အန္တိမအခြေတည်အဆင့်၊ ဒုတိယလူသားဧကရာဇ်
Vol. 32 Ch. 478
နက်မှောင်နေသော အလင်းတန်းဆယ်ခုက လူအုပ်ကြီးထဲသို့ ရက်ရက်စက်စက် ပစ်ဝင်သွားလေသည်။
ဖောက်.. ဖောက်.. ဖောက်..
သွေးရောင်များက ဖြာထွက်လာ၏။
အလင်းတန်းဆယ်ခုက ရှေ့ဆုံးရှိ ကျင့်ကြံသူဆယ်ယောက်ကို ထိုးခွဲသွားပြီးနောက် အရှိန်အဟုန်က နည်းနည်းလေးမှ လျော့ကျမသွားဘဲ ဘယ်လိုမှ ရပ်တန့်မရနိုင်သည့်အလား လူအုပ်ကြီးထဲသို့ ဆက်လက်ထိုးဖောက် ပျံသန်းသွားလေသည်။
အနက်ရောင်အလင်းတန်းဆယ်ခုမှ ကြောက်စရာကောင်းသည့် စွမ်းအားများက ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များ၊ ခြေလက်များက ပေါက်ကွဲပြတ်သတ်ထွက်၍ ကျန်ရစ်ခဲ့လေသည်။
သွေးကျီးကန်းနန်းတော်၊ အခြားသောဂိုဏ်းကြီးလေးဂိုဏ်းနှင့် ဂိုဏ်းငယ်လေးများမှ အခြေတည်အဆင့်ကျင့်ကြံသူနှစ်သောင်းသည် သိပ်သည်းပြည့်ညှပ်၍ ဆန်းကြယ်တောင်ထွတ်သို့ ပြေးဝင်လာကြ၏။
အလင်းတန်းဆယ်ခုက ထိုလူအုပ်ကြီးထဲသို့ ပစ်ဝင်သွားသောအခါ လူအုပ်ကြီးထဲတွင် လမ်းကြောင်းဆယ်ခုက ဖြစ်ပေါ်လာပြီး ထိုလမ်းကြောင်းဆယ်ခုတွင် မရေမတွက်နိုင်သော အလောင်းများနှင့် သွေးများက အိုင်ထွန်းသွားလေသည်။
အနည်းဆုံး အခြေတည်အဆင့်ကျင့်ကြံသူ သုံးရာလောက်က နေရာမှာတင် ပွဲချင်းပြီး သေကုန်ကြလေသည်။
ကျင့်ကြံသူနှစ်သောင်းကျော်ရှိသည့်အနက် ရာဂဏန်းအနည်းငယ်လောက် သေဆုံးသွားခြင်းက သိသာကြီးမားသည့် ပျက်ဆီးဆုံးရှုံးမှု မဟုတ်ပေ။
သို့သော်လည်း အဲ့ဒါက လူတိုင်း၏ နှလုံးသားထဲမှာ စိတ်ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်သွားစေလေသည်။
“ဆူဇီမိုဟ”
သူတို့ထဲမှ မျက်စိအားကောင်းသော ကျင့်ကြံသူအချို့က အစိမ်းရောင်ဝတ်ကျင့်ကြံသူကို တန်းပြီး မှတ်မိသွားကြ၏။
“အဲ့ဒီအလင်းတန်းဆယ်ခုက အဲ့လောက်ကြောက်စရာကောင်းနေသော အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. မြန်မြန်ကြည့်လိုက် သူ့လက်ထဲက လေးက ပကတိစိတ်ဝိညာဉ်လက်နက်ပဲ”
“ဟုတ်တယ်ဟ”
များစွာသောအခြေတည်အဆင့်ကျင့်ကြံသူများသည် မနာလိုအားကျလာပြီး လောဘရမ္မက်တက်လာကြ၏။
ဆူဇီမိုက မဟာကျိုး၏ နံပါတစ်နတ်ပန်းပဲဆရာဖြစ်ပြီး သူ၏ သိုလှောင်အိတ်ထဲမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ပေါင်းများစွာ ရှိကြောင်း သူတို့ကြားဖူးထားခဲ့သည်မှာ ကြာလေပြီ။ ပြောကြသည်မှာ သူမှာ ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်အချို့တောင် ရှိသည်ဆို၏။
ကောလာဟလတွေက တစ်ကယ် မှန်နေတာပဲ..
“ဟမ့်”
များစွာသော ရွှေအမြုတေများသည် လှည့်ကြည့်လိုက်ကြ၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီ၏ မျက်လုံးက ဝင်းလက်သွားပြီး အားပါးတရ ရယ်မောလိုက်၏။
“ကောင်းတယ် ကောင်းတယ် ဆူဇီမို.. မင်းက ပေါ်လာရဲတဲ့သတ္တိတော့ ရှိသားပဲ.. ငါ့တပည့်ရဲ့ သေဆုံးမှုအတွက် မင်းပြန်ပေးဆပ်ရမယ်”
ပကတိသက်ရှိကန်းလန်၏ ရှည်လျားကျဉ်းမြောင်းသည့် မျက်လုံးများက ဆူဇီမိုအပေါ် အသေကျရောက်နေ၏။ သူက အထက်ကနေ ငုံ့ကြည့်ပြီး လှောင်ရယ်လိုက်၏။
“ဆူဇီမို.. မင်းဟာမင်း ဆန်းကြယ်တောင်ထွတ်ကို ဝင်နိုင်ခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ.. နောက်ဆုံးတော့ မင်းရဲ့ကံကြမ္မာကို မရှောင်လွဲနိုင်ပါဘူးကွာ"
ဆူဇီမို၏ အကြည့်က တည်ငြိမ်နေပြီး လေထဲမှာရပ်၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။
ဆူဇီမိုနှင့် မျက်လုံးချင်းဆုံမိသောအခါ သွေးကျီးကန်းနန်းတော်ဘက်မှ အခြေတည်အဆင့်ကျင့်ကြံသူများ၏ နှလုံးက တင်းကျပ်သွားလေသည်။
ထိုလူထံမှ ကြောက်စရာကောင်းသည့်အော်ရာတစ်မျိုးကို ထုတ်ပေးနေ၏။
အဲ့ဒါက မရေမတွက်နိုင်သော သွေးလွှမ်းတိုက်ပွဲများနှင့် မရေမတွက်နိုင်သော အလောင်းများကို ဖြတ်ကျော်ပြီးမှ ရရှိလာသောအော်ရာ ဖြစ်လေသည်။
မြေပြင်ပေါ်ရှိ ဆန်းကြယ်တောင်ထွတ်မှ တပည့်များ၏ အလောင်းများကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တထောင်းထောင်းထလာလေသည်။
“သေစမ်းကွာ”
သူ၏ လရောင်ဝှက်လေးကို သိမ်းလိုက်ပြီး ဆူဇီမိုသည် သူ၏ အင်္ကျီလက်စကို ဝေ့ရမ်းလိုက်သောအခါ ထိပ်တန်းအဆင့် ဓါးပျံ ၁၈လက်က ပေါ်လာ၏။
ဓါးပျံ ၁၈လက်လုံးသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး ရေထဲမှာ ငါးများပွက်သည့်အလား လေထဲမှာ ဝဲဂယက်များက ဖြစ်ပေါ်လာ၏။
“မကောင်းတော့ဘူး”
“အဲ့ဒါ ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်ပညာရပ်ပဲ”
“လူတိုင်းပဲ သတိထား! အား!”
တစ်စုံတစ်ယောက်က ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် အော်လိုက်၏။
ဓါးအလင်းက ဖျတ်ကနဲ ပေါ်လာပြီးနောက် မရီးဒါန်ငါးခုအခြေတည်အဆင့်အချို့သည် ပြန်လှန်တိုက်ဖို့ အခွင့်အရေးပင် လုံးဝမရလိုက်ဘဲ ချက်ချင်းတန်းသေသွားကြ၏။
“စုဖွဲ့စမ်း”
မရီးဒါန်ခြောက်ခုအခြေတည်အဆင့်တစ်ယောက်က ကာကွယ်ရေးအဆောင်အချို့ကို ချိုးဖျက်၍ သူ့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖောလိုက်၏။ ထို့နောက် သူသည် ထိပ်တန်းအဆင့်ခုခံရေးဒိုင်းကာတစ်ခုကို ထုတ်ကာ သူ့ရှေ့မှာ ပိတ်ကာလိုက်၏။
ချွမ်း..
ဓါးပျံက သူ၏ ထိပ်တန်းအဆင့်ဒိုင်းကာပေါ် ကျရောက်လာပြီးနောက် လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ထိုသူအပေါ်သို့ ဆက်လက်ကျဆင်းလာလေသည်။
ဖောက်.. ဖောက်.. ဖောက်..
ဆူဇီမို၏ ဓါးပျံနှင့် ရင်ဆိုင်ရချိန်တွင် သူ၏လျှို့ဝှက်ပညာရပ်များနှင့် ကာကွယ်ရေးအဆောင်များက စက္ကူများကဲ့သို့ ချက်ချင်းပင် ကြေမွပျက်ဆီးကုန်၏။
သွေးများက ဖြာထွက်လာပြီး ကြီးမားသည့် ဦးခေါင်းကြီးက သေသပ်စွာ ကျဆင်းလာလေသည်။
မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က သေလေပြီ။
သွေးကျီးကန်းနန်းတော်ဘက်ကအဖွဲ့သည် ဝရုန်းသုန်းကား ဖြစ်သွားကြပြီး များစွာသောကျင့်ကြံသူများ၏ အမူအယာများကလည်း ပြောင်းလဲသွားကြ၏။
ဘယ်လိုဖြစ်နိုင်မှာလဲ..
နှစ်ဖက်စလုံးက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များဖြစ်၏။ သို့သော် တစ်ဖက်လူ၏ ဓါးပျံက ဘာကြောင့် ဒိုင်းကာကို အလွယ်တကူ ထိုးဖောက်နိုင်ရတာလဲ။
မဟုတ်မှလွဲ...
များစွာသောကျင့်ကြံသူများသည် အလိုလို လှည့်ကြည့်လိုက်ကြ၏။
ဟာ...
လေထဲတွင် ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံအောက်၌ စိတ်ဝိညာဉ်မရီးဒါန်များက တစ်ခုပြီးတစ်ခု တဖျတ်ဖျတ်တလက်လက် တောက်ပလာ၏။
တစ်.. နှစ်.. သုံး.... ကိုး။
မရီးဒါန် ကိုးခု!
အဲ့ဒါက ပုံရိပ်ယောင်တစ်ခုလား..
များစွာသော ကျင့်ကြံသူများသည် သူတို့မျက်လုံးကို ပွတ်သပ်၍ တစ်ဖန်ပြန်ကြည့်ပြီး ပင့်သက်ကို ရှိုက်လိုက်ကြရ၏။
ဟာ...
အဲ့ဒါက တစ်ကယ်ကို မရီးဒါန်ကိုးခု ဖြစ်လေသည်။
ဆူဇီမိုသည် လေထဲတွင် ရပ်နေပြီး သူ၏ ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်ပင်လယ်သည် တဝုန်းဝုန်းထ၍ ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များက သူ၏ မရီးဒါန်ကိုးခုထဲသို့ တလိပ်လိပ်နှင့် စီးဝင်သွားပြီး သူက စွမ်းပကားကြီးမားသော နတ်ဘုရားတစ်ပါးအလား ဖြစ်နေ၏။
များစွာသော ကျင့်ကြံသူများသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။
အခြေတည်အဆင့်ကျင့်ကြံသူများသာမက.. ရွှေအမြုတေများနှင့် နိုးထဝိညာဉ်အဆင့်များပင်လျှင် တုန်လှုပ်သွားကြ၏။
မဟာကျိုးအင်ပါယာအတွင်းမှာ မရီးဒါန်ရှစ်ခုအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်မလာသည်မှာတောင် နှစ်ပေါင်းတစ်ထောင်ရှိသွားလေပြီ။
အခုလို မရီးဒါန်ကိုးခုအခြေတည်အဆင့်ကျင့်ကြံသူဆိုတာကတော့...
ရှေးဟောင်းခေတ်ကတည်းက လူသားဧကရာဇ်ကလွဲလျှင် ထိုအဆင့်သို့ ရောက်ခဲ့ဖူးသည်မှာ တစ်ယောက်မှ ရှိမလာတော့ပေ။
“ဒဏ္ဍာရီတွေက မှန်တာပဲ.. ဒါဆို နဝမမြောက်မရီးဒါန်က တစ်ကယ် ရှိတာပေါ့”
“အန္တိမအခြေတည်အဆင့်.. ဒုတိယမြောက် လူသားဧကရာဇ်”
ပကတိကန်းလန်၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုက ပေါ်လာပြီးနောက် ရင်ထဲမှာ တလျှပ်လျှပ် ခံစားလာရလေသည်။
ဆန်းကြယ်တောင်ထွတ်က ချေမှုန်းခံရတော့မည်ဆဲဆဲဖြစ်ပြီး ဆူဇီမိုက သေခြင်းတရားကနေ မလွတ်မြောက်နိုင်တော့၍သာ တော်သေးတော့သည်။ မဟုတ်ပါက.. ထိုကောင်လေးသာ သည့်ထက်ပိုကြီး ကြီးထွားလာခဲ့လျှင် မဟာကျိုးအင်ပါယာမှာ မည်သူကများ သူ့ကို တားဆီးနိုင်တော့မည်နည်း။
အခုချိန်မှာတောင် သူက မဟာကျိုး၏ နံပါတ်တစ်နတ်ပန်းပဲဆရာ၊ အန္တိမအခြေတည်အဆင့်ကို ရောက်နေပြီးဖြစ်၏။
သူသည် အမြုတေကို ဖွဲ့တည်ပြီးသည်နှင့် ရွှေအမြုတေနယ်မြေတစ်ခုကို သေချာပေါက် ဖန်တီးနိုင်ပေလိမ့်မည်။
ဂိုဏ်းချုပ်လင်းယွမ်သည် ကြိတ်ပြီးသက်ပြင်းချလိုက်၏။
ကံကြမ္မာက ရက်စက်လွန်းလှလေသည်။
ဂိုဏ်း၏ ကံဆိုးမိုးမှောင်ကျမှုကိုသာ သူတို့အပြစ်တင်ရပေတော့မည်။ သူတို့သာ ဤကပ်ဘေးနှင့် မကြုံတွေ့ခဲ့ရလျှင် ကျိချန်းရှန်၊ လမ့်ရိုနှင့် အခြားပါရမီရှင်များနှင့်ဆိုပါက သူတို့က မဟာကျိုးအင်ပါယာအတွင်းမှာ သေချာပေါက် နံပါတစ်ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုဆိုလျှင် သူ၏ အောင်မြင်မှုများက ပိုလို့တောင် အကန့်အသတ်မဲ့ ဖြစ်လာပေလိမ့်ဦးမည်။
ပြောရမည်ဆိုလျှင် သူက ဆန်းကြယ်တောင်ထွတ်ကို ဦးဆောင်၍ နောက်တစ်ချိန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးအဖွဲ့အစည်းကြီးများမှ တစ်ခုပင် ဖြစ်လာနိုင်၏။
အခုတော့...
သွေးကျီးကန်းနန်းတော်သခင်၏ မျက်စိက မှေးကျဉ်းသွားပြီး သူ၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းနက်ရှိုင်းလာ၏။
သူသည် ဆူဇီမိုနှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးရှိခဲ့တာကို ထားဦး.. ဤကောင်လေးက အန္တိမအခြေတည်အဆင့်ဖြစ်နေတာ တစ်ချက်တည်းနှင့်ပင် သူက သေကိုသေရပေလိမ့်မည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဒုတိယလူသားဧကရာဇ်တစ်ယောက်ကို ပေါ်ပေါက်လာခွင့် ပေးလို့ မဖြစ်ပေ။
ထိပ်တန်းအဆင့်ဓါးပျံ ၁၈လက်က လူအုပ်ကြီးထဲ ပျံသန်းသွားသောအခါ မည်သည့်အခြေတည်အဆင့်ကျင့်ကြံသူကမှ အဲ့ဒါကို ခုခံနိုင်ခြင်း မရှိပေ။
အဲ့ဒါက တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်လာလေသည်။
အခြေတည်အဆင့်ကျင့်ကြံသူ နှစ်သောင်းကျော်သည် ဆူဇီမိုတစ်ယောက်တည်းနှင့် နောက်ပြန်လန်ကျလာ၏။
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် အားမာန်များ တက်ကြွလာကြ၏။
တစ်ဖက်အဖွဲ့မှာတော့ ဖရိုဖရဲနှင့် ဝရုန်းသုန်းကား ဖြစ်လာလေသည်။
ထိုအချိန်၌ ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်တောင်ပံများကို ခတ်၍ လေထဲသို့ ပျံတက်လိုက်၏။ သူက ပေတစ်ရာအမြင့်မှာရှိသော ရွှေအမြုတေတိုက်ပွဲကွင်းပြင်သို့ တစ်ကယ်ကြီး ရောက်ရှိသွားလေသည်။
“ဇီမို.. မြန်မြန် ပြန်ဆင်း သွား”
ဖိုသီဖတ်သီအဖိုးအိုက အလောတကြီး လှမ်းအော်လိုက်၏။
လူတိုင်းအတွက်တော့ ဆူဇီမို၏ လှုပ်ရှားမှုက လုံးဝ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင်။
“ဟဟဟားဟား”
စီမာကျီက သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး ရယ်မောလိုက်၏။
“မင်းက အန္တိမအခြေတည်အဆင့်ဆိုရင်တောင် ဘာပဲဖြစ်ဖြစ် အခြေတည်အဆင့်မှာပဲ ရှိသေးတယ်ကွ.. မင်းက ရွှေအမြုတေအဆင့်မှာရှိတဲ့စွမ်းအားက ဘယ်လိုလဲဆိုတာ မကြုံတွေ့ဖူးသေးဘူးပဲ”
“ပါရမီရှင်လေးကို သတ်ဖြတ်ရတဲ့ ခံစားချက်ကို ငါမရခဲ့တာတောင် အတော်ကြာခဲ့ပြီပဲ”
ပကတိသက်ရှိကန်းလန်က ပြုံးစစနှင့် အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို.. ဒီနေ့ အဲ့ဒီခံစားချက်ကို ငါ့ကို ပြန်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပဲ”