ကျွန်း၏ တိုးတက်ခြင်း လုပ်ငန်းစဉ်
Vol. 39 Ch. 575
ရဲ့လင်းချန်က အချိန်စော၍ အဖြေလွှာ အပ်ခြင်းနှင့် ပတ်သက်၍ စာမေးပွဲခန်းစောင့် ဆရာမများ၌ ဘာမှ ပြောစရာ မရှိပေ။
သူ၏ အဖြေလွှာ တစ်ခုလုံး၌ ပြည့်စုံစွာ ဖြေဆိုထားသဖြင့် တကယ်ကို ပြောစရာ မရှိချေ။ သူတို့ ရဲ့လင်းချန်ကို ကြည့်သည့် အကြည့်တောင်မှ ပြောင်းလဲသွားလေသည်။ အနုပညာရှင်တစ်ယောက်က ထိုမျှ အရေးမပါသော်လည်း ထိပ်တန်းကျောင်းသား တစ်ယောက်အား ဆရာမများက အမြဲတမ်း ကြိုဆိုနေမှာ ဖြစ်သည်။
ရဲ့လင်းချန်က သူ၏ အင်္ကျီလက်စကို ခါပြီး ဆက်၍ နှိမ့်နှိမ့်ချချ နေလေသည်။
နောက်နေ့များ၌ သူသည် အားလပ်ချိန်တိုင်း ကျင့်ကြံပြီး စာမေးပွဲဖြေရန် ကျောင်းသို့ သွားခဲ့သည်။ မည်သည့် ဘာသာရပ်မဆို လွယ်လင့်တကူ ဖြေဆိုနိုင်ခဲ့သည်။ ယင်းက ကျောင်းသားများ အားလုံးကို အံ့ဩသွားစေခဲ့ပြီး သူ့ထံမှ အကူအညီ တောင်းလာခဲ့လေသည်။
နောက်ဆုံးတွင် အတန်းတင် စာမေးပွဲများအားလုံး ပြီးဆုံးသွားပြီး ဆောင်းရာသီ အားလပ်ရက် စတင်လေသည်။ ဤသို့နှင့် တစ်လလုံး အားလပ်ရက်များနှင့် ပြည့်လာသည်။
အားလပ်ရက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ရဲ့လင်းချန်အတွက် အတူတူပင်။
ဤအတောအတွင်း သူ့၌ လုပ်စရာ များများစားစား မရှိသဖြင့် ချန်ရှောင်ယန်ကို ကူညီရန်အလို့ငှာ သီချင်းတစ်ပုဒ် ရေးသားရန်သာ လိုအပ်လေသည်။ ကျန်သော သူ၏ အားလပ်ချိန်များအား ချင်ပိုင်ချွမ်း၏ သိုင်းပညာ ရုပ်သံ ဇာတ်လမ်းတွဲအား အကြမ်းဖျင်း ပုံဖော်ခြင်း၌ အချိန် ကုန်ဆုံးခဲ့သည်။ ထို့နောက်တွင်မူ သူ့၌ လုပ်စရာဟူ၍ ဆန်းကြယ်ကျွန်း၌ နေပြီး တဖြည်းဖြည်း တည်ဆောက်နေသည်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။
ထို့အပြင် သူသည် သူ၏ အချိန်များအား ကျွန်းပေါ်၌ လျှောက်သွားပြီး သင့်တော်သော နေရာများ၌ သစ်ပင်များနှင့် အပင်များ စိုက်ပျိုးခြင်းဖြင့် ကုန်ဆုံးလေသည်။ သူ စိုက်ပျိုးသော သစ်ပင်များသည် သာမန် အသီးပင်များ မဟုတ်ဘဲ ရှားပါး၍ အဖိုးတန်သော ရနံ့သင်းသည့် သစ်နက်တစ်မျိုးနှင့် ပိတောက်ပင်တို့ ဖြစ်သည်။ အချို့အပင်များတွင် သဘာဝ ရနံ့များ ရှိသည်။ ၎င်းတို့အား ပရိဘောဂအဖြစ် ပြုလုပ်ပါက အနည်းဆုံး တစ်စုံကို သိန်းချီ၍ ကုန်ကျပေမည်။ သူ စိုက်ပျိုးသော အပင်များကလည်း သာမန်အပင်များ မဟုတ်ချေ။
ထိုအပင်များသည် မကြီးသေးဘဲ ရဲ့လင်းချန် ဝယ်လာသော ပျိုးပင်အဆင့်များသာ ဖြစ်သည်။ သာမန် အခြေအနေမျိုး၌ ဤအဖိုးတန် သစ်ပင်များ ရှင်သန်ကြီးထွားရန် အချိန်များစွာ ကြာမြင့်ပေမည်။ သို့သော် ယင်းက ရဲ့လင်းချန်အတွက် ပြဿနာ မဟုတ်ချေ။
သူ၏ သစ်သား ဝိညာဉ် ခန္ဓာကိုယ်က အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အပင်များ၏ ကြီးထွားမှုကို လှုံ့ဆော်ပေးရန် စိတ်ဝိညာဉ်စွမ်းအင်များ အသုံးပြုနိုင်လေပြီ။ ထို့အပြင် ယင်းက အပင်များအား ၎င်းတို့၏ ပုံမှန် အခြေအနေအတိုင်း ကြီးထွားစေနိုင်ပြီး စိတ်ဝိညာဉ်အား ပို၍ ကျစ်လျစ် သိပ်သည်းစေသည်။
စိုက်ပျိုးသော နေရာများအား ကျပန်း ရွေးချယ်ထားခြင်း မဟုတ်ပေ။ အဝေးမှ လှမ်းကြည့်လျင် ရဲ့လင်းချန် ရွေးထားသော နေရာများက ပါးကွ (Eight trigrams) ပုံစံ အစီအရင် ဖြစ်နေသည်ကို သတိပြုမိပေလိမ့်မည်။ ထို့အပြင် ဤထူးခြားသော အပင်များကို ဤကျွန်းအတွက် အစီအရင်အဖြစ် ထားရန် ရွေးချယ်ရသည့် အကြောင်းရင်းက မြေကြီးထဲမှ နဂါးသွေးကြောကို ဖိနှိပ်ရန် ဖြစ်သည်။ သူသည် ကျွန်းပေါ်မှ စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုကို ထိန်းသိမ်းနိုင်မည့် သဘာဝ အစီအရင်တစ်ခုကို အသုံးပြုနေခြင်း ဖြစ်လေသည်။
ထို့နောက် သူသည် ဆေးစိုက်ခင်း၌ လူသားများနှင့် သားရဲများ၏ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အကာအကွယ် အစီအရင် ချထားလိုက်သည်။ ဤနေရာ၌ စိုက်ပျိုးထားသော အပင်များက ပို၍ တန်ဖိုးရှိသည်။ အထူးသဖြင့် သက်တမ်းရင့်သော အပင်များပင်။
ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံ ဆောက်လုပ်ရေး ပြီးဆုံးသွားချိန်တွင် ဤဆေးပင်များက သက်တမ်း အနှစ် သုံးဆယ်နှင့်အထက် အပင်များနှင့် အတူတူ ဖြစ်သွားပြီး ကုန်ကြမ်းအဖြစ် အသုံးပြုရန် အပြည့်အဝ အသုံးပြုနိုင်ပေမည်။ ထို့အပြင် သက်ရောက်မှုကလည်း အလွန် ကောင်းပေလိမ့်မည်။
ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် သူ့အနီးဝန်းကျင်အား စစ်ဆေးလေသည်။
ပတ်ဝန်းကျင်၌ ရဲ့လင်းချန်သည် ဆေးစိုက်ခင်း၊ သစ်သီးခြံနှင့် တောရိုင်း ဘေးမဲ့တောဟူ၍ သတ်မှတ် ပိုင်းခြားထားသည်။ ၎င်းကို ဖြတ်၍ စမ်းချောင်းငယ်များအဖြစ် စီးဆင်းနေသော မြစ်တစ်စင်းလည်း ရှိသည်။
တစ်ချက် ကြည့်လိုက်သည်နှင့် ပန်းပွင့်များက ပင်လယ်ကဲ့သို့ ပွင့်လန်းနေသည်။ အပင်များနှင့် သစ်ပင်များက အေးမြသော လေညင်းနှင့်အတူ ယိမ်းနွဲ့ ကခုန်နေ၏။
ထိုပန်းပွင့်များကိုလည်း ကြုံရာကျပန်း စိုက်ထားခြင်း မဟုတ်ပါ။ သစ်ခွနှင့် ကြာပန်းဖြူက မျက်လုံးနားမှ အရေပြားကို ကာကွယ်နိုင်ပြီး အဖြူရောင် လီလီပန်းများနှင့် အနီရောင် ကျောက်စွဲပန်းများက အမည်းကွက်များကို နည်းပါးစေပြီး အသားအရေအား ဖြူစေသည်။
ထိုပန်းပင်များသည် လှပရုံသာမက အသားအရေ ထိန်းသိမ်းရေး ထုတ်ကုန်များအတွက် ကုန်ကြမ်းများအဖြစ်လည်း အသုံးပြုနိုင်ပေသည်။
“ဒါရိုက်တာရဲ့၊ ရှင် ဥယျာဉ် စိုက်ပျိုးရေး ပညာကို သင်ခဲ့တာလား၊ ရှင် ဘယ်လိုလုပ် ဒီဘက်မှာ သိပ်တော်နေတာလဲ”
တုန်းမြောင်မြောင်သည် ဆေးပင်များအား တအံ့တဩ ကြည့်နေသည်။
သူမသည် တစ်ချိန်လုံး ကျွန်းပေါ်၌ နေပြီး ဆေးစိုက်ခင်းများကို ကာကွယ်ခဲ့သည်။ သူမအတွက် ဤဆေးပင်များ၏ အရေးပါမှုက အဖိုးဖြတ်မရချေ။
ထို့အပြင် သူမသည် ဆေးဝါး ထုတ်လုပ်ရေး မိသားစု၌ မွေးဖွားခဲ့သူ ဖြစ်သဖြင့် ဆေးပင်များအကြောင်း သိကာ ၎င်းတို့ကို အသုံးပြုရန် ဂရုစိုက်နည်းများအား သိထားလေသည်။ သူမ အကုန်လုံးကို မသိထားသော်လည်း သူမ သိထားသမျှက လုံလောက်ပေသည်။
သို့ရာတွင် သူမ ရဲ့လင်းချန်နောက်သို့ လိုက်လာပြီးကတည်းက သူမ သင်ယူချင်သည့် အရာများက များလွန်း နေသည်ကို သတိပြုခဲ့မိသည်။ ၎င်းတို့ထဲတွင် ရဲ့လင်းချန်၏ ဆေးပင်များကြားမှ ဆက်စပ်မှုကို နားလည်နိုင်သည့် အရည်အချင်းလည်း ပါပေသည်။ ဥပမာ ပြောရလျင် ဘယ်ဆေးပင် နှစ်ပင်က ဘေးချင်းကပ်၍ စိုက်ပျိုးရန် မသင့်တော်သလဲနှင့် ဘယ်အပင်က ဘေးချင်းကပ်၍ စိုက်ရန် သင့်တော်သလဲ စသော နားလည်နိုင်စွမ်း ဖြစ်သည်။
ရဲ့လင်းချန် ဆေးပင်များကို စိုက်ပျိုးပြီးနောက် ၎င်းတို့၏ ကြီးထွားမှုက သူမကို နေ့တိုင်း အံ့အားသင့်စေသည်။ ယင်းက အိပ်မက် တစ်ခုလိုပင်။ သူမသာ မျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ပါက သူမ ဤသို့သော အရာမျိုးကို လုံးဝ ယုံမည် မဟုတ်ပါ။
“ငါ နည်းနည်းပဲ သိတာပါ”
ရဲ့လင်းချန် ရယ်လို်ကသ်ည။
“ဒါက ဒီကျွန်းရဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်တာပါ၊ ဒါက သူတို့ ကြီးထွားမှုအတွက် တော်တော်လေး သင့်တော်လို့ ဖြစ်မယ်”
“အပိုတွေ ပြောမနေပါနဲ့၊ ရှင် အားလုံးကို နည်းနည်းလေးပဲ သိတာလို့ ပြောနေကြလေ၊ ဒါပေမဲ့ ရှင်က အခြားသူတိုင်းထက် ပိုတော်တယ်”
ဟောင်ယွင်က သူ့အား စိတ်ပျက်သလို အကြည့်လွှဲ၍ ချေပပြောဆိုသည်။
“ရှင်က စိုက်ပျိုးရေးမှာတောင်မှ ကျွမ်းကျင်သူလို ဖြစ်နေသလိုပဲ”
ဟောင်ယွင်သည် ဆရာဟောင်နှင့်အတူ ကျွန်းပေါ်၌ နေခဲ့သည်။ ကျွန်းက နိဗ္ဗာန်ဘုံတစ်ခု ဖြစ်နေသည်ကို သတိပြုမိပြီးနောက် သူမ လုံးဝ မပြန်ချင်တော့ပေ။
သူမသည် ဆေးစိုက်ခင်း၌ နေရသည်ကိုလည်း နှစ်ခြိုက်သည်။ သူမက ဆေးပင်များကို သဘောကျ၍ မဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် သီးပင်များကြောင့် ဖြစ်သည်။
“ဒီအသီးတွေက ဘယ်တော့ မှည့်မှာလဲ၊ တော်တော် အရသာရှိမဲ့ပုံပဲ”
ဟောင်ယွင်က တံတွေးကို မျိုချ၍ မေးလိုက်သည်။
“ဒါတွေက ပျိုးပင်အဆင့်ပဲ ရှိသေးတယ်၊ မင်း ဘာတွေ စားဖို့ မျှော်လင့်နေတာလဲ”
ရဲ့လင်းချန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ကျွန်းမှာ သဘာဝ သီးပင် နည်းနည်း ရှိတယ်၊ မင်း အဲ့ဒါတွေကို စမ်းစားကြည့်လေ၊ ဒါပေမဲ့ တစ်ယောက်တည်း တောနက်ထဲ မဝင်နဲ့”
“ဒီကျွန်းက တကယ်ကို နိဗ္ဗာန်ဘုံပဲ၊ တောထဲက အသီးတွေကတောင်မှ အရသာ ရှိတယ်၊ ရှင် ဒါကို ဝယ်တာ မဆန်းပါဘူး၊ ကျွန်မသာ စောစောသိရင် အဘိုးကို ဒီနေရာ ဝယ်ဖို့ ပြောမိမှာ”
ဟောင်ယွင်က ချစ်စရာကောင်းစွာ ပြန်ပြောပြီး အကြည့်လွှဲလိုက်သည်။
“ကျွန်မ ရှင့်ကို ဒီကျွန်း ပေးလိုက်တဲ့ အချက်ကြောင့် ရှင် ကျွန်မကို ဒီမှာ နေဖို့ နေရာတစ်နေရာ ချန်ထားပေး သင့်တယ်”
“အင်း ရတာပေါ့”
ရဲ့လင်းချန်က အသည်းအသန် ခေါင်းညိတ်၍ ပြုံးလိုက်သည်။
“ငါ သဘောမတူရင်တောင်မှ မင်းအဘိုးကို မင်းအတွက် သီးသန့်ဆန်တာလေး တစ်ခု ဆောက်ပေးဖို့ ပြောမှာလေ ဟုတ်တယ်မလား”
“ဟီးဟီး … နောက်ဆို ကျွန်မ ဒီကို အားလပ်ရက်အတွက် ခဏခဏ လာလို့ ရပြီ”
ဟောင်ယွင်က ပြုံး၍ ပြောလိုက်ပြီး သူမ၏ မျက်ဝန်းများက သစ်လွင်သော လကဲ့သို့ စူးရှနေ၏။
“အာဝူး ….”
ထိုစဉ် ကျွန်း၏ တောနက်ထဲမှ ရှည်လျားသော ဝံပုလွေအူသံ ထွက်လာပြီး လေထဲမှ ငှက်အုပ်များ လန့်သွားစေသည်။ သို့သော် တုန်းမြောင်မြောင်နှင့် ဟဟောင်ယွင်၏ အမူအရာက ပြောင်းလဲသွားပုံ မရဘဲ ၎င်းနှင့် အသားကျနေပုံ ရသည်။
“ရှောင်ချင်နဲ့ ရှောင်ဟွေ တစ်ခုခု ဖမ်းမိလာတဲ့ပုံပဲ”
ဟောင်ယွင်က အသံလာရာကို စိတ်ဝင်တစား ကြည့်နေ၏။
“ငါတို့ နေ့လယ်စာတို့ အဆင်သင့် ဖြစ်ပြီ”
“ရစ်ငှက်၊ လယ်ကြွက်၊ ဘဲနှင့် ငန်းတွေ၊ ငါတို့ အခုတလော တောရိုင်းကောင်တွေ စားနေတာ၊ ဘယ်လောက် အရသာ ရှိလိုက်မလဲ”
တုန်းမြောင်မြောင်က သူမဆန္ဒကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားနေသော်လည်း ကျိတ်၍ တံတွေး မျိုချ လိုက်မိသည်။
ရဲ့လင်းချန်သည ကျွန်း၏ တစ်စိတ်တစ်ပိုင်းကို တိုးတက်အောင် လုပ်ခါစသာ ရှိသေးသည်။ ပိုနက်သော အပိုင်းက ပြည့်စုံသော ဂေဟစနစ် ဖြစ်ပေါ်စေသည့် တောနက်တစ်ခုပင်။ တောရိုင်း တိရစ္ဆာန်မျိုးစုံလည်း ရှိသည်။
ရဲ့လင်းချန်သည် တောအုပ်ကို ထိရန် မစိတ်ကူးထားဘဲ ထပ်တိုး တိရစ္ဆာန်များကို မိတ်ဆက်၍ သန့်ရှင်း သပ်ရပ်သည့် သဘာဝ ဘေးမဲ့တောအဖြစ် ပြောင်းလဲချင်နေသည်။
သန့်ရှင်း သပ်ရပ်သော နေရာက သူ၏ တိရစ္ဆာန်ရုံ ဖြစ်သွားသဖြင့် သူတို့ ငွေပေးတာကို လုံးဝ စိတ်ဝင်စားမှာ သေချာတယ်”
မကြာသေးခင်က ရှောင်ချင်နှင့် ရှောင်ဟွေသည် ဝံပုလွေ ဆယ့်နှစ်ကောင် အုပ်နှင့် တွေ့ခဲ့သည်။ ခေါင်းဆောင် ဖြစ်သူက ရှောင်ချင်နှင့် ရှောင်ဟွေကို အဖွဲ့ထဲ ထည့်ရန် စဉ်းစားခဲ့သော်လည်း ရှောင်ချင်ထံ၌ အဆော် ခံလိုက်ရသည်။ ထိုသို့နှင့် ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ လက်အောက်ဝန်ထမ်းများက ဖြစ်သွားလေသည်။
ထို့နောက်တွင်မူ ရှောင်ချင်နှင့် ရှောင်ဟွေ၏ လေ့ကျင့်မှုအောက်၌ ဤဝံပုလွေအုပ်က နေ့တိုင်း ကစားပြီး သူတို့အား အသား အည်းငယ်သာ ပေးလောက်သည်။