ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်(က)
Vol. 49 Ch. 739
ခေါင်းဆောင်သည် စိတ်ရှုပ်ထွေးသွားသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
စောစောတုန်းက သူတို့သည် အသွေးအသားနံရံကြီး၏ ဧရိယာအတွင်းမှ ဖီးနစ်နန်းဆောင်ကိုးခုဆီသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဆန်းကြယ်သော စွမ်းအားတစ်ခုနှင့် တွေ့ဆုံခဲ့သည်။ နန်းဆောင်များဆီသို့ သူတို့နီးကပ်သွားသည်နှင့် ထိုစွမ်းအားသည် ပြန်ထွက်ပေါ်လာလိမ့်မည်ဖြစ်ပြီး အဝေးသို့ သူတို့ရွေ့လျားသွားသည့်အခါ နယ်မြေတစ်ခုလုံး ယိုယွင်းပျက်စီးသွားလိမ့်မည်။
အပြောင်းအလဲများကို ဤနေရာသို့ ရောက်ရှိလာသော ပုဂ္ဂိုလ်ဖြင့်သာ အဆုံးအဖြတ်ပေးသည်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က အလွန်နီးကပ်သွားမည်ဆိုလျှင် မမျှော်လင့်ထားသော ကိစ္စရပ်များသည် ဖြစ်ပေါ်လာလိမ့်မည်။ သူတို့သည် ဤပရမ်းပတာအခြေအနေထဲမှာ ချုပ်နှောင်ခံလိုက်ရမည်ဖြစ်ပြီး အချိန်သည် မသိလိုက်မသိဘာသာ ကုန်ဆုံးသွားလိမ့်မည်။
“ ချင်းလေး စောစောတုန်းက ဒီနေရာနဲ့ မင်းရင်းနှီးတယ်လို့ ပြောခဲ့တယ်မလား… အဲ့ဒီခံစားချက်က အားကောင်းလား ”
ခေါင်းဆောင်သည် ရုတ်တရက် ပြောသည်။
“ အရမ်းအားကောင်းတယ် ”
ရွှီချင်းသည် ခေါင်းညိတ်သည်။
“ အဲ့ဒါဆို ဒီသုံးရက်အတွင်း ငါတို့တွေ ဒီနေရာကို အကြိမ်ကြိမ် စစ်ဆေးရှာဖွေခဲ့တာ ဖြစ်နိုင်တယ်လို့ မင်းမထင်ဘူးလား ”
“ ငါလည်း ဒီနေရာနဲ့ ရင်းနှီးတယ်လို့ ခံစားမိပေမဲ့ အဲ့ဒါက မသိသာဘူး… အဲ့ဒါဆိုရင် အထဲကိုဝင်သွားတဲ့လူက မင်းဖြစ်နိုင်တယ်… ဒါကြောင့် မင်းက ဒီနေရာကို ငါ့ထက်ပိုပြီး ရင်းနှီးနေတာဖြစ်မယ် ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ တကယ်လို့ အဲ့ဒီလိုဖြစ်မယ်ဆိုရင် စောစောတုန်းက ငါတို့တွေ အမိန့်တော်ဓားရဲ့ အချက်ပေးမှုနဲ့ အချိန်ကာလကိုသာ သတိမပြုမိဘူးဆိုရင် ဒီထပ်ကျော့စက်ကွင်းရဲ့ လုပ်ဆောင်မှုအရ ငါမင်းကို အကူအညီတစ်ခု တောင်းလိမ့်မယ်… ပြီးသွားရင် ငါက လက်မောင်းပြတ်ထဲကို ဝင်ရောက်ပြီး ခြံဝန်းထဲရောက်အောင် မင်းကို ပစ်လွှတ်ခိုင်းလိုက်မယ် ”
“ တကယ်လို့ အဲ့ဒီတိုင်းသာအမှန်ဆိုရင် ငါက အဟန့်အတားတွေကို ဖြတ်ကျော်နိုင်ဖို့ ရာခိုင်နှုန်းများတယ်… အဲ့ဒီနောက် ငါက ခြံဝန်းထဲရောက်သွားတဲ့အခါ လက်မောင်းပြတ်ထဲကနေ ထွက်လာပြီး ဖီးနစ်နန်းဆောင်တွေကို စစ်ဆေးဖော်ထုတ်လိမ့်မယ် ”
ရွှီချင်းသည် စကားဆုံးသည်နှင့် လက်မောင်းပြတ်ကို ကြည့်လိုက်သည်။ ၎င်းထံမှ သက်သေအထောက်အထားကို သူရှာချင်နေခြင်း ဖြစ်သည်။ သို့သော်လည်း လက်မောင်းပြတ်၏ ကုသစွမ်းအင်သည် အတော်လေး အားကောင်းသည်။ ထို့ကြောင့် ၎င်းကိုကြည့်လိုက်သည့်အခါ မည်သည့်အပြောင်းအလဲမှ မရှိဟန် ရသည်။
သို့သော် တချို့နေရာများတွင် အသွေးအသားအသစ်ပြန်ပေါက်နေသော ခြေရာလက်ရာများ ရှိသည်။ ထိုရှာတွေ့မှုကြောင့် သူတို့နှစ်ယောက်သည် မျက်လုံးမှေးကျဉ်းသွားကြသည်။
ခေါင်းဆောင်၏ မျက်လုံးထဲတွင် အနက်ရောင်အလင်း ဖြတ်ပြေးသွားသည်။
“ ဒီတော့ မင်းက တကယ်ပဲ ဒီနေရာကို အကြိမ်ကြိမ် စစ်ဆေးဖော်ထုတ်နေခဲ့တာပဲ… ဒါပေမဲ့ အထဲမှာ မင်းဘာမြင်ခဲ့လဲဆိုတာကို မမှတ်မိဘူး… ဂျူနီယာညီလေး သေချာစဉ်းစားကြည့်ပါဦး မင်းမှတ်မိနိုင်တာ တစ်ခုခုများရှိနေမလား ”
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး သေသေချာချာ ပြန်တွေးလိုက်သည်။ သို့သော်လည်း သူ၏ စိတ်ထဲမှ မှတ်ဉာဏ်များထဲတွင် မည်သည့်အပြစ်အနာဆာမှ မရှိပေ။ အရာအားလုံးသည် ပြီးပြည့်စုံစွာ ဆက်စပ်နေသည်။ သူတို့ကြားတွင် အဟလေးတစ်ခုပင် ရှိမနေပေ။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ (ဃ၁၃၂)နှင့် ဆင်တူသည်။ သို့သော်လည်း ကွာခြားမှုများ ရှိသည်။
(ဃ၁၃၂)တွင် အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ သဘာဝဖြစ်စဉ်နှစ်ပိုင်း ရှိသည်။
ကမ္မစွမ်းအင်၏ လွှမ်းမိုးမှုကြောင့် ထိုနေရာတွင် ဆက်စပ်သော ဟန်ချက်ညီမှု ရှိသည်။ ယင်းက သာမန်လူများတွင် ဖြစ်ပေါ်လာတတ်သည်။ ဤသည်မှာ အပြင်ပိုင်းသဘာဝဖြစ်စဉ် ဖြစ်သည်။
သို့သော် ပုန်းကွယ်နေသော အမှန်တရားသည် ထိုနေရာတွင် အမြဲတမ်း ရှိသည်။ အများစုက ယင်းကို မမြင်နိုင်ခြင်းသာ ဖြစ်သည်။ သို့ရာတွင် ၎င်း၏ သက်ရောက်မှုသည် ထိုနေရာတွင် ဆက်လက်ရှိနေသည်။ ထို့ကြောင့် ယခင်အစောင့်အကြပ်များက ကံကြမ္မာဆိုးများနှင့် တွေ့ဆုံရခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က မျှော်လင့်မထားသော အခြေအနေအမျိုးမျိုးကြောင့် နိုးထလာမည်ဆိုလျှင် သူတို့သည် အပေါ်ယံအလိမ်အညာအောက်မှ အမှန်တရားကို မြင်နိုင်လိမ့်မည်။ (ဃ၁၃၂)မှ သူတို့ထွက်သွားသည့်အခါ သူတို့၏ အသိအမြင်သည် ပြောင်းလဲသွားပြီး အရာအားလုံးကို မေ့လျော့သွားလိမ့်မည်။
ထိုထပ်ကျော့စက်ကွင်း၏ နောက်ကွယ်မှ အကြောင်းအရင်းသည်တော့ နေ့စဉ် ရွှီချင်းသည် အတွင်းထဲတွင် နိုးထလာပြီး သူနိုးထလာသော မှတ်ဉာဏ်များကို ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။
ယင်းက ထပ်တလဲလဲဖြစ်သည့် ခံစားမှုကို ပေးသည်။
သူတို့၏ အရှေ့မှ ဖီးနစ်နန်းဆောင်များသည် ထိုသို့သဘာဝဖြစ်စဉ်နှစ်ပိုင်း မရှိသည့်ပုံပေါ်သည်။ ယင်းသည် သူ့ကိုယ်ပိုင်ထပ်ကျော့နေသော သဘာဝဖြစ်စဉ်သက်သက် ဖြစ်သည်။
ရွှီချင်းသည် အလျှင်အမြန် သုံးသပ်လိုက်သည်။ ထို့နောက် သူသည် တားမြစ်အဆိပ်ဆေးလုံးနှင့် တစ္ဆေအင်ပါယာတောင်ကုန်းကို လှည့်ပတ်လိုက်သည်။ ကောင်းကင်ဘုံတာအိုစွမ်းအားသည်လည်း တစ်ချိန်တည်းမှာ ထွက်ပေါ်လာပြီး (ဃ၁၃၂)၏ စွမ်းအားသည် ပျံ့လွင့်ထွက်လာသည်။
လျှပ်တစ်ပြက်အတွင်း သူ၏ ဘဝအဆင့်အတန်းသည် မြင့်တတ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ လေနှင့် တိမ်တိုက်များကြားတွင် ခေါင်းဆောင်သည် ထိုမြင်ကွင်းကို ပထမဆုံးအကြိမ်အဖြစ် မြင်သွားသည်။ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး နှုတ်ခမ်းသပ်လိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်ကို အာရုံမထားပေ။ ဤအခိုက်အတန့်မှာ သူ၏ ဘဝအဆင့်အတန်းက ဆက်လက်တိုးမြှင့်သွားသည်နှင့် ဖီးနစ်နန်းဆောင်များဆီသို့ ကြည့်လိုက်သည်။
အားလုံးသည် ပုံမှန်ဖြစ်သည်။
ရွှီချင်းသည် ဆွံ့အသွားသည်။ တစ်ခဏတွေးတောပြီးနောက် သူသည် အကောင်းဆုံးကြိုးစားပြီး သူ၏ နတ်ဘုရားခန္ဓာကိုယ်ထဲမှ ရွှေချည်မျှင်များကို လှည့်ပတ်လိုက်သည်။ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲတွင် လင်းလက်သွားသည်နှင့် ဖီးနစ်နန်းဆောင်များဆီသို့ ထပ်မံကြည့်လိုက်သည်။
ဤတစ်ကြိမ်မှာတော့ အနည်းငယ် ခြားနားနေသည်။
ဖီးနစ်နန်းဆောင်များသည် ထိုနေရာတွင် ရှိနေသော်လည်း ၎င်းတို့သည် ဝေဝါးနေပြီး ခရမ်းရောင်အလင်းတစ်ခု၏ ဖုံးလွှမ်းခံထားရသည်။ ခရမ်းရောင်အလင်းသည် ထာဝရတည်တံ့နေဟန်ရပြီး အတုယောင်နှင့် အစစ်အမှန်ကြားမှ ခံစားမှုကိုပေးသည်။ ထိုခံစားမှုကြောင့် အချိန်သည် မသိလိုက်မသိဘာသာ ကုန်ဆုံးသွားဟန် ရသည်။
ဤသည်မှာ ထူးခြားသော ခံစားမှုဖြစ်ပြီး စကားလုံးများဖြင့် ဖော်ပြရန် အလွန်ခက်ခဲပေသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းသည် အားလုံးကို ချုပ်တည်းလိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်လေသည်။ သူက ဘေးနားမှ ခေါင်းဆောင်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ ငါမမှတ်မိဘူး ”
ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။
“ ဒါပေမဲ့ စီနီယာအကိုကြီး ငါ့မှာ ဖြေရှင်းနည်းတစ်ခု ရှိတယ်… တကယ်လို့ အဲ့ဒီခရမ်းရောင်ပုလင်းကိုသာ ငါရနိုင်မယ်ဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်းများတယ် ”
ရွှီချင်းသည် ရုတ်တရက် ပြောသည်။
ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းလိုက်သည်။
ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ (ဃ၁၃၂)က တုန်ခါသွားသောအခါ ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည် အပြင်သို့ ခေါ်ထုတ်ခံလိုက်ရသည်။ ခေါင်းကြီးသည် ယခင်တစ်ခေါက်က သင်ခန်းစာကို မှတ်သားထားပြီးနောက် မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း မျက်နှာလိုမျက်နှာရပုံစံဖြင့် ကျယ်လောင်စွာ အော်ပြောသည်။
“ ကြီးမြတ်တဲ့ အရှင်သခင်အစောင့်အရှောက်ကို နှုတ်ဆက်ပါတယ် ”
ကျောက်တုံးခြင်္သေ့သည် ခေါင်းမရှိသလို ပါးစပ်လည်းမရှိသောကြောင့် စကားမပြောနိုင်ပေ။ သို့သော် ၎င်းသည် မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်လျက် အမြှီးယမ်းနေသည်။
ခေါင်းဆောင်သည် ခေါင်းကြီးကို ယခင်က မြင်ဖူးသော်လည်း ကျောက်တုံးခြင်္သေ့ကိုတော့ တစ်ခါမှ မမြင်ဖူးပေ။ သို့ဖြစ်၍ ကျောက်တုံးခြင်္သေ့ကို သူမြင်သွားသောအခါ စိတ်ဝင်စားသော အမူအရာသည် သူ၏ မျက်နှာပေါ်တွင် ထွက်လာပေါ်သည်။ သူက ၎င်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။
“ ဂျူနီယာညီလေး သူတို့က မင်းရဲ့မိတ်ဆွေတွေမဟုတ်လား… အဲ့ခေါင်းကြီးကို အရင်က ငါမြင်ဖူးတယ်… အဲ့ဒီတုန်းကတော့ သူက နည်းနည်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါခံစားမိခဲ့တယ်… ဒီခြင်္သေ့လည်းပဲ အရမ်းကြည့်ကောင်းတယ်… သူ့ဆီကနေ တိမ်မြူသားရဲအနံ့ကို ငါရတယ်… ပြီးတော့ မင်းရဲ့ ဒီမိတ်ဆွေနှစ်ယောက်က အရမ်းထူးခြားတယ်… သူတို့က ကမ္မစွမ်းအားကို ပိုင်ဆိုင်ထားရုံတင်မကဘူး ကျိန်စာလည်းသင့်နေကြတယ်… အဲ့ဒီစွမ်းအားနှစ်မျိုးက ဟန်ချက်ညီတဲ့အခြေအနေမှာ ရှိနေတဲ့ပုံပဲ ”
“ ကမ္မစွမ်းအားနဲ့ ဟန်ချက်ညီတဲ့အဆင့်ကို ရောက်နိုင်ဖို့ဆိုရင် အဲ့ဒီကျိန်စာက နတ်ဘုရားတစ်ပါးဆီကနေ ဆင်းသက်လာတာဖြစ်ရမယ်… ဂျူနီယာညီလေး ‘ ကျားအခြွေအရံ ’ဆိုတဲ့ စကားလုံးကို မင်းကြားဖူးလား… အခြွေအရံဆိုတာ ကျားစားခံလိုက်ရတဲ့ လေလွင့်တစ္ဆေတွေကို ရည်ညွှန်းတာ… ကျားတစ်ကောင်ရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ဘယ်သူမဆို ထူးခြားတဲ့ တစ္ဆေတစ်ကောင်ဖြစ်လာပြီး အဲ့ဒီကျားနားမှာ တဝဲလည်လည် ရှိနေလိမ့်မယ်လို့ ကောလဟာလတွေရှိတယ်… မင်းရဲ့မိတ်ဆွေနှစ်ယောက်က အဲ့လိုအခြွေအရံတွေပဲ ”
ခေါင်းဆောင်သည် မူမမှန်စွာ ပြုံးလိုက်သည်။
သူ၏ စကားကိုကြားသောအခါ ကျောက်တုံးခြင်္သေ့သည် တုန်ယင်သွားသည်။ ၎င်းသည် ခေါင်းဆောင်ဆီသို့ အမြန်ကြည့်လိုက်သည်။ သူ၏ အမူအရာတွင် အံ့အားသင့်ခြင်းနှင့် သံသယတို့ဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူတို့အနားမှ မူမမှန်သောအရာအား ချက်ချင်း သတိပြုမိသော လူကို ဒုတိယအကြိမ် တွေ့ဆုံမိခြင်း ဖြစ်သည်။
ပထမလူသည် ရွှီချင်းဖြစ်ပြီး ဒုတိယလူသည် ယခု သူတို့၏ အရှေ့မှ လူဖြစ်သည်။