← Chapters

ရှေးဟောင်းနဂါးအသွင်ပြောင်း ပညာရပ်

Vol. 32 Ch. 479

ရှေးဟောင်းနဂါးအသွင်ပြောင်း ပညာရပ်

Vol. 32 Ch. 479

ရွှစ်..

များစွာသော အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ရွှေအမြုတေများသည် လေထဲမှာ မတ်တပ်ရပ်နေသော ဆူဇီမိုကို ဝိုင်းပြီး တိုက်ခိုက်လိုက်ကြ၏။

ချက်ချင်းပင် ရာချီ၊ ထောင်ချီသော စိတ်ဝိညာဉ်လက်နက်များနှင့် တိုက်ကွက်များသည် တဖွဲ့ဖွဲ့ ချီတက်လာပြီး လေဟာနယ်ကို တုန်ခါစေကာ ကမ္ဘာတစ်ခုလုံးကိုပင် အရောင်မှိန်ကျသွားစေ၏။

ဆန်းကြယ်တောင်ထွတ်ဘက်ရှိ ရွှေအမြုတေများသည် အရေအတွက်အားဖြင့် အရေးနိမ့်နေပြီးသားဖြစ်၏။

တိုက်ပွဲ၏ ဤအခြေအနေအရောက်တွင် ရွှမ်ယီနှင့် အခြားသူများသည် မောပန်းနေကြပြီဖြစ်ပြီး သူသည် ဓါးဝင်္ကပါကိုပင် မထုတ်ဖော်နိုင်တော့ပေ။

တိုက်ပွဲအခြေအနေက ရှုပ်ထွေးနေစဉ်တွင် ရွှမ်ယီနှင့် အခြားသူများသည် သူတို့ကိုယ်သူတို့သာ အနိုင်နိုင် ခုခံနေရပြီး ဆူဇီမိုကို ကူပေးနိုင်ခြင်း မရှိတော့ပေ။

ဒါ့အပြင် သူတို့ ကူပေးနိုင်လျှင်တောင် ဤမျှပြင်းထန်ပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ၌ သူတို့အားလုံး သေရဖို့သာ ရှိလေသည်။

ရုတ်တရက်..

ဆူဇီမို၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ ယိမ်းထိုးလာပြီး သူ၏ မျက်လုံးများက နက်ရှိုင်းသည့်အလင်းရောင်ဖြင့် တောက်ပလာ၏။ ရုတ်တရက်.. သူ၏ ခန္ဓာကိုယ်တွင်းမှ တုန်လှုပ်ချောက်ချားဖွယ်ရာအော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

အဲ့ဒါက အလွန်တရာ ရှေးကျပြီး လောကဓံတရားကို ကြံ့ကြံ့ခံလာသော အော်ရာတစ်ခုက နိုးထအသက်ဝင်လာသလိုပင်။

ဆူဇီမို၏ ဘေးပတ်လည်သို့ ရောက်ရှိလာပြီဖြစ်သော စိတ်ဝိညာဉ်လက်နက်များနှင့် တိုက်ကွက်များသည် ရွှံညွန်ထဲသို့ ကျဆင်းသွားသလိုမျိုး အရှိန်လျော့ကျနှေးကွေးသွားပြီး နောက်ဆုံးရပ်တန့်၍ ရှေ့ဆက်မတိုးနိုင်ကြတော့ပေ။

ရပ်တန့်သွားခြင်း..

စိတ်ဝိညာဉ်လက်နက်များက တလက်လက်တောက်ပ၍ စိတ်ဝိညာဉ်တိုက်ကွက်များက တဖျပ်ဖျပ်လက်၍ လေထဲမှာ မလှုပ်မယှက် ရစ်ဝဲကုန်ကြ၏။

“အမ်”

များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..

နောက်ခဏ၌ ပိုလို့တောင် တုန်လှုပ်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုက ပေါ်လာပြီး လူတိုင်း၏နှလုံးကို အရူးအမူး ခုန်ပေါက်သွားစေလေသည်။

အလွန်တရာ ရှည်လျားပြီး ဝေဝေဝါးဝါး သက်ရှိတစ်ကောင်၏ ပုံရိပ်က ဆူဇီမို၏ ဘေးပတ်လည်တွင် ပေါ်လာလေသည်။ ၎င်းက လေထဲမှာ ရစ်သိုင်းနေပြီး တဖြည်းဖြည်းနှင့် အသွေးအသားများက စတင်စုဖွဲ့ဖြစ်ပေါ်လာလေသည်။

သက်ရှိကြီးသည် အစိမ်းရောင်ကြေးခွံများနှင့် ပြည့်နေပြီး အေးစက်စက် တောက်ပနေ၏။ ၎င်း၏ ကျောမှ ထက်ရှသော ဆူးချွန်များက တစ်ခုပြီးတစ်ခု ပြူထွက်လာ၏။ ၎င်း၏ အစွယ်များနှင့် လက်သည်းများက အလွန်တရာ ထက်ရှနေပြီး ဦးချိုနှစ်ဖက်က ငွားငွားစွင့်စွင့် ရှိနေ၏။

၎င်း၏ မျက်လုံးများက အလွန်တရာ အေးစက်၍ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ပြည့်နေ၏။

“ဘာ ဘာတွေ ဖြစ်နေတာလဲဟ”

“အဲ့-အဲ့ဒါက တစ်ကယ့် န-နဂါးကြီးလား”

အဇူရာနဂါး၏ အကြည့်အောက်တွင် လူတိုင်းက ပုရွက်ဆိတ်များကဲ့သို့ သိမ်ငယ်လာကြ၏။

အခြေတည်အဆင့်ကျင့်ကြံသူများသည် ချွေးများပေါက်ပေါက်ကျ၍ မွန်းကျပ်လာကြ၏။ တချို့ဆို ဖိအားဒဏ်ကို မခုခံနိုင်တော့ဘဲ တသိမ့်သိမ့်တုန်ရီ၍ မြေပြင်ပေါ်မှာ ဒူးထောက်ကာ ဦးချကုန်ကြ၏။

လေထဲရှိ ရွှေအမြုတေများပင်လျှင် ကြက်သေသေ၍ ကြောက်လန့်တကြား ဖြူလျော့ကုန်ကြ၏။

“အဲ့ဒါက ဘာလဲဟ”

တိမ်စိုင်များအထက်က မူလနတ္ထိခြောက်ယောက်တောင်မှ တုန်လှုပ်သွားကြ၏။

ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်က လူသားဧကရာဇ်၏ တစ်မူထူးခြားသည့် လျှို့ဝှက်ပညာရပ် ဖြစ်လေသည်။

ရှေးဟောင်းခေတ်မှစ၍ လူသားဧကရာဇ်ပြီးလျှင် ဆူဇီမိုသည် အဲ့ဒါကို ဒုတိယမြောက်ကျင့်ကြံနိုင်သူဖြစ်သည့်အတွက် လူတိုင်းနီးပါးသည် ထိုလျှို့ဝှက်ပညာရပ်ကို မမှတ်မိနိုင်ကြပေ။

သွေးကျီးကန်းနန်းတော်သခင်သည်ပင်လျှင် အနည်းငယ် ငေးငိုင်သွား၏။

သူသည် ထိုအဇူရာနဂါးကို အနည်းငယ် ရင်းနှီးနေသလိုပင်.. သို့သော်လည်း အဲ့ဒါက ပိုသေးငယ်ပြီး နဂါးငယ်တစ်ကောင်နှင့် တူနေ၏။

ထိုသို့ဆိုလျှင်တောင် နန်းတော်သခင်သည် ကမ္ဘာဦးအပျက်အစီးနယ်မြေမှာ ကြုံတွေ့ခဲ့ရဖူးသော ကြောက်စရာကောင်းသည့် အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားပြီး သူ၏ မျက်လုံးများထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုက ပေါ်လာ၏။

ဖျောက်.. ဖျောက်.. ဖျောက်..

ပြင်းထန်သည့် ဖိအားအောက်၌ လေထဲ၌ ရစ်သိုင်းနေသော စိတ်ဝိညာဉ်လက်နက်များပေါ်တွင် အက်ကွဲရာများက စတင်ပေါ်လာလေသည်။ ရုတ်တရက် ထိုလက်နက်များက ကြေမွသွားပြီး သတ္တုကျိုးပဲ့စများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျကုန်လေသည်။

သာလွန်အဆင့်နှင့် ထိပ်တန်းအဆင့်လက်နက်များသာ အကောင်းအတိုင်း ကျန်ခဲ့လေသည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်တိုက်ကွက်များသည်လည်း ပျက်ပြယ်ကုန်ကြ၏။

လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြလေသည်။

စိတ်ဝိညာဉ်လက်နက်များပင် မတောင့်ခံနိုင်ဘဲ ကြေမွကုန်ရအောင် ထိုစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်ပါသလဲ။

အသွေးအသားများနှင့်အတူ အသက်ဝင်လာသော အဇူရာနဂါးက ဆူဇီမိုကို ရစ်ခွေ၍ သူ့ကို စောင့်ရှောက်နေ၏။

ဆူဇီမိုက ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်သောအခါ သူ့အထက်ရှိ အဇူရာနဂါး၏ အကြည့်ကလည်း ရွေ့လျားသွားပြီး လူသားနှင့် နဂါးက လိုက်ဖက်ညီစွာ လှုပ်ရှားလိုက်ကြ၏။

မည်သူမှ သူတို့နှစ်ယောက်၏ အကြည့်နှင့် မဆုံရဲကြပေ။

ဆူဇီမို၏ မျက်လုံးများက လျှပ်စီးလျှပ်ပန်းများနှင့် တူနေပြီး သူက ရုတ်တရက် အသက်ပြင်းပြင်းရှိုက်၍ ရင်ဘတ်ကို ပုတ်လိုက်၏။

သူ့ကို ရစ်ခွေနေသော အဇူရာနဂါးကလည်း လေများကို ရှူရှိုက်လိုက်ပြီး ၎င်း၏ ကိုယ်က ပြန့်ကားလာ၏။ ၎င်း၏ ရင်ကိုမော့၍ လေစီးကြောင်းများကို မှုတ်ထုတ်လိုက်သောအခါ လေထဲတွင် ဆိုင်ကလုန်းတစ်ခုက ဖြစ်ပေါ်လာလေသည်။

အနည်းငယ် ရပ်တန့်သွားသလိုပင်..

သူတို့နှစ်ယောက်စလုံးက သူတို့၏ ပါးစပ်များကိုဟ၍ အလွန်တရာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြ၏။

“ဂါး”

ဆူဇီမိုထံမှပါ နဂါးဟိန်းသံက ထွက်လာ၏။

ထိုခဏ၌ ကမ္ဘာတစ်ခုလုံးက တုန်ခါသွားပြီး ရာသီဥတုက ပြောင်းလဲသွားလေသည်။

ဖောက်.. ဖောက်.. ဖောက်..

ဆူဇီမိုနှင့် အနီးဆုံးမှာ ရှိနေသော အခြေတည်အဆင့်ကျင့်ကြံသူများသည် ထိုအသံလှိုင်းကို မခုခံနိုင်ဘဲ သူတို့၏ ခန္ဓာကိုယ်များက စုတ်ပြဲကုန်ပြီး သွေးမြူများအဖြစ် ပြောင်းလဲကာ အလောင်းတောင် မကျန်ခဲ့တော့ပေ။

သူတို့သည် ဟိန်းဟောက်သံကြောင့် သေကုန်ကြ၏။

အနည်းငယ် ဝေးကွာသော အခြေတည်အဆင့်ကျင့်ကြံသူများသည် သူတို့၏ ဒွာရခုနှစ်ပေါက်မှ သွေးများက စီးကျလာ၏။ သူတို့၏ အကြည့်က မှိန်ကျသွာပြီး မြေပြင်ပေါ် ပြိုလဲကျ၍ သေကုန်ကြလေသည်။

ထိုသို့ဖြင့် ကျင့်ကြံသူပေါင်း ထောင်ပေါင်းများစွာက သေကုန်ကြလေသည်။

နဂါးဟိန်းသံ ထွက်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

အခြေတည်အဆင့်တိုက်ပွဲကွင်းပြင်တွင် အလောင်းများက ပြန့်ကျဲ၍ သွေးများက မြစ်လိုစီးနေပြီး မြင်ကွင်းက ငရဲတစ်ခုနှင့် တူနေလေသည်။

အစက အခြေအနေအပေါ် အမြတ်ထုတ်ချင်သော ကျင့်ကြံသူများသည် နောက်ပြန်လှည့်မကြည့်ဘဲ ချက်ချင်း လှည့်ပြေးကုန်ကြလေတော့သည်။

သွေးကျီးကန်းနန်းတော်နှင့် ဂိုဏ်းကြီးလေးဂိုဏ်းဘက်မှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်သောင်းကျော် ရှိနေသေးသော်လည်း သူတို့သည် ရှေ့ဆက်မတက်ရဲတော့ဘဲ နောက်သို့ ဆက်တိုက် ဆုတ်ခွာကုန်ကြ၏။

လူတိုင်း၏ မျက်လုံးထဲမှာ ကြောက်ရွံ့တုန်လှုပ်မှုများက ထင်ဟပ်လာပြီး သူတို့သည် ဆူဇီမိုနှင့် တတ်နိုင်သမျှ ဝေးဝေးခွာနေချင်ကြလေသည်။

သူသည် တစ်ချက်ဟိန်းဟောက်ရုံမျှနှင့် အခြေတည်အဆင့်ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့၏။

လက်ရှိအခြေတည်အဆင့်များကို အသာထား.. ရွှေအမြုတေများနှင့် နိုးထဝိညာဉ်များပင်လျှင် ထိုကဲ့သို့သော နည်းလမ်းမျိုးကို မကြုံတွေ့ဖူးကြပေ။

နဂါးဟိန်းသံက ရွှေအမြုတေအဆင့်အချို့ကိုပင် သူတို့၏ နားနှစ်ဖက်ကို နာကျင်စွာပိတ်၍ လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားစေ၏။

ဆူဇီမိုက အားကောင်းသောသတ်ဖြတ်လိုစိတ်နှင့်အတူ ပကတိသက်ရှိကန်းလန်ကို စူးစိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

“မင်းတို့အဆင့်လောက်နဲ့ မင်းတို့ကောင်တွေကို ငါ့ကို သတ်နိုင်မယ်လို့ ထင်နေကြတာလား”

“သွား”

ဆူဇီမိုက ရှေ့သို့ လက်ညိုးထိုးလိုက်၏။

သူ့ကို ရစ်ခွေနေသော အဇူရာနဂါးက လေထဲသို့ ပျံတက်၍ ကြီးမားသောအော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်၍ သူ့ရှေ့လေထဲမှာ ရပ်နေသော ရွှေအမြုတေသုံးယောက်ကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။ သူတို့၏ ခန္ဓာကိုယ်များက ကျိုးကြေကုန်လေသည်။

ရွှေအမြုတေများက သေလေပြီ။

ဒါ့အပြင် သူတို့သည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ဖြင့် သေကုန်ကြခြင်းဖြစ်၏။

အန္တိမအခြေတည်အဆင့်နှင့် ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်ကို ပေါင်းစပ်လိုက်သောအခါ ဆူဇီမိုသည် ယခုအခါ ရွှေအမြုတေများကိုပင် သတ်ဖြတ်နိုင်သော စွမ်းပကားကို ပိုင်ဆိုင်လာလေပြီ။

အခြားသော ရွှေအမြုတေအချို့သည် စွမ်းအားမြင့်မားသော စိတ်ဝိညာဉ်တိုက်ကွက်များကို ထုတ်လွှတ်တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် အဇူရာနဂါးကို တိုက်ခိုက်ချေမှုန်းရပေမည်။

အဇူရာနဂါး၏ ကိုယ်က တောက်ပလင်းလက်လာပြီး ဟိန်းဟောက်လိုက်၏။ သူသည် သူ့ရှေ့က လူအချို့ဆီသို့ ပြေးဝင်ချသွားပြီး သူ၏ ကြီးမားသည့်ပါးစပ်ကြီးကိုဖြဲကာ သူတို့ကို ဝါးမျိုလိုက်၏။ နှစ်ကိုက်သုံးကိုက် ဝါးပြီးနောက် သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။

“နဂါးဆိုး.. မင်းက ဘယ်လိုတောင် မောက်မာနေတာလဲကွ”

ရွှေအမြုတေများစွာသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ ကြောက်စရာကောင်းသည့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ချိတ်ဆက်သွားပြီး အဇူရာနဂါးကို ချုပ်နှောင်လိုက်၏။

အဇူရာနဂါးသည် ကြိုးစားရုန်းကန်၍ သူ့ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ရာ ခွန်အားက ထွက်ပေါ်လာပြီး ရွှေအမြုတေများ၏ စိတ်ဝိညာဉ်စွမ်းအင်ချိတ်ဆက်မှုများကို ချေမွဖျက်ဆီးလိုက်၏။ သူသည် ကောင်းကင်ထက်သို့ တစ်ဖန်ပျံတက်၍ ပကတိသက်ရှိကန်းလန်ရှေ့သို့ ပြေးဝင်ချသွား၏။

“ဝုန်း”

ပကတိသက်ရှိကန်းလန်သည် မှင်သေသေမျက်နှာထားနှင့်ပင် ရှိနေပြီး သူ့နောက်ဘက်ရှိ ကောင်းကင်က ပြန့်ကွဲထွက်သွား၏။ တဖျတ်ဖျတ်တလက်လက် အရောင်များနှင့်အတူ မရေမတွက်နိုင်သော စိတ်ဝိညာဉ်ရောင်ခြည်များက ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ ပစ်လွင့်လာ၏။

အဲ့ဒါက ရွှေအမြုတေနယ်မြေတစ်ခုပင်..

ဝုန်း.. ဝုန်း.. ဝုန်း..

ပကတိသက်ရှိကန်းလန်ထံသို့ ပြေးဝင်ချလာသော အဇူရာနဂါးသည် ရွှေအမြုတေနယ်မြေနှင့် ထပ်တလဲလဲ ပွတ်တိုက်သွားပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ မြည်ဟည်းသံများက ထွက်ပေါ်လာလေသည်။

နောက်ခဏနေပြီးနောက် အဇူရာနဂါးသည် ပကတိသက်ရှိကန်းလန်၏ ရွှေအမြုတေနယ်မြေနှင့်အတူ ပျက်ပြယ်သွားလေသည်။

လူအုပ်ကြီးသည် တုန်လှုပ်သွားကြ၏။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်လိုက်သော လျှို့ဝှက်ပညာရပ်က ရွှေအမြုတေနယ်မြေတစ်ခုကိုကပင် ရင်ဆိုင်နိုင်လေသည်။

ဆူဇီမိုသာ ရွှေအမြုတေအဆင့်မှာ ရှိနေလျှင် ထိုအဇူရာနဂါးက ပို၍ပင် ကြောက်စရာကောင်းလာလိမ့်မည်ဖြစ်ပြီး ပကတိသက်ရှိကန်းလန်ကို တစ်ကိုက်တည်းနှင့် ဝါးမျိုသွားပေလိမ့်မည်။

All Chapters