သေလောက်တဲ့ရိုက်ချက်
Vol. 32 Ch. 476
မူလနတ္ထိအဆင့်များအကြား တိုက်ပွဲက ပေါ်ပေါက်လာခြင်းနှင့်အတူ.. နှစ်ဖက်စလုံးမှ နိုးထဝိညာဉ်အဆင့်များသည်လည်း ပေတစ်ထောင်အထက်အမြင့်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်၍ တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်ကြ၏။
ထိုအမြင့်၌ နိုးထဝိညာဉ်များအကြား တိုက်ခိုက်မှုက ရွှေအမြုတေများနှင့် အခြေတည်အဆင့်များအပေါ် အကျိုးသက်ရောက်စေမည် မဟုတ်တော့ပေ။
ရွှေအမြုတေများသည်လည်း မြေပြင်အထက် ပေတစ်ရာအမြင့်သို့ ခုန်တက်၍ စတင်တိုက်ခိုက်လိုက်ကြ၏။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်အတတ်များနှင့် ဓါးပျံများက လေထဲမှာ ရှုပ်ရှက်ခတ်ကုန်ပြီး ရွှေအမြုတေနယ်မြေများတောင် ပါလာလေသည်။
မြေပြင်တွင် အခြေတည်အဆင့်ကျင့်ကြံသူများသည် ကြီးမားသည့် ရေစီးကြောင်းနှစ်ခုကဲ့သို့ ပြင်းထန်စွာ ပွတ်တိုက်ထိတွေ့ကုန်ကြလေသည်။
နိုးထဝိညာဉ်နှင့် ရွှေအမြုတေအဆင့်မှာ အရေအတွက်အားဖြင့် သွေးကျီးကန်းနန်းတော်က အသာမရပေ။
သို့သော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများ၏ အရေအတွက်မှာတော့ သူတို့က ဆန်းကြယ်တောင်ထွတ်ထက် အဆများစွာ ပိုသာလေသည်။
တိုက်ပွဲက စတင်သည်နှင့် ဆန်းကြယ်တောင်ထွတ်သည် အခြေတည်အဆင့်တိုက်ပွဲမြေပြင်မှာ အရေးနိမ့်စပြုလာလေသည်။
မကြာသေးခင်နှစ်များက ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့်ပါရမီရှင်အများစုသည် တန်လင်းတောင်ကြားမှာ သေဆုံးခဲ့ကြရ၏။ ကျန်သူများထဲမှ ကျိချန်းရှန်၊ လမ့်ရိုနှင့် အခြားသူများကလည်း သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို ဖမ်းဆုပ်၍ မဟာကျိုးအင်ပါယာမှ ထွက်ခွာသွားခဲ့ကြ၏။
ဂိုဏ်းမှာ ကျန်ရှိနေသော အခြေတည်အဆင့်ကျင့်ကြံသူများမှာ ခေါင်းဆောင်းဟူ၍ မရှိတော့ဘဲ သူတို့ထဲ အသန်မာဆုံးသူများမှာ မရီးဒါန်ငါးခုအခြေတည်အဆင့်များဖြစ်၍ ကျန်သူများမှာ မရီးဒါန်လေးခု ဖြစ်ကြလေသည်။
သွေးကျီးကန်းနန်းတော်ဘက်၌ အခြေတည်အဆင့်ကျင့်ကြံသူပေါင်း ကိုးထောင်ကျော်ကျော်ရှိပြီး သူတို့ထဲတွင် မရီးဒါန်ခြောက်ခုအခြေတည်အဆင့် နှစ်ယောက်ပါရှိပြီး မရီးဒါန်ငါးခုအခြေတည်အဆင့်ကလည်း အတော်များလေသည်။
ရှေးဟောင်းတိုက်ပွဲမြေနှင့်မတူဘဲ မဟာကျိုးအင်ပါယာ၏ ပတ်ဝန်းကျင်အနေအထားကြောင့် မရီးဒါန်ခြောက်ခုကို ဖွင့်လှစ်နိုင်ခြင်းမှာ ကျင့်ကြံသူတိုင်း၏ အကန့်အသတ် ဖြစ်လေသည်။
ဘုန်း.. ဘုန်း.. ဘုန်း..
တိုက်ပွဲကစတင်သည်နှင့် ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့်ကျင့်ကြံသူများသည် ရှုံးနိမ့်စ ပြုလာလေပြီ။
အရေအတွက်ရော ခွန်အားပါ ကွာခြားနေမှုကို ဖာထေးနိုင်သည့်အရာ ဘာမှ မရှိပေ။
မျက်စိထဲမှာ ထင်းကနဲဖြစ်နေသော ကျင့်ကြံသူမှာ ဆန်းကြယ်တောင်ထွတ်ဘက်မှ ထူးချွန်ထက်မြက်သည့် မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်လေသည်။
ထိုမိန်းကလေးမှာ အသက်ငယ်ငယ်သာ ရှိသေးပြီး သူမ၏ သွင်ပြင်များက ရှုပ်ထွေးပွေလီ၍ ဖြောင့်စင်းသောနှာတံရှိလေသည်။ သူမ၏ မျက်လုံးများက စိန်ကဲ့သို့ တဖျပ်ဖျပ်လက်နေသော်လည်း သူမ၏ ဆံနွယ်များက ညှိုးခြောက်၍ အဝါရောင်ရှိကာ ရှုပ်ပွနေ၏။
ဤမိန်းမပျိုလေးကတော့ နန်းကြည်ပင် ဖြစ်လေသည်။
ကျင့်ကြံသည်မှာ နှစ်နှစ်ပင် မပြည့်သေးသော်လည်း သူမသည် မရီးဒါန်သုံးခုအခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်လေသည်။
နန်းကြည်၏ တည်ရှိမှုကြောင့်ပင် ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့်ကျင့်ကြံသူများက အပြတ်အသတ် ရှုံးနိမ့်မသွားသေးခြင်း ဖြစ်လေသည်။
သူမသည် လက်တစ်ဖက်က ဓါးပျံတစ်လက်ကို ထိန်းချုပ်၊ အခြားတစ်ဖက်က ဆေဘာကို ကိုင်ကာ သွေးကျီးကန်းတော်၏ လူအုပ်ကြီးထဲသို့ ပြေးဝင်ချသွားပြီး ဘယ်သို့ညာသို့ လွှဲရမ်းခုတ်ပိုင်းနေလေသည်။
အစတုန်းက နန်းကြည်သည် သူမ၏ ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်ချီ မရှိခင်ကတည်းက တစ်တန်လောက်လေးသော ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို မယူနိုင်ပြီး သူမက မွေးရာပါနတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထားသည်ဟု ပြောလို့ရလေသည်။
ယခု ကျင့်ကြံရေးလမ်းကြောင်းပေါ် ရောက်လာသောအခါ သူမ၏ ခွန်အားက ဆတိုးတက်လာပြီး ကျားကိုတောင်ပံတပ်ပေးလိုက်သလို ဖြစ်လာ၏။
သူမသည် မရီးဒါန်သုံးခုအခြေတည်အဆင့်သာ ဖြစ်သော်လည်း မရီးဒါန်လေးခုအခြေတည်အဆင့်များကို သတ်ဖြတ်နိုင်ပြီး မရီးဒါန်ငါးခုအခြေတည်အဆင့်များနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
သူမ၏ ဆေဘာကို ကျယ်ပြန့်စွာ လွှဲရမ်း၍ ရှုပ်ထွေးနက်နဲသည့် မည်သည့်လှုပ်ရှားမှုမှ မပါဘဲ နန်းကြည်သည် ဆူဇီမို၏ ယခင်ပုံစံအတိုင်း အတိအကျ လိုက်လာလေသည်။
သူမသည် ပကတိခွန်အားသက်သက်ဖြင့် အရာရာတိုင်းကို လွှမ်းမိုးခြယ်လှယ်နေ၏။
ဗျစ်..
သူမ၏ ခုတ်ချက်ကို မခုခံနိုင်ဘဲ မရီးဒါန်လေးခုအခြေတည်အဆင့်တစ်ယောက်သည် နှစ်ပိုင်းပြတ်ကျသွား၏။
တဖြည်းဖြည်းနှင့် နန်းကြည်၏ ဘေးတွင် မရီးဒါန်ငါးခုအခြေတည်အဆင့်များက ပိုပိုများလာပြီး မရီးဒါန်ခြောက်ခု အခြေတည်အဆင့်နှစ်ယောက်ကပင် သူမကို ပစ်မှတ်ထားလာလေပြီ။
“ငါတို့ အတူပူးပေါင်းပြီး အဲ့ကောင်မလေးကို အရင်သတ်ရအောင်”
မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။
ဘုန်း ဘုန်း.. ဘုန်း..
ရွှစ်.. ရွှစ်.. ရွှစ်..
အနည်းဆုံး မရီးဒါန်ငါးခုအခြေတည်အဆင့်ကျင့်ကြံသူ ဆယ်ယောက်လောက်က နန်းကြည်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကျင့်ကြံသူ နှစ်ယောက်ကလည်း သူတို့၏ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ဓါးပျံများကို ထုတ်လွှတ်လိုက်ကြ၏။ တိုက်ခိုက်မှုများက နန်းကြည်ပေါ်သို့ တဖွဲ့ဖွဲ့ကျဆင်းလာလေသည်။
နန်းကြည်သည် ချက်ချင်းပင် လွန်စွာ အန္တရာယ်များသည် အခြေအနေသို့ ရောက်လာ၏။
သူမသည် သွေးကျီးကန်းနန်းတော်ဘက်မှ လူအုပ်ကြီးထဲသို့ ကျွံဝင်လာမိသည်မှာ အတော်ကြာပြီဖြစ်ပြီး ဆန်းကြယ်တောင်ထွတ်အဖွဲ့နှင့် အတော်လေး ဝေးနေလေပြီ။ ယခုအခါ သူမသည် လှိုင်းထန်နေသောပင်လယ်ထဲသို့ ရောက်လာသော သစ်ရွက်လေးတစ်ရွက်ကဲ့သို့ ကူကယ်ရာမဲ့နေလေပြီ။
နန်းကြည်သည် မသေချင်သေးပေ။
သူမသည် ဆန်းကြယ်တောင်ထွတ်မှာ ဆက်လက်နေထိုင်ရင်း သူမ၏ သခင်လေးနောက်သို့ လိုက်ချင်သေးလေသည်။
သို့သော်လည်း ယခုအခြေအနေတွင် လူတိုင်းသည် သူတို့ကိုယ်သူတို့သာ အနိုင်နိုင် ခုခံကာကွယ်နေရပြီး သူမကို မည်သူမှ ကယ်နိုင်တော့မည် မဟုတ်ပေ။
သူမအသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော ထွက်ပေါက်မှာ သူမကိုယ်သူမ အားကိုး၍ တိုက်ခိုက်ဖို့သာ ဖြစ်လေသည်။
ဘက်ပေါင်းစုံမှ ဝင်ရောက်လာနေသော တိုက်ခိုက်မှုများတွင် နန်းကြည်သည် တဆတ်ဆတ် တုန်ယင်လာပြီး သူမ၏ သွေးချီများကို အစွမ်းကုန် ထုတ်ဖော်လှည့်ပတ်လိုက်၏။ တဖြည်းဖြည်းနှင့် သူမ၏ မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်သော အပြာရောင်ပြောင်းလာပြီး နက်ရှိင်းသောသမုဒ္ဒရာအရောင်နှင့် တူလာလေသည်။
ကြောက်စရာကောင်းသော အော်ရာတစ်မျိုးသည် သူမ၏ ကိုယ်တွင်းမှ ဖြာထွက်လာ၏။
ရှေးကျသော စွမ်းအားတစ်မျိုးက နိုးထလာသလိုပင်။
“အား”
နန်းကြည်သည် ကောင်းကင်ထက်သို့ မော့၍ နားပင်းလောက်အောင် အော်ထုတ်လိုက်၏။
မူလက ညှိုးခြောက်နေသော သူမ၏ ဆံနွယ်များသည် ပိုးသားလို နူးညံ့လာပြီး လေမတိုက်ဘဲ ယိမ်းနွဲ့၍ တလက်လက် တောက်ပဝင်းလဲ့လာလေသည်။
သူမ၏ ခြေထောက်အောက်မှာ ဘာမှ မရှိဘဲနှင့် သူမသည် လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာ၏။ အဇူရာပြာရောင်မျက်လုံးများ၊ ကခုန်နေသော ရွှေရောင်ဆံနွယ်များနှင့်အတူ သူမသည် လောကနတ်ဘုရားတစ်ပါးလို ဖြစ်လာ၏။
ထိုမြင်ကွင်းက ရွှေအမြုတေများနှင့် နိုးထဝိညာဉ်များအပေါ် များစွာလှုပ်ခတ်မှု မဖြစ်စေခဲ့ပေ။
ဘာပဲပြောပြော နန်းကြည်က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်မျှသာ ဖြစ်လေသည်။
သူမထံမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသောစွမ်းအားက ကြောက်စရာကောင်း၍ ချောက်ချားဖွယ်ရာကောင်းနေသော်လည်း ရွှေအမြုတေအဆင့်များကိုတော့ ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
သို့သော်လည်း တိမ်လွှာများအထက်မှ အကြိတ်အနယ် တိုက်ပွဲဆင်နွှဲနေသော သွေးကျီးကန်းနန်းတော်သခင်၏ အမူအယာက ပြောင်းလဲသွားလေသည်။
“ဟမ့်”
သူ့အကြည့်က လေဟာနယ်ကို ထိုးဖောက်၍ နန်းကြည်အပေါ် ကျဆင်းသွား၏။
“ဟိုမျိုးနွယ်များ ဖြစ်နေ...”
နန်းတော်သခင်သည် တစ်စုံတစ်ရာကို ပြန်လည်ပုံဖော်စဉ်းစားရင်း သူ့အကြည့်က တဖျပ်ဖျပ်လက်လာ၏။
တိုက်ပွဲမြေပြင်တွင် မရေမတွက်နိုင်သော လက်နက်များနှင့် စိတ်ဝိညာဉ်တိုက်ကွက်များအောက် နစ်မြှုပ်ပျောက်ကွယ်တော့မည့် နန်းကြည်၏ ကိုယ်တွင်းမှ စွမ်းအင်များက ပေါက်ကွဲထွက်ပေါ်လာ၏။
ဇီ..
အဘက်ဘက်မှ ရောက်ရှိလာသော စိတ်ဝိညာဉ်လက်နက်များသည် လေထဲမှာ တောင့်ခဲသွား၏။
စိတ်ဝိညာဉ်တိုက်ကွက်များတောင်မှ ပြင်းထန်စွာ တုန်ခါ၍ ပျက်ပြယ်လာလေသည်။
ထိုအခြင်းအရာကို မြင်ပြီး လက်ရှိအခြေတည်အဆင့်ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်လန့်ဖျပ်သွားကြ၏။
မရီးဒါန်သုံးခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က မရီးဒါန်ငါးခုအခြေတည်အဆင့် ဆယ်ယောက်နှင့် မရီးဒါန်ခြောက်ခုအခြေတည်အဆင့် နှစ်ယောက်၏ အင်အားအပြည့် တိုက်ခိုက်မှုကို တစ်ကယ်ပဲ ခုခံနိုင်စွမ်းရှိတာလား။
ထိုမြင်ကွင်းက လူတိုင်း၏ အသိဉာဏ်ထက် ကျော်လွန်နေလေပြီ။
အဲ့ဒါမှာ ကွာဟချက်က အဆင့်သုံးဆင့်တောင် ဖြစ်၏။
ခဏမျှ ရပ်တန့်သွားပြီးနောက် စိတ်ဝိညာဉ်လက်နက်များအားလုံးသည် နောက်ပြန်လန်ကျသွားသလို နန်းကြည်၏ အကြည့်ကလည်း မှေးမှိန်သွား၏။ သူမသည် အလွန်တရာ အားနည်းသွားပုံရပြီး လေထဲကနေ အရုပ်ကြိုးပြတ် ပြန်ပြုတ်ကျလာလေသည်။
“ကော်း.. ကော်း”
ကြိုးကြာသံတစ်သံက ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းတန်းတစ်ခုက လှစ်ကနဲ ပျံသန်းလာကာ နန်းကြည်ကို သယ်ဆောင်၍ ပိုမြန်သောနှုန်းထားဖြင့် နောက်ပြန်ဆုတ်သွား၏။
နန်းကြည်ကို လာရောက်ကယ်တင်သွားသူက ကြိုးကြာလေးပင် ဖြစ်လေသည်။
“ဟဟဟားဟား”
ထို့နောက် အဝေးတစ်နေရာမှ ကျယ်လောင်သည့်ရယ်သံကြီးက ထွက်ပေါ်လာ၏။
“ကျုပ် တာအိုသက်ရှိ ရောင်ဝါလင်းလက်တိမ်နန်းတော်ကကျင့်မင် သွေးကျီးကန်းနန်းတော်သခင်ကို နှုတ်ခွန်းဆက်ပါတယ်”
“ကျုပ် တောင်ပိုင်းတောင်တန်းဂိုဏ်းက တာအိုသက်ရှိ လောင်ယန်...”
ကျုပ် အဇူရာနှင်းမြူလွှာဂိုဏ်းက တာအိုသက်ရှိ ဟန်မင်း.. နန်းတော်သခင်ကိုကူပြီး အဲ့ဒီတောကောင်အိုကြီးကို သတ်ဖို့ ရောက်လာပါပြီ”
“ကျုပ် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက တာအိုသက်ရှိ လျောင်ယွမ် သွေးကျီးကန်းနန်းတော်သခင်ကို နှုတ်ခွန်းဆက်ပါတယ်”
ကြောက်စရာကောင်းသည့်အော်ရာလေးခုက တိမ်လွှာများကြား ထိုးတက်သွားပြီး အင်မော်တယ်ကြိုးကြာအိုကြီးကို ဝိုင်းပတ်လိုက်ကြ၏။
ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် ရင်ထဲနင့်ကနဲ ဖြစ်သွားကြ၏။
အင်မော်တယ်ကြိုးကြာအိုကြီးက အိုမင်းနေပြီဖြစ်ပြီး သွေးကျီးကန်းနန်းတော်သခင်တစ်ယောက်တည်းကိုတောင် အသာစီး မရယူနိုင်သေးပေ။ သို့သော် ယခုအခါ နောက်ထပ် မူလနတ္ထိပညာရှင်လေးယောက်က ထပ်တိုးလာပြန်လေပြီ။
တိုက်လိုခိုက်လိုစိတ်များနှင့်အတူ စိတ်ဝိညာဉ်ယာဉ်ပျံများက ခပ်လှမ်းလှမ်းကနေ ပျံသန်းလာနေ၏။
သိပ်မကြာမီ အခြားသောဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများသည် ရောက်ရှိလာကြလေသည်။
အဲ့ဒီမှာ နိုးထဝိညာဉ်က နှစ်ရာတိတိရှိပြီး ရွှေအမြုတေများက နှစ်ထောင်ရှိလေသည်။ ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများသည် စုပေါင်းလာကြ၏။
အဲ့ဒီမှာ အခြေတည်အဆင့်ကျင့်ကြံသူများက နောက်ထပ်တစ်သောင်းကျော် ရောက်ရှိလာကြ၏။
တိုက်ပွဲမြေပြင်သို့ ဤမျှ စွမ်းအားကြီးမားများပြားသည့် အင်အားများ ထပ်ပေါင်းရောက်ရှိလာခြင်းက ဆန်းကြယ်တောင်ထွတ်အတွက်တော့ သေကွင်းသေကွက် ရိုက်ချက်ပင် ဖြစ်လေသည်။
အစတုန်းက ဆန်းကြယ်တောင်ထွတ်သည် နိုးထဝိညာဉ်နှင့် ရွှေအမြုတေအဆင့် တိုက်ပွဲကွင်းပြင်တွင် ကြံကြံခံ ခုခံနိုင်နေသေး၏။
သို့သော် ယခုအခါ ဆန်းကြယ်တောင်ထွတ်၏ တိုက်ပွဲကွင်းပြင်လေးခုစလုံးသည် ရန်သူများ ပတ်ချာလည် အဝိုင်းခံလိုက်ရပြီး အချိန်မရွေး အမြစ်ပြတ်သုတ်သင်ခံရမည့် အခြေအနေသို့ ဆိုက်ရောက်သွားလေသည်။
တစ်ချိန်တည်းနီးပါးမှာပင် ဆန်းကြယ်တောင်ထွတ်အတွင်း လိုဏ်ဂူခန်းဝါတစ်ခုမှ ကျယ်လောင်သည့်မြည်ဟည်းသံကြီးက ထွက်ပေါ်လာ၏။
ပုံရိပ်တစ်ခုက တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာလေပြီ။