ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို လှုပ်ခတ်သွားစေခြင်း
Vol. 32 Ch. 472
“ဇီမို.. နင် ငါ့အသက်ကို ထပ်ပြီး ကယ်လိုက်ပြန်ပြီ”
ကျိယောင်ရွှယ်က တောက်ပစွာ ပြုံး၍ အရွှန်းဖောက်လိုက်၏။
“ဒီတစ်သက်တော့ ဒီအကြွေးတွေကို ငါကြေအောင် ဆပ်နိုင်တော့မယ် မထင်ဘူး”
ဆူဇီမိုကလည်း ပြန်ပြုံးပြလိုက်၏။
“ငါတို့အကြားမှာ အဲ့လိုတွေ ပြောဖို့မှ မလိုတာပဲ”
“မရီးဒါန်ရှစ်ခုအခြေတည်အဆင့်.. ကြည့်ရတာ ရှေးဟောင်းတိုက်ပွဲမြေ အနက်ပိုင်းထဲမှာ နင်တော်တော်လေး အကျိုးအမြတ် ရခဲ့ပုံပဲ”
“ဒါပေါ့.. နဲနဲပါးပါးပေါ့”
ရုတ်တရက် ကျိယောင်ရွှယ်၏ အမူအယာက ပြောင်းလဲသွားပြီး မေးလိုက်၏။
“ဒါနဲ့.. ရှောင်းနင်နဲ့ တခြားသူတွေရော...”
သူတို့ထွက်သွားတုန်းက ဆူဇီမိုတို့အုပ်စုတွင် ခြောက်ယောက်ရှိလေသည်။ ယခု သူတစ်ယောက်တည်း ပြန်လာသောကြောင့် ကျိယောင်ရွှယ်သည် မကောင်းသည့်ခံစားချက်တစ်ခု ရလာ၏။
“ဘာမှ မပူပါနဲ့”
ဆူဇီမိုက လက်ကာပြလိုက်၏။
“သူတို့အကုန်လုံးက သူတို့ကိုယ်ပိုင် အခွင့်အလမ်းတွေရပြီးတော့ ရှေးကျပြီး စွမ်းအားကြီးတဲ့ဂိုဏ်းကြီးတွေထဲ ဝင်ရောက်ကုန်ကြပြီ.. ပြောရရင် သူတို့ထဲက တချို့က ထျန်ဟွမ်မြောက်ပိုင်းဒေသကနေ ထွက်သွားကြလောက်ပြီ”
ရှောင်းနင်၏ ယန်ဆေးဂိုဏ်းက အလယ်ပိုင်းတိုက်မှာ တည်ရှိ၏။
ထျန်ဟွမ်းကုန်းမြေတိုက်ကြီးက အကန့်အသတ်မဲ့ အပြောကျယ်လှ၏။ အခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက်က မြောက်ပိုင်းဒေသကနေ အလယ်ပိုင်းတိုက်သို့ ခရီးသွားချင်လျှင် နေ့နေ့ညည မရပ်နားဘဲ ခရီးဆက်လျှင်တောင် နှစ်ပေါင်းများစွာကြာအောင် သွားရပေလိမ့်မည်။
သည်တစ်ကြိမ်ခွဲပြီးနောက် သူတို့မောင်နှမနှစ်ယောက်သည် တော်တန်ရုံနှင့် ပြန်တွေ့ရဖို့ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့်ပင် ဆူဇီမိုက ရှောင်းနင်ကို စောင့်ရှောက်ဖို့အတွက် ညဝိညာဉ်ကို ထည့်ပေးလိုက်ခြင်း ဖြစ်လေသည်။
ဖက်တီးလေး၊ လမ့်ရို၊ ကျိချန်းရှန်နှင့် ရှစ်ကျန့်တို့သည်လည်း ကမ္ဘာခြားကုန်ကြလေပြီ။ ဒီဘဝမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ပြန်ဆုံတွေ့ဖို့ အခွင့်ရှိဦးမလားဆိုတာ မသေချာပေ။
ထိုသို့အတွေးနှင့် ဆူဇီမိုသည် စိတ်ခံစားချက် အနည်းငယ် မြင့်တက်၍ တမ်းတလွမ်းဆွေးသွား၏။
“ဇီမို.. သွေးကျီးကန်းနန်းတော်သခင်က လက်စားပြန်ချေမှာကို နင်စိုးရိမ်နေတာမလား”
ဆူဇီမိုသည် သွေးကျီးကန်းနန်းတော်၏ သခင်လေးဆိုသူကို သတ်ဖြတ်ခဲ့ပြီး နန်းတော်သခင်ကိုလည်း ကမ္ဘာဦးအပျက်အစီးနယ်မြေထဲမှာ သေလုမတတ် ဖြစ်စေခဲ့၏။
သူတို့အကြား ရန်းငြိုးရန်စက ညှိနှိုင်းလို့ မရနိုင်တော့ပေ။
ထိုနေ့က မဟာကျိုးဧကရာဇ်၏ ရှေ့မှောက်မှာပင် သွေးကျီးကန်းဘုရင်သည် သခင်လေးနှင့်အတူ ဆန်းကြယ်တောင်ထွတ်က တပည့်များအားလုံးကိုပါ မြှုပ်နှံပစ်မည်ဟု ကြေညာခဲ့၏။ အဲ့ဒါက အတော်လေးကို မောက်မာပြီး သူ့မှာ တောင့်တင်းသည့် နောက်ခံအင်အားရှိသည်မှာ သိသာလေသည်။
အဲ့ဒါက ဆူဇီမိုကိုယ်တိုင်အတွက် ကြီးမားသည့်ကပ်ဘေး ဖြစ်ရုံသာမက ဆန်းကြယ်တောင်ထွတ်အတွက်လည်း ထို့အတူပင်။
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် ထွက်သွားလို့ရ၏။ သို့သော် သူကတော့ မရပေ။
သူသည် ဤကဲ့သို့ ကြီးကြီးမားမားကိစ္စကို ဖန်တီး၍ ကျောခိုင်းထွက်သွားမည်ဆိုလျှင်.. ဆန်းကြယ်တောင်ထွတ်နှင့် သူ့အစ်ကိုကြီးဆူဟုန်တို့က ... နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားပေတော့မည်။
ဆူဇီမို၏ နှလုံးသားက အဲ့ဒါကို ခွင့်မပြုနိုင်ပေ။
“ဇီမို.. ဘာမှ မပူပါနဲ့.. အဖေနဲ့အတူ ငါကူညီပြီးတော့ အသနားခံတောင်းပန်ပေးပါ့မယ်”
သူမ၏ စကားကို မယုံမည်စိုးသောကြောင့် ကျိယောင်ရွှယ်က ဆက်ပြောလိုက်၏။
“အဲ့ဒါကိုမှ သွေးကျီးကန်းနန်းတော်သခင်က တရားလွန်လာမယ်ဆိုရင်.. မဟာကျိုးအင်ပါယာကလည်း ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး”
“အင်း”
ဆူဇီမိုက ပြုံးပြီး ခေါင်းညိတ်လိုက်၏။
တစ်ကယ်တော့ အခြေအနေကို အခြားသူများထက် သူက ပို၍ ရှင်းရှင်းလင်းလင်း သိလေသည်။
ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ မဟာကျိုးဧကရာဇ်၏ သွေးကျီးကန်းဘုရင်အပေါ် သဘောထားက ကိစ္စများစွာကို ရှင်းလင်းစေခဲ့လေသည်။
မဟာကျိုးအင်ပါယာတောင်မှ သွေးကျီးကန်းနန်းတော်သခင်ကို စိုးရိမ်ထိတ်လန့်ရလေသည်။
ပို၍ တိကျအောင် ပြောရလျှင် သူ၏ နောက်ကွယ်ရှိ ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှ တစ်ခုဖြစ်သော စုန်းမျိုးနွယ်ကို ကြောက်လန့်ခြင်း ဖြစ်လေသည်။
မဟာကျိုးအင်ပါယာက ထိုပြဿနာတွင် ဝင်ပါလာဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
“ယောင်ရွှယ်.. ပြင်စရာရှိတာ ပြင်တော့.. ငါတို့ တည်နေရာရွှေ့ပြောင်းအမှတ်ကို သွားပြီး မဟာကျိုးအင်ပါယာကို ပြန်ကြရအောင်”
“အင်း”
. . .
ရှေးဟောင်းတိုက်ပွဲမှာ တစ်နှစ်တာ ကုန်ဆုံးတော့မည့်အချိန်တွင် များစွာသော ကျင့်ကြံသူများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်သွားကြလေသည်။
တချို့က တက်ကြွလို့.. တချို့ကတော့ စိုးရိမ်ပူပန်နေကြ၏။
တချို့ကျင့်ကြံသူများသည် မဟာကပ်ဘေးမှ လွတ်မြောက်လာပြီးနောက် ပြန်လည်ရှင်သန်လာသော ခံစားချက်ကိုတောင် ရနေကြ၏။
ထို့နောက် သတင်းကြီးများက ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီးများမှတစ်ဆင့် ပျံ့နှံ့သွားပြီး ရေကန်အလယ်သို့ ဧရာမကျောက်တုံးကြီး ပြုတ်ကျလာသလို ကြီးမားစွာ ဂယက်ထသွားလေသည်။
“နှစ်တစ်ထောင်ကြာပြီးတဲ့နောက် ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ကျင့်ကြံသူတစ်ယောက်က ရပြီး ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကလဲ ပျောက်ကွယ်သွားပြီတဲ့”
“ဟုတ်တယ်.. အဆိပ်ဂိုဏ်းက ကျင့်ကြံသူတစ်ရာကျော်ကိုလဲ လူတစ်ယောက်ထဲက ဝင်သတ်သွားတာတဲ့.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနဲ့ ဖန်သားနန်းတော်ပါ ရောညှပ်ပါသွားသေးတယ်တဲ့”
“တော်တော် ရက်စက်တာပဲ.. သူက ဘယ်သူလဲ.. ဘယ်ဂိုဏ်းကလဲ”
“အဲ့ဒါတော့ ငါလဲ မသိဘူး.. သူက ဂိုဏ်းတံဆိပ်ပြားလဲ မဝတ်ထားဘူး.. အချို့ပြောကြတာတော့ သူက အေးအေးဆေးဆေး စာပေသမားလေးတဲ့.. တချို့ကျတော့လဲ သူက အရမ်းကြောက်စရာကောင်းတဲ့ပုံလို့ ပြောကြတာပဲ”
ဖန်းသားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့သည် ထိုသတင်းကို လက်ခံရရှိလိုက်ကြပြီး သူတို့၏ ဂိုဏ်းချုပ်များက ချက်ချင်းဒေါသူပုန်ထသွားကြလေသည်။
အမျိုးမျိုးသော ဂိုဏ်းများသည် ထိုသတင်းနှင့် အသားမကျသေးခင်မှာပင်.. ပို၍တုန်လှုပ်စရာကောင်းသည့် သတင်းတစ်ခုက ပျံ့နှံ့လာပြီး ထိပ်သီးဂိုဏ်းကြီးများကိုပင် တုန်လှုပ်သွားစေကာ ကျင့်ကြံရေးလောကတစ်ခုလုံးကိုလည်း ဗြောင်းဆန်သွားစေလေသည်။
“လူသားဧကရာဇ်နန်းတော်က ပေါ်လာတယ်တဲ့”
“လူသားဧကရာဇ်နန်းတော်မှာ နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူက ပေါ်လာပြီး အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေအကုန်လုံးနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်တဲ့"
“အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေက အတူပေါင်းတိုက်ခဲ့ကြတာဟုတ်လား.. ဟဟ.. နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူကတော့ ကံဆိုးတာပဲ.. သူက အလောင်းတောင် မကျန်ခဲ့ဘဲ သေသွားတာပဲ ဖြစ်ရမယ်.. ဒါနဲ့ လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ဘယ်သူများ ရသွားလဲကွ”
“အဲ့မှာတင် မင်းမှားသွားပြီ.. သူက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေ အကုန်လုံးကို တစ်ယောက်ထဲနဲ့ ဖိနှိမ်ခဲ့တာတဲ့.. အဲ့တိုက်ပွဲက အရမ်းကို ပြင်းထန်ပြီးတော့ တုန်လှုပ်ချောက်ချားစရာ တော်တော်ကောင်းဆိုပဲ”
“ဘာ ဘယ်လို.. မင်းဘာပြောလိုက်တာလဲ”
“အဆူရာဂိုဏ်း၊ လျှို့ဝှက်မရဏဂိုဏ်း၊ မိုးခရမ်းပြာကောင်းကင်ဂိုဏ်း၊ ကစင်ကလျားအမြုတေဂိုဏ်း ပြီးတော့ ရှင်းသန့်လေပြေဘုရားကျောင်း၊ ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းနဲ့ ပုံသဏ္ဌာန်မဲ့ကျောင်းတော်က ပြိုင်စံရှားတွေ အကုန်လုံးက သေကုန်ကြတယ်တဲ့.. အခြားဂိုဏ်းတွေက မသေဘဲ ကျန်ရစ်ခဲ့တဲ့ ပြိုင်စံရှားတွေကလဲ ခြေကျိုးလက်ကျိုးနဲ့ ဒုက္ခိဖြစ်ကုန်ကြတဲ့သူတွေက များတယ်တဲ့..”
“ချိတ်ပိတ်ထားသူတွေကရော ဘာလုပ်နေကြလဲ”
“အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ချိတ်ပိတ်ထားသူတွေ ပေါင်းလိုက်ရင် ဆယ်ယောက်ကျော်တယ်လေ.. သူတို့အကုန်လုံးက အမှိုက်တွေလား.. ရွှေအမြုတွေ ဖြစ်ပြီးတော့ သူတို့က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် မသတ်နိုင်ကြဘူးလား”
“ချိတ်ပိတ်ထားသူတွေ အတူပူးပေါင်းပြီး တိုက်ခဲ့တာတောင် သူတို့ ကျရှုံးပြီး နောင်တတွေနဲ့ သေကုန်ကြတယ်တဲ့”
“ကျွတ်.. ချိတ်ပိတ်ထားသူတွေ ပေါင်းတိုက်တာတောင် မအောင်မြင်ခဲ့ဘူးတဲ့လား”
“အဲ့ဒီမှာ ထူးခြားတာက နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူရဲ့ ညာဘက်လက်က နတ်ဖီးနစ်အရိုးနဲ့ ဖန်တီးထားတာတဲ့.. အဲ့ဒါက အတော်ကို စွမ်းအားကြီးတယ်တဲ့”
“သူက အပြင်းအထန် ဒဏ်ရာရသွားတဲ့အချိန်မှာ မိစ္ဆာဂိုဏ်းက စင်ကြယ်အပျိုစင်နဲ့အတူ လူသားဧကရာဇ်နန်းတော်ထဲကို ဝင်ရောက်သွားခဲ့တယ်တဲ့.. အခုလက်ရှိမှာတော့ သူတို့ရဲ့ ကံကြမ္မာက ဘယ်လိုလဲ မသိရသေးဘူး”
ထိုသည်ကို ကြားသောအခါ ဂိုဏ်းကြီးများမှ ချိတ်ပိတ်ထားသူများသည် တိတ်ဆိတ်ကုန်ကြ၏။
အတန်ကြာပြီးနောက် တစ်ယောက်က လေးနက်စွာ သက်ပြင်းချလိုက်၏။
“သူက ပြန်ဝင်စားမွန်းစတားတစ်ကောင်ပဲ”
“သူက ရှေးဟောင်းခေတ်ကနေ အခုချိန်ထိကို နံပါတ်တစ်ပြန်ဝင်စားမွန်းစတားလို့ ပြောရင်တောင် လွန်တယ်လို့ ငါမထင်ဘူး”
. . .
တစ်ချိန်တည်းမှာပင်..
အလယ်ပိုင်းတိုက်ရှိ ဘာမှန်းမသိရသော နေရာတစ်ခုတွင် ရှေးကျသောနန်းတော်တစ်ခုက ငွားငွားစွင့်စွင့် ရပ်တည်နေ၏။
နန်းတော်၏ ဝင်ပေါက်ရှေ့တွင် ပါးမို့နီတီတီနှင့် အဖိုးအိုတစ်ယောက်က အဖြူရောင်သရဖူနှင့်အတူ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်နောက်ပစ်ကာ မတ်တပ်ရပ်နေ၏။ သူ၏ ကျန်တစ်ဖက်ကို ရှေ့မှာထားပြီး လက်ချောင်းများကို လှုပ်နေရင်း.. သူ့မျက်လုံးများထဲတွင် မီးခိုးရောင်မြူများက ရစ်သိုင်းနေကာ သူ့ကို အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေစေလေသည်။
“အဖိုးကြီး.. ခင်ဗျား တစ်ခုခု တွက်လို့ ရပြီလား”
အဖိုးအို၏ နောက်တွင် မီးခိုးရောင်ဝတ်လူတစ်ယောက်ရှိပြီး သူက အနည်းငယ် ဝဖိုင့်၍ ဖြူတူတူနှင့် ပြောင်ချောချောမျက်နှာပေါက်ရှိလေသည်။ သူက ခေါက်ယပ်တောင်တစ်လက်ကို ကိုင်ထားပြီး စိုးရိမ်တကြီး မေးလိုက်၏။
ဆူဇီမိုသာ ဒီနေရာမှာရှိလျှင် ထိုသူက ကမ္ဘာဦးအပျက်အစီးနယ်မြေမှာ သူနှင့် အမှတ်မထင် ဆုံတွေ့ခဲ့ဖူးသော လင်ရွှမ်းကျီဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။
ရှေ့ရှိ အဖိုးအိုက မဟာကျိုးမြို့တော်ထဲမှာတုန်းက ပုံပြောသမား ဖြစ်လေသည်။
အတန်ကြာပြီးနောက် အဖိုးအို၏ မျက်လုံးများက ပြန်လည်ကြည်လင်လာပြီး မျက်မှောင်ကြုတ်၍ ခေါင်းခါပြလိုက်၏။
“လူသားဧကရာဇ်နန်းတော် ပေါ်လာတယ်ဆိုတာကတော့ အမှန်ပဲ.. ဒါပေမယ့်လို့ အဲ့ကောင်လေးရဲ့ သတင်းကိုတော့ ငါတွက်ချက်လို့ မရဘူး.. ထူးဆန်းတယ်”
“နတ်ဖီးနစ်ကျွန်းမှာ အဲ့လိုမျိုး ပြန်ဝင်စားမွန်းစတားကရော တစ်ကယ် ရှိလို့လား”
သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤကိစ္စက တစ်နည်းတစ်ဖုံတော့ ထူးခြားဆန်းကြယ်နေကြောင်း ခံစားလိုက်ရ၏။
အဖိုးအိုက သူ့နှုတ်ခမ်းကိုသပ်ပြီး ပြန်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်.. လူသားဧကရာဇ်နန်းတော် ပေါ်လာတာကတော့.. ရွှေခေတ်တစ်ခေတ်ကိုရောက်ပြီး မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ ပေါ်လာတော့မယ်လို့ အချက်ပြတာပဲ.. အဲဒါက ရှေးဟောင်းခေတ်နဲ့ ဆင်တူတဲ့အချိန်တစ်ခုကို ပြန်ရောက်လာပြီး ဧကရာဇ်တွေများစွာ ပေါ်ထွန်းလာဖို့ ဖြစ်နိုင်ချေများတယ်”
“တစ်ကယ်တော့.. အဲ့ဒါနဲ့အတူ စဉ်းစားလို့တောင် မရတဲ့ ကပ်ဘေးတွေကလဲ လိုက်ပါလာမှာပဲ.. ဟေး.. စောင့်ကြည့်ကြရုံပဲ ရှိတာပေါ့လေ”