မျှော်လင့်ချက်မဲ့ အခြေအနေ
Vol. 32 Ch. 477
အခြားသောဂိုဏ်းလေးဂိုဏ်းမှ အင်အားများ ထပ်ပေါင်းလာခြင်းနှင့်အတူ တိုက်ပွဲအခြေအနေက ပြောင်းလဲသွား၏။
အင်မော်တယ်ကြိုးကြာအိုကြီးက ငါးယောက်-တစ်ယောက် တိုက်ခိုက်နေရ၏။ သူ၏ တောင်ပံများကို ဖြန့်၍ လေများကို တဟူးဟူး တွန်းကန်စေပြီး တိမ်စိုင်များက အတောမသတ် ရွေ့လျားသွားကြ၏။ ဓမ္မစွမ်းအားများက လေထဲမှာ ပြည့်နေပြီး ဒေါသတကြီး မာန်ဖီသံများနှင့်အတူ ခွန်အားအပြည့်သုံး၍ တိုက်ခိုက်နေကြ၏။
အင်မော်တယ်အိုကြီးက အိုမင်းနေပြီဖြစ်သော်လည်း သူ့မှာ မူလသွေးမျိုးဆက်ကြမ်းကြုတ်ငှက်တစ်ကောင်၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းက ကျန်ရှိနေသေးလေသည်။
ရွှီး.. ရွှီး.. ရွှီး..
တုန်လှုပ်ဖွယ်ရာသားရဲအတတ်တစ်ခုကို ထုတ်ဖော်လိုက်သောအခါ.. သူ၏ ကိုယ်မှ ငှက်မွေးတောင်ပေါင်း သောင်းချီက ပစ်လွင့်ထွက်သွား၏။
ကြက်သွေးရောင်မီးတောက်များနှင့် လောင်ကျွမ်းနေပြီး ငှက်မွေးတောင်တစ်ခုချင်းက ကမ္ဘာဖျက်လှံတံများနှင့် တူနေလေသည်။ သူတို့က လေဟာနယ်ကို ပြင်းထန်စွာ ထိုးဖောက်၍ ပျံသန်းလာနေ၏။
“ငါ့သွေးကနေ သွေးကျိန်စာကြေးမုံတစ်ခု ဖြစ်ပေါ်လိုက်စမ်း”
နန်းတော်သခင်က သူ၏ လက်ချောင်းထိပ်ကိုကိုက်၍ လတ်ဆတ်သောသွေးတစ်စက်ကို ခါထုတ်လိုက်၏။
သူ၏ အရိုးတောင်ဝှေးကို ဝေ့ရမ်း၍ ထိုသွေးစက်ကို လမ်းညွှန်ကာ လေထဲမှာ စက်ဝန်းသဏ္ဌာန်များကို ရေးဆွဲလိုက်လေသည်။
မန္တန်တစ်ခုကို ရွတ်ဆို၍ သူ့ရှေ့မှာ သွေးရောင်ကြေးမုံတစ်ခုကို လျှင်မြန်စွာ ဖန်တီးလိုက်၏။
အနီရောင်ငှက်မွေးတောင်များက တရိပ်ရိပ်နှင့် ပျံသန်း၍ သွေးလှိုင်းလုံးများကို ဖန်တီးကာ ကြေးမုံ၏ မျက်နှာပြင်ကို ပြင်းထန်စွာ ဝင်ဆောင့်ပြီးနောက် သူတို့၏ မီးတောက်များက တဖြည်းဖြည်းနှင့် ငြိမ်းသေသွားလေသည်။
အခြားသော မူလနတ္ထိပညာရှင်လေးယောက်သည်လည်း နမော်နမဲ့ မပြုမူရဲဘဲ သူတို့၏ စွမ်းပကားများကို အစွမ်းကုန်ထုတ် ခုခံလိုက်ကြ၏။
. . .
ထိုသားရဲနည်းစနစ်က အင်မော်တယ်ကြိုးကြာအိုကြီး၏ ကျန်ရှိသော အသက်ဓါတ်အဆီအနှစ်အားလုံးနီးပါးကို ကုန်ဆုံးသွားစေ၏။
သူ့အကြည့်က အနည်းငယ် မှိန်ဖျော့သွားပြီးနောက် အရင်ကလောက် ထက်ရှခြင်း မရှိတော့ပေ။
ဆန်းကြယ်တောင်ထွတ်မှ မလှမ်းမကမ်းတွင် ချပ်ဝတ်များကို ဝတ်ဆင်ထားသော စစ်တပ်တစ်တပ်က လေထဲတွင် ပေါ်လာ၏။ သူတို့အားလုံးက လေထဲမှာ မတ်မတ်ရပ်၍ လှံရှည်များကို ကိုင်စွဲကာ မျက်နှာများက တင်းမာခက်ထန်နေကြ၏။
အဲ့ဒါက ရွှေအမြုတေစစ်တပ်တစ်တပ်ပင် ဖြစ်လေသည်။
ထိုစစ်တပ်၏ အလယ်တွင် ရထားလုံးတစ်စင်းက လိုက်ပါလာ၏။
ရထားလုံး၏ ရှေ့တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိနေလေသည်။
သက်လတ်ပိုင်းရွယ်လူတစ်ယောက်က အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်မှောင်ကြုတ်ထား၏။ သူက တိမ်လွှာများထက်မှ မဟာတိုက်ပွဲကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်၏။
“ရွှယ်အာ.. နင်ဆန္ဒရှိတဲ့အတိုင်း ငါနင့်ကို ဒီနေရာထိ ခေါ်လာခဲ့ပြီးပြီ.. နင်မြင်တဲ့အတိုင်းပဲ ဆန်းကြယ်တောင်ထွတ်က ဒီကပ်ဘေးကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူး”
အမျိုးသားနှင့် အမျိုးသမီးက မဟာကျိုးဧကရာဇ်နှင့် ကျိယောင်ရွှယ်တို့ ဖြစ်လေသည်။
ကျိယောင်ရွှယ်က မနေနိုင်ဘဲ မေးလိုက်၏။
“အဖေက အခုထိ အကူပေးဖို့ကို ငြင်းဆန်နေတုန်းလား.. ကျမတို့ မဟာကျိုးမှာ မူလနတ္ထိပညာရှင် တစ်ယောက်မက ရှိတာပဲ”
ဧကရာဇ်က တိတ်တဆိတ် ခေါင်းခါလိုက်၏။
ကျိယောင်ရွှယ်က ဆက်ပြော၏။
“နောက်ပြီး ကျမကြားတာတော့ မဟာကျိုးရဲ့ မိသားစုဘိုးဘေးက အခုထိ အသက်ရှင်နေသေးပြီး သူက ဓမ္မဝိသေသ တာအိုအရှင်တစ်ပါးဆို”
ဓမ္မဝိသေသအဆင့်က မူလနတ္ထိအဆင့်၏ အထက်မှာ ဖြစ်လေသည်။
မူလနတ္ထိအဆင့်မှာရှိသော ပုဂ္ဂိုလ်များက တာအိုသက်ရှိဟူသောဘွဲ့ကိုရပြီး ဓမ္မဝိသေသအဆင့်မှာရှိသော သူများကိုတော့ တာအိုအရှင်ဟု ခေါ်ကြလေသည်။
ခဏမျှ ငြိမ်သက်သွားပြီးနောက် ဧကရာဇ်က ညင်သာစွာ ပြန်ပြောလိုက်၏။
“ရွှယ်အာ.. တစ်ကယ်တော့ ဒီကိစ္စမှာ ဝင်မစွက်ဖက်ဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့သူက မိသားစုဘိုးဘေးကိုယ်တိုင်ပဲ”
“ဘာလို့လဲ”
ကျိယောင်ရွှယ်က မယုံကြည်နိုင်စွာ မေးခွန်းထုတ်လိုက်၏။
“ဓမ္မဝိသေသ တာအိုအရှင်တစ်ပါးအနေနဲ့ မိသားစုဘိုးဘေးက မူလနတ္ထိတာအိုသက်ရှိတွေကိုတောင် မနိုင်ဘူးလား.. သူက ဘာကို ကြောက်နေတာလဲ”
“အာ့ယား...”
ဧကရာဇ်က သက်ပြင်းချလိုက်၏။
“မိသားစုဘိုးဘေးသာ ထွက်လာရင် သူက သွေးကျီးကန်းနန်းတော်သခင်ကို သေချာပေါက် ဖိနှိမ်နိုင်တာပေါ့.. ဒါပေမယ့်လို့ အဲ့ငနဲရဲ့ နောက်ခံက ဘယ်လိုမှကို အထိမခံဘူး.. သူက ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲကပဲ...”
“သူက ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲက ဆိုတော့ရော ဘာဖြစ်လဲ.. ကမ္ဘာဦးခေတ်တုန်းက သူတို့က လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေကို ရှုံးနိမ့်ခဲ့ရတာပဲ မဟုတ်ဘူးလား” ကျိယောင်ရွှယ်က နားမလည်နိုင်ပေ။
တစ်ခုခုကို ပြန်လည်အမှတ်ရသွားသည့်အလား.. ဧကရာဇ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုက ပေါ်လာပြီး ခေါင်းခါလိုက်၏။
“ကမ္ဘာဦးမျိုးနွယ်ကိုးစုရဲ့ စွမ်းအားက သမီးစဉ်းစားနိုင်တာထက် အများကြီးပိုတယ်ကွဲ့”
“ငါတို့သာ ကမ္ဘာဦးမျိုးနွယ်ကိုးစုက ပညာရှင်တွေကို တစ်ကယ်တမ်း အမျက်ထွက်စေခဲ့ရင်.. မဟာကျိုးအင်ပါယာကို မပြောနဲ့ ထျန်ဟွမ်မြောက်ပိုင်းဒေသကြီးတစ်ခုလုံးတောင် ကပ်ဘေးဆိုက်သွားနိုင်တယ်”
“ဟိုးအရင်တုန်းက မိသားစုဘိုးဘေးက အဲ့လိုမျိုး ကပ်ဘေးတစ်ခု ကျရောက်လာတာကို ကိုယ်တိုင်မြင်တွေ့ဖူးခဲ့တယ်တဲ့”
ခဏမျှ ရပ်တန့်ပြီးနောက် ဧကရာဇ်က ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။
“ဆူဇီမိုက ဆန်းကြယ်တောင်ထွတ်ကနေ ထွက်သွားလောက်ပြီလို့ မျှော်လင့်ရတာပဲ”
. . .
အခြားတစ်ဖက်မှာတော့ ကောက်ကြောင်းအပြည့်အစုံနှင့် တစ်မူထူးခြားသော အမျိုးသမီးနှစ်ယောက်သည် ရှေးကျသောတောအုပ်အတွင်းမှာ မတ်တပ်ရပ်နေကြ၏။
တစ်ယောက်က အသက်ပိုကြီးပုံရသော်လည်း သူမ၏ မျက်နှာက အိုစာသည့်ပုံ လုံးဝ မရှိပေ။ ထို့အစား သူမထံမှ ရင့်ကျက်တည်ကြည်သော ညှို့ငင်ဓါတ်က ထွက်ပေါ်နေ၏။
အခြားတစ်ယောက်ကတော့ ပန်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတစ်ခုကို တပ်ထားကာ သူမက ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်ဖြစ်ပုံ ရလေသည်။
“ဒေါ်လေးဂူ.. ဆူဇီမိုက အခုထိ ပေါ်မလာသေးဘူးဆိုတော့ သူက ဆန်းကြယ်တောင်ထွတ်မှာ မရှိလောက်တော့ဘူးထင်တယ်နော်” ပန်းရောင်ဝတ်မိန်းကလေးက ပျော်ရွှင်စွာ ပြောလိုက်၏။
သူတို့နှစ်ယောက်မှာ ရတနာ့ကောင်းကင်လေလံအိမ်တော်မှ ဘဏ္ဍာစိုးခေါင်းဆောင် ဂူရှီနှင့် နတ်ဆိုးမကျိတို့ ဖြစ်လေသည်။
“အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့.. အခုအခြေအနေအတိုင်းဆို သူပေါ်လာရင်လဲ သေဖို့ပဲရှိတယ်”
ဂူရှီ၏ အမူအယာက မပြောင်းမလဲ ရှိနေ၏။
“သွေးကျီးကန်းနန်းတော်သခင်က ကမ္ဘာဦးမျိုးနွယ်ကိုးစုရဲ့ စုန်းမျိုးနွယ်ကပဲ.. လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ကျင့်ကြံရေးလောကမှာ ဖြစ်ပျက်ခဲ့တဲ့ ကပ်ဘေးက အရမ်းကို စွဲထင်ကျန်နေတုန်းပဲ”
မဟာကျိုးအင်ပါယာက မိသားစုဘိုးဘေးမပြောနဲ့.. အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက လူတွေတောင် ကမ္ဘာဦးမျိုးနွယ်ကိုးစုကိစ္စမှာ ဝင်ပါချင်ကြမှာ မဟုတ်ဘူး”
နတ်ဆိုးမကျိက ခေါင်းခါလိုက်၏။
“အဲ့လိုတော့ သေချာပေါက် ပြောလို့ မရဘူးလေ.. ဟိုမိစ္ဆာဂိုဏ်းက စီနီယာဆိုရင် ဘာကိုမှ ကြောက်မှာ မဟုတ်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် နတ်ဆိုးမကျိက ဂူရှီ၏ အင်္ကျီလက်စကိုဆွဲပြီး မေးလိုက်၏။
“ဒေါ်လေးဂူ.. အခုထိ စာမပို့ထားသေးဘူးလား.. အဲ့စီနီယာက ဘာပြောလဲ”
“သူက ဘာပြောမှာလဲ”
ဂူရှီက နှုတ်ခမ်းဆူလိုက်၏။
“သူက အေးတိအေးစက်နဲ့ အညှာတာမဲ့တဲ့လူပဲ.. ငါ့ဆီက သတင်းစကားကို ကြားပြီးတာတောင် သူက ဘယ်လိုမှ မတုံ့ပြန်ဘူးလေ.. သူ့ဆီကနေ ဘာမှ မျှော်လင့်မထားတာပဲ ကောင်းလိမ့်မယ်”
. . .
ဆန်းကြယ်တောင်ထွတ်တွင် တိုက်ပွဲက ပြင်းထန်လာနေ၏။
နိုးထဝိညာဉ်တိုက်ပွဲမြေပြင်တွင် ဂိုဏ်းချုပ်လင်းယွမ်က ပကတိနိုးထဝိညာဉ်အဆင့်ကို ရောက်ရှိနေပြီးဖြစ်ပြီး မူလနတ္ထိအဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းသာ လိုတော့လေသည်။ သူ၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်နှင့်အတူ ရှေ့ဆုံးကနေ တိုက်ခိုက်၍ ခါးသက်စွာ ကြံ့ကြံ့ခံထား၏။
ရွှေအမြုတေနှင့် အခြေတည်အဆင့်တိုက်ပွဲကွင်းပြင်မှာတော့ ဆန်းကြယ်တောင်ထွတ်က အပြတ်အသတ် ရှုံးနိမ့်နေလေပြီ။
နန်းကြည်သည် မောပန်းနွမ်းနယ်နေပြီဖြစ်ပြီး ကြောက်စရာကောင်းလောက်အောင် ဖြူလျော့နေ၏။ ကြိုးကြာလေးပေါ်မှာ လှဲလျောင်းရင်း သူမက အချိန်တိုအတွင်း ပြန်လည်အားဖြည့်နိုင်ဖို့ ခက်ခဲလေသည်။
သွေးကျီးကန်းနန်းတော်နှင့် အခြားသောဂိုဏ်းလေးဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများသည် အညှာတာမဲ့သော လှိုင်းလုံးကြီးများကဲ့သို့ တလိပ်လိပ်တက်၍ ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့်ကျင့်ကြံသူများကို ဝါးမျိုနစ်မြုပ်ဖို့ ပြေးဝင်ချလာလေသည်။
ဤအချိန်အတောအတွင်းတွင် ဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူများနှင့် မဟာကျိုးအင်ပါယာအတွင်းရှိ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများသည် တိုက်ပွဲထဲတွင် ဝင်ပါ၍ အခြေအနေကို အမြတ်ထုတ်ဖို့ ကြိုးစားလာကြ၏။
နန်းကြည်မရှိသောအခါ ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့်ကျင့်ကြံသူများသည် ထပ်ကာထပ်ကာ နောက်ဆုတ်ပေးနေရပြီး အလောင်းများက အပုံလိုက် ကျန်ရစ်ခဲ့လေသည်။
သွေးများက မြစ်တစ်ခုကဲ့သို့ စီးဆင်းနေပြီး အလွန်တရာ ရင်နင့်စရာကောင်းနေလေသည်။
ရွှေအမြုတေအဆင့် တိုက်ပွဲကွင်းပြင်ကလည်း ပိုလို့တောင် အခြေအနေဆိုးနေသေးလေသည်။
ဆန်းကြယ်တောင်ထွတ်မှ ရွှေအမြတေများသည် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်ကြ၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီသည် မီးတောက်များနှင့် ဓါးပျံလေးစင်းကို ထိန်းချုပ်၍ လူအုပ်ကြီးထဲသို့ ပို့လွှတ်ကာ ခြစ်ခြစ်တောက်ပူပြင်းသော ဓါးချီများကို ချန်ရစ်ခဲ့လေသည်။
“အဲ့ဒီခွေးကောင်ဆူဇီမို ဘယ်မှာလဲကွ.. မင်းက ဆက်ပြီးတော့ ပုန်းနေချင်တုန်းလား” တိုက်ပွဲက ရလဒ်က သေချာသလောက် ရှိလာသောအခါ စီမာကျီက ဘဝင်ခိုက်အူမြူးကာ အားပါးတရ ရယ်မောနေ၏။
ပကတိသက်ရှိကန်းလန်က သူ့ဓါးပျံကို ထိန်းချုပ်၍ သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများက အေးစက်စက်လင်းလက်တောက်ပနေ၏။
“ဆူဇီမိုလို အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်နဲ့ ဆန်းကြယ်တောင်ထွတ်တစ်ခုလုံးကို စတေးခံမလို့လားကွ”
သူ၏ မှတ်ချက်စကားက ရှုံးနိမ့်နေပြီဖြစ်သော ဆန်းကြယ်တောင်ထွတ်အဖွဲ့ကို ပိုလို့တောင် မတည်မငြိမ် ဖြစ်သွားစေလေသည်။
“မင်းဘာသာ ငရဲကို သွားစမ်းပါကွာ"
ဖိုသီဖတ်သီအဖိုးအိုက ပြင်းထန်ကြမ်းကြုတ်သော စိတ်နေစရိုက်ရှိပြီး ကျိန်ဆဲလိုက်၏။
သို့သော်လည်း နောက်မကြာခင်မှာပင် သူသည် စိတ်အာရုံတစ်ချက် ပျက်ယွင်းသွားပြီး ပကတိကန်းလန်လက်ချက်ဖြင့် သူ့ထံမှာ ဟက်တက်ကွဲဒဏ်ရာတစ်ခုက ပေါ်လာပြီး သွေးများက စီးထွက်လာလေသည်။
ရွှမ်ယီက သူ၏ ဆဋ္ဌဂံဓါးဝင်္ကပါကို ထုတ်ဖော်ပြီး အကောင်းဆုံးကြိုးစားကာ ဖိုသီဖတ်သီအဖိုးအိုကို ကယ်ထုတ်လိုက်၏။
“ခွိခွိ.. မင်းမျက်လုံးကို သေချာလေးဖွင့်ပြီး တစ်ချက်လောက် ကြည့်လိုက်ပါဦးကွ"
ပကတိသက်ရှိကန်းလန်က သူ့ခြေထောက်အောက်ဘက်ရှိ အခြေတည်အဆင့်တိုက်ပွဲကွင်းပြင်ကို လက်ညိုးထိုးပြီး လှောင်ရယ်လိုက်၏။
“ဆန်းကြယ်တောင်ထွတ်က အခြေတည်အဆင့်ကျင့်ကြံသူတွေက ကုန်သလောက် ဖြစ်နေပြီပဲ”
ရွှမ်ယီနှင့် ဖိုသီဖတ်သီအဖိုးအိုတို့သည် ရင်ထဲထိတ်သွားကြ၏။
မြေပြင်တွင် နန်းကြည်တို့အုပ်စုသည် ဆုတ်ပြီးရင်း ဆုတ်ပေးနေရပြီး တောင်ခြေသို့ပင် ကပ်လာလေပြီ။
တစ်ဖက်မှာ အခြေတည်အဆင့်ကျင့်ကြံသူပေါင်း နှစ်သောင်းရှိပြီး ဆန်းကြယ်တောင်ထွတ်မှာက ရာဂဏန်း အနည်းငယ်လောက်သာ ကျန်ရှိတော့ကာ ခါးသက်စွာ ခုခံတိုက်ခိုက်နေကြရ၏။
တပည့်များအားလုံးသည် ဒဏ်ရာများ ရရှိနေကြပြီး မောဟိုက်နေကြ၏။ သူတို့က နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေကြလေပြီ။
ရွှစ်.. ရွှစ်.. ရွှစ်.. ...
ထိုအချိန်မှာပင် တောင်ကုန်းနောက်ဘက်မှ နက်မှောင်နေသော အလင်းတန်းဆယ်ခုက ပျံသန်းထွက်လာပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ရိုက်ခတ်မှုကို ထုတ်ပေးလာလေသည်။
နက်မှောင်နေသော အလင်းဆယ်ခုက ဖြတ်သန်းသွားပြီးနောက် ကြောက်စရာကောင်းသည့် လေစီးကြောင်းများက ရုန်းကြွလာကာ ဖြတ်သန်းသွားရာ မြေပြင်က အလွှာလိုက်၊ အတန်းလိုက် မွစာကြဲသွားလေသည်။ မြေပြင်တွင် ထယ်ထိုးသွားသလို ချိုင့်တန်းရှည်ကြီး ဆယ်ခုက ဖြစ်ပေါ်လာလေသည်။
လျှပ်စီးလို မြန်ဆန်လှပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ ခုန်ထွက်လာ၏။ သူ၏ စိတ်ဝိညာဉ်တောင်ပံများကို အရူအမူးခတ်၍ လက်ထဲမှာ ဧရာမလရောင်လေးကြီးတစ်လက်ကို ကိုင်ထားကာ မြောက်များလှစွာသော အော်ရာတစ်ခုက ဖြာထွက်နေလေသည်။