← Chapters

ခရမ်းရွှမ်အထွတ်အမြတ်သက်စောင့်မီးအိမ်(ဃ)

Vol. 49 Ch. 738

ခရမ်းရွှမ်အထွတ်အမြတ်သက်စောင့်မီးအိမ်(ဃ)

Vol. 49 Ch. 738

နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးထဲတွင် စိတ်ဓာတ်ပြတ်သားမှုက အတိုင်းသား ထင်ပေါ်နေပြီး နောက်တစ်ခါ ခေါင်းခါလိုက်သည်။

ဧကရာဇ်ဝတ်ရုံနှင့် လူငယ်သည် တစ်ခဏကြာ တိတ်ဆိတ်သွားပြီး သူ၏ အိတ်ကပ်ထဲမှ ခရမ်းရောင်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ သူက ရုပ်တုဆီသို့ ညင်သာစွာ လျှောက်သွားပြီး ပုလင်းထဲမှ အရည်စက်တချို့ကို ခရမ်းရောင်သက်စောင့်မီးအိမ်ပေါ်သို့ သွန်ချလိုက်သည်။

ထိုအရည်သည် ကြည်လင်ပြီး ဆီနှင့်တူသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် လူငယ်သည် ဆီအများကြီး မကျန်တော့သော ပုလင်းကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် သူသည် အနောက်သို့ တိတ်တဆိတ် လှည့်လိုက်သည်။ သူ၏ အမူအရာတွင် ဝမ်းနည်းမှုနှင့် ကြီးမားသော ဝေဒနာတို့ဖြင့် ပြည့်နှက်နေသည်။

လူငယ်က အနောက်လှည့်လိုက်သည့်အခါ သူ၏ မျက်နှာအသွင်ပုံစံသည် ရွှီချင်း၏ မျက်စိရှေ့မှာ ရှင်းလင်းစွာ ပေါ်ထွက်လာသည်။ သူ၏ မျက်နှာသည် နတ်မိမယ်ကျစ်ရွှမ်းနှင့် အတော်လေး ဆင်တူသည်။ သူတို့နှစ်ယောက်သည် မောင်နှမဖြစ်ဟန် တူသည်။

လူငယ်သည် ခန်းမတံခါးဆီသို့ လျှောက်သွားပြီး ရွှီချင်းကို ဖြတ်ကျော်သွားသည်။ ထိုသို့ဖြင့် သူသည် တဖြည်းဖြည်း ဝေးသထက် ဝေးသွားသည်။

သူပျောက်ကွယ်သွားသည်နှင့် ခန်းမတံခါးသည် နှေးကွေးစွာ ပိတ်သွားသည်။

ရုပ်တု၏ ဘေးမှ နတ်မိမယ်ကျစ်ရွှမ်းသည် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ခေါင်းမော့လိုက်သည်။ သူက ရုပ်တုကို ကျောပေးလိုက်ပြီး ထိုနေရာတွင် ထိုင်ချလိုက်သည်။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးသည် ဖြည်းဖြည်းချင်း မည်းမှောင်သွားသည်။

အမှောင်ထုက ခန်းမကို လွှမ်းခြုံသွားသည့်အခါ ရုပ်တုပေါ်ရှိ ကျောက်ဆစ်မီးအိမ်ထံမှ ထုတ်လွှတ်နေသော အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်လာသည်။ မီးအိမ်ထဲတွင် ဆီရှိနေသည့်တိုင် အလင်းရောင်သည် မှေးမှိန်လာပြီး နောက်ဆုံးတွင် လုံးလုံးပျောက်ကွယ်သွားသည်။

အအေးဓာတ်သည် ခန်းမထဲသို့ ဆင်းသက်လာသည်။

အမှောင်ထုက အရာအားလုံးဆီသို့ အစားထိုးဝင်ရောက်သွားသည်။ သက်ပြင်းချသံသည်သာ ဆက်လက် ပဲ့တင်ထပ်သွားသည်။

နောက်အခိုက်အတန့်မှာ အမှောင်ထုသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ခရမ်းရောင်အလင်းသို့ ပြောင်းလဲသွားသည်။ ခရမ်းရောင်အလင်းသည် လေထဲတွင် တစ်ခဏကြာ ရပ်တန့်သွားပြီးနောက် အဝေးမှ အသွေးအသားနံရံများထံသို့ အလျှင်အမြန် ပျံသန်းသွားသည်။

ခရမ်းရောင်အလင်းက ပျောက်ကွယ်သွားသည့်အခါ အအေးဓာတ်သည် မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ ရွှီချင်း၏ အရှေ့မှ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားသည်။

ရွှီချင်း၏ ဘေးမှ ခေါင်းဆောင်သည် အသက်ရှူမြန်လာပြီး အလန့်တကြား ပြောသည်။

“ ဂျူနီယာညီလေး အဲ့ဒါက နည်းနည်းပြဿနာရှိတဲ့ပုံပဲ… အတိတ်တုန်းက ဒီမှာ ဘယ်သူနေခဲ့လဲ ငါသိချင်မိသား… အဲ့ဒါက တကယ်ပဲ ငါ့ကို ဝင်လို့မရအောင် ကန့်သတ်ထားတယ်… အထူးသဖြင့် စောစောတုန်းက ဟိုခရမ်းရောင်အလင်းပဲ… ”

တစ်ချိန်တည်းမှာ အသွေးအသားမြို့နံရံကြီး၏ အပြင်ဘက်တွင် အရိပ်လေး၏ ကျန်အစိတ်အပိုင်းသည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီး ရွှီချင်း၏ ဘေးသို့ တုန်တုန်ယင်ယင်ဖြင့် ပြန်ရောက်လာသည်။ ၎င်းသည် အလွန်တရာ ကြောက်လန့်နေသည်မှာ ထင်ရှားသည်။

“ အထဲမဝင်နိုင်ဘူးလား ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အဝေးမှ အသွေးအသားနံရံများ၏ အနောက်ဘက်မှ ခြံဝန်းဆီသို့ စိုက်ကြည့်လိုက်သည်။

“ စီနီယာအကိုကြီး… ဒီနေရာက နည်းနည်းရင်းနှီးတယ်လို့ ငါခံစားမိနေတယ်… ပြီးတော့ စောစောက အသံကို မင်းကြားလိုက်လား ”

“ ရင်းနှီးတယ်ဟုတ်လား… ဘာသံကိုကြားတာလဲ ”

ခေါင်းဆောင်သည် အံ့ဩသွားသည်။

“ ခရမ်းရောင်အလင်းက သက်ပြင်းချသွားခဲ့တယ် ”

ရွှီချင်းသည် တည်ကြည်လေးနက်စွာ ပြောသည်။

ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက စကားပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ (၅၀၀)ကီလိုမီတာအဝေးတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် လူသားစစ်တပ်တည်ဆောက်ထားသော ဘေးကင်းဇုန်ထဲမှ မြည်ဟိန်းထွက်လာသည်။

သူတို့သည် ဘေးကင်းဇုန်နှင့် အတန်ငယ် ဝေးကွာနေသောကြောင့် ထိုအဖြစ်အပျက်ကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ မြေပြင်ပေါ်မှ အားလှိုင်းအတတ်အကျများကိုသာ ရေးတေးတေး အာရုံခံနိုင်ကြသည်။

တစ်ချိန်တည်းမှာ သူတို့၏ အမိန့်တော်ဓားဆီသို့ အမှာစကားသံတစ်ခု ဝင်ရောက်လာသည်။

“ တတိယအသုတ်ရောက်လာပြီ… သတ္တမမင်းသားရဲ့ အမိန့်တော်အရ ဒီခုနစ်ရက်အတွင်း အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ထင်ရှားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပထမအသုတ်ထဲက လူတွေကို ကျုပ်တို့အကြောင်းကြားပါတယ်… အနာဂတ်မှာ ဒီဧရိယာထဲမှာ ကြီးမားတဲ့ အပြောင်းလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်… ဒါကြောင့် ပထမအသုတ်ထဲက လူတွေက နောက်ခြောက်နာရီအတွင်းမှာ ဒီကနေထွက်သွားဖို့ ရွေးချယ်နိုင်ပါတယ်… ဒုတိယအသုတ်ကတော့ ထွက်မသွားခင် ဒီမှာ ခုနစ်ရက်ပြည့်အောင်နေထိုင်ပြီး အကျိုးဆောင်မှုတချို့ကို ထမ်းဆောင်ရပါမယ် ”

ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့၏ အမိန့်တော်ဓားကိုယ်စီကို စစ်ဆေးကြည့်ပြီးနောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထုံးစံအတိုင်း သူတို့သည် ဤအတိုင်း ထွက်မသွားနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် အမိန့်တော်ဓားများကို ဘေးသို့ ချထားလိုက်ပြီး လက်မောင်းပြတ်ပေါ်တွင် ထိုင်လိုက်ကြသည်။ သူတို့သည် အသွေးအသားမြို့နံရံကြီးကို ဆက်လက်ကြည့်နေလိုက်သည်။

သက်ပြင်းချသံနှင့်ပတ်သက်ပြီး ခေါင်းဆောင်သည် ရွှီချင်းကို မေးရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမပြောနိုင်ခင် သူ၏ မျက်လုံးသည် ပြူးကျယ်သွားပြီး ရွှီချင်းဆီသို့ ရုတ်ချည်း လှည့်ကြည့်လိုက်သည်။

ရွှီချင်းသည်လည်း ထိုနည်းတူ အံ့ဩသွားပြီး ခေါင်းဆောင်ဆီသို့ ကြည့်လိုက်သည်။

“ တတိယအသုတ်ရောက်လိုက်တာ အရမ်းမမြန်ဘူးလား ”

“ စောစောကမှ ဒုတိယအသုတ်ရောက်လာခဲ့တယ်ဆိုတာ ငါမှတ်မိနေသေးတယ်… ”

သူတို့နှစ်ယောက်၏ သူငယ်အိမ်သည် ကျုံ့ဝင်သွားသည်။ သူတို့သည် အမိန့်တော်ဓားကို အမြန်ပြန်ယူလိုက်ပြီး စောစောက အမှာစကားသံကို ဂရုတစိုက် ဖတ်လိုက်ကြသည်။ နောက်ဆုံးတွင် ခုနစ်ရက်ဟူသော စကားလုံးကို သူတို့မြင်သွားသောအခါ သူတို့၏ နှလုံးသည် အပြင်းအထန် တုန်ခါသွားသည်။

“ ခုနစ်ရက်လား ”

ခေါင်းဆောင်၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။

“ ဒီနေရာကို ငါတို့ရောက်လာတဲ့အချိန်က လေးရက်မြောက်နေ့မလား… ဒုတိယအသုတ် ရောက်လာတဲ့နေ့လေ ”

ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားသည်။

“ ငါ့စိတ်ထဲမှာ ဒီကိုရောက်လာတာ ဆယ့်ငါးမိနစ်လောက်ပဲ ရှိသေးတယ်လို့ ခံစားနေမိတယ်… ဒါပေမဲ့ အမိန့်တော်ဓားထဲမှာတော့ အချိန်သုံးရက် ကုန်ဆုံးသွားပြီးပြီ ”

ခေါင်းဆောင်၏ မျက်လုံးထဲတွင် အနက်ရောင်အလင်း ဖြတ်ပြေးသွားသည်။

“ ငါတို့ ဒီသုံးရက်ထဲမှာ ဘာတွေလုပ်နေခဲ့ကြတာလဲ ”

ရွှီချင်းသည် တည်ကြည်လေးနက်သွားသည်။ သူက အသွေးအသားမြို့နံရံကြီးနှင့် အတွင်းထဲမှ ဖီးနစ်နန်းဆောင်ကိုးခုကို ကြည့်လိုက်သည်။ တစ်စုံတစ်ရာကို သူမေ့လျော့သွားသည်ဟု ရေးတေးတေး ခံစားနေမိသည်။ ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်သော သူ၏ နှလုံးသားထဲမှ ခံစားမှုသည် မပြောင်းလဲသွားပေ။

သူသည် ထိုသို့အဖြစ်မျိုးကို ယခင်က (ဃ၁၃၂)တွင် ခံစားခဲ့ဖူးသည်။ သို့သော် ယခု ဤနေရာတွင် သူတွေ့ကြုံနေရသောအရာသည် (ဃ၁၃၂)မှာတုန်းကနှင့် ခြားနားသည့်ပုံပေါ်သည်။

သို့သော်လည်း မည်သို့ဖြစ်စေ သူသည် (ဃ၁၃၂)နတ်နန်းတော်၏ စွမ်းအားကို ချက်ချင်း လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အနှံ့သို့ ဖြန့်ကြက်သွားစေသည်။

ခေါင်းဆောင်၏ အမူအရာသည်လည်း မည်းမှောင်သွားသည်။ သူ၏ မျက်လုံးထဲတွင် မျက်နှာတစ်ခု ပေါ်ထွက်လာပြီး အေးစက်စက်အရှိန်အဝါသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူသည် ရွှီချင်းနှင့်အတူ အသွေးအသားမြို့နံရံကြီးကို ကြည့်လိုက်သည်။

သူတို့သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသော်လည်း အနားသို့ တိုးမသွားကြပေ။ ယင်းအစား သူတို့သည် အနောက်ဆုတ်ရန် ရွေးချယ်လိုက်ကြသည်။

သူတို့အနောက်ဆုတ်သွားသည်နှင့် ဖီးနစ်နန်းဆောင်ကိုးခုသည် အသွေးအသားမြို့နံရံကြီးနှင့်အတူ စတင်ယိုယွင်းလာပြီး လွင့်ပြယ်သွားသည်။ ထိုမြင်ကွင်းသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ ခြေလှမ်းကို တုံ့ခနဲရပ်တန့်သွားစေသည်။

ရွှီချင်းနှင့် ခေါင်းဆောင်က ရပ်တန့်သွားသည်နှင့် ယိုယွင်းပျက်စီးခြင်းသည်လည်း ရပ်တန့်သွားသည်။

သူတို့အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည့်အခါ နန်းဆောင်များ၏ ယိုယွင်းပျက်စီးခြင်းသည် နောက်ပြန်လှည့်သွားပြီး အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားကြသည်။ သို့သော် နောက်တစ်ကြိမ် သူတို့အနောက်ဆုတ်လိုက်သည့်အခါ နန်းဆောင်များသည် ထပ်မံပြီး ယိုယွင်းပျက်စီးလာသည်။

သူတို့ ပေတစ်သောင်းအကွာအဝေးသို့ နောက်ဆုတ်သွားသောအခါ ဖီးနစ်နန်းဆောင်ကိုးခုနှင့် အသွေးအသားမြို့နံရံကြီးသည် အချိန်ကာလ၏ တိုက်စားခံလိုက်ရပြီး လုံးလုံးပျောက်ကွယ်သွားသည်။ ဗဟိုနန်းတော်၏ တည်နေရာတွင် ပျက်စီးနေသော ရုပ်တုတစ်ခုသာ ကျန်ရှိနေသည်။

အချိန်ကာလ၏ တိုက်စားမှုသည် အတော်လေး ပြင်းထန်သည်။ ရုပ်တု၏ မျက်နှာအသွင်အပြင်နှင့် လိင်အမျိုးအစားကိုပင် ရှင်းလင်းစွာ မပြောနိုင်ပေ။ ရုပ်တု၏ လက်မောင်းနှစ်ဖက်သည်လည်း မရှိတော့ပေ။ ထိုနေရာတွင် ပျက်စီးနေသော ရုပ်တုအပိုင်းအစသာလျှင် ကျန်ရှိတော့သည်။

ရုပ်တု၏ ဘေးတွင် ခရမ်းရောင်ပုလင်းတစ်ပုလင်း ရှိသည်။

All Chapters