မုန်တိုင်း ဝင်လာပြီ
Vol. 32 Ch. 473
မဟာကျိုးအင်ပါယာ.. ညနက်ပိုင်းထဲတွင်..
ဝုန်းကနဲ မြည်သံနှင့်အတူ နန်းတော်၏ အနက်ပိုင်းထဲတွင် အလင်းတိုင်ကြီးတစ်ခုက ပြိုးပြိုးပြက်ပြက် လင်းလက်လာလေသည်။ ညအမှောင်ကောင်းကင်မှာ ထိန်ထိန်လင်းသွားပြီး လူများစွာ၏ အကြည့်များကို ဆွဲဆောင်မိသွား၏။
“ရှေးဟောင်းတိုက်ပွဲမြေကို ဝင်သွားကြတဲ့ ပါရမီရှင်တွေ ပြန်လာပြီဟေ့”
“ဟုတ်တယ်ဟေ့.. လူငါးဆယ်မှာ ဘယ်နှစ်ယောက်များ ပြန်လာကြမလဲ ငါသိချင်လိုက်တာ”
“အနဲဆုံး သုံးပုံတစ်ပုံလောက်တော့ ပြန်လာမှာပေါ့.. ဂိုဏ်းကြီးငါးဂိုဏ်းက ရွေးချယ်ထားတဲ့ ပါရမီရှင်တွေက အားနည်းကြတာမှ မဟုတ်တာ”
ဆန်းကြယ်တောင်ထွတ်မှ ရွှမ်ယီနှင့် လျှို့ဟွေ့၊ ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ပကတိသက်ရှိကန်းလန်နှင့် အခြားသောရွှေအမြုတေများသည် အလင်းတိုင်ကြီး၏ ဘေးမှာ မတ်တပ်ရပ်၍ သူတို့၏ တပည့်များ ပြန်အလာကို မျှော်တလင့်လင့်နှင့် စောင့်ဆိုင်းနေကြ၏။
မှားယွင်းမှုတစ်စုံတစ်ရာ ပေါ်မလာလျှင်.. ရှေးဟောင်းတိုက်ပွဲမြေမှ အသက်ရှင်လျက် ပြန်လာမည့် ဤတပည့်များသည် သူတို့ဂိုဏ်းများ၏ အနာဂတ်ထောက်တိုင်များ ဖြစ်လာကြပေမည်။
မဟာကျိုးဧကရာဇ်က ရှေ့ဆုံးကနေ၍ သုန်မှုန်နေသော အမူအယာနှင့် မတ်တပ်ရပ်နေ၏။ သူ့မျက်လုံးများ၏ အနက်ပိုင်းထဲတွင် ရံဖန်ရံခါဆိုသလို စိုးရိမ်ပူပန်မှုများက ပေါ်လာတတ်၏။
တဖြည်းဖြည်းနှင့် အလင်းတိုင်ကြီး၏ အလယ်တွင် ပုံရိပ်နှစ်ခုက ပေါ်လာ၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုပုံရိပ်နှစ်ခုက ပို၍ပို၍ ရှင်းလင်းပီသလာ၏။ ဆူဇီမိုနှင့် ကျိယောင်ရွှယ်တို့က ပြန်ရောက်လာခဲ့ကြလေသည်။
ဧကရာဇ်က စိတ်သက်သာရကာ သက်ပြင်းချလိုက်၏။
ကျိယောင်ရွှယ် အဆင်ပြေသည်နှင့်အမျှ သူစိတ်သက်သာရာ ရလေပြီ။
သို့သော် ချက်ချင်းဆိုသလိုပင် သူသည် မျက်မှောင်ကြုတ်ပြီး တွေးလိုက်၏။
“သူတို့နှစ်ယောက်ထဲပဲလား”
ရှေးဟောင်းတိုက်ပွဲမြေက အလွန်တရာ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သော်လည်း အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ့ရသည့်နှစ်များမှာတောင် အနည်းဆုံး ခုနှစ်ယောက်လောက်ကတော့ ပြန်လာနိုင်ခဲ့ကြလေသည်။
အခုက နှစ်ယောက်သာလျှင် ပြန်လာခဲ့ကြ၏။ ရှေးဟောင်းတိုက်ပွဲမြေတွင် ကြီးကြီးမားမား ကိစ္စကြီးများ ပေါ်ပေါက်ခဲ့သည်မှာ သိသာလေသည်။
ဆူဇီမို အဆင်ပြေသည်ကို မြင်ရသော်လည်း ရွှမ်ယီနှင့် လျှို့ဟွေ့တို့က မပြုံးနိုင်ကြပေ။
တစ်ဖက်မှာ သူတို့သည် ကျိချန်းရှန်နှင့် အခြားသူများကို စိုးရိမ်သောကြောင့်ဖြစ်ပြီး..
အခြားတစ်ဖက်မှာတော့ ဆူဇီမို အသက်ရှင်နိုင်ခဲ့သည်က ကောင်းသည့်အချက် ဖြစ်သော်လည်း မဟာကျိုးအင်ပါယာသို့ ပြန်လာခြင်းကတော့ သူ့အတွက် ကောင်းသည့် ရွေးချယ်မှု မဖြစ်နိုင်ပေ။
ဆန်းကြယ်တောင်ထွတ်မှလွဲလျှင် အခြားသောဂိုဏ်းများမှ ရွှေအမြုတေများသည် အလွန်တရာ မျက်စိမျက်နှာ ပျက်နေကြပြီး မျက်မှောင်ကြုတ်၍ ရှေ့သို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာကြလေသည်။
တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ပကတိသက်ရှိယွင်ရှန်က လက်သီးနှင့် လက်ဝါးကို ထိပြလိုက်၏။
“ဆရာမို.. ကျုပ်တပည့် ရှစ်ကျန့်က နဲနဲလေး ရူးမိုက်ပြီးတော့ သိုလှောင်ရုံထဲက အထက်ရှဆုံးပစ္စည်းလဲ မဟုတ်ပါဘူး.. သူ မတော်တဆ တစ်ခုခုများ ကြုံတွေ့ခဲတာလားဗျာ”
“မဟုတ်ဘူး.. သူ့ကို မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲက ရုပ်သေးဂိုဏ်းက ရွေးချယ်သွားတာ.. သူက ရုပ်သေးဂိုဏ်းနဲ့အတူ လိုက်သွားပြီ” ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“အ.. ဒါဆို သူပိုအဆင်ပြေသွားတာပေါ့.. သူက ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ရွေးချယ်ခံခဲ့ရတာပဲ.. ဘယ်လောက် ကောင်းလိုက်လဲကွာ.. ဘယ်လောက်တောင် ကြုံတောင့်ကြုံခဲလဲ” ပကတိသက်ရှိယွင်ရှန်က တစိမ့်စိမ့်တွေး၍ အားရကျေနပ်ဝမ်းသာကာ ခေါင်းတဆတ်ဆတ် ညိတ်နေမိ၏။
သူတို့ဂိုဏ်းများမှ တပည့်တစ်ယောက်ယောက်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးများမှ တစ်ဂိုဏ်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် ထိုဂိုဏ်းသားအတွက်သာမက.. သူတို့ဂိုဏ်းအတွက်ပါ ကောင်းသည့်လက္ခဏာပင် ဖြစ်လေသည်။
ဥပမာ သူတို့သည် ရှစ်ကျန့်နှင့် အဆက်အသွယ် ရပြီးပါက.. တောင်ပိုင်းတောင်တန်းဂိုဏ်းသည် အနာဂတ်မှာ ရုပ်သေးဂိုဏ်း၏ ကြီးမားသည့်နောက်ခံ ရှိလာနိုင်လေသည်။
“အဲ့ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”
“ဘာလို့ မင်းတို့နှစ်ယောက်ပဲ ပြန်လာကြတာလဲ.. တခြားသူတွေရော ဘယ်ရောက်ကုန်ကြတာလဲ”
“ငါ့တပည့်လေးက အဆောင်လက်ဖွဲ့အဆင့်သတ်မှတ်စာရင်းမှာ နံပါတ်နှစ်တောင် ချိတ်ခဲ့တာ.. သူ့ခွန်အားက မဆိုးပါဘူး.. သူက သတိလဲကြီးတယ်.. သူသေသွားစရာ ဘာအကြောင်းမှ မရှိဘူးလေ”
“ဆရာမို.. ငါ့တပည့်ကရော သူ့အတွက် အခွင့်အလမ်းတစ်ခုခု ရသွားခဲ့တာများလား”
များစွာသော ရွှေအမြုတေများသည် ဆူဇီမိုကို ခြိမ်းခြောက်သလို စိုက်ကြည့်၍ မေးခွန်းများကို အတောမသတ် မေးမြန်းလိုက်ကြ၏။
ဆူဇီမိုက စိတ်မရှည်တော့သည့်ပုံနှင့် မျက်မှောင်ကြုတ်လိုက်၏။
“အားလုံးပဲ တိတ်တိတ်နေကြပါဦး”
ကျိယောင်ရွှယ်က ရှေ့တက်ပြီး တိတ်တိတ်နေပေးကြရန် လက်နှစ်ဖက်ဖြင့် အချက်ပြလိုက်၏။
လူအုပ်ကြီးသည် ချက်ချင်း တိတ်ကြသွား၏။
ကျိယောင်ရွှယ်က ရှေးဟောင်းတိုက်ပွဲမြေတွင် ဖြစ်ပျက်ခဲ့သည်များကို အေးအေးဆေးဆေး ပြန်ပြောပြလိုက်၏။ ကျွင်းဟောက်၏ သရုပ်မှန်၊ ကျန်းယု၏ သစ္စာဖောက်မှုနှင့် စစ်ယုထန်၏ ရွေးချယ်မှုတို့ အပါအဝင် ဖြစ်လေသည်။
လူတိုင်းသည် ထိတ်လန့်၍ ပြောစရာစကားမဲ့ကုန်ကြ၏။
သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေမှာ ဤမျှထိ ကြီးမားသည့် အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ပကတိသက်ရှိကန်းလန်၏ အမူအယာက ခက်ထန်လာပြီးနောက် သူ့မျက်စိကို မှေးကျဉ်းကာ လှောင်ရယ်လိုက်၏။
“အဲ့ဒါက မင်းတို့ဘက်က ပြောတဲ့ဇာတ်လမ်းလေ.. ဘယ်သူက သိမှာလဲ မင်းသမီးက ဆူဇီမိုနဲ့ လျှို့ဝှက်ပူးပေါင်းပြီး ကျုပ်တပည့် စစ်ယုထန်ကို သတ်ခဲ့တာလဲ ဖြစ်နိုင်တာပဲ”
“ကန်းလန်.. မင်းက ငါ့သမီးကိုတောင် လာစွပ်စွဲနေတာပေါ့လေ”
ဧကရာဇ်က အနည်းငယ်လှည့်၍ ပကတိသက်ရှိကန်းလန်ကို မှင်သေသေနှင့် စိုက်ကြည့်လိုက်၏။
“ဟ.. ကျတော်မျိုး မဝံ့ရဲပါဘူး”
ပကတိသက်ရှိကန်းလန်က လှောင်ရယ်၍ ဆူဇီမိုကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
“ကောင်လေး.. လက်နက်တွေကို ဘယ်လိုသွန်းလုပ်ရတယ်ဆိုတာ သိရုံနဲ့ ငါနဲ့ ရင်ဘောင်တန်းနိုင်ပြီလို့ ထင်မနေနဲ့ဦး.. ငါတို့ကြားက အငြိုးအတေးတွေကို အနှေးနဲ့အမြန် ကျေလည်အောင် လုပ်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် ပကတိသက်ရှိကန်းလန်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မော၍ ခန်းမထဲကနေ ထွက်သွားလေသည်။
အခြားသူများသည်လည်း ဘာမှ ထူးမလာနိုင်တော့တာကို နားလည်ပြီးနောက် တဖြည်းဖြည်း လှည့်ပြန်ကုန်ကြလေသည်။
“ဂရုစိုက်ဦး”
ဆူဇီမိုက ကျိယောင်ရွှယ်ကို နှုတ်ဆက်လိုက်၏။
“နင်ရောပဲ”
ကျိယောင်ရွှယ်က ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူမ၏ မျက်လုံးများက နှမြောတမ်းတမှုကို ပြနေ၏။
ဆူဇီမိုသည် လျှို့ဟွေ့နှင့် ရွှမ်ယီတို့နှင့်အတူ နန်းတော်ထဲကနေ ထွက်လာခဲ့၏။ မိုစိတ်ဝိညာဉ်လက်နက်ရုံမှ နန်းကြည်နှင့်အတူ သူတို့သည် စိတ်ဝိညာဉ်ယာဉ်ပျံတစ်စီးပေါ်တက်၍ ဆန်းကြယ်တောင်ထွတ်ရှိရာသို့ ဦးတည်လိုက်ကြ၏။
ဆူဇီမိုထွက်သွားပြီး အတန်ကြာသည့်အထိ ကျိယောင်ရွှယ်က နေရာမှာတင် မတ်တပ်ရပ်၍ သူ့ထွက်သွားရာဘက်သို့ ငေးမောကြည့်နေ၏။
ဧကရာဇ်က ညင်သာစွာ ပြောလိုက်၏။
“ရွှယ်အာ.. အဲ့လူက အတော်လေးကို ရှားရှားပါးပါး ပြိုင်စံရှားပဲ.. ဒါပေမယ့်လို့ အခုကစပြီး နင်သူနဲ့ အဆက်သွယ်မလုပ်တာ ပိုကောင်းလိမ့်မယ်”
ဧကရာဇ်လေသံကို ကြားပြီး ကျိယောင်ရွှယ်သည် ရင်ထဲနင့်ကနဲ ဖြစ်သွား၏။
“ဆန်းကြယ်တောင်ထွတ်ပဲဖြစ်ဖြစ် ဆူဇီမိုပဲဖြစ်ဖြစ် မကြာခင်ရောက်လာတော့မယ့် ကပ်ဘေးပြီးရင် သူတို့က ပျောက်ကွယ်သွားကြရတော့မှာ”
. . .
လဝက်ကျော်ကျော် ခရီးသွားပြီးနောက် သူတို့လေးယောက်သည် နောက်ဆုံး ဆန်းကြယ်တောင်ထွတ်ကို ပြန်ရောက်လာကြ၏။
တန်လင်းတောင်ကြားတိုက်ပွဲပြီးကတည်းက ဆူဇီမိုသည် ဂိုဏ်းကနေ ထွက်သွားသည်မှာ နှစ်များစွာ ကြာခဲ့လေပြီ။
ယခု သူပြန်ရောက်လာသောအခါ သူသည် စိတ်ခံစားချက်များ မြင့်တက်လာ၏။
နန်းကြည်က စူးစမ်းလိုစိတ်နှင့် နေရာတစ်ဝှမ်းကို လိုက်လံကြည့်ရှုနေ၏။
တောင်တန်းရှေ့ရှိ အမြင့်ဆုံး တောင်ထွတ်သို့ ရောက်သောအခါ သူတို့လေးယောက်သည် အလိုလို ရပ်တန့်လိုက်ကြ၏။
ဤနေရာသည် အရင်တုန်းက ဝမ်ရွှမ်းနှင့် ရွှမ်ယီတို့ ဆူဇီမိုကို ဆန်းကြယ်တောင်ထွတ်သို့ လက်ခံသွတ်သွင်းခဲ့သောနေရာ ဖြစ်လေသည်။
အဖြစ်အပျက်များက မနေ့တစ်နေ့ကလိုပင်။
လျှို့ဟွေ့က ပြောလိုက်၏။
“ဝမ်ရွှမ်းက မင်းပြန်လာတဲ့အထိ မစောင့်နိုင်ခဲ့တာ သနားစရာပဲ”
“ဘာပဲဖြစ်ဖြစ်.. ဝမ်ရွှမ်းသာ မင်းရဲ့လက်ရှိအောင်မြင်မှုတွေကို တမလွန်ကနေ မြင်ရင်.. သူလဲ သေချာပေါက် ကျေနပ်ဝမ်းသာနေမှာပါ” ရွှမ်ယီက ဆူဇီမို၏ ပုခုံးကိုပုတ်၍ အပြုံးနှင့် အားပေးနှစ်သိမ့်လိုက်၏။
“ကောင်းပြီလေ.. ဂိုဏ်းကို တစ်ချက်လောက် လှည့်ပတ်ကြည့်ပြီး ရောင်းရင်းတွေနဲ့ လိုက်တွေ့လိုက်ဦး.. အဲ့ဒါပြီးရင်တော့ မင်းတတ်နိုင်သမျှ မြန်မြန်သာ တံခါးပိတ်ကျင့်ကြံတော့”
ရွှမ်ယီက သုန်မှုန်နေသော အမူအယာနှင့် အဝေးတစ်နေရာသို့ ငေးမောကြည့်ပြီး တီးတိုး ရေရွတ်လိုက်၏။
“မုန်တိုင်းက သိပ်မကြာခင် ရောက်လာတော့မှာ ငါကြိုတင်မြင်ယောင်နေပြီ”
ဆန်းကြယ်တောင်ထွတ်သို့ ရောက်လာပြီးနောက် ဆူဇီမိုသည် ဖိုသီဖတ်သီအဖိုးအိုထံသို့ အရင်သွားလည်လေသည်။
ထို့နောက် သူသည် ဂိုဏ်းချုပ်နှင့် သွားတွေ့ပြီး ရှေးဟောင်းတိုက်ပွဲမြေတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြခဲ့လေသည်။
ထိုအချိန်အတွင်း ကြိုးကြာလေးက ရောက်ချလာပြီး အလွန်တရာ ပျော်ရွှင်စွာနှင့် ကျာကျာကျည်ကျည် အော်မြည်နေ၏။
တစ်ဦးနှင့်တစ်ဦး မတွေ့ရသည်မှာ နှစ်များစွာ ကြာခဲ့သော်လည်း လူတစ်ယောက်နှင့် တောကောင်တစ်ကောင်က လုံးဝဝေးကွာသွားခြင်း မရှိဘဲ အရင်ကအတိုင်းပင် ရှိလေသည်။
မျောက်နှင့် စိတ်ဝိညာဉ်ကျားတို့ကတော့ ပြန်မလာကြသေးဘဲ သူတို့၏ တည်နေရာနှင့် ကံကြမ္မာကလည်း ဘာမှန်း မသိရပေ။
စီနီယာကြိုးကြာသည် တံခါးပိတ်ကျင့်ကြံသွားသည်မှာ တစ်နှစ်ကြာခဲ့ပြီဖြစ်ပြီး အခုထိတော့ ဘာမှ မဖြစ်ပျက်သေးပေ။
သူမသည် ဆန်းကြယ်တောင်ထွတ်၏ ပင်မထောက်တိုင်ကြီးဖြစ်ပြီး သူမသာ တစ်ခုခု ဖြစ်ပျက်သွားခဲ့လျှင် ဆန်းကြယ်တောင်ထွတ်က ရောက်လာတော့မည့်မုန်တိုင်း၌ ဖျက်ဆီးခံရပေလိမ့်မည်။
ဆူဇီမိုသည် ဂိုဏ်းထဲမှာ အနည်းငယ် လှည့်ပတ်သွားလာပြီးနောက် တံခါးပိတ်ကျင့်ကြံဖို့ ဦးတည်သွားလေတော့သည်။
ယခုအခါ သူသည် မရီးဒါန်ရှစ်ခုအခြေတည်အဆင့်၏ အထွတ်အထိပ်မှာ ရောက်နေပြီးဖြစ်၏။ သူသည် တံခါးပိတ်ကျင့်ကြံ၍ သူ၏ နဝမမြောက်မရီးဒါန်ကို ဖွင့်လှစ်ပြီး မရီးဒါန်ကိုးခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားလေသည်။
အဲ့ဒါက သူ၏ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းအပေါ် သက်ရောက်မည့် အလွန်တရာ အရေးကြီးသည့် ခြေလှမ်းဖြစ်လေသည်။
သူ၏ အခြေခံအုတ်မြစ်က ခိုင်မာလေလေ.. သူစုဖွဲ့မည့် ရွှေအမြုတေအရည်အသွေးက ပိုကောင်းလေဖြစ်ပြီး သူနားလည်ရရှိမည့် ရွှေအမြုတေနယ်မြေကလည်း ပိုမိုသန်မာလာမည် ဖြစ်လေသည်။
အန္တိမအခြေတည်အဆင့်၌ ဆူဇီမို၏ တိုက်ခိုက်ရည်ကလည်း ဆတက်တိုးလာပေလိမ့်မည်။
ဝင်ရောက်လာတော့မည့် အန္တရာယ်ကိုလည်း သူခံစားမိနေ၏။
ဝင်ရောက်လာတော့မည့်မုန်တိုင်းကို ဖြတ်ကျော်နိုင်ဖို့ သူလုပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားမြှင့်တင်ဖို့သာ..