သေရေးရှင်ရေး
Vol. 32 Ch. 474
မဟာကျိုးအင်ပါယာ၏ အနောက်မြောက်ဘက်ထောင့်.. မဟူရာကျီးတောင်ကုန်း..
တောအနက်ပိုင်းထဲ.. အနိဋ္ဌာရုံဆန်ဆန် အမှောင်ထုဧရိယာတွင် သွေးရောင်စွန်းထင်းနေသော နန်းတော်တစ်ခုက တည်ရှိလေသည်။
ဤနေ့တွင် သတင်းတစ်ခုက ရောက်ရှိလာခဲ့၏။
“ဆရာ.. ဆူဇီမိုက ရှေးဟောင်းတိုက်ပွဲမြေကနေ ပြန်လာပြီး ဆန်းကြယ်တောင်ထွတ်ကို ရောက်နေပါပြီ”
“ကောင်းပြီလေ”
သွေးရောင်ဝတ်ရုံနှင့် သက်လက်ပိုင်းရွယ်လူတစ်ယောက်က သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သူ့မျက်လုံးများက မကောင်းဆိုးဝါးဆန်ဆန် စိမ်းဖန့်ဖန့်ရောင်နှင့် တောက်ပနေပြီး အေးစက်စွာ ပြောလိုက်၏။
“ဆန်းကြယ်တောင်ထွတ်ရဲ့ ပတ်လည် ကီလိုမီတာငါးဆယ်အတွင်း ဘယ်ကောင်မှ အသက်ရှင်နေတာ ငါမလိုချင်ဘူး”
သူ့အသံက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး မဟူရာကျီးတောင်ကုန်း၏ ထောင့်တစ်ခုမကျန် အကုန်ပျံ့နှံ့သွားလေသည်။
မဟူရာကျီးတောင်ကုန်းမှ မရေမတွက်နိုင်သော သွေးကျီးကန်းများသည် စူးစူးဝါးဝါး အော်ဟစ်၍ ဆန်းကြယ်တောင်ထွတ်ရှိရာဘက်သို့ အုံလိုက်ကျင်းလိုက် ပျံသန်းသွားကြ၏။
နှစ်ရက်နေပြီးနောက်.. ရောင်ဝါလင်းလက်တိမ်နန်းတော်တွင်..
ဂိုဏ်းအတွင်းရှိ လူများအားလုံး စုဝေးဖို့ အမိန့်တစ်ခုက ထွက်လာ၏။
ဆန်းကြယ်တောင်ထွတ်သို့ ကျူးကျော်စစ် ဆင်နွှဲကြပေမည်..
ဤနှစ်များအတွင်း မဟာကျိုးအင်ပါယာ၏ နယ်မြေအတွင်းရှိ ဂိုဏ်းများအားလုံးသည် ဆန်းကြယ်တောင်ထွတ်ကို တိုက်ခိုက်လုယက်ဖို့ ကြံစည်နေကြပြီး ထိုအထဲတွင် ရောင်ဝါလင်းလက်တိမ်နန်းတော်လည်း ပါဝင်လေသည်။
ထိုအမိန့်က ရောက်ရှိလာသောအခါ ရောင်ဝါလင်းလက်တိမ်နန်းတော်က ယုံကြည်မှု အပြည့်အဝ ရှိနေပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြ၏။
ဤတိုက်ပွဲတွင်.. ရောင်ဝါလင်းလက်တိမ်နန်းတော်ကို တည်ထောင်သူ ဂိုဏ်းချုပ်ဖြစ်သော မူလနတ္ထိ တာအိုသက်ရှိပါ ပါဝင်လာဖွယ် ရှိလေသည်။
ပကတိသက်ရှိကန်းလန်က အားပါးတရ ရယ်မိလိုက်၏။
“ဆူဇီမို.. အို ဆူဇီမို.. မင်းဟာမင်း ဆန်းကြယ်တောင်ထွတ်ကို ဝင်နိုင်ခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ.. နောက်ဆုံးတော့ သေခြင်းတရားကို မင်းရှောင်လွှဲလို့ မရပါဘူးကွာ”
တစ်ချိန်တည်းမှာပင်..
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဦးဆောင်၍ ဆန်းကြယ်တောင်ထွတ်ကို ကျူးကျော်စစ်ဆင်နွှဲမည်ဟူသော သတင်းကလည်း ပျံ့နှံ့လာခဲ့၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ အကြီးအကဲ၊ စီမာကျီက လက်သီးကို တင်းကျပ်စွာဆုပ်လိုက်၏။ သူက အေးစက်စွာဖြင့် အတောမသတ် ရယ်မောလိုက်၏။
“ငါစောင့်နေခဲ့ရတဲ့နေ့က နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ.. ဆူဇီမို မင်း ငါ့တပည့်ကို သတ်ပြီး ငါ့ကိုလဲ ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ အရှက်ခွဲခဲ့တယ်.. ငါမင်းကို ပြာမှုန်ဖြစ်အောင် ပြောင်းပေးမယ်ကွ”
သိပ်မကြာမီ တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြံသူများစွာသည် စုဝေးလိုက်ကြ၏။
အဇူရာနှင်းမြူလွှာဂိုဏ်း။
ရွှေအမြုတေအချို့သည် အတူစုစည်း၍ မတ်တပ်ရပ်လိုက်ကြ၏။ သူတို့ထဲတွင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ ပေါ်လာခဲ့သော ကျိယောင်ရွှယ်၏ ဆရာမဖြစ်သူ ပကတိသက်ရှိ ရီနင်သည်လည်း ပါဝင်လေသည်။
အပြင်ဘက်တွင် ထွက်ပေါ်နေသော သတင်းများကို ကြားသောအခါ သူမသည် သက်ပြင်းချလိုက်၏။
တစ်ကယ်တော့ အဲ့ဒါက အတော်ကြာကြာကတည်းက လူတိုင်း ကြိုတင်မျှော်လင့်ထားခဲ့ပြီးသော အခြေအနေတစ်ခု ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ်၏ တည်ထောင်သူ ဂိုဏ်းချုပ် ကွယ်လွန်သွားပြီးကတည်းက သူတို့သည် အားနည်းသွားခဲ့ပြီးဖြစ်ပြီး သူတို့၏ တစ်ခုတည်းသော ပင်မထောက်တိုင်မှာ အိုမင်းလာနေပြီဖြစ်သော သားရဲတောကောင်တစ်ကောင်သာ ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ်၏ အခြေခံအုတ်မြစ်က အခြားသော ဂိုဏ်းကြီးလေးဂိုဏ်းထက် ပိုမိုသန်မာပြီး ဆန်းကြယ်တောင်ထွတ်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကို ကြာမြင့်ခဲ့လေပြီ။ လူတိုင်းသည် သူတို့ဂိုဏ်းရှိ မရေမတွက်နိုင်သော ရတနာများနှင့် လျှို့ဝှက်ပညာရပ်များကို လုယူဖို့ ချောင်းမြောင်းနေခဲ့ကြ၏။
သည့်အရင်က အခြားသောဂိုဏ်းများသည် အရမ်းကာရော မပြုမူ မလှုပ်ရှားရဲရသည့်အကြောင်းမှာ မူလနတ္ထိအဆင့်ဖြစ်သော အင်မော်တယ်ကြိုးကြာအိုကြီးကို ထိတ်လန့်နေကြသောကြောင့် ဖြစ်လေသည်။
ဂိုဏ်းကြီးငါးဂိုဏ်းတွင် မူလနတ္ထိပညာရှင်တစ်ယောက်စီရှိပြီး ပဲ့ကိုင်ထိန်းကျောင်းကာ မျှခြေကို ထိန်းထားကြ၏။
သို့သော်လည်း အင်မော်တယ်ကြိုးကြာအိုကြီးက သူမဘဝ၏ နေဝင်ခါနီးအချိန်ကို ရောက်ရှိသည်နှင့် မျှခြေက ပျက်ပြားသွားပြီး ဆန်းကြယ်တောင်ထွတ်က ချေမှုန်းဖျက်ဆီးခံရတော့မည်ဖြစ်ကြောင်း ရွှေအမြုတေများနှင့် နိုးထဝိညာဉ်များအားလုံး သိထားကြလေသည်။
ပြောရမည်ဆိုလျှင် အခြားသော ဂိုဏ်းကြီးများက ထိုအခွင့်အရေးကို စောင့်နေခဲ့ကြသည်မှာ ဆယ်စုနှစ်အနည်းငယ် ကြာခဲ့လေပြီ။
သို့သော် အခုအခါ သွေးကျီးကန်းနန်းတော်သခင်၏ ဦးဆောင်မှုနှင့်အတူ.. ရောင်ဝါလင်းလက်တိမ်နန်းတော်၊ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနှင့် တောင်ပိုင်းတောင်တန်းဂိုဏ်းတို့အပြင် အခြားသော ဂိုဏ်းများနှင့် ကျင့်ကြံသူများကလည်း ဆန်းကြယ်တောင်ထွတ်၏ အခြေအနေအပေါ် အမြတ်ထုတ်ဖို့ ထွက်လာကြလေပြီ။
ပကတိသက်ရှိရီနင်၏ အဇူရာနှင်းမြူလွှာဂိုဏ်းကလည်း အများနည်းတူ ပါဝင်လာလေသည်။
“လူတိုင်းက မြေနိမ့်ရာကို လှံစိုက်ချင်ကြတာပဲ”
သူမက ညင်သာစွာ သက်ပြင်းချလိုက်၏။
ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ တွေ့ခဲ့ရသော စာပေသမားဆန်ဆန် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို သူမသည် ပြန်လည်အမှတ်ရသွားပြီး နှမြောဝမ်းနည်းသလို ခံစားလာရ၏။
ဆယ်ရက်အတွင်း မဟာကျိုးအင်ပါယာအတွင်းရှိ ဂိုဏ်းများအားလုံးသည် ထိုသတင်းကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကြားသိလိုက်ရပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချီတက်လာကြ၏။ သူတို့အားလုံး၏ ပစ်မှတ်က ဆန်းကြယ်တောင်ထွတ်ပင် ဖြစ်လေသည်။
“မင်းဟာမင်း မဟာကျိုးရဲ့ နံပါတ်တစ်နတ်ပန်းပဲဆရာဆိုတော့ရော ဘာဖြစ်လဲ.. နောက်ဆုံးတစ်နေ့မှာတော့ မင်းကြိုးစားထားသမျှ အားလုံးက ငါတို့အတွက် ဖြစ်လာတာပဲမလား”
“ဟီးဟီး.. ဆန်းကြယ်တောင်ထွတ်က လျှို့ဝှက်ပညာရပ်တွေကို အသာထားဦး.. ဆရာမိုတစ်ယောက်ထဲဆီက စိတ်ဝိညာဉ်လက်နက်တွေနဲ့တင် ရေလို့တောင် ရမှာ မဟုတ်ဘူး”
. . .
ဆန်းကြယ်တောင်ထွတ်တွင်..
ဆန်းကြယ်နန်းတော်ရှေ့၌ ရာနှင့်ချီသော ရွှေအမြုတေများက မတ်တပ်ရပ်နေကြ၏။ သူတို့အများစုသည် သုန်မှုန်သောမျက်နှာထားများနှင့် အသည်းအသန် တီးတိုးဆွေးနွေးနေကြ၏။
လူတိုင်း၏ အလယ်တွင် ဂိုဏ်းချုပ်လင်းယွမ်က ထိုင်နေ၏။ သူ့မျက်လုံးများကို မှိတ်ထားပြီး အမူအယာကင်းမဲ့နေ၏။
“ဂိုဏ်းချုပ်ကို အစီအရင်ခံပါတယ်”
ရွှေအမြုတေတစ်ယောက်က ခန်းမထဲသို့ အလောတကြီး ဝင်လာပြီး အလေးအနက် တင်ပြလိုက်၏။
“ဂိုဏ်းအပြင်ဘက် တောအုပ်မှာ သွေးနီရောင်မျက်လုံးနဲ့ကျီးကန်းအချို့က ရုတ်တရက် ပေါ်လာပြီးတော့ တဖြည်းဖြည်းနဲ့ ပိုပိုများလာနေပါတယ်”
“သိပြီ”
ဂိုဏ်းချုပ်လင်းယွမ်က ထူးမခြားနားလေသံနှင့် ပြန်ပြောလိုက်၏။ သူ့မျက်လုံးများကို မဖွင့်ပေ။
များစွာသော ရွှေအမြုတေများ၏ နှလုံးက တစ်ချက်ခုန်သွားပြီး သူတို့ဘာသာသူတို့ တွေးလိုက်ကြ၏။
“လာနေကြပြီပဲ”
နောက်ဆုံးတစ်နေ့မှာတော့ ဤကပ်ဆိုးကို သူတို့ မရှောင်နိုင်သေးဘူးပဲ။
အစတုန်းကတော့ ဤကပ်ဆိုးသည် အင်မော်တယ်ကြိုးကြာကြီး၏ နောက်ခံကြောင့် ကျရောက်လာဖို့ နောက်နှစ်ပေါင်း နှစ်ဆယ်သုံးဆယ်လောက် ကြာနိုင်သေးလေသည်။
သို့သော်လည်း ဤအချိန်အတောအတွင်း တစ်စုံတစ်ရာက ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။ အံ့ဩစရာကောင်းလောက်အောင် တိုက်ဆိုင်စွာနှင့် ဆူဇီမိုသည် မွှေနှောက်ပတ်သတ်၍ သွေးကျီးကန်းနန်းတော်သခင်နှင့် ညှိနှိုင်းလို့မရလောက်အောင် ရန်ငြိုးရန်စ ပွားများခဲ့ပြီး ယနေ့အခြေအနေကို ရောက်ရှိလာစေခဲ့လေသည်။
“အဲ့ဒါအကုန်လုံးက ဆူဇီမိုရဲ့ အမှားပဲ.. သူ့ကြောင့်သာ မဟုတ်ရင် ငါတို့က သွေးကျီးကန်းနန်းတော်လို့ အင်အားတောင့်တင်းတဲ့ဂိုဏ်းနဲ့ ရန်သူဖြစ်ခဲ့မှာ မဟုတ်ဘူး” နောက်ဆုံးမှာတော့ ရွှေအမြုတေအဆင့်တစ်ယောက်က မအောင့်အည်းနိုင်တော့ဘဲ သုန်မှုန်စွာနှင့် ပြောလိုက်၏။
“အမှန်ပဲ”
အခြားတစ်ယောက်က ထပ်ပြောလိုက်၏။
“ဂိုဏ်းချုပ်.. ဆူဇီမိုကိုသာ ထုတ်ပေးလိုက်တော့ဗျာ.. အဲ့ဒါဆို သွေးကျီးကန်းနန်းတော်ရဲ့ အမျက်လဲ ပြေပျောက်ရင် ပျောက်သွားမှာ”
“အဲ့ဒါဟုတ်တယ်.. ဆူဇီမိုရဲ့ ရန်ကြွေးကို ဆန်းကြယ်တောင်ထွတ်က ဘာလို့ ကြားဝင်ခံပေးရမှာလဲ”
ခန်းမထဲမှာ သဘောထားကွဲလွဲသည့် အသံများက ပိုပိုကျယ်လာပြီး များစွာသော ရွှေအမြုတေများ ဝင်ပါလာကြလေသည်။
“သောက်အဓိပ္ပါယ် မရှိတာကွာ”
ဖိုသီဖတ်သီအဖိုးအိုက မျက်လုံးပြူးမျက်ဆံပြူးနှင့် ဝင်ဆဲလိုက်၏။ သူသည် စောစောက ပြောနေသော ရွှေအမြုတေများကို လက်ညိုးထိုးပြီး အော်လိုက်၏။
“မင်းတို့ကောင်တွေ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး ဒီလိုစကားတွေကို ပြောထွက်ရတာလဲကွ”
“ဆူဇီမို မရှိခဲ့ဘူးဆိုရင်တောင် ငါတို့က သွေးကျီးကန်းနန်းတော်နဲ့ ရန်းငြိုးရန်စ မဖြစ်တော့ဘူးလို့ မင်းတို့ထင်နေတာလား”
“တန်လင်းတောင်ကြားတိုက်ပွဲမှာ ငါတို့ဂိုဏ်းက ကျင့်ကြံသူတွေအများကြီးကို သတ်ဖြတ်ခဲ့တာ ဘယ်သူတွေလဲ မင်းတို့ မသိကြဘူးလား”
“တောင်ထွတ်သခင်ဝမ်ရွှမ်းကို သတ်ခဲ့တာရော ဘယ်သူလဲ.. မင်းတို့မှာ ခေါင်းမပါဘူးလား”
ဖိုသီဖတ်သီအဖိုးအို၏ ဆက်တိုက်မေးခွန်းများတွင် လူတိုင်းသည် အသံတိတ်သွားကြ၏။
ဖိုသီဖတ်သီအဖိုးအိုက ကျယ်လောင်စွာနှင့် ဆက်ပြီး ငေါက်ငမ်းလိုက်၏။
“ကျန်တာတွေကို အသာထားဦး.. ဆူဇီမိုကြောင့်သာ မဟုတ်ရင် တန်လင်းတောင်ကြားမှာကထဲက ငါတို့ တပည့်တွေ အကုန်လုံးက သေကုန်ကြပြီ”
“ဂိုဏ်းအတွက် သူဒီလောက် အနစ်နာခံ အကျိုးဆောင်ပေးထားတာတောင် မင်းတို့က သူ့အမှားပဲ ပြောနေရအောင် မင်းတို့ကောင်တွေက ခွေးချီးစားပြီး ကြီးလာကြတာလားကွ”
ဖိုသီဖတ်သီအဖိုးအို၏ ဒေါသတကြီး အော်ငေါက်သံက ခန်းမထဲတွင် ကျယ်လောင်စွာ ဟိန်းပြီး ထွက်လာ၏။
ရွှမ်ယီကလည်း မတ်တပ်ရပ်၍ ခက်ထန်စွာ ပြောလိုက်၏။
“ထပ်ပြီးပြောရရင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲတုန်းက ဆူဇီမိုရဲ့ ပဲ့ကိုင်ထိန်းကျောင်းမှုကြောင့်သာ မဟုတ်ရင် ဆန်းကြယ်တောင်ထွတ်က မဟာကျိုးမှာ လူအများ လှောင်ပြောင်ကဲ့ရဲ့စရာ ဖြစ်လာပြီးတော့ ကျင့်ကြံရေးလောကမှာ ခေါင်းမဖော်ဝံ့အောင် အရှက်ရလိမ့်မယ်”
“အဲ့လိုမျိုး တပည့်တစ်ယောက်ကို ငါတို့က စွန့်လွှတ်ပြီး ထုတ်ပေးလိုက်မယ်ဆိုရင် လူတိုင်းက ငါတို့ကို နှာခေါင်းရှုံ့ကြလိမ့်မယ်”
“တော်လောက်ပြီ”
ဂိုဏ်းချုပ်လင်းယွမ်က သူ့မျက်လုံးကို ဖွင့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ဆူဇီမို အဲ့လိုမျိုး အကျိုးဆောင်မှုတွေ မရှိဘဲနဲ့ ဆန်းကြယ်တောင်ထွတ်ရဲ့ သာမန်တပည့်တစ်ယောက်ဆိုရင်တောင် ငါတို့ သူ့ကို ထုတ်ပေးစရာ ဘာအကြောင်းမှ မရှိဘူး.. ငါတို့က ကိုယ်အသက်ရှင်ဖို့အတွက် ငါတို့ရဲ့ တပည့်တွေကို ချနင်းခဲ့မယ်ဆိုရင် ဆန်းကြယ်တောင်ထွတ်က ဒီနေ့အထိ ရှိနေစရာတောင် အကြောင်းမရှိဘူး.. နောက်ပြီးတော့ ငါကိုယ်တိုင်လဲ အဲ့လိုမျိုးအရာကို လုံးဝမလုပ်နိုင်ဘူး”
“လူတိုင်းမှာ သူ့ရည်မှန်းချက်နဲ့သူ ရှိပြီးသားပဲ ငါနားလည်တယ်.. ဂိုဏ်းကနေ ထွက်ချင်တဲ့သူရှိရင် အခုနေ ထွက်လို့ရတယ်.. ငါ မင်းတို့ကို တားမှာ မဟုတ်ဘူး”
ဂိုဏ်းချုပ်လင်းယွမ်၏ အကြည့်က လူအုပ်ကြီးထဲကို ဖြတ်သန်းသွား၏။
တချို့ကျင့်ကြံသူများသည် လက်သီးဆုပ်လေးစားဟန်ပြ၍ တစ်ယောက်ပြီးတစ်ယောက် ထထွက်သွားကြ၏။ သို့သော် အများစုကတော့ နေမြဲတိုင်းနေကြလေသည်။
လူအုပ်ကြီးထဲတွင် ခြောက်ကပ်ကပ်အဝါရောင်ဆံနွယ်များနှင့် ထူးချွန်ထက်မြက်ဟန်ရှိသော မိန်းကလေးတစ်ယောက်သည် မတ်တပ်ရပ်နေ၏။
သူမသည် ဖြစ်ပျက်သမျှကို ခပ်သဲ့သဲ့ပြုံး၍ ကြည့်ရှုနေပြီး သူမ၏ မျက်လုံးများက တောက်ပလာကာ စိတ်လှုပ်ရှားလာ၏။
သည့်အရင်က နန်းကြည်သည် ဆူဇီမိုနှင့်အတူ ဆန်းကြယ်တောင်ထွတ်သို့ လိုက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာနားထောင်နေခဲ့၏။
သူမသည် ငယ်စဉ်ကတည်းက အိမ်ရာအတည်တကျ မရှိဘဲ ခြေဦးတည့်ရာ လျှောက်သွားနေရ၏။ ထိုသို့ဖြင့် သူမအတွက် လူများကို ယုံကြည်ဖို့ ခက်ခဲလေသည်။
ယခု ဤကဲ့သို့ စိမ်းသက်သောနေရာတစ်ခုကို ရောက်လာပြီးနောက် သူမအတွက် အားလုံးက သူစိမ်းဖြစ်နေပြီး သူမသည် နေရတာ မအီမသာ ခံစားနေခဲ့ရလေသည်။ ဆူဇီမိုကလည်း တံခါးပိတ်ကျင့်ကြံသွားတာကြောင့် သူမသွားပြီး မနှောင့်ယှက်လိုပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤဂိုဏ်းအပေါ် သူမ၏ ထင်မြင်ချက်က တဖြည်းဖြည်း ပြောင်းလဲလာလေသည်။
ဂိုဏ်းတွင်းတွင် ချစ်စရာကောင်းသော ကျင့်ကြံသူအုပ်စုများရှိပြီး အဲ့ဒီမှာ ဖြောင့်မတ်မှန်ကန်သောလူများလည်း ရှိလေသည်။
ထိုအခိုက်အတန့်၌ သူမသည် ဂိုဏ်းချုပ်လင်းယွမ်၏ စကားများကို ကြားပြီးနောက် နန်းကြည်သည် ယခုမှစ၍ ဘယ်လိုပဲဖြစ်ပါစေ၊ ဆန်းကြယ်တောင်ထွတ်မှာပဲ နေတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။