင့်အတူ သူက အေးစက်စွာ အော်လိုက်၏။

“မင်းက ငါ့ကို အသက်ရှင်ခွင့် မပေးမှတော့ မင်းကို ငါအရင်သတ်မယ်ကွ”

စစ်ယုထန်က ဓါးမြှောက်ကို ဆုပ်ကိုင်၍ ကျုံးထရင်း ဆူဇီမို၏ ရင်အုပ်ကို လှမ်းထိုးသွင်းလိုက်၏။

လုံးဝ ချောင်းမြောင်းတိုက်ခိုက်မှုပင်။

သို့သော်လည်း သူ့အတွေးများက ဆူဇီမို၏ အာရုံခံသတိစိတ်ကို မကျော်ဖြတ်နိုင်ပေ။

စစ်ယုထန် ကျုံးထလိုက်ချိန်မှာပင် ဆူဇီမို၏ လက်ဝါးက ထိုသူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီဖြစ်၏။

ဖျောင်း..

တို့ဟူးတစ်တုံးအလား.. စစ်ယုထန်၏ ဦးခေါင်းက ပေါက်ကွဲ၍ ပြန့်ကျဲထွက်သွားပြီး အသံတစ်ချက်တောင် မထွက်နိုင်ဘဲ ပွဲချင်းပြီး စင်းသွားလေတော့သည်။

စစ်ယုထန် တိုက်ခိုက်ချိန်တွင် ကျွင်းဟောက်ကလည်း ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် လှည့်ပတ်လိုက်၏။ မရီးဒါန်ခုနှစ်ခုက လင်းလက်လာပြီး ဖျတ်ကနဲဆို သူက ကျောက်သားအခန်းဝင်ပေါက်ဝရှိ ကျိယောင်ရွှယ်ဆီသို့ ပြေးချသွားလေသည်။

အခုဆို သူမက သူ့အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

သူသည် သူမကို ဓါးစာခံ လုပ်နိုင်သည်နှင့် ဆူဇီမိုနှင့် ညှိနှိုင်းလို့ ရပေမည်။

ကျွင်းဟောက်က ပြေးချလာသောအခါ ကျိယောင်ရွှယ်က မလှုပ်မယှက်၊ တိတ်ဆိတ်စွာနှင့် သူ့ကို စိုက်ကြည့်နေသည်ကို သူတွေ့လိုက်ရ၏။

သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်ကိုပင် သူတွေ့နေရ၏။

ရုတ်တရက်.. သွေးအလင်းရောင်တစ်ခုက အလွန်တရာ လျှင်မြန်စွာနှင့် သူ့ဆီသို့ ပစ်ဝင်လာသည်ကို ကျွင်းဟောက် တွေ့လိုက်ရ၏။

စစ်ယုထန်ကို တိုက်ခိုက်ရင်းနှင့် ဆူဇီမိုက သူ၏ သွေးသောက်သူကိုလည်း လွှဲရမ်းလိုက်ပြီးဖြစ်၏။

ကျွင်းဟောက်သည် တုံ့ပြန်ဖို့ အချိန်မရတော့ဘဲ သွေးနီရောင်အလင်းကိုသာ နောက်ဆုံး မြင်လိုက်ရ၏။

ထို့နောက် သူ့နံကြားအောက်မှ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရပြီး အားကောင်းသော ထိတွေ့မှုဖြင့် လွင့်စင်ထွက်သွား၏။

ချွမ်း..

ဆူဇီမို၏ သွေးသောက်သူက ကျွင်းဟောက်၏ကိုယ်ကို ထိုးဖောက်ပြီးနောက် ကျောက်သားနံရံမှာ တင်းကျပ်စွာ သွားစိုက်နေ၏။

ကျွင်းဟောက်၏ မျက်လုံးနှစ်ဖက်နှင့် ပါးစပ်က ပြူးကျယ်သွားပြီး သွေးများက အထိန်းအကွပ်မဲ့စွာ စီးထွက်လာလေသည်။

ဆေဘာက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့ရုံသာမက သူ၏ ကိုယ်တွင်းအင်္ဂါများကိုပါ ဖျက်ဆီးပြီး သူ့အသက်ဓါတ်ကို ဖြတ်တောက်သွားလေသည်။

“မင်း...”

ကျွင်းဟောက်သည် ကြိုးစားရုန်းကန်၍ ဆူဇီမိုကို လက်ညိုးထိုးပြီး တစ်ခုခု ပြောချင်နေပုံရ၏။

ခဏမျှ ရပ်တန့်သွားပြီးနောက် သူ့ဦးခေါင်းက ဘေးဘက်သို့ လည်ကျသွားကာ မျက်လုံးအပြူးသားနှင့် သေဆုံးသွားလေတော့သည်။

ဆယ်မိနစ်မကြာခင်မှာပင် သူတို့သုံးယောက်စလုံးက သေဆုံးသွားကြလေတော့သည်။

All Chapters